မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ၂၀၂၀ ဒီဇင်ဘာ

kaiDecember 15, 20203min8930

“ဒေါင်းလည်ပြန်”

၂၁ရာစုလူသားတို့အတွက် အဆိုးဝါးဆုံးများသယ်ဆောင်လာသည့် သက္ကရာဇ်၂၀၂၀ ကုန်တော့မည်။ လည်ပြန်ကြည့်လျှင် ကမ္ဘာလူသားအသက် ၁သန်း၈သိန်းကျော်တွင် အမေရိကန်အသက် ၃သိန်းကျော်ပါခြွေသွားသည့် ကိုဗစ်-၁၉ရောဂါကို တနှစ်လုံးလိုလိုခုခံဖြေရှင်းနေရမည်။ မကြုံစဖူးလောင်ခဲ့သော တောမီးရာသီ ဇူလိုင်ကုန်မှ ဒီဇင်ဘာလယ်အတွင်း အမေရိကအနောက်ပိုင်းပြည်နယ်တို့၏တောမီး အကြိမ်၁၀၀ကျော် ၈.၂သန်းဧကနှင့် ဧက၄၇သန်းလောင်ကျွမ်းသွားသော သြစတေးလျှတောမီးကြီးကိုကြားရ/ခံစားကြရမည်။ဇွန်မှနိုဝင်ဘာလကုန်မုန်တိုင်းရာသီတွင်းအတ္တလန္တိတ်သမုဒ္ဒရာအတွင်း သမိုင်းစံချိန်ဖြစ်တည်ခဲသောခဲ့သော နာမည်တပ်မုန်တိုင်းအလုံး(၃၀)၏ အမေရိကနိုင်ငံကမ်းရိုးတန်းဝင်ဆောင့်ခဲ့သည် ၁၂လုံးဒဏ် ကိုသိရမည်။မေလကုန်တွင်လူမည်းအမျိုးသားဂျော့ဖလွိုက်အသတ်ခံရသည်မှ စလိုက်သည့် BLM လူမည်းအသက်တာလှုပ်ရှားမှုကြီး၏ဂယက်နှင့်ပါတ်သက်ကြရမည်။ကမ္ဘာ့စူပါပါဝါ အမေရိကား၏ နှစ်၂၄၄နှစ်ကြာ ဒီမိုကရေစီစနစ်ကြီးယိုင်နဲ့သွားသည်အထိ နိုင်ငံရေး လိမ်ဖယ်ခဲ့သည်ကို ကြုံကြရမည်။

သမ္မတထရမ့်နှင့် သမ္မတဂျိုးဘိုင်ဒင်တို့၏ ရွေးကောက်ပွဲရလဒ်သည် ယခုစာရေးသည့်အချိန်အထိ ရှုံးသူမှအရှုုံးမပေးသေး၍ မပြီးပြတ်စဲဖြစ်၏။ တိုင်းပြည်၏တရားရေးမဏ္ဏိုင်အဆုံးအဖြတ်လည်း ကြားဝင်ညှိ၍မှမတတ်နိုင်။လက်မှိုင်ချရသည့်အခြေဆိုက်ကုန်၏။ စတုတ္ထမဏ္ဏိုင် မီဒီယာမူလည်း ကောလဟာလလွှင့်ရာတို့ဟုထင်ကုန်ကြသည်။ ၇၄သန်းကျော်ရှိသော သမ္မတထရမ့်အားမဲပေးလိုက်သူ အုပ်စုကြီးမှာ သူတဦးတယောက်၏နောက်လိုက်၍အများစုဆန္ဒကိုခုခံဆဲပါပေ။ပြည်တွင်းစစ်ကာလ(၁၈၆၁-၆၅)နောက်ပိုင်း အကြမ်းဆုံးသော ကွဲပြားခွဲခြားခံလိုက်ရသည့်အခြေအနေရယ်ပါ။ အစမ်းသပ်ခံလိုက်ရသည့်ဒီမိုကရေစီသည် ဇန်နဝါရီ၂၀တွင် ရွေးကောက်ခံသမ္မတသစ်ဂျိုးဇက်ဘိုင်ဒင်ကို ကျမ်းကျန်တင်မြှောက်ပေးလိုက်ပါမည်။

“ကိုရိုနာထွက်ခတ်”

ခွဲခြားခြင်း၏ ဓားရာမှာနက်လွန်းရကား နောင်နှစ်များအထိ ဂယက်ရိုက်ကျန်ဦးမည်။ အနည်းဆုံးနောက်ရွေးကောက်ပွဲတခုလုပ်ဦးမည့် ၂၀၂၂ အထိပါသွားပါမည်။ဆွဲချကိုဗစ်-၁၉ကြောင့် တိုင်းပြည်တို့၏စီးပွားရေး/အလုပ်လက်မဲ့နှုန်းသည်လည်း ၁၉၂၉-၃၉ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနောက်ပိုင်း ၂၁ရာစုနှစ်အတွင်းအဆိုးဆုံးအချိန်ဆိုက်လျှက်သား။အိမ်မြေစျေးကွက်မှာ အိမ်ရှင်/ဘဏ်မှ နှင်ချမောင်းထုတ်ခွင့်မရှိသည့် ကိုဗစ်ကာလဥပဒေအချို့ဖြင့်တင်းခံနေငြား လွတ်သည်နှင့် ပြုံထွက်နှင်ချအမှုများထပ်သွားနိုင်သလို အစိုးရမှပါးနပ်စွာကိုင်တွယ်တတ်လျှင်တော့ ဆန့်ငင်ဆန့်ငင်နှင့်လွတ်သွားနိုင်ချေရယ်ရှိ၏။ လူထုလွတ်နိုင်သော်လည်း အမေရိကအစိုးရမှာမူကမ္ဘာအကြွေးအကြီးဆုံးရှင်၂၇ထရီလီယံသို့ဆိုက်သွားမည်ဖြစ်ကြောင်း။

ဒီဇင်ဘာနောက်ဆုံးရက်များ၏ ကိုဗစ်ဖြင့်ပျမ်းမျှကြွေလွင့်နှုန်းမှာ တရက်၃၀၀၀ပါတ်လည်ရှိပါမည်။ နှိုင်းယှဥ်ကြည့်စရာမှာ ပုလဲဆိပ်ကမ်းဗုံးကြဲတိုက်ခိုက်ခံရမှုတွင်ကျဆုံးအမေရိကန် ၂၄၀၃ဦးနှင့် ၉/၁၁ တွင်သေဆုံးသူ၂၉၉၆ ဖြစ်၏။ တရက်သေနှုန်းအားဖြင့် ထိုသည်တို့ကိုလွန်ကုန်ယုံမက ဒုတိယကမ္ဘာစစ်ကြီး စစ်ပွဲတွင်းကျဆုံးခဲ့သူ အမေရိကန်စစ်သား ၂၉၁၅၅၇ထက်လည်းလွန်ကုန်ပါပြီ။ ယခုသို့အရှိန်မြှင့် သေဆုံးနေမှု၏ အဓိကအကြောင်းရင်းမှာ ပြီးခဲ့သောနိုဝင်ဘာလကုန်က တနိုင်ငံလုံးမှ မိသားစုများအိမ်ပြန် မိတ်ဆုံစားခဲ့ကြသည့် ကျေးဇူးတော်နေ့ပိတ်ရက်များကြောင့်ဖြစ်၏။သို့ချိန်ဆသော် ယခုလာတော့မည့် ခရစ်စမတ်နှင့် နှစ်ကူးပိတ်ရက်အိမ်ပြန်ခရီးသွားများ ဖြန့်နှုန်းအားဖြင့် ၂၀၂၁ဇန်နဝါရီ ကိုဗစ်ကာကွယ်ဆေး အုပ်မမိချိန်အတွင်း ကိုဗစ်သေနှုန်းကို သိနိုင်မည်။ ၃ထောင်တန်းမှသည် ၄ထိပ်စီးရောက်ရန်အလွယ်တည်း။

“အဆုံး၏အစ”

ကိုဗစ်-၁၉ကာကွယ်ဆေး(တို့)ထွက်ပါပြီ။ ထရမ့်အစိုးရ Operation Warp Speed မှကြိုစာချုပ်ထားသည်မှာကာကွယ်ဆေးထုတ်သူ၆မျိုးထံမှ အလုံးသန်း၈၀၀ (အနည်းဆုံး)ဖြစ်၏။နည်းပညာသစ်mRNAဖြင့်ထုတ်သောPfizer နှင့် Moderna ကုမ္ပဏီထုတ်ကာကွယ်ဆေးတို့မှာ ၂ကြိမ်ထိုးမှထိရောက်ကာကွယ်နိုင်မည်လည်းရှိနေ၏။ သာမန်အားဖြင့် ပထမဆုံးဆေးတလုံးထိုးပြီးသည်မှ ၂၁ရက်+ စောင့်၇ရက် = ၂၈ရက်(အမြန်ဆုံး)ကာလနောက်တွင်မှ ကိုဗစ်ရောဂါကို နှုန်းအားပြည့်ကာကွယ်နိုင်သည်ဆိုထား၏။ သတင်းများအရ အမေရိကား၏ လူထုကြားပထမစထိုးရမည့်အစောဆုံးသူမှာ ဒီဇင်ဘာ၁၄ရက်ဖြစ်မည်။ နောက် တလ ဇန်နဝါရီလလယ်မှ ကာကွယ်ဆေးအားဖြင့် ကာကွယ်နိုင်သူပထမအမေရိကန် စပေါ်လာပါမည်။ထိုနှုန်းထားဖြင့်ဆိုလျှင် Herd Immunity လူထုသဘာဝခုခံနိုင်မှုအား ဖြစ်ရန် လူဦးရေ၏ ၇၀-၇၅% ခုခံစွမ်းအားအရောက်အထိ အစောဆုံးဧပြီလကုန် သာမန်အားဖြင့် ဇွန်-ဇူလိုင်များအထိရောက်သွားနိုင်ပါသည်။
သမ္မတဟောင်းများနှင့်သမ္မတသစ်တို့ကိုယ်တိုင်ဆေးထိုးခံ၍ FDA,CDC ယုံကြည်နိုင်အောင်ပြသော်ငြား သမ္မတထရမ့်၏နောက်မှ MAGA အမေရိကန်အများစုအခြေအနေမှာ မသေချာ။ သို့ဖြင့် ၂၀၂၁ လာမည့်နွေရာသီကျောင်းပိတ်ရက်တို့တွင် အမေရိကန်များ၏နေ့စဥ်ဘဝ ပုံမှန်ရောက်လောက်ပါပြီ။ ထိုအချိန်များအထိ ၆လကျော်လိုသေးသဖြင့် ပြင်ဆင်စုဆောင်းကြစေလို။

မြန်မာနိုင်ငံကဲ့သို့ မချမ်းသာသောနိုင်ငံများအတွက်မူ ဝေးပါသေးသည်။ WHOကိုတာများလိုက်လျှင်မူ ၂၀၂၁ကုန်တွင်မှ တိုင်းပြည်လူဦးရေ၏ ၂၅%အနိုင်နိုင်။ သို့နှင့် ကမ္ဘာစူပါပါဝါနေရာယူလာတော့မည် ဖြစ်သည့် အိမ်နီးချင်းချိုင်းနား၏ ကိုဗစ်ကာကွယ်ဆေးနှင့်နှစ်ပါးသွားကြရမည်။ သမိုင်းအဆက်ဆက်မြန်မာတို့တသက်လုံးသုံးခဲ့သည့် ချိုင်းနားဆေးမှာ အတိုင်းအတာတခုအထိ ကိုဗစ်ကိုဟန့်တားပါလိမ့်မည်။ စိတ်ကြီးတော် မပူကြပါလင့်။
ကမ္ဘာသူသားအများစုမှာ အသက်ရှုကာ(Mask) နှင့်နှစ်ပါးသွားကြရဦးမည် ၂၀၂၂နှစ်ဆန်းအထိသေချာဆဲဖြစ်သတည်း။

“ပညာရေးနဲ့ကလေး”

ကိုဗစ်ဖြင့်ကျောင်းပိတ်ကြရသည်ဖြစ်ရာ အမေရိကားရှိ ကလေးများ၏ ပညာရေးထိခိုက်ကြသည်။ ကွန်ပြူတာ/အင်တာနက်နှင့်မထိတွေ့နိုင်သည်ကလေးများ။ ကျောင်း၌ကိုယ်ထိလက်ရောက်ပညာမသင်ရသဖြင့် ညံ့ကုန်/ကျကုန်သည့် အရည်အချင်းများဖြင့် ထိုကလေးများကြီးပြင်းလာ၍ တိုင်းပြည်ဝန်ထမ်းကြသော တနေ့တွင် အမေရိကားသည် ပညာနိမ့်ညံ့ခြင်းဂယက်ရိုက်မှုကိုခံရဦးမည်။တချိန်တည်း ကိုဗစ်ကပ်ရောဂါကလတွင်းပင် ငွေကြေးချမ်းသာ/တတ်သိနားလည်သည့်မိဘများ၏သားသမီးများမှာမူ သူတို့သားသမီးများအား အထူးသင်ပြဆရာများဖြင့် အထူးပညာ‌ရေးထားဆက်လက်တွန်းသင်နေသည်ကို တွေ့ကြရသည်။ အများစုမှာ ဆရာနှင့်တိုက်ရိုက်ထိတွေ့၍ပင် ပညာရင်နို့သောက်စို့နေကြရသည်ဖြစ်ရာ တရက်တလမှသည် တနှစ်နီးလာချိန်တွင် ထိုထိုကလေးသူငယ်များ၏ ဦးနှောက်ပြေးနိုင်မှုစွမ်းအား အခြားသက်တူများနှင့်သိသာစွာပြတ်သွားပါပြီ။ နောင် ၁၀နှစ်.. အနှစ်၂၀ကိုမျှော်ကြည့်ပါ။ ထိုသူတို့ကို အုပ်ချုပ်သူ/အုပ်ချုပ်ခံနှင့် မီလျှံနာ/သာမာန်အဖြစ်ကို ခွဲကာမြင်ရမည်တည်း။

“စား၍မသွားတဲ့နိုင်”

သိပ္ပံဆန်းစစ်မှုတို့အရ အင်းဆက်တို့၏ဘုရင်မဟူသည် သာမန်ပျား/ပုရွတ်ဆိတ်အမနှင့် DNA-မျိုးရိုးတူ တမိခင်ပေါက် အင်းဆက်တကောင်သာဖြစ်သည်။ ပေးလိုက် သွတ်ကျွေးလိုက်သော အစားအစာပေါ်မူတည်၍ မျိုးရိုးဗီဇဂုဏ်သတ္တိကြွခြင်းကွဲသွားကာ လုပ်သား။ အကူ။ ဘုရင်မစသဖြင့်ကွဲပြားသွားခြင်းဖြစ်ပါ၏။ မျက်မြင်ခန္ဓာကိုယ်အရွယ်အစားသာမက သက်တမ်းပင် အဆ၂၀မျှ ပြတ်ထွက်သွားပါသည်။ ( ပျားဘုရင်မ ၁-၂နှစ် V. လုပ်သားပျား ၁၅-၃၈ရက်) အစားအသောက်သည် ဘဝတခုတွင်မည်မျှ အရေးကြီးသည်ကို ပြဆိုသည်။
ကိုဗစ်ကာလတွင် အပြင်စာထွက်မစားနိုင်သဖြင့် အိမ်တွင်းချက်စားကြသည်ဖြစ်ပေရာ ပိုလျှံအောင်လှောင်ထားလိုက်ရသည်များ ကုန်အောင်လုပ်စားရသည့်ဒုက္ခလည်းပါပေမည်။ တနည်းဆိုရသော် ၂၀၂၀အမေရိကန်များသို့ အစားအသောက်အဝင်ကြမ်းသောနှစ်ပါ။ ဝင်သလောက် ကိုဗစ်ကြောင့် ခြေချုပ်မိသည်ဖြစ်၍ ခန္ဓာမှထိရောက်စွာခြေဖျက်ခြင်းမပြုနိုင်။အစားအသောက်သို့သာ စိတ်နှစ်ထားကြသဖြင့် အဟာရပြည့်မှုကိုကျော်လွန်ကုန်သူများလည်းရှိမည်။ အဆီတက်ဝလာခြင်းသည် ကျန်းမာရေးအတွက်လာခြင်း/ဖြစ်ခြင်းမကောင်းပါ။ မကောင်းခြင်းများကိုသာ ဆောင်ယူပါမည်။ မြန်မာတို့၏ “လှလို့ဝလို့”ဟူသော ရှေးဆိုရိုးနှုတ်ဆက်စကားသည် ယခုလိုခေတ်တွင် မှားခဲ့ပြီ။ “ဝလို့ချဖို့”သာပြောရမည်။ ဘော်ဒီဝိတ်ကိုချရမည်။အားကစားထွက်မလုပ်နိုင်ငြား အိမ်တွင်းနိုင်သလောက်ကိုယ်လက်လှုပ်ရှားကစားကြပါလေ။ လူသား၏သဘောသဘာဝအရ အရိုးအဆစ်အကြောတို့ပုံမှန်ရှိစေရန် လှုပ်လှုပ်ရှားရှားလုပ်ရန် လို၏။

ခရီးသွားခြင်းလည်းမပြုနိုင်။ ခရီးသွားခြင်းဖြင့် သဘာဝဝင်းကျင် လူနှင့်စနစ်ကိုအမြန်ဆုံးသင်ကြားတတ်သိနိုင်၏။ အထွေထွေဗဟုသုတတင်မဟုတ် စိတ်နှင့်ခန္ဓာကျန်းမာရေးအတွက်လည်း လွန်စွာကောင်းမွန်သော ထောက်ပို့မှုရနိုင်သည်ပါ။ လူချင်းဆုံသည် အချိန်ကြာတွေ့ဆုံ စကားပြောများကို ပိတ်ပင်ထားသည်ဖြစ်၍ မြို့ပြင်ထွက် ကျယ်ဝန်းသောလေဟာနယ်ရှိ အမျိုးသားသစ်တောကြိုးဝိုင်း ပင်လယ်ကမ်းခြေများသို့ သွားရောက်ခံစားကြပါ။ ထိုထိုနေရာတို့ လူရှင်းသည်ထင်ရငြား ဤသူသွားခဲ့သမျှ (အများသဖြင့်)လူဖြူများ၏မိသားစုများနှင့်လျှံနေသည်ကိုတွေ့ခဲ့ရ၏။ သူတို့ကိုအတုယူပါ။ သဘာဝပေးသောအခွင့်ကိုအမိဖမ်းပါ။

မိမိတို့၏ရင်သွေးငယ်များသာမက လူငယ်/လူကြီးများကပါ ကိုဗစ်ကာလတွင် အိမ်နေ/အားချိန်ဟူသမျှ လေ့လာစမ်းစစ်စာဖတ်များသင့်သည်။ အကျိုးရှိစွာယူပါလေ။ ပညာရှာ အိမ်တွင်နေရင်း ဘွဲ့/ဒီပလိုမာ အမြတ်ယူကြစေလိုကြောင်း။

“၂၀၂၁”

သင်သည် ရာစုနှစ်တင်မကထောင်စုနှစ်မှာတခါရှိခဲသည့် အဖြစ်တို့ကို မျက်မြင်ကြုံ ကိုယ်တိုင်ပါဝင်ပါတ်သက်ခဲ့ရပြီးပြီ။ သမိုင်းမှတ်တမ်းတင်၍ လာမည့်မျိုးဆက်တို့ကိုပြောရစ်ရအောင် စုဆောင်းမှတ်တမ်းထားပါလေ။အမေရိကပြည်ထောင်စုအတွက် ၂၀၂၁နှစ်ဝင်ကြမ်းမည်ဖြစ်သော်လည်း မြန်မာတို့နှစ်ကူးကာလဧပြီလလယ်လောက်မှစ၍ ကမ္ဘာ့ကပ်ရောဂါဘေးနှင့် စီးပွားကျနေခြင်းကို ဖြည်းဖြည်းချင်းအနိုင်ယူသွားမည်မှန်းရပါသည်။ ကမ္ဘာအတွက်မူ ၂၀၂၁တနှစ်လုံး ပြန်လည်ကုစားနာလံထူရန်ကြိုးစားရမည့်အခြေပါ။ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေးကို တနှစ်အတွင်းတွေ့ရှိအနိုင်ယူခဲ့သည်မဟုတ်လော။ ဆေးသိပ္ပံနှင့် အင်တာနက်နည်းပညာစွမ်းအားအရှိန်ရသွားသလို ထိုအရှိန်ကိုဆက်နင်း အဟုန်ဖြင့်ဆေးသိပ္ပံ၏ခေတ်ပြောင်းကြီးနှင့်တွေ့မည့်နှစ်ဖြစ်ပါ၏။ Starlink, 5G, 6G တို့အားဖြင့်မြန်နှုန်းမြင့်အင်တာနက်သည်လည်း ကမ္ဘာလွှမ်းခြုံတောမြို့မည်သည့်နေရာမှမဆိုသုံးနိုင်သည့် နှစ်ဖြစ်သွားပါလိမ့်မည်။ IoT နှင့် AI တို့စွမ်းအားမြှင့်အလုပ်လုပ်လာပါမည်။
နေရစ်တော့ ၂၀၂၀နှစ်ဆိုး…။