မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – ဇွန် ၂၀၂၃
၁၉၈၈ခေတ်လွန်ကာလများကို “မဟာမြန်မာရွေ့ပြောင်းမှုကြီး”ဟု ဤသူဆိုသုံးဖူးသည်။ ၁၉၈၈ အာဏာသိမ်းနောက်ပိုင်း လူငယ်လူရွယ်အပေါင်း မြန်မာနိုင်ငံမှ ပြောင်းရွေ့ထွက်ခွာကြရာတွင် မြန်မာ့သမိုင်းတွင်မရှိစဖူးလောက်အောင် များပြားသည် တွက်ဆမိ၍ ဤသို့သုံးနှုန်းခြင်းပါ။ အဆိုပါရွေ့ပြောင်းမှုကြီးသည် မာလာ(၂၀၀၆) နာဂစ်(၂၀၀၈)၊ဂီရိ(၂၀၁၀) စသည့်ဖျက်အားပြင်း မုန်တိုင်းကြီးများနှင့် ဆက်စပ်အသက်ဆက်ဝင်သွားကာ ပေါင်းဆယ်စုနှစ် ၃ခုမကကြာသည်။
၂၀၁၆နောက်ပိုင်းတွင် ရိုဟင်ဂျာတို့အား တိုင်းပြည်မှ ရှင်းထုတ်ပြန်၏၊ ထိုတွန်းထုတ်မှုတွင်စစ်အင်အားပါသုံးခဲ့လေရာ ဂျီနိုဆိုက်ခေါ်လူမျိုးသုဥ်းလုပ်ကြံမှုကြီးအဖြစ် ကမ္ဘာ့စာရင်းပေါက်သွား၍ ထိုစဥ်က အစိုးရဖြစ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် စစ်တပ်တို့ကို တရားစွဲအမှုဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တက်ရှင်းရင်းရှင်းရင်း ဆုပ်မြုပ်သွားသည်ကို အားလုံးသိကြပါသည်။
ထိုကိစ္စတို့မပြီးပြတ်သေး၊ ၂၀၂၁တွင် မြန်မာစစ်တပ် နောက်တဖန်အာဏာသိမ်းပြန်၏။ ယခုအကြိမ်တွင် ၁၉၈၈၏ မဟာမြန်မာရွေ့ပြောင်းမှုကိုကျော်မည့်အလားတွက်ဆမြင်နိုင်သည်။
မက်ဂါမြန်မာရွေ့ပြောင်းမှု(MMM Mega Myanmar Migration)ဟု ခေါ်ရမည်။
“ဒုက္ခသည်မဟုတ်- ပြောင်းခိုသူ”
မြန်မာစာ/စကားအရ ဒုက္ခသည်ဟူသည် ဒုက္ခတို့သယ်ဆောင်ထားသည့်အဓိပ္ပါယ်ပေါက်နေရာ ကူသူတို့အတွက်နိမိတ်မကောင်း၊ ကာယကံရှင်များကလည်းကြိုက်နှစ်သက်ခြင်းမရှိပေ။ ဤသူအနေဖြင့် “ပြောင်းခိုသူ”ဟုသုံးနှုန်းပါသည်။ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်တော်လှန်ကြသည့် ဧရာမလူထုအင်အားစုကြီးကို ပြည်တွင်းမြို့ရွာများ၌ စစ်/ရဲအင်အားဖြင့် ထောင်ချဖမ်းချုပ် တင်ကျွေးထားမည့်အစား သူတို့ကျွမ်းကျင်သောခွင်သွင်း စစ်တိုက်ရှင်းလင်းသတ်ဖြတ်နိုင်ရန် ရည်ရွယ်၍ လမ်းကြောင်း/ဂယ်ပေါက်များဖွင့်ပေးပြီး မြို့ပြလူထု ကျောင်းသားထုနှင့် နှင့်သပိတ်အင်အားစုများကို ဖြိုခွဲခဲ့ခြင်းပါ။ လက်နက်ကိုင်တော်လှန်မည်ဟူ၍ ကျောင်းသားလူငယ်များ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်များထံခိုလှုံကာ ကျောင်းသားတပ်မတော်(ABSDF)ဖွဲ့ ပြန်တော်လှန်ခြင်းပြုခဲ့ကြ၏၊ အဝေးရောက်အစိုးရ NCGUB ကိုလည်းဖွဲ့ခဲ့ကြသည်။ စစ်ဘေးရှောင်များနှင့် တိုင်းရင်းသားဒေသသား အများစုတို့သည် ထိုင်း/မြန်မာနယ်စပ်တို့တွင် ကုလသမဂ္ဂ ပြောင်းခိုသူများဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) နှင့် ထိုင်းအစိုးရတို့၏ စီမံမှုအောက်တွင် ပြောင်းခိုသူစခန်းများဖွင့် မှတ်ပုံတင်ပြီးနောက်မှ တတိယနိုင်ငံများသို့ထွက်ခွာကြသည်။ ဆယ်စုနှစ်ကြာ စခန်းတွင်းနေထိုင် စောင့်ကြရသည်ဖြစ်ရကား ထိုနယ်စပ်ဒေသစခန်းများတွင်မွေးသည့်နိုင်ငံမဲ့ကလေးများပင် သောင်းချီရှိမည်ဖြစ်ပါသည်။ ထိုသမိုင်းသည် မဝေးသေး။ စာရင်းအတိအကျနှင့် ကာယကံရှင်တို့ သက်ရှိထင်ရှား များစွာရှိသေး၏။
ယခု၂၀၂၁တွင် ချွတ်စွတ်နည်းပါးမျှ သမိုင်းဘီးလည်ပြန်လေသည်။ ထူးခြားသည်မှာ အင်တာနက်/ဆိုရှယ်မီဒီယာကျေးဇူးဖြင့် သမိုင်းဘီးလည်ခြင်းအဟုန် မြန်သည်သာဆိုရမည်။ ပြည်တွင်လူထု အင်အားစုကြီးမှာ အာာဏာသိမ်းခံရပြီး ရက်ပိုင်းဖေဖော်ဝါရီအတွင်းမှာပင် တတိယနိုင်ငံများသို စတင်ထွက်ခွာနိုင်ခဲ့ကြသည်ဖြစ်၏။ ယခု ၂နှစ်ခွဲမတိုင်မှီအတွင်းတွင် PDF နှင့် NUG ဟူ၍ အတည်တကျရှိနေပြီးဖြစ်လေသည်။ ၁၉၈၈ မဟာမြန်မာရွေ့ပြောင်းမှုဖြင့်ထွက်လာခဲ့သော မြန်မာမျိုးဆက်သန်းချီကြီးသည် တတိယနိုင်ငံများတွင်အခြေကျပြီးဖြစ်ရကား တော်လှန်ရေးသို့ဘဏ္ဍာရေးထောက်ပံ့မှုအပြင် ကမ္ဘာ့နိုင်ငံကြီးအစိုးရများဆီ ပေါက်ရောက်ပြောဆိုနိုင်စွမ်းများရှိနေပေရာ ဤသည်မှာ ထူးခြားချက်ဟု ဆိုရမည်တမုံ့။ သဘာဝဘေးအဖြစ် မိုးခမုန်တိုင်း(၂၀၂၃)ဝင်ခဲ့ပြီးဖြစ်၍ များစွာထိခိုက်ခဲ့သော ရခိုင်ပြည်နယ်သည် နိုင်ငံရေး/စစ်ရေးအခြေအနေများကြောင့် ပြန်လည်ထူထောင်ရေးမလုပ်နိုင်။
ကမ္ဘာ့ဥတုရာသီသည် အစွန်းရောက်စပြုနေပြီဖြစ်ရာ အခံစားရဆုံးတိုင်းပြည်များစာရင်း(Global Climate Risk Index)တွင် မြန်မာနိုင်ငံသည် ထိပ်ဆုံး၅နိုင်ငံ၌အမြဲပါသည်။ ယခုနှစ်တွင် နံပါတ်တစ်ဖြစ်ရန်ပင်ရှိသည်။ ကမ္ဘာ့ရာသီဥတုရှေ့လျှောက်ပိုပိုဆိုးဝါးလာမည်ဟု ရှိသမျှသိပ္ပံပညာရှင်အားလုံးဆိုထားပေရာ နောင်ရာစုနှစ်ဝက်တွင် မြန်မာနိုင်ငံတော်ဟု၍ ယခုနယ်နမိတ်အတိုင်းတည်ရှိနေမှုပင်မသေချာ။မြန်မာ့ပဋိပက္ခအရေးသည်အလွန်ကြာပါမည်။ ဘာသာရေးအခြေခံဖြစ်ရကား ရာစုနှစ်တခုနှင့် အေးချမ်းပြီးငြိမ်သွားမည်မဟုတ်။ စစ်ရေးနိုင်ငံရေးနှင့် ဥတုရာသီတို့ကို ချိန်ဆပါလျှင် မြန်မာတို့ မြန်မာနိုင်ငံကိုစွန့်ခွာထွက်ကြခြင်းသည် မှန်ကန်သောအလုပ်ဟူ၍သာ။
အမေရိကအစိုးရသည်လည်း များစွာစာနာသောအားဖြင့် မည်သည့်အခါကမှမပေးစဖူး မြန်မာတို့ကို အထူးအမိန့်ထုတ်ကာ TPS ခွင့်ပြုနေခွင့်ပေးခဲ့သလို အမေရိကားသို့ ဝင်လာနိုင်သည့် ကျောင်းဗီဇာ အလည်အပတ်ဗီဇာများကိုလည်း လွယ်စွာထုတ်ပေးနေသည်ကို တွေ့ရသည်။ TPS(ယာယီကာကွယ်စောင့်ရှောက်ခြင်း) အရ ဥပမာ ဆီးရီးယားကိုကြည်လျှင်ပင် ၂၀၁၂ မှစ၍ ၁၈လတခါဖြင့် ဆယ်စုနှစ်ချီသက်တမ်းတိုးနေသည်ကိုတွေ့ရမည်။ ၁၉၉၀ တွင်ကွန်ဂရက်ပြုသောဥပဒေဖြင့် TPS အသက်ဝင်ခဲ့သည်ဖြစ်ရာ ယခုအထိ နိုင်ငံ၁၆နိုင်ငံ၏ နိုင်ငံသားများကိုယာယီနေထိုင်ခွင့်ပေးထားပါသည်။
ယခင်ကကဲ့သို့ ပြောင်းခိုသူစခန်းကြီးများ ထိုင်းနယ်စပ်တွင်ဖွင့်၍ တဆင့်စီလက်ခံခြင်းမျိုးအစား ထိုင်းနယ်စပ်တွင် အမေရိကသံရုံး/ကောင်စစ်ရုံးတို့မှ တိုက်ရိုက်ကွင်းဆင်း ထိတွေ့ဆက်ဆံခွင့်ပြုသည်တို့လည်းရှိ၏။ ဟိုမှာဖက် အနောက်ဖက် ဘင်္ဂလားဒ့ရှ်ပြည်တွင်းတွင်မူ ကမ္ဘာ့အကြီးဆုံး ပြောင်းခိုသူစခန်းကြီးဖြစ်သော ရိုဟင်ဂျာတို့၏ ကောက့်ဆက်ဘဇားထီးတည်းတည်း။ ထိုမှလည်း စနစ်တကျ အမေရိကားသို့ (ကိုဗစ်ကာလတွင်းပင်)ပြောင်းရွေ့အခြေချခွင့် ပြုနေသည်ကို တွေ့ကြရသည်။
သာမာန်အားဖြင် အမေရိကားသို့ ပြောင်းရွေ့အခြေချသူများသည့်နိုင်ငံဖြစ်လျှင် (ကိုတာ/ဝေပုံကျစနစ်အရ)DV စနစ်တွင် အဆိုပါနိုင်ငံအားဖယ်ထုတ်ပစ်သည် ဖြစ်သော်လည်း မြန်မာတို့အတွင် DVကိုလည်း နှစ်စဥ်မဲဖေါက်ပေးနေပေရာ မြန်မာတို့အပေါ်များစွာစာနာကြည့်ရှုနေသည်ဟုသာဆိုရမည်။ မည်သည့်နည်းဖြင့်ရောက်ကြသည်ဖြစ်စေ အမေရိကန်နိုင်ငံရေးသမားတို့၏ အမြင်တွင် မွေးဖွားရာဒေသနိုင်ငံမှထွက်၍ အမေရိကားသို့ပြောင်းခိုလာသူများသာတည်း။
“လွယ်သလား ခက်သလား အမေရိကား”
လက်တင်/တောင်အမေရိကမှသူတို့သည် အသက်အန္တရာယ်လွယ်ကာ ပြည်ဝင်ကြရသည်။ ကမ္ဘာ့အန္တရာယ်အများဆုံးလမ်းကြော Darién Gap ကိုဖြတ်ကာ ပျမ်းမျှမိုင်ပေါင်း၂၅၀၀ကျော် ခရီးလမ်းကို တောအထပ်ထပ် တောင်အသွယ်သွယ်ဖြတ်ကာ ကား/ဘတ်စ်/လှေ/ခြေကျင် အားဖြင့်အသက်နှင့်ရင်း လာကြရသည်။ မက်ဟီကိုနှင့်အမေရိကားနယ်စပ်တွင် ဖြစ်သလိုတဲထိုးနေထိုင်ရင်း ဘဝပြောင်းကောင်းခြင်းအတွက် စောင့်စားနေသူ သိန်းဂဏန်းရှိသည်။ ချိုင်းနား ကိုရီးယားကဲ့သို့နိုင်ငံမှ အမေရိကားသို့ အခြေချလိုလျှင် ဒေါ်လာသိန်းဂဏန်းအထိရင်းကြရသည်လည်းရှိပါသည်။ တဖွဲဖွဲတည်း။
ဥရောပသို့လည်း မြေထဲပင်လယ်ကိုဖြတ်ကာ ဝင်ရောက်နေမှုများ ကြား/တွေ့ကြရမည်။ ပြီးခဲ့သည်ရက်ပိုင်းတွင်ပင် ဂရိကမ်းခြေ၌လေသင်္ဘောမှောက်၍ ဥရောပသို့ခိုးဝင်ရန်ကြိုးစားသူ အယောက်၅၀၀ကျော် အသက်ဆုံးရှုံးကြသည့်သတင်းတက်လာသည်မဟုတ်ပါလော။ မြေထဲပင်လယ်သည် ၁၀နှစ်လျှင် ခိုးဝင်သူလူ၂သောင်းကျော်စားခဲ့သည့်ရေပြင်ပါ။ နိုင်ငံတနိုင်ငံသို့ တစ်ကပြန်စ အခြေကြကြရာတွင် လမ်းခရီး၌ပင် ခက်ခဲကြမ်းတမ်းလွန်းလှပါသည်။
အမေရိကားသို့ရောက်ရှိ အမြဲတန်းနေထိုင်၍ (သာမန်အားဖြင့်) ဆယ်စုနှစ်တခုရင်းပြီးပါလျှင် နိုင်ငံသားဖြစ်နေနိုင်သည်(သို့) လမ်းကြောင်းရှာဖွေတွေ့သွားနိုင်သည်။ ရှေးကမူ ၂၀နှစ်ဝန်းကျင်တွင် တကြိမ်မျှ အခွင့်အရေးပေး နိုင်ငံသားပေးပစ်သည့်ဓလေ့ရှိသည် ဆိုကြပါ၏။ သမ္မတကနေဒီ(Cuban Adjustment Act ၁၉၆၆)၊ သမ္မတရော်နယ်ရီဂင်လက်ထက်(Immigration Reform and Control Act ၁၉၈၆)က တရားမဝင်ရောက်ရှိနေသူ ၃သန်းမျှကို နိုင်ငံသားဖြစ်လမ်းကြောင်းပေါ်တင်ပေးဖူးသလို သမ္မတဘုရှ် နှင့် အိုဘားမားလက်ထက်(DREAM Act)ကလည်း လမ်းကြောင်းများဖေါ်ပေးဖူးသည်။
ဆိုရှယ်မီဒီယာများတွင် အမေရိကားသို့ပြောင်းရွေ့အခြေချလာမည့်သူများ/ရောက်ပြီးသူများ၏အကြံဥာဏ်များ ဝေဖန်မှုများတွေ့ကြရမည်။ အထူးသဖြင့် ယခုကဲ့သို့မြန်မာပြည်အခြေအနေအရ ရောက်ပြီးသူ/လာလတ္တံ့သူများလွန်းလှကား စုံလှသည့်ခေတ်ပါ။ အချို့မှာကောင်းခြင်းအဖြာဖြာရေးကြ၍ အချို့မှာဆိုးခြင်းအဖုံဖုံ အစုံတင်ကြသည်။ ကောင်းခြင်းမကောင်းခြင်းတို့အတွက် ကိုယ်ပိုင်အမြင်ဖြစ်၍ ဝေဖန်ရန်မရှိပါသော်လည်း ယခုကဲ့သို့ မက်ဂါမြန်မာပြောင်းရွေ့မှုစနေချိန်တွင် အနှောက်အယှက်အတားအဆီးဖြစ်သွားမည်ကိုစိုးရိမ်ပါ၏။ လပိုင်းနှစ်ပိုင်းဖြင့် အမေရိကား၏လူနေမှုစနစ်ကို ဝေဖန်ခြင်းငှာမစွမ်းနိုင်ပါ။ ကမ္ဘာ့နိုင်ငံစုံမှ နိုင်ငံသားစုံတို့ ရာစုနှစ် ၂ခုကျော်အတွင်းအခြေချလာသူတို့ဖြင့်တဖြည်းဖြည်း တည်ဆောက်ထားသည့်နိုင်ငံတော်-ကမ္ဘာငယ်ဖြစ်သည်။ သင်တို့/ငါတို့ကဲ့သို့သော လူများသန်းပေါင်းများစွာ၏ ချွေးသွေး အသက်များရင်းစားတည်ထောင်ထားသည့်နိုင်ငံတော်ပါ။ များစွာရင့်ကျက်နေပြီး အတွေ့အကြုံရှိပြီးလည်းဖြစ်ပါသည်။ လျှော့မတွက်ပါလင့်။
“အမေရိကမှာ ထီး-နန်း-စံ”
အမေရိကားသည် ထိပ်တန်းဘဝတက္ကသိုလ်တခုဖြစ်၏။ ဘွဲ့ရရန်(ဝါ)နိုင်ငံသားဖြစ်ရန် အနည်းဆုံး၅နှစ်ခရီးကိုဖြတ်ရမည်။ အမေရိကန်၏အိမ်ထောင်ဖက်ဆိုလျှင်လည်း ဂရင်းကဒ်ရသည်အထိ ဖေါင်တင်/အင်တာဗျူးနှင့် ၂နှစ်ဝန်းကျင် ထိုမှ ၃နှစ်စောင့်နှင့် နိုင်ငံသားလျှောက်တင်နိုင်သည်။ ၅နှစ်ဟူသော အချိန်ကာလသည် တက္ကသိုလ်ဘွဲ့လက်မှတ်တခု၏အချိန်နှင့်တန်းတူမျှ (သို့)ပိုသည်။ ထိုမှတပါး အသက်မွေးမှုအတွက်အလုပ်လုပ်ကြရကား အလုပ်/စီးပွားရေးမှသင်သွားသည့် လူမှုဆက်ဆံရေးများ ကျန်းမာရေး/နေမှုအိမ်ယာအတွက်လျှောက်ယူပေးကုန်ုမှုများ၊ အခန်း/အိမ်/ကား တို့ကို ကိုယ့်ကိုယ်တိုင်ဆုံးဖြတ် ချေးငှားဝယ်ရောင်းလုပ်နိုင်သည်အထိ ငွေချေးယူရန် ယုံကြည်မှုရရှိရန် အကြွေးဆပ်ရာဇဝင်(Credit History)ကိုတည်ဆောက်ကြရသည်။ အမေရိကန်တဦးသည် ကောင်းမွန်သော ယုံကြည်မှုအမှတ် Credit Score တည်ဆောက်ရန်/ပယ်ဖျက် တစ်မှပြန်စရန်အကြမ်းအားဖြင့် ၇နှစ်ကြာပါသည်။ဘာသာစကားသည်လည်း အရေးကြီးနေရာမှပါသည်။ မြန်မာပြည်တွင်အင်္ဂလိပ်ပြောစကားကျွမ်းကျင်စေဦး အမေရိကားရောက်၍ အမေရိကန်အသံထွက်နှင့်ပြောစကားကို ခြုံသိ/နားလည်ရန် ၅နှစ်အချိန်အနည်းဆုံးယူရမည်။ ဖြတ်လမ်းမှာ ငွေဖြစ်ပါ၏။ အမေရိကားဟူသည် လူသားကို ငွေကိုကြားခံပြုထိန်းချုပ်ထားသည်ဖြစ်ရာ ငွေတန်ဖိုးနှင့်အတူ လူမှုရေးဘဝများကိုလည်းသုံးသပ်မိလာသည်။ ဤသည်မှာ ရာစုနှစ်တခုမက ကမ္ဘာ့ထိပ်တန်းဖြစ်နေသော နိုင်ငံကြီး၏ အမြုတေယဥ်ကျေးမှုဟုဆိုချင်ဆို။ ယဥ်ကျေးမှုတွင် ခွင့်တူညီမျှ စီးမျောနိုင်ရန် အမေရိကားသို့ အခြေချလာသူတဦးအတွက် ဆယ်စုနှစ်တခုသည် အနည်းဆုံးလိုအပ်ချက်ဖြစ်သည်ဟု ဤသူ၏အတွေ့အကြုံများဖြင့်သုံးသပ်မိပါသည်။
ယခု MMM မြန်မာတို့အတွက်မှာ ထိုထို လူမျိုး တထောင့်တပါးသားများနှင့် နှိုင်းလျှင် အခြေချလွယ်လွန်းလှသည်ဟု ဆိုရမည်သာ။ ထိုမျှ လွယ်လွန်းလှသဖြင့် တန်ဖိုးကိုမှောက်မှားမည်ကို စိုးရိမ်ပါ၏။
နိုင်ငံရေးခိုလှုံခွင့်တင်ပြီးနောက် နေထိုင်ခွင့်/အလုပ်လုပ်ခွင့်ရှိလျှက်နှင့် ကြာရှည်စောင့်နေရသည်ကိုပင်စိတ်မရှည်သူများလည်း တွေ့ရသည်။ နေခွင့်ဗီဇာမရှိ စာရွက်စာတန်းမရှိခိုးဝင် ရောက်ရှိနေထိုင်နေသူ ၁၇သန်းမျှကို ကိုယ်ချင်းစာသိနားလည်ခြင်းမရှိသေးချေ၊ အချိန်ကာလတခုသို့ရောက်လာပါဦးမည်၊ သင်လည်း တနေ့သိရပေဦးမည်။
ရှေးနှစ်များ၏ဂျပန်တွင် အိုဗာစတေးခေါ်သော ခိုးနေ(အို=ဝလုံး) များတွင် “ပျင်း၊ပျော်၊ပျက်၊ပြေး” ဟု ဆိုစကားရှိဖူးသည်။ ဝလုံးအတွက် ဂျပန်နိုင်ငံသားဖြစ်သွားရန်လမ်းကြောင်းမရှိ၊
အမေရိကားမှာ တနေ့တချိန်တွင် အမေရိကနိုင်ငံသားဖြစ်လမ်းရှိပေရာ ပြေးခြင်းမလို။ အမေရိကားတွင် ၁၇နှစ် ပုံနှိပ်မီဒီယာပေါ်မှသူတဦးအနေနှင့် ဤသို့ဆိုမည်။
အမေရိကားမှ ကြိုဆိုပါ၏။ မြန်မာတို့ဖြစ်အောင်လာပါ။ နေပါထိုင်ပါ။ လိုအပ်သောအကူအညီများတောင်းပါ။ နောက်လှည့်ပြန်မပြေးပါနှင့်။ American Dream ဟူသည်တကယ်ထင်ရှားရှိပါ၏။
ဘုရင့်နောင်ဖောင်ဖျက် ပျက်၍ထွက်လာသူအတွက် မြန်မာ့ထုံးတမ်းဗေဒင် မဟာဇနက၏ “တည်ထွက်ပျက်ကျောက်ထီးနန်းစံ” အစဥ်တွင် ကျောက်ဖြာပေါ်ရောက်ပြီးသူအတွက် “ထီး-နန်း-စံ” သာကျန်ပေသည်။