မြန်မာပြည်သတင်းဒိုင်ယာရီ May 2024

သင့်အေးရိပ် စုဆောင်းတင်ပြသည်။

May 23 ။ ၁၀၂၇ စစ်ဆင်ရေးကို အသာစီးရပြီးနောက် စစ်ကောင်စီနဲ့ ယာယီအပစ်ရပ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)က သူ့အုပ်ချုပ်မှုဒေသအတွင်းမှာ ပြစ်မှုကျူးလွန်ရင် ပေးမယ့်ပြစ်ဒဏ်တွေကို ထုတ်ပြန်ကြေညာပါတယ်။ လူသတ်၊ ပြန်ပေးဆွဲတာ၊ ငွေညှစ်၊ လုယက်တာ၊ ရည်ရွယ်ချက်ရှိစွာ ဒဏ်ရာရစေတာ၊ ကျားဖြန့်လုပ်တာနဲ့လူကုန်ကူးတဲ့ ပြစ်မှုတွေအတွက် ထုတ်ပြန်ထားပါတယ်။
ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူကုန်ကူးတဲ့ပြစ်မှုအတွက် ထောင်ဒဏ်၊ ငွေဒဏ်၊ တသက် တကျွန်း၊ သေဒဏ်၊ ပိုင်ဆိုင်မှုသိမ်းဆည်းတာတွေကို ပြစ်မှုအလိုက်ကျခံရမယ်လို့ စစ်ကောင်စီက ပြောပါတယ်။

စံချိန်တင်မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေး ပြန်ကျလာပေမဲ့ မြန်မာ့ရွှေဈေးကတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၅,၁၆၀,၀၀၀ ဝန်းကျင်ထိ ဆက်မြင့်တက်နေပါတယ်။ ကမ္ဘာ့ရွှေဈေးကျပေမဲ့ မြန်မာ့ရွှေဈေးက ရက်ပိုင်းအတွင်း ကျပ် ၁ သိန်းဝန်းကျင် မြင့်တက်နေတာ ဖြစ်ပါတယ်။

May 22 ။ ရန်ကုန်မှာ မီးပျက်ချိန်တွေ ပိုများလာတဲ့အတွက် အင်တာနက်နဲ့ အွန်လိုင်းသုံးပြီး ပညာသင်ကြားရတဲ့ ကျောင်းသားတွေနဲ့ လူငယ်တွေမှာ အတန်းချိန်ပြည့်မီအောင်တက်ဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။ ရန်ကုန်မှာ လျှပ်စစ်မီးက အလှည့်ကျစနစ်နဲ့ ပေးဝေနေတာဖြစ်ပြီး လေးနာရီခြားတခါ မီးပေးနေတာဖြစ်ပေမဲ့ မီးလာရမယ့်အချိန်မှာ အချိန်အနည်းငယ်လောက်ပဲ လာပြီး မီးဖြတ်တောက်တာ ပိုများတဲ့အတွက် အင်တာနက်၊ အွန်လိုင်းက ကွန်ပြူတာနဲ့ စာသင်ကြားကြရာမှာ အခက်အခဲကြုံနေရတာပါ။

May 21 ။ စစ်ကောင်စီရဲ့ စားအုန်းဆီရည်ညွှန်းဈေး တပိဿာကို ကျပ် ၅,၂၀၀ လို့ ထုတ်ပြန်ထားပေမဲ့ ရှမ်းပြည်နယ်မှာတော့ ကျပ် ၁၀,၀၀၀ ဈေး ပေးဝယ်နေရပြီး စားအုန်းဆီနဲ့ဆက်စပ်တဲ့ အခြေခံစားကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။ ရန်ကုန်မှာ ဆီတန်းစီတိုးကြတာတွေ ပျောက်ကွယ်သလောက် ဖြစ်ပေမဲ့ အဝေး နယ်မြို့တွေမှာတော့ ဆီခွဲတမ်းမရကြဘဲ ရည်ညွှန်းဈေးထက် ထက်ဝက်နီးပါး ဈေးမြင့်ပြီး စားအုန်းဆီ တပိဿာကို ကျပ် ၁၀,၀၀၀ လောက် ပေးဝယ်နေရပါတယ်။

May 20 ။ မြန်မာပြည်လုံးက စက်ရုံတွေကို လျှပ်စစ်မီး ၁ရက်ကို ၂ နာရီ သာ ပေးတော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။


ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာ ဧပြီ ၁၅ ကနေ မေ ၁၆ အထိ တလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY-PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ခြေ ၁၀၀ ခန့် ပျက်စီးပြီး ရွာသား ၇ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

May 18 ။ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ငပလီကမ်းခြေက ဟိုတယ်နဲ့ တည်းခိုခန်းအများစု ပိတ်ထားရပြီး ဝန်ထမ်းနဲ့ ဒေသခံတချို့လည်း လွတ်မြောက်ရာတွေဆီ တိမ်းရှောင်နေကြရရပါတယ်။ ရက္ခိုင့်တပ်တော်(AA)က ချင်းပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်ထဲက ပေါက်တော၊
မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံနဲ့ ရမ်းဗြဲမြို့တွေကို သိမ်းယူထားကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

May 17 ။ အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံများ စာရင်းမှာ စစ်အာဏာသိမ်းမှုနဲ့ ဖိနှိပ်မှုတွေ ခံနေရတဲ့ထဲ မြန်မာပြည် ပါဝင်နေကြောင်း ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားရေးအဖွဲ့ Access Now က သတင်းထုတ်ပြန်ပါတယ်။ မြန်မာပြည်တဝန်းက မြို့နယ်ပေါင်းများစွာမှာလည်း အင်တာနက်
ပိတ်​ဆို့ခံထားရတဲ့ ရက်ပေါင်း ၈၅၀ ကျော်ခဲ့ပြီဖြစ်ပြီး ​ရခိုင်ပြည်နယ်မှာတော့ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေဟာ အင်တာနက်ပိတ်ဆို့ခံရမှုကြောင့် သတင်းရယူ သိရှိနိုင်မှု မရှိသလောက် ဖြစ်နေပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ K3C စုဖွဲ့မှုထဲက ခေါင်းဆောင်ပိုင်းတွေ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး ဂျပန်အစိုးရနဲ့ လွှတ်တော်ပိုင်းက တာဝန်ရှိသူတချို့နဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

May 16 ။ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ယခုနှစ် နွေရာသီကာလ ရေရှားပါတဲ့ ကျေးရွာအရေအတွက် ယခင်နှစ်ထက် ပိုများပြားလာကြောင်း သောက်သုံးရေကူညီလှူဒါန်း ပေးနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ ဧရာဝတီတိုင်း ပုသိမ်၊ ကြံခင်း၊ ဓနုဖြူ၊ ကျိုက်လတ်၊ ကန်ကြီးထောင့်၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ သာပေါင်း၊ လပွတ္တာ စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ အဓိက သောက်သုံးရေ ရှားပါး ပြတ်လပ်မှုဖြစ်နေတာပါ။


ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ ဘဝရှင်သန်ရပ်တည်ရေး ခက်ခဲနေကြပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်သားသစ်အဖြစ် စုဆောင်း သင်တန်းပေးပြီး စစ်ပွဲတွေမှာ ထုတ်သုံးလာနေတဲ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး၊ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်တွေထဲမှာလည်း ရိုဟင်ဂျာစစ်သားတွေ တွေ့ရပါတယ်။

May 15 ။ နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ၂နှစ်နီးပါးကြာမြင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာသီဥတု အခြေအနေကြောင့် ပြီးခဲ့တဲ့ ဧပြီလလယ်က နေပြည်တော်က တခြားနေရာကို ရွှေ့ပြောင်းပေးပြီး သိပ်မကြာခင်မှာ ထောင်ထဲကိုပြန်ပို့ပြီးနောက် ခုရက်ပိုင်းမှာပဲ နောက်နေရာတခုကို ပြန်ရွှေ့ပေးခဲ့ကြောင်း BBC သတင်းအရ သိရပါတယ်။

May 14 ။ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သောက်သုံးရေ မလုံလောက်တာကြောင့် အရေပြားရောဂါတွေ အဖြစ်များနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောပါတယ်။ အင်းစိန်၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ မြစ်ကြီးနား၊ သာယာဝတီ၊ ပခုက္ကူ၊ ဖျာပုံ၊ မြင်းခြံ၊ ဂန့်ဂေါ၊ ကသာနဲ့ ကလေးထောင်တွေမှာ အခုလိုဖြစ်နေတာလို့ ဆိုပါတယ်။


စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့အကြား ၂၀၂၄၊ ၄ လတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ အရင်တနှစ်ချင်းစီရဲ့ တိုက်ပွဲအရေအတွက်ထက် ပိုများနေတဲ့အတွက် ဒီနှစ်ဟာ စစ်ရေးပဋိပက္ခ အရှိန်အဟုန် အမြင့်ဆုံးဖြစ်လာကြောင်း BNI-Myanmar Peace Monitor ရဲ့ သုတေသန အစီအရင်ခံစာအရ သိရပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ် စတဲ့ မြို့ ၈ မြို့အပါအဝင် စစ်စခန်းပေါင်း ၁၀၀ ဝန်းကျင်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားကြောင်း အတည်ပြုထားပြီး အဲဒီမြို့တွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ KIA က ကြိုးပမ်းနေပါတယ်။

May 13 ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်ဘေးဒုက္ခသည် ၂၀၀၀ နီးပါး ခိုလှုံနေတဲ့ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်းထဲကို မနေ့ညပိုင်းက စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ CDM ကျောင်းဆရာမ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရသွားကြောင်း ကူညီနေသူ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။


ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ ဇန်နဝါရီလကစပြီး အခုမေလအထိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ကလေးငယ်တွေအပါအဝင် အရပ်သား ၆၉ ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)က ပြောပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေကြောင့် လူဦးရေ ၇သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေး၊ နေထိုင်ရေးတွေ အခက်အခဲများ ရှိနေတာပါ။

May 12 ။ စစ်ကောင်စီတပ်တွေဟာ နည်းပညာမြင့် တိုက်ခိုက်ရေးဒရုန်းတွေကို ပိုမိုအသုံးပြုလာပြီး ဒရုန်းမောင်းဖို့အတွက် ချိုင်းနား၊ ရုရှား စတဲ့နိုင်ငံတွေက ပြည်ပမှ ကျွမ်းကျင်သူတွေ လာရောက် သင်ကြားပေးနေကြောင်း CDM စစ်တပ်အရာရှိဟောင်းတွေထံက သိရပါတယ်။ အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း တိုက်ပွဲတွေမှာ ပြည်သူ့တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုဒဏ်ကို အထိအခိုက်များစွာနဲ့ ခံစားခဲ့ရပြီးနောက် စစ်ကောင်စီဟာ သူ့ရဲ့ ဒရုန်းတပ်တွေကို နည်းပညာပိုင်း၊ ရုပ်ဝတ္ထုပိုင်း အားဖြည့်မှုတွေ လုပ်လာတာပါ။


စစ်ကိုင်းနဲ့ မန္တလေးတိုင်းအစပ် ဧရာဝတီမြစ်တစ်ဖက်ကမ်းဆီက မတူညီတဲ့နေရာ ၂ လို့ဆိုနိုင်တဲ့ စစ်တပ်ထောက်သူများတဲ့နေရာနဲ့ တော်လှန်ရေးအားကောင်းတဲ့နေရာတွေမှာ ၂ ရက်အတွင်း လူပေါင်း ၆၀ ကျော် အသက်ခံလိုက်ရပါတယ်။ ငါးဦးနဲ့ အထက် သတ်ဖြတ်ခံရမှုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုလို့ NUG က သတ်မှတ်ထားပါတယ်။

May 10 ။ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်က တောင်ငူ ဧလာ လေတပ်စခန်းကို ဒီနေ့မှာ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဂျက်ဖိုက်တာ ၂ စီး ပျက်စီးကာ အရာရှိအဆင့်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ကနေ သိရပါတယ်။

May 08 ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဝန်ကြီးချုပ်‌ဟောင်း ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အွန်လိုင်းကနေ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ မတွေ့ခဲ့ရပါဘူး။


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ မတ်လနဲ့ ဧပြီလတွေအတွင်း မြန်မာ အတိုက်အခံ အင်အားစုတွေနဲ့ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ပါ တွေ့ဆုံခဲ့တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေမှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

May 05 ။ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၂)အတွက် ဧပြီလကနေ မေလလယ်အထိ တလခွဲအတွင်း မကွေးတိုင်း နတ်မောက်မှာ ၁၅၄ ဦး၊ အောင်လံမှာ ၁၅၀ နီးပါးနဲ့ ရေနံချောင်းမှာ ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး မြို့နယ်အလိုက် နီးစပ်ရာသင်တန်းကျောင်းတွေကို ပို့ဆောင်ခံထားရကြောင်း
ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study – BACS) ရဲ့ စာရင်းအရ နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၇၄ မြို့နယ်၊ ရပ်ကွက်ကျေးရွာပေါင်း ၄၉၈ ခုမှာ ၂လအတွင်း လူပေါင်း ၅ထောင်နီးပါး စစ်မှုထမ်း ပထမအသုတ်အဖြစ်
စတင်ခေါ်ယူခံခဲ့ရပါတယ်။

May 04 ။ ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီက တန်ပြန်တိုက်စစ်မလုပ်နိုင်ဘဲ ရက္ခိုင့်တပ်တော် AA က လုံးဝအသာစီးရနေပြီး ၂၀၂၅ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်းက‌ နေရာများစွာကို ထိန်းချုပ်နိုင်ခြေရှိကြောင်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။


မြန်မာပြည်မှာ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃သန်းကျော်ရှိလာပြီး ဒါဟာ တိုင်းပြည်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ မှတ်တိုင်တခုဖြစ်ကြောင်း ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ပိုများလာပြီး ပြီးခဲ့တဲ့ ၆လအတွင်း ဒုက္ခသည်အရေအတွက် ၅၀% သိသာစွာ တိုးလာတာပါ။

May 03 ။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)ရဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာ မြန်မာပြည်က ဆက်လက်ပါဝင်နေပါတယ်။ RSF က နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေအဆင့်ကို သတ်မှတ်ရာမှာ မြန်မာပြည်က အဆင့် ၁၇၁ နဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးဆုံးအဆင့်နိုင်ငံတွေထဲမှာ ပါဝင်နေတာပါ။


နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်(၃,၉၆၀ လုံး) ဆုံးရှုံးခဲ့ရကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က သတင်းထုတ်ပါတယ်။ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဧပြီ ၃၀ နေ့အထိ ၃နှစ်ကျော်အတွင်း နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် (၈၈,၃၇၃) ရှိလာပြီလို့လည်း Data for Myanmar က ဖော်ပြပါတယ်။


မြန်မာပြည်မှာ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းရဲ့ တဝက်လောက်ပဲ လက်ရှိမှာ ထုတ်လုပ်နိုင်ပြီး အဲဒီထဲက ရန်ကုန်တိုင်းကို ၄၆ % ၊ မန္တလေးတိုင်းကို ၁၆ % နဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေကို ၃၈ % ခွဲပေးနေကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သတင်းက ဆိုပါတယ်။

May 02 ။ မြန်မာပြည်ကနေ အမျိုးသားတွေကို ပြည်ပရွှေ့ပြောင်းလုပ်သားအဖြစ် စေလွှတ်မယ့်လုပ်ငန်းမှန်သမျှ မေလ ၁ ရက်ကစပြီး ယာယီ ရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အတည်ပြုပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချထားပေမဲ့ မိသားစုနဲ့ တွေ့ခွင့်မပေးတာ နှစ်ချီရှိလာပြီဖြစ်လို့ နှစ်ထပ်ကွမ်း ဖိနှိပ်ခံနေရကြောင်း မိသားစုနဲ့နီးစပ်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။


စစ်အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း နိုင်ငံရေးအကျဥ်းသား (၂၆,၅၇၈) ရှိပြီး အဲဒီအထဲက (၂၀,၃၆၅) ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ မြန်မာပြည် အပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူးစိုးရိမ်ရတဲ့နိုင်ငံတွေ ဖြစ်ကြောင်း US နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်(USCIRF)က ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

May 01 ။ အာဏာသိမ်းကာလ ၃နှစ်ကျော်တွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၉၃၄ ဦး ပိုင်ဆိုင်တဲ့ နိုင်ငံတဝန်းက နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အုံနဲ့ စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၁၅၉ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်း ထုတ်ပါတယ်။ ချိပ်ပိတ်သိမ်းဆည်းခံရမှုအများဆုံးဟာ စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး အဆောက်အအုံ ၂၂၄ ခုအထိပါ။ ရန်ကုန်တိုင်းက ၁၆၉ လုံးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး
မန္တလေးတိုင်းက ၁၅၇ လုံးနဲ့ တတိယအများဆုံး ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတာပါ။


ရခိုင်ပြည်နယ်မှာ ၂၀၂၃၊ နိုဝင်ဘာလကစ ဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် (၁၆၆,၀၀၀) ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က သတင်းထုတ်ပါတယ်။ ရခိုင်ပြည်၊ မြောက်ပိုင်းဒေသတွေမှာ ၂ဖက်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်လက်နက် အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေက အရပ်သားတွေကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေကြောင်း UNOCHA က အသိပေးထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က
စစ်ဘေးဒုက္ခသည်တွေဟာ ပူပြင်းတဲ့ ရာသီဥတုနဲ့ သောက်သုံးရေရှားပါးမှုဒဏ်ကိုလည်း ခံနေရပါတယ်။

နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ % ကိုသာ ဖြည့်ဆည်းပေးထားနိုင်ကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ်ကို ပြည်သူတွေ ဆိုးဝါးစွာ ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။

Apr 30 ။ မြန်မာပြည်မှာ အလုပ်သမားတယောက်ရဲ့ ၁ ရက် လုပ်အားခဟာ US ၁ ဒေါ်လာခွဲခန့်နဲ့ညီမျှတဲ့ ကျပ် ၅၈၀၀ သာ ရတာကြောင့် စားဝတ်နေရေးအတွက် ကြီးမားတဲ့ အခက်အခဲတွေ ရုန်းကန်နေကြရကြောင်း အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းကာလ ကြာရှည်လာတာနဲ့အမျှ အခြေခံကုန်စျေးနှုန်း၊ အိမ်ငှားစရိတ်ကအစ မြင့်တက်လာတာကြောင့် ထမင်းတနပ် လျှော့စားနေရကြောင်း ရန်ကုန် ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတွေက ပြောပါတယ်။


ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်နိုင်ဖို့ ဘဏ်တွေမှာ ကျပ်ငွေနဲ့ထားရမယ့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုးကို ၃ ဒသမ ၅ % ကနေ ၃ ဒသမ ၇၅ % အထိ တိုးမြှင့်ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။


၂၀၂၄၊ ဧပြီ ၁လအတွင်း မြန်မာပြည်တဝန်းမှာ ကလေး ၁၆ ဦးအပါအဝင် အရပ်သား ၁၂၁ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သတင်းအရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့ ၂၀၂၁၊ ဖေဖော်ဝါရီကနေ အခုထိ နိုင်ငံတဝန်း သေဆုံးခဲ့တဲ့ အရပ်သား ငါးထောင်နီးပါး (၄၉၅၇ ဦး) ရှိလာပြီဖြစ်ပါတယ်။


အမျိုုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ နယ်စပ်ကုန်သွယ်ရေးမြို့ ၅မြို့ အပါအဝင် တနိုင်ငံလုံးရဲ့ ၆၀ % ကျော် စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က NUG အစိုးရ ၃နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးကိုလည်း တည်ဆောက်နေတာပါ။

Apr 29 ။ ကချင်ပြည်နယ်မှာ ယခုနှစ် ပထမလေးလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးရော လေကြောင်းကပါ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆၂ ဦးသေဆုံးခဲ့တာပါတယ်။ ၂၀၂၃ ပထမလေးလမှာ ၁၁ ဦးသေဆုံးခဲ့တာကြောင့် အရပ်သားသေဆုံးနှုန်းဟာ မနှစ်ကထက် ၆ဆလောက် ပိုများပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ပြည်သူတွေကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။


အားပြင်းထန်တဲ့ အယ်လ်နီညို အပူလှိုင်းကြောင့် မြန်မာပြည်အလယ်ပိုင်း မကွေး၊ မန္တလေးတိုင်းတို့မှာ လူသေဆုံးထိခိုက်မှု ပိုများလာတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အပူချိန်အမြင့်ဆုံး ချောက်၊ မ‌ကွေး၊ အောင်လံနဲ့ မင်းဘူး အပါအဝင် မကွေးတိုင်း၊ မန္တလေး၊ ညောင်ဦးနဲ့ မြင်းခြံ အပါအဝင် မန္တလေးတိုင်းအတွင်းမှာ မတ်လ ဒုတိယပတ်ကနေ ယခုအထိ တလခွဲနီးပါးအတွင်း လူ ၁၅၀ ခန့် သေဆုံးခဲ့ပါတယ်။

Apr 28 ။ အာဏာသိမ်းမှု ၃နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်းပေါင်း ၃၄၃ လုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေညာချက် ထုတ်ပါတယ်။ စစ်အာဏာသိမ်းချိန်ကစပြီး ယနေ့ထိ ဆေးရုံ၊ဆေးခန်းအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီဟာ အကြိမ်ပေါင်း ၁၃ဝဝ နီးပါး တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့(Insecurity Insight)ရဲ့ အချက်အလက်တွေကို NUG က ကိုးကားဖော်ပြပါတယ်။


တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်ခဲ့လို့ မြို့လုံးကျွတ်စစ်ရှောင်ထွက်ပြေးခဲ့ရတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ၅ လ နီးပါးအကြာမှာ ဒေသခံတွေပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

Apr 27 ။ ရန်ကုန်၊ တောင်ပိုင်းခရိုင်ထဲက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနဲ့ ဆိပ်ကြီးခနောင်တိုမြို့တွေမှာ အရင်က ထုတ်ပြန်ထားတဲ့ မနက်အစော ၁ နာရီကနေ ၃ နာရီအတွင်း ညမထွက်ရအချိန်အစား ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း မထွက်ရဆိုပြီး ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ အာဏာသိမ်းပြီးနောက် ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ် မြို့အများစုမှာ စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ရန်ကုန်က လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

Apr 26 ။ အာဏာသိမ်းကာလ ၃နှစ်ကျော်လာချိန်မှာ မင်းတပ်မြို့နယ်ကို 80 % ထိ ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်(CDF-မင်းတပ်)က ပြောပါတယ်။ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ကြည်းကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၃နှစ်အတွင်း အရပ်သား ၂၀ကျော် သေဆုံးပြီး ၅၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။


ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေသလို လက်နက်ကြီးကျည်ပါ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စီမံကိန်းလည်ပတ်မှုကို ယနေ့က စ ရပ်နားထားသလို ချိုင်းနားပညာရှင်တွေပါ ပြန်သွားကြကြောင်း သံတွဲမြို့ခံတွေက ပြောပါတယ်။

Apr 25 ။ ဧရာဝတီတိုင်းဟာ တခြား တိုင်းနဲ့ပြည်နယ်တွေနဲ့ယှဉ်ရင် စစ်ကောင်စီ ထိန်းချုပ်အားကောင်းပြီး တည်ငြိမ်အေးချမ်းတဲ့ တိုင်းဖြစ်ပြီး ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ အသက်မမီသေးတဲ့ လူငယ်တွေအပြင် အသက် ၄၀ အရွယ်တွေထိ စာရင်းကောက်ယူတာ၊ မဲနှိုက်ခိုင်းတာတွေ စတင်လုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်းပြီး အာဏာတည်ကြောင်း ထုတ်ပြန်ပြီးနောက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ စစ်မှုထမ်းရမယ်လို့
ကြေညာခဲ့ပေမဲ့ မြေပြင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အခုလို အသက် ၁၇ နှစ်ကနေ ၄၀ ကျော်အရွယ်တွေအထိ စာရင်းကောက်နေတာလို့ ဆိုပါတယ်။