မြန်မာ့ဂဇက် အယ်ဒီတာ့ သင်ပုန်း – သြဂုတ် ၂၀၂၄

kaiAugust 28, 20242min1560

“မျဉ်းသုံးကြောင်းနှင့် စည်း၃စည်း”


အနော်ရထာမင်း(၁၀၄၄ – ၁၀၇၇)လက်ထက်က ရွှေဖျင်းညီနောင်တို့နှစ်ဦးသည် ချိုင်းနားဘုရင်၏ နန်းတော်သို့ လျှို့ဝှက်ဝင်ရောက်၍ စက်တော်ခေါ်နေသော ဥတည်ဘွား၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့် မျဉ်းသုံးကြောင်းဆွဲခဲ့သည်ဟု မြန်မာ့ရာဇဝင်တွင်ဆိုသည်။
ထိုသမိုင်းကာရံလာထပ်သည်လောမသိ။ ယခုသြဂုတ်လအလယ်ပိုင်းက ချိုင်းနားနိုင်ငံခြား‌ရေးဝန်ကြီးဝမ်ယိသည် မြန်မာပြည်သို့သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် နဝတ/နအဖခေါင်းဆောင်ဖြစ်သော ဦးသန်းရွှေကိုတွေ့ဆုံခဲ့သည်။ ထို့နောက် ထိုင်း/ချင်းမိုင်မြို့ လန်ချန်း-မဲခေါင်အစည်းအဝေးတက်၍ ချိုင်းနား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေဆုံပွဲတွင် မြန်မာပြည်နှင့်ပတ်သက်ပြီး” မြန်မာ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစု လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ စိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း”စည်း၃စည်းချခဲ့ပါသည်။


ယခုသြဂုတ်လအတွင်း “၀” နှင့် ကိုးကန့် နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ပစ်ခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့်တွေ့ဆုံစကားပြောခြင်းတို့အပြင် ချိုင်နား၏ တပ်နီ (PLA) မှ မြန်မာနယ်စပ် ချိုင်းနားပြည်တွင်းတွင် လက်နက်အစစ်များပစ်ခတ်၍ ၃ရက်တာ ( ၂၇-၂၉) စစ်ရေးလေ့ကျင့်မည်ဟုကြေညာသည်။ စစ်ရေးလေ့ကျင့်နေစဉ်ကာလတွင်း ချိုင်းနားသို့ရောက်ရှိနေသော အမေရိကအိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗင်န်နှင့် ဝန်ကြီးဝမ်ယိတို့ ဆွေးနွေးပွဲ၌ မြန်မာ့အရေးထည့်သွင်းဆွေးနွေးပြန်ရာ မြန်မာ့အရေးကို ချိုင်းနားမှသိသာစွာဝင်ရောက်ကိုင်တွယ်နေဟန်ရှိသည်။


“သယံဇာတယူသည်၊ ပြီးတော့ … လူကိုပါယူသည်”


အမေရိကားသည် သူ၏တောင်ဖက် မက်စီကိုနှင့် လက်တင်/တောင်အမေရိကတို့မှ လူ့စွမ်းအင်နှင့် မြေပေါ်မြေအောက်အရင်းအမြစ်တို့ဖြင့် စူပါပါဝါနိုင်ငံထူ‌ထောင်နိုင်ခဲ့သည်။ ဥရောပသည် သူ၏တောင်ဖက် အာဖရိကတိုက်မှ လူ့စွမ်းအင်နှင့် မြေပေါ်မြေအောက်အရင်းအမြစ်တို့ဖြင့် ချမ်းသာသော ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ခဲ့သည်။
သိသာထင်မြင်လွယ်အောင် ဆိုရလျှင် စူပါပါဝါစီးပွားရေးအင်အားကြီးဖြစ်ရန် စျေးပေါအလုပ်သမားထုထုတ်ပေးနိုင်သည့် ဂုတ်သွေးစုတ်ခံရမည့်နိုင်ငံ/ဒေသများလိုသည်။
ချိုင်းနားသည် စူပါပါဝါသို့တက်လှမ်းရန် ကမ္ဘာစီးပွားရေးအင်အားကြီးဖြစ်ရန် ခေတ်သစ်ကျွန်နိုင်ငံများလိုသည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကသို့ ခြေလှမ်းကျယ်ထားသော်ငြား ကပ်လျှက်တောင်ပိုင်းအိမ်နီးချင်းနိုင်ငံများသည် သူ၏ အာဏာစက်အောက်တွင်ရှိရန် လွန်စွာအရေးကြီးသော အခြေအနေပါ။သို့ဆိုလျှင် သူ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် တိုက်ရိုက် အသုံးပြုခွင့်ပေးနိုင်သည့် မြန်မာနိုင်ငံကို မည်သည့်အကြောင်းနှင့်မျှလက်လွတ်ခံမည်မဟုတ်ပေ။
သမိုင်းအရ ချိုင်းနားသည် မြန်မာ့ နယ်မြေတို့ကိုလည်း ဆင်ဖြူရှင် ၁၇၆၅ လက်ထက်က ဝင်ရောက်ကျူးကျော်တိုက်ခိုက်ဖူးသည်။ မွန်ဂိုလီးယားနှင့် တိဘက်တို့ကိုဝင်သိမ်းပိုက်ရယူထားသည်။
သမိုင်းအရပြီးခဲ့သည်တို့ထား၍ ယခုမျှော်ကြည့်လိုက်လျှင် ကိုးကန့် /လောက်ကိုင်မြို့၊ ဝ/ပန်ဆန်းမြို့၊ ကချင်/လိုင်ဇာမြို့ အပါအဝင် မြန်မာ-ချိုင်းနားနယ်စပ်မြို့တို့သည် ချိုင်းနား၏ငွေကြေးကိုသုံးစွဲ၍ လျှပ်စစ်/ဂက်စ်ဆီနှင့် ချိုင်းနား၏ အခြေခံအဆောက်အအုံတို့ အပေါ်လုံးလုံးလျှားလျှားမှီခိုထားကြရသည်ကိုတွေ့ရမည်။ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့သည် စစ်ရေးအရနယ်မြေများတိုးချဲ့နေပြီး ရခိုင်ပြည်နယ် ဒေသအများစုသည်လည်း မြန်မာစစ်တပ်၏အုပ်ချုပ်မှုအောက်တွင်မရှိတော့ချေ။


“From Russia with Love”


မြန်မာစစ်တပ်သည် ရုရှားထံမှ ၂၀၂၁-၂၂ တွင် စစ်လက်နက်ပစ္စည်း ၂၇၆သန်းဖိုးဝယ်ယူခဲ့သည်။ ထိုကာလတွင် ချိုင်းနားဆီမှ ဝယ်ယူမှု ၁၅၆သန်းသာရှိ၏။ စစ်အာဏာသိမ်းပြီးကာစကာလများက မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားသို့အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး ရုရှားသည် “ထာဝရမိတ်ဆွေ”ဟု ကင်ပွန်းတပ်ခဲ့ကာ ယူကရိန်းနိုင်ငံသို့ရုရှားကျူးကျော်မှုအား တောက်လျှောက်ထောက်ခံပေးထားသည်။
မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံးပါတီကြီးတခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှားသတင်းဌာန Sputnik နှင့် ယခုသြဂုတ်လ အင်‌တာဗျူးတွင် မြန်မာ့ပြည်တွင်းရေးကို ရုရှားမှပူးပေါင်းဆောင်ရွက်ပေးပါရန် တရားဝင်ပင် ဖိတ်ခေါ်ထားသည်ကိုလည်းတွေ့ရသည်။
မြန်မာ့နျူကလီးယားစွမ်းအင် ဓာတ်ပေါင်းဖိုဆောက်လုပ်ရေး၊ ရေနံ/သတ္တုတူးဖေါ်ရေးတို့တွင် နက်နက်ရှိုင်းရှိုင်းပါဝင်ပါတ်သက်နေသည့် ရုရှားသည် တနင်္သာရီတိုင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း၌လည်း ရင်းနှီးမြုတ်နှံဦးမည့်သတင်းထွက်ထားပါသည်။တနည်းအားဖြင့် အရှေ့တောင်အာရှနှင့် တောင်အာရှတွင် ရုရှားပြည်၏ ပထမဆုံးသော အခြေစိုက်စခန်းကို ထားဝယ်တွင်တည်ဆောက်ရန် ဖြစ်နိုင်ချေလည်းရှိနေပေသည်။
သမိုင်းအစဉ်အဆက်အရ စစ်အေးတိုက်ပွဲကြီးကာလတွင် ရုရှားသည် အာရှဖက်သို့ မစွမ်းနိုင်ခဲ့ပေ။ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းဖြင့် အဆုံးသတ်သွားသော ရုရှား၏ ကွန်မြူနစ်စနစ်သည် မြန်မာသို့တို့ထိမစွမ်းခဲ့။ ယခုလို ကမ္ဘာ့စီးပွားရေးအင်အား အဆင့် ၁၁ (GDP 2.0 Trillions)နှင့် ယူကရိန်းစစ်မျက်နှာဖြင့် စစ်ထောင်းခြင်းကြောင့် အဖက်ဖက်မှ ကျဆင်းနေချိန်တွင် မြန်မာပြည်ဖက် ဖြန့်ကျက်ခြင်းပြုနိုင်ပါမည်လော?။ “From Russia with Love” ကဲ့သို့ သမ္မတထရမ့်လက်ထက် ကိုဗစ်ကာလ ဆေးပစ္စည်းများအား တဝက်အခမဲ့၊ တဝက်ငွေချေသဏ္ဌာန််လည်း ဖြစ်သွားနိုင်သည်တမုံ့။


“အမေရိကားနဲ့ ပြဒါးတလမ်းသံတလမ်း “


ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်သိမ်းတိုက်ပွဲ တွင် အမေရိကန်စစ်သည် ၃၂၅၃ဦးကျဆုံးသည်ဟု သမိုင်းမှတ်တမ်းရှိသည်။ အမေရိကားသည် မြန်မာပြည်နှင့်မစိမ်းပါ။ သြဂုတ်လ ၁၄, ၁၉၄၁ တွင် အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီနှင့် အမေရိကသမ္မတ ရို့စဘဲ့တို့ချုပ်ဆိုသော အတ္တလန်တစ်စာချုပ်အရ အင်္ဂလိပ်ကိုလိုနီနယ်များ လွတ်လပ်ရေးရခဲ့ကြ၍ သမ္မတရို့စဘဲ့သည် မြန်မာအပါအဝင် ကိုလိုနီနိုင်ငံများ၏ အဦးလွတ်လပ်ရေးဖခင်တဦးဟုဆိုနိုင်သည်။ မြန်မာနိုင်ငံတော်သီချင်းကို အမေရိကန်တီးဝိုင်းကြီးက စတင်တီးခတ်ပေးခဲ့ပြီး မြန်မာတို့သုံးနေသော သာသနာ့အလံမှာ အမေရိကန်ဗိုလ်မှုးကြီးဟောင်းဟင်နရီအိုလ်ကော့(၁၈၈၅) ဒီဇိုင်းလုပ်ပေးသွားခြင်းပါ။
၁၉၆၂ အာဏာသိမ်းဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက မြန်မာဆိုရှယ်လစ်လမ်းစဉ် ဟူ၍ ဝါဒသဘောထားကြေညာချက်ထုတ်ပြီးနောက် အမေရိကားနှင့် နိုင်ငံရေးပေါ်လစီအရ ပြဒါးတလမ်း သံတလမ်းဖြစ်ခဲ့သည်။ ထိုမှမြန်မာနိုင်ငံကြီးတအိအိနှင့် ကျဆုတ်သွားခဲ့ရာ ၂၀၁၂ သမ္မတအိုဘားမားမြန်မာပြည်သို့ ပထမဆုံးရောက်ရှိလာပြီးနောက် တိုင်းပြည်သည် ဒီမိုကရေစီနှင့် တက်ခေတ်သို့ ဦးတည်သွားခဲ့သည်ကို အားလုံးခံစားသိကြပြီးပါ။


“သမိုင်းလေ့လာခြင်းသည် အမှားကိုထပ်မလုပ်ဖြစ်ရန်”


ဒုတိယကမ္ဘာစစ်က သခင်အောင်ဆန်းသည် ချိုင်းနားကွန်မြူနစ်တို့အကူအညီရယူရန် မြန်မာပြည်ပသို့ထွက်ခွာရင်းဂျပန်ကင်ပေတိုင်အဖမ်းခံရကာ ဖက်ဆစ်ဂျပန်စစ်တပ်အား မြန်မာပြည်တွင်းသို့ ခေါ်သွင်းခဲ့သယောင်ဖြစ်ခဲ့သည်။ မည်သို့ဖြစ်စေ မြန်မာပြည်ဝင်ကာ Burma Road ကိုဖြတ်တောက်ရန်စစ်ချီမည်ဖြစ်သော ဂျပန်စစ်တပ်အတွက် သခင်အောင်ဆန်းတို့၏ ဘီအိုင်အေသည် ဂျပန်အကျ မီးကျိုးမောင်းပျက်များနှင့်စခဲ့ရ၏။
ဥရောပတွင်D-Dayမစမှီ Burma campaignကို မဟာမိတ်တပ်များကစတင်သည်။ မြန်မာပြည်သိမ်းတိုက်ပွဲတွင် အိန္ဒိယပြည်ရောက် သခင်သိန်းဖေ ၏ ရဲဘော်၃ကျိတ်များပါသလို ချင်း၊ ကချင်ရိန်းဂျားတပ်များလည်းပါခဲ့ပါ၏။
သို့နှင့် ဖက်ဆစ်ဂျပန်ကိုတိုက်သူတိုက် ကူသူသူဖြင့် မြန်မာလူမျိုးတို့ သတ်မှတ်ဦးတည်ရာဗျူဟာ တပြေးတည်းမရှိ လုပ်ချင်ရာလုပ်ခဲ့ကြသည်။


“စစ်လားဟေ့ ဝင်ခဲ့လေကွယ်”


ပစ္စက္ခခေတ်ကိုကြည့်လျှင် မြန်မာစစ်တပ်သည် ချိုင်းနား၏ဖိအားနှင့်ချိန်ခွင်လျှာညှိရန် မြန်မာပြည်တွင်းသို့ ရုရှားကိုခေါ်သွင်းလာသည်။ ဝ
ထိုရုရှားကို နေတိုးအုပ်စုက ယူကရိန်းနှင့်စစ်ဖြစ်စေ၍ အင်အားများကို ပြုန်းတီးစေရန် မန်းမှုတ်ပြုလုပ်ထားသည်။
တပြိုင်ထဲတွင် တောင်ချိုင်းနားပင်လယ်ပြင်၌ ချိုင်းနားနှင့်ရင်ဆိုင်ရန် ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန် နှင့် ဖိလစ်ပိုင်နိုင်ငံတို့အား အမေရိကားမှ စစ်ရေးမိတ်ဖက်ထားပြီး Quad ဟူ၍ အိန္ဒိယ၊ သြစတေးလျှ၊ ဂျပန်နှင့် အမေရိကားအုပ်စုဖွဲ့ထား၏။
ချိုင်းနားဖက်ယိမ်းသွားသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာစိနာ သြဂုတ်လ ၅, ရက်နေ့က ပြုတ်ကျကာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ထောက်ပို့မှုဖြင့် အမေရိကတက္ကသိုလ်ဒေါက်တာဘွဲ့ရ မိုဟာမက်ယူနပ်စ် မှတိုင်းပြည်ကိုဦးဆောင်လာသည်။
ချိုင်းနားသည် ရုရှားနှင့်မိတ်ဖက်ဖွဲ့ထားပြီး စျေးပေါပေါရသော စွမ်းအင်တို့အစွမ်းဖြင့် ခိုင်မာသောရေတပ်ကြီးကိုတည်ဆောက်နေကာ စစ်အင်အားကို အဆများစွာတိုးချဲ့နေသည်။ မဟာမိတ် မြောက်ကိုရီးယားမှာလည်း နှူလက်နက်ပိုင် တိုက်ချင်းပစ်ဒုံးများစွာပိုင်သော စစ်အင်အားကြီးဖြစ်လာနေသည်။ အရှေ့အလယ်ပိုင်း၏ နှလုံးသား ဆော်ဒီအာရေဗျနှင့်အီရန်တို့ကို ချိုင်းနားမှ စီးပွားရေးအရ ချိတ်ဆက်ထားပြီး စစ်ရေးလည်းအပေးအယူရှိသည်။
ဒုတိယကမ္ဘာစစ်စသည်ဟုဆိုချိန် စက်တင်ဘာ ၁, ၁၉၃၉ ၌ဂျပန်က ကချိုင်းနားပိုင် မန်ချူးရီးယားကို ၁၉၃၁ စက်တင်ဘာကထဲက စစ်ပြုသိမ်းထားပြီးဖြစ်၏။ သမိုင်းရေးသောအနောက်နိုင်ငံတို့သည် အာရှကိုထည့်တွက်ခဲ့ပုံမရပေ။
ယခုလည်း တတိယကမ္ဘာစစ်အတွက်စစ်ပြင်ဆင်နေကြရာတွင် အရှေ့တောင်အာရှ၏လူဦးရေသန်း၆၀မျှရှိသော မြန်မာနိုင်ငံမှာစစ်သလင်းနှင့် ဖွတ်ဖွတ်ကြေနေလေပြီ။ အကယ်၍ များမကြာမှီနှစ်ပိုင်းအတွင်း တတိယကမ္ဘာစစ်ကြီးကျိုးပေါက်ခဲ့လျှင် မြန်မာနိုင်ငံသားတို့ ဘာနည်း/ဘယ်နည်း။ မခွဲခင်က ကွဲနှင့်ပြီလော။