မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – အောက်တိုဘာ ၂၀၂၄

kaiOctober 28, 20243min4250

ရွေးကောက်ပွဲတိုင်း ကိစ္စထားတွက်ချက်လေ့ရှိသည့် စီးပွားရေး၊ နိုင်ငံခြားရေး၊ တိုင်းပြည်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး စသည်ရှေးရိုးပုံစံ တို့မှ လွှဲ၍ ယခုနိုဝင်ဘာ၅ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲအတွက် မတူသည့်ရှု့ထောင့်မှ ရေးချပေးပါမည်။

“မဲဝယ်/မဲဆွယ် ဘီလီယံနာနှင့် ဆယ်လက်ဘ်(celebrity)”
ယခုနှစ်အကြိမ်ရွေးကောက်ပွဲ၏ကန်ပိန်းသုံးငွေမှာ အမေရိကသမိုင်းတွင် အများဆုံးဖြစ်ပုံရသည်။ ၂၀၂၀ ကဲ့သို့ ဘီလီယံနာကြီးများ ကိုယ်တိုင်ဝင်မပြိုင်တော့ပဲ ငွေပုံ၍ “Kingmaker” လုပ်နေကြခြင်းဖြစ်၏။ ယခုနှစ်ထူးခြားသူများအဖြစ် အီလွန်မတ်စ် နှင့် ဘီလ်ဂိတ်တို့ကိုတွေ့ကြရမည်။ ယခုထိ အီလွန်မတ်စ်မှ ရီပါ့ဗလစ်ကန်ပါတီသို့ ဒေါ် လာ ၁၃၂သန်း ထည့်ဝင်ထားပြီး ဘဏ်သူ‌‌ဋ္ဌေး တင်မသီမဲလ်လွန်၏ သန်း၁၅၀ နောက်မှ ဒုတိယအများဆုံးဖြစ်နေသည်။ ဒီမိုကရက်ဖက်မှာမူ ဘီလ်ဂိတ်မှ သန်း၅၀ နှင့် တဦးသာထင်ရှားရှိသည်။ အောက်တိုဘာလဆန်းပိုင်းက သန်း၄၀ လှူတန်းသူရှိသော်လည်း အမည်မကြေညာပေ။ ပုံမှန်ပါတီဘက်လိုက်လှူနေကျ ဝရမ်ဘူဖေး၊ မက်ခ် ဇက်ကာဘတ်ဂ်နှင့် ဂျက်ဖ်ဘေဇိုစ် တို့သည် ယခုနှစ်ရွေးကောက်ပွဲတွင် ကြားနေသည်ဟု ကြေညာထားကြ၏။ လူပြောများနေသူ ဘီလီယံနာ တဦးဖြစ်သည် မတ်ခ်ကျူဘန်မှာ မည်သူ့ ဆီမှ တပြားမှလှူတန်းခြင်းမရှိဟုဆို၏။ ကန်ပိန်းငွေအားလုံးချုပ်သော် ယနေ့(အောက်တိုဘာ ၂၇) အထိ ဒီမိုကရက်/ဟဲရစ်မှ ၁၄၉၁သန်း နှင့် ရီပါ့ဗလစ်ကန်/ထရမ့်မှ ၁၀၆၁သန်းတို့ရထားကြပါသည်။

ခြုံကြည့်လျှင် ရီပါ့ဗလစ်ကန်ပါတီဖက်မှ တဦးချင်းစီ၏ ငွေပုံပေးမှုနှင့် လက်ကြီးသမားများနေပြီး ဒီမိုကရက်ဖက်မှမူ လူများအင်အား/ကုမ္ပဏီအုပ်စုတို့မှ ကောက်သင်းကောက်ရငွေများ၏။ ဆယ်လက်ဘ် အနုပညာရှင်/နာမယ်ထင်ရှားသူများဖက်မှ ကြည့်လျှင် ထရမ့်ဖက်တွင် Hulk Hogan, Tucker Carlson, RFK Jr., Kanye, Harrison Butker, Amber Rose တို့ရှိပြီး ဟဲရစ်ဖက်တွင် Oprah Winfrey, George Clooney, Taylor Swift, Billie Eilish, Olivia Rodrigo, Bruce Springsteen, Eminem, Beyoncé, Usher စသဖြင့် အနုပညာရှင်သိသာစွာများပြားပြီး GenY,Z မျိုးဆက်များသို့ ဆယ်လက်ဘ်များကို ပိုတွေ့ရသည်။

“လောင်းကြေးဝိုင်း/Web”
ပုံမှန်အားဖြင့် သမ္မတရွေးကောက်ပွဲအတွက်ငွေကြေးပုံထည့်၍ လောင်းရသော လောင်းကြေးဝိုင်းများမှသည် မည်သူ/မည်သို့ဆိုသည်ကို ခန့်မှန်းနို်ငပါသည်။ ဥပဒေများအရ သမ္မတရွေးပွဲကို တရားဝင်ငွေကြေးနှင့် အမေရိကနိုင်ငံသားများလောင်းခွင့်မရှိပေ။ အမြတ်/အရှုံးကိုလည်း ဆိုင်ရာနှစ်ကုန် အခွန်တွင်ပြသ ပေး/နှုတ်ခွင့်မရှိ။ ဤသို့ဖြင့် ရွေးကောက်ပွဲအပေါ်ကမ္ဘာ့အခြားနိုင်ငံများ၏ အမြင်ကိုခန့်မှန်းနိုင်သည်။ ဂရပ်များအရ ထရမ့်နှင့် ဟဲရစ်တို့ ၅၀+_ဝန်းကျင်စီနှင့် သွားနေရာမှ ယခုအောက်တိုဘာကုန်ပိုင်းတွင် ထရမ့်ဖက်မှ သိသာစွာလောင်းကြေးတက်သွားသည်ကို တွေ့ကြရသည်။ ခရစ်တိုကာရန်စီနှင့် လောင်းသော ဝိုင်း( Polymarket )တွင် ထရမ့်သည် ၆၅.၁% နှင့် ဟဲရစ် ၃၄.၈% ဖြစ်နေပါသည်။ လောင်းကစားဝိုင်းကြီး ၇ခု၏ ယနေ့ပျမ်းမျှမှာမူ ထရမ့် ၆၁.၁ နှင့် ဟဲရစ် ၃၇.၇ဖြစ်ကြောင်းပါ။

“စစ်တမ်းများ Polls”
Poll ခေါ်သော စစ်တမ်းများသည် ဆိုင်ရာပါတီ၏မှတ်ပုံတင်ထားသူများ မှတ်ပုံမတင်ထားသူများကို ထောင်ဂဏန်း ပျမ်းမျှလိုက်ကောက်ကာထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ သမိုင်းအဆက်ဆက်နောက်ဆုံးရောွးကောက်ပွဲရလဒ်နှင့်များမကွာ ခန့်မှန်နိုင်ခဲ့သော်လည်း ၂၀၁၆ ဟီလာရီကလင်တန်နှင့် ဒထရမ့်တို့၏ ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲအပြီး ပြောင်းပြန်ထွက်သွားမှုအခြေပြု၍ Pollsယုံကြည်မှုအထူးကျဆင်းခဲ့ကြသည်။ ၂၀၂၀တွင်ကား စံနစ်သစ်လုပ်ထုံးတချို့ပြောင်းခဲ့ငြား လူထုယုံကြည်မှုကျခဲ့ပြီ။ ထိုစစ်တမ်းများသည် မီဒီယာများ၏အလုပ်နှင့် မဲပေးလူထုစိတ်ဝင်စားမှုတိုးစေရန် သီးသန့်ထားလုပ်သော အလုပ်အကိုင်အခွင့်အလမ်းများနှင့်ကိန်းဂဏန်းများဟုသာ ယူဆဖွယ်ရှိသည်။ ဆိုင်ရာပါတီများ၏ကန်ပိန်းများတွင် ထိုထိုမီဒီယာများ၏ စစ်တမ်းများနှင့်မတူခြားနားသော လျှို့ဝှက်စစ်တမ်း ထောက်လှမ်းမှတ်တမ်းများ ရှိကြသည်။ ယခုနှစ်၏ စစ်တမ်းအားလုံးတွင် တနိုင်ငံလုံးဆိုင်ရာမဲ (Popular Votes)တွင် ဟဲရစ်မှ ထရမ့်အား နိုင်မည်အဖြေထုတ်ထားပြီး လောင်းကြေးဝိုင်းများတွင်လည်း ထိုသိူ့သာ တပြေးညီနီးပါးသတ်မှတ်ထားသည်။ Electoral College ဟုခေါ်သော ရွေးချယ်ခံသမ္မတကို မဲဖြင့်အမှန်ရွေးသည့် “ပြည်နယ်ကိုတာမဲစနစ်”တွင်မူ ထရမ့်နှင့်ဟဲရစ်သည် အလွန့်အလွန်နီးကပ်စွာ ရှိသည်။

“စိတ်ပူနေစွ ဥရောပ”
ယခုနှစ် အမေရိကသမ္မတရွေးကောက်ပွဲသည် ထူးခြား၏။ သမ္မတဟောင်းမှတကြိမ်ရှုံးပြီးနောက်မှ ဝင်ပြိုင်ခြင်းဖြစ်ပြီး ပြိုင်ဖက်မှာလည်း လက်ရှိသမ္မတမဟုတ်မူပဲ ဒုသမ္မတဖြစ်နေသည်။ ဤသို့ ဖြင့် ရွေးကောက်ကြရမည့် သမ္မတ၏ ပေါ်လစီကို အကြမ်းသိပြီးကြပါသည်။ လောင်းကြေးဝိုင်းများမှ အရကောက်လျှင် အမေရိကပြည်ပြင်ပနေသူများမှာ ထရမ့်သမ္မတပြန်ဖြစ်မည်၏တွက်ချက်များနေသလို ပြန်ဖြစ်ခဲ့လျှင်အတွက်ဆိုကာ ပြင်ဆင်မှုများပြုလုပ်နေကြသည်လည်း တွေ့ကြရသည်။ အထူးသဖြင့် အီးယူခေါ် ဥရောပသမဂ္ဂသည် စိတ်ပူ/စိုးရိမ်နေဟန်ရှိ၏။ နေတိုးစစ်အုပ်စု နှင့်ခွားပြဲလိုသော ရှေ့ရေး၊ မီနီချိုင်းနားဟု ဆိုကာ ကုန်သွယ်ရေးလိုငွေ ( ၃၁၂ ဘီလီယံ) ကို အထူးအခွန်နှင့်ဖြေရှင်းမည်ဟု ပြောနေသော ထရမ့်၏ပေါ် လစီနှင့် အထူးသဖြင့် ရုရှားအပေါ်မျက်နှာသာပေးကာ ယူကရိန်းအပေါ်ထားမည့် အမေရိကပေါ် လစီအပြောင်းတို့အတွက်ဖြစ်သည်။ ထရမ့်သည် ရုရှားသမ္မတပူတင်အပါအဝင် ချိုင်းနားသမ္မတရှီ၊ မြောက်ကိုရီးယားအကြီးအကဲ ကင်မ်တို့နှင့် တိုက်ရိုက်ဆက်ဆံရေးထူထောင် ခဲ့သူ ဖြစ်သောကြောင့်ပါ။
အီးယူ ဥရောပသမဂ္ဂနဲ့ ချိုင်းနားတို့ကြား ကုန်သွယ်ရေး၊ နည်းပညာ၊ အမျိုးသား လုံခြုံရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်မျိုးစုံတွင် မပြေလည်အများအပြား ရှိနေချိန် ကုန်သွယ်ရေးဆိုင်ရာစစ်အေးတိုက်ပွဲဖြစ်နိုင်ချိန်ဝယ် အမေရိကား၏ပေါ်လစီအပြောင်းသည် အီးယူကို လွန်စွာထိခိုက်မည်မှာသေချာသည်။
သို့တွက်၍ အင်္ဂလိပ်၊ကနေဒီယန်များလည်း အမေရိကပြည်တွင်းရေးသို့ ဝင်ပါနေသည်ကို တွေ့နိုင်သည်။ ရုရှား အီရန်နှင့်ချိုင်းနားဟက်ကာများလည်သူတို့တင်လိုသည့်သမ္မတဖက် ထောက်ပို့နေသည်။

“ကျေနပ်စွ BRICS”
အောက်တိုဘာ ၂၂-၂၄နေ့ကပြီးစီးခဲ့သော (ဘရာဇီး၊ ရုရှား။ အိန္ဒိယ။ ချိုင်းနားနှင့် တောင်အာဖရိကနိုင်ငံ) အစည်းအဝေးသည် အမေရိကားမှ ရုရှားအပေါ်ချထားသော ဆန်ရှင်များနှင့် ချိုင်းနားနှင့်ဖြစ်နေသော ကုန်သွယ်စီးပွားစစ်၏ မအောင်မြင်မှုကို ပြသည်။ အစည်းအဝေးအရ ရှိပြီး ၉နိုင်ငံတွင် အသစ်ပါတနာ ၁၃နိုင်ငံတိုးလာပြီး အားလုံး၏အန္တိမရည်ရွယ်ချက်မှာ ကမ္ဘာ့ငွေကြေးလောကကိုလွှမ်းမိုးထားသော ဒေါ်လာ၏အခန်းကဏ္ဍကို လျှော့ချ ၍ ကိုယ်ပိုင်ငွေကြေးတခုဖြင့်အစားထိုးရန်ဖြစ်သည် ယခုသမ္မတလောင်းနှစ်ဦး၏ ပေါ်လစီတို့သည် လုံးဝနီးပါးဆန့်ကျင်ဖက်ဖြစ်နေရကား အမေရိကား၏သမ္မတအပြောင်းအလဲသည် ပြည်တွင်းမတည်မငြိမ်ဖြစ်မှုကိုပါ သယ်ဆောင်လာနိုင်ပေရာ BRICS သည် အမေရိကအခက် ကိုအချက်ယူ၍ လှုပ်ရှားရန်ပြင်ဆင်နေပုံရပါသည်။ သို့နှင့် ကမ္ဘာ၏ သဘာစဉ်ခေါ် သော New World Order ကိုပါပြင်ဆင်သွားနိုင်ပါလိမ့်မည်။

“ဥတုရာသီ အပြောင်း -Climate Change”
သမ္မတထရမ့်သည် ဖန်လုံအာနိသင်၊ ကမ္ဘာ့ဥတုရာသီအစွန်းရောက်မှု ပြောင်းလဲမှုတို့ကိုယုံကြည်သူမဟုတ်ပေ။ ၂၀၁၆ သူအာဏာရသည်နှင့် Paris Accord ခေါ်သော ကမ္ဘာ့ ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက် စာချုပ်မှအမေရိကားအားနှုတ်ထွက်ပစ်ခဲ့သည်။ သမ္မတဘိုင်ဒင် အာဏာရသည်နှင့် သဘောတူညီချက်သို ့ပြန်ဝင်ထားခဲ့သော်လည်း ယခုရွေးကောက်ပွဲသည် ထိုစာချုပ်မှ ဆက်ရှိ/ထွက်ကိုဆုံးဖြတ်ပါလိမ့်မည်။ အမေရိကားသည် စက်မှုတိုးတက်သလောက် ကမ္ဘာ့ ဥတုရာသီအပြောင်းအတွက် ဖန်လုံဓာတ်ငွေ့အပါအဝင် ရုပ်ကြွင်းလောင်စာထုတ်လုပ် မှုတို့ဖြင့် တာဝန်အရှိဆုံးဖြစ်နေရကား ယခုတဖန် နှုတ်ထွက်ခဲ့သော် လာမည့် ရာစုနှစ် ကမ္ဘာ့ဥတုရာသီအပြောင်း၏ မပြန်လမ်း အပူချိန်အမှတ်(+1.5ºC) သို့ ရောက်သွားကာ ကမ္ဘာမြေကိုတိုက်ရိုက်ထိခိုက်မည်ဖြစ်လေသည်။

“Teens & Tweens! GenZ”
ယခုရွေးကောက်ပွဲသည် လူငယ်များတွင်လုံးဝတည်မှီသည်ဆိုကြ၏။
သာမန်အားဖြင့် အမေရိကား၏ မဲပေးနိုင်သူဦးရေ (၂၄၄) သန်းတွင် အမှန်တကယ်မဲပေးူသူတို့မှာ မဲဒပေးနိုင်သောလူဦးရေ၏ ၆၀% မျှသာမဲပေးလေ့ရှိပါသည်။ ယခု သမ္မတထရမ့်၏ အစွမ်းကြောင့်ဆိုချင်ဆို နိုင်ငံရေးဆိုင်ရာ အညင်းပွားမှုများ ထုတ်တင်လွန်းသဖြင့် မဲပေးနိုင်သူများ ပုံမှန်နှစ်စဉ်ထိုင်နေလေ့ရှိသူများ မဲပေးထွက်ကြပေရာ ယခုနှစ်သည် စံချိန်တင် မဲပေးနိုင်သူထွက်လာနိုင်ချေရှိသည်။ ၂၀၂၀၏ စံချိန်တင်မဲပေးသူမှာ () နှင့် ၆၆.၆ ဖြစ်ခဲ့၏။ မဲပေးခွင့်မရှိသော ဆယ်ကျော်သက်နှင့် ကလေးတန်းများပင် စိတ်ဝင်စားမှုပိုနေပေရာ တိုင်းပြည်၏အနာဂတ်အတွက်ကား ကောင်းသောအလားအလာဖြစ်၏။ GenY,Z လူငယ်များ မဲထွက်ပေးလိုက်ပါက စစ်တမ်းများအပါအဝင် လောင်းကြေးဝိုင်းများ ပြောင်းပြန်လန်ကုန်မည်ဟုယူဆရသည်။

မြန်မာဆီသို့သက်ရောက်မှု”
အမေရိကားသည် ကမ္ဘာ့စူပါပါဝါဖြစ်ရကား သမ္မတရွေးကောက်ပွဲသည် ပြည်တွင်းသာမဟုတ် ကမ္ဘာ့နိုင်ငံအသီးသီးသို့ သက်ရောက်သည်။ အခြား ယခုဖြစ်နေသော စစ်ကြီးနှစ်ခု ( ယူကရိန်း/ရုရှားစစ်နှင့် အစ္စရေး/ဟာမားစ်, ဟက်ဇ်ဘိုလာ(အီရန်) စစ်တို့သည် အမေရိကား၏ နိုင်ငံခြားရေးပေါ် လစီအရဖြစ်နေခြင်းပါ။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြုတ်ကျသွားခြင်း။ အိန္နိယမီဇိုရမ်ပြည်နယ်မငြိမ်မသက်ဖြစ်နေခြင်း။ ရိုဟင်ဂျာအရေးအခင်းနှင့် AA တို့၏ ရခိုင်ပြည်နယ်သိမ်းပိုက်မှု၊ KIA/KIO တို့၏စစ်ရေးလှုပ်ရှားမှုများအားလုံးသည် အဆိုပါ ဒေသတွင် ခရစ်ရှန်ဒေသတခုပေါ်ပေါက်လာစေရန်အားထုတ်နေခြင်းလည်းဖြစ်နိုင်သည်။ ဤသည်မှာ အမေရိကသမ္မတအဆက်ဆက်၏ ပေါ်လစီဖြစ်၏၊ သမ္မတထရမ့်သည် ရှေးရှေ့သမ္မတတို့၏ ထုံးစံကိုဖေါက်ဖျက် ပြန်လှန် မည့်သဘောရှိသည်။

အမေရိကရောက်မြန်မာတို့သည် ကိုယ်ကျိုးစီးပွား ကိုယ့်မိသားစုအကျိုးစီးပွား ကိုယ့်လူမျိုးအကျိုးစီးပွားနှင့် အမေရိကပြည်အကျိုးစီးပွားသို့ရည်ရွယ်ကာ မဲပေးသင့်လှသည်။
ဤသူအနေဖြင့် သမ္မတနှင့် ဟောက်စ် စိနိတ်တို့ကို ပါတီမတူ ခွဲမဲပေးသင့်သည်ထင်၏။ သို့မှသာ သမ္မတ၌ အဆုံးစွန်အာဏာရှိနေခြင်းမျိုးမှ ကင်းလွတ်မည်။ နိုင်ငံရေးသမားအချင်းချင်းလှည့်တိုက်ထားခြင်းသည် မဲပေးသူတို့၏အနုပညာသာဖြစ်သည်။ အတိုက်အခံနှင့်မှ တိုင်းပြည်တိုးတက်ရေး ပိုလုပ်နိုင်သည်မဟုတ်ပါလား။

ယခုနှစ်အတွက် မိမိစံထားသော ပုံနှိပ်မီဒီယာကြီးများနည်းတူ မြန်မာဂဇက်သည် မည်သည့်ပါတီ၏သမ္မတလောင်းကိုမှ အမည်နှင့်ထောက်ခံခြင်းမပြုပါ။ လွတ်လပ်စွာရွေးချယ်ခြင်း ပြုတော်မူကြပါကုန်။
အထူးသဖြင့် ပန်ဆန်ဗေးနီးယား၊ ဂျော့ဂျီယာ၊ မြောက်ကယ်လိုရိုင်းနား။ မီချီဂန်၊ ဝစ္စကိုဆန်၊ အာရီဇိုးနားနှင့် နီဗားဒါးရှိ မြန်မာ-အမေရိကန်တို့မဲသည် အလွန်တာသွားမည်ဟု အသိပေးလိုသည်။ လျှော့မတွက်ကြပါနှင့်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ဘိုင်ဒင်မှထရမ့်အား အာရီဇိုးနားတွင် မဲ ၁၀၄၅၇ ၊ ဂျော့ဂျီယာတွင် မဲ ၁၂၆၇၀ ၊ဝစ္စကိုဆန်တွင်မဲ ၂၀၆၈၂ဖြင့်သာ နိုင်ခဲ့ခြင်းဖြစ်ပါ၏။ အာရီဇိုးနား(၁၁)၊ ဂျော့ဂျီယာ(၁၆)ရနှင့် ဝစ္စကိုဆန် (၁၀) ရှိမြန်မာ-အမေရိကန်တို့မဲပေးသူ ဦးရေသည်ပင် ၁သောင်းစီကျော်မည်ဖြစ်ရာ မြန်မာတို့သည် အီလက်တိုရယ်မဲ ၃၇၏ အဆုံးအဖြတ်ပေါ်တွင်ထိုင်နေသည်ဟုပင်ဆို၍ရသည်။

ကိုယ့်ကိုယ်တိုင် အစွမ်းအင်အားကိုယုံကြည်ပါ။ မဖြစ်မနေ မဲထွက်ပေးပါ။
ဤသို့အားဖြင့် သင်သည် မြန်မာနှင့် အမေရိကန်တဦးအဖြစ်၏တာဝန်ကျေမည်ဖြစ်ပါကြောင်း။