သရဏဂုံနှင့်မှတ်သားထားသမျှ
- သရဏဂုံ တင်တယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးများသိကြတာက လူသေရင် မသဂြိုလ်ခင်
ဘုန်းကြီးပင့်ပြီး သေသူအတွက်လုပ်တယ်လို့ဘဲသိထားကြတာများပါတယ်။
အမှန်က သေသူအတွက် သရဏဂုံ တင်ပေးတာမဟုတ်ပါဘူး၊ အသက်ရှင်ကျန်ရစ်သူမိသားစုကို
သရဏဂုံ တင်ပေးတာဖြစ်ပါတယ်။
ရှင်း ရမယ်ဆိုရင်
ဘုရား၊ တရား ၊သံဃာ ၊ ရတနာသုံးပါးသာလျှင်ကိုးကွယ်ရာအစစ်အမှန်ဖြစ်၏ ဟုယုံကြည်သိမှတ်လျက်ရိုသေလေးမြတ် ဆည်းကပ်လိုသော ကုသိုလ်စေတနာ
(မဟာကုသိုလ်စိတ်၊စေတသိက်၊ နမ်ခန္ဒာအပေါင်း )
ကို သရဏဂုံ လို့ခေါ်ပါတယ်။
သရဏဂုံ ၃ ပါးရှိပါတယ်
၁ ။ ။ဘုရားကိုးကွယ်မှု
၂။ ။ တရားကိုးကွယ်မှု
၃။ ။ သံဃာကိုးကွယ်မှု တို့ဖြစ်ပါတယ်။
သရဏဂုံ ဆောက်တည်ခြင်းဆိုသည်မှာ
မိမိသန္တာ၌ ရတနာ သုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ် ကိုးကွယ်လိုသော စိတ်စေတနာ
(မဟာကုသိုလ်စိတ်၊စေတသိက်၊ နမ်ခန္ဒာအပေါင်း )
ဖြစ်နေကြောင်းကိုထင်ရှားပြဖို့ရာ ဝန်ခံဂတိပေးသောအားဖြင့်
ဗုဒ္ဒံသရဏံ ဂစ္ဆာမိ ၊ ဓမ္မံသဏံဂစ္ဆာမိ ၊သံဃာသရဏံဂစ္ဆာမိ အစချီ၍
ဒုတိယ၊ တတိယ စသဖြင့် သုံးကြိမ်ပြည့်အောင်ရွတ်ဆိုခြင်းသည်
သရဏဂုံဆောက်တည်ခြင်းဖြစ်၏ ။ နှုတ်ဖြင့်ရွတ်ဆိုရမည် စိတ်ကူး ရုံဖြင့် ဆောက်တည်ရာ
မရောက်ချေ ။
ဒါကြောင့် လူသေကို သရဏဂုံ တင်လို့မရပါဘူး ပါးစပ်နဲ့ရွတ်ဆိုဖို့မပြောနဲ့ စိတ်နဲ့တောင်
မရွတ်နိုင်တော့ပါဘူး။
ဒါဖြင့်ရှင်တဲ့လူကိုဘာဖြစ်လို့ သရဏဂုံ တင်ရတာပါလဲ ၊
အကြောင်းကဒီလိုပါ၊
မိမိအိမ်မှာလူတဦးတယောက်သေပြီဆိုရင် အဲဒီအိမ်သူအိမ်သားတွေဟာ ပူဆွေးမှုကြောင့်
ဘုရားလဲရှစ်ခိုးဖို့သတိမရတော့ပါဘူ၊ တရားလဲမသိတော့ပါဘူး၊ သံဃာလဲသတိမရတော့ပါဘူး
ဒါကို သရဏဂုံ ညှိုးတယ်လို့ခေါ်ပါတယ်။
ဗုဒ္ဒဘာသာအလိုအရ သေတဲ့လူဟာသေပြီးပြီးချင်း ဂတိ ၅ ပါး မှတပါး သို့လားရပါတယ်။
၁။ ။ဒေဝ ဂတိ ( နတ်ဗြဟ္မာ )
၂။ ။မနုသ ဂတိ ( လူ )
၃။ ။ပေတ ဂတိ ( ပြိတ္တာ )
4။ ။တိရ စ္ဆာ ဂတိ (ခွေးဝက်ကြက်ငှက် )
5။ ။နိရယ ဂတိ (ငရဲ )
အဲဒီလို ဂတိ တပါးသို့လားတဲ့နေရာမှာ ပေတ ဂတိမှလွဲ၍ ကျန်မည်သည့်ဂတိကိုရောက် စေကာမူ
ကျန်ရစ်သူမိသားစု မှသေသူအတွက် ဘာမှလုပ်ပေးလို့မရတော့ပါဘူး။
သို့သော်ပေတ ဂတိသို့ကျရောက်သွားသူသည် မိသားစုအပေါ်သံယောဇဉ်မပြတ်သေး၊
သူပြုထားသောကုသိုလ်အရှိန်ကလဲမကုန်သေး၊ တဏှာဥပဒါဏ်ကြောင့် ဝေမာနိက ပြိတ္တာ ဘဝ
ရောက်ပြီးကုသိုလ်ကောင်းမှုတောင့်တနေချိန်ဖြစ်ပါက ကျန်ရှိသောဆွေမျိုးသားသမီးများက
သေသူ၏ ကိုယ်စား သို့မဟုတ် သေသူအတွက်ရည်ရွယ်၍ သီးသန့် ပြုလုပ်သော သံဃာ့ဒါနဆွမ်း
နှင့် သင်္ကန်းပရိက္ခရာ များလှူဒါန်းပြီး အမျှအတန်းပေးဝေပါက ကုသိုလ်ကိုစောင့်မျှော်နေသော
ပြိတ္တာ သည်ကျေနပ်နှစ်သက်စွာသာဓုခေါ်ယူနိုင်ပါလျှင် သာဓုခေါ်ပြီးသည်နှင့်တပြိုင်တည်း
ပြိတ္တာဘဝမှလွန်မြောက်၍ နတ်ဘဝသို့ကူးရောက်သွားနိုင်ပါသည်။
သေသူ ပြိတ္တာသည် သာဓုခေါ်ရန်မေ့နေပါက ကျန်ရှိသူဆွေမျိုးများမှ မည်မျှပင်အလှူလုပ်ပြီး
အမျှဝေသော်လည်း ထိုကုသိုလ်အဖို့ကိုရလိမ့်မည်မဟုတ်ပေ။
သေဆုံးသူအတွက်ပြုလုပ်သောအလှူကို သေဆုံး သူမှသာဓုခေါ်နိုင်သောဘဝ မခေါ်နို်င်သော
ဘဝရှိရာ အကယ်၍သေဆုံးသူမှသာဓုမခေါ်နိုင်သော်လည်း အလဟသမဖြစ် ကျန်ရစ်သူဆွေ
မျိုးများသည်လက်ငင်းအားဖြင့် ဆွမ်းအလှူ သင်္ကန်းအလှူ ဝတ္ထုအလှူ များ၏ အကျိုးကို
လက်ငင်းရရှိနိုင်ပေသည်။
ထိုအကြောင်းကြောင့် ကျန်ရစ်သူမိသားစုမှသေဆုံးသူ ပေတ ဂတိ သို့
ရောက်နေပါကသာဓုခေါ်နိုင်စေခြင်းငှါ သေသူအားမသဂြိုလ်မှီ ဆရာတော်သံဃာတော်များ
အားပင့်ဖိတ်ပြီး ဆွမ်း သင်္ကန်း လှူဘွယ်များဆက်ကပ်ပြီးအမျှပေးဝေပါတယ်။
ထိုသို့ ဆွမ်း ဆက်ကပ်လှူဒါန်းသည့်အချိန်တွင် ကျန်ရစ်သူ မိသာစုသည် သရဏဂုံ ညှိုးနေ၍
ဆရာတော်သံဃာတော်များက ကျန်ရစ်သူမိသားစုကိုသရဏဂုံ ပြန်လည်တည်ဆောက်ပေခြင်း
ဖြစ်ပါသည်။
သရဏဂုံ ဆောက်တည်ပြီးမှသီလယူ အမျှပေးဝေခြင်းသည်ပိုမိုကောင်းမွန်သဖြင့်ဆရာတော်
သံဃာတော်များကသေဆုံးသူ၏ မိသားစုများကို သရဏဂုံ တင်ပေးခြင်းဖြစ်ပါသည်။
ယုံမှားခြင်းကင်း၍ အသိမှန်အမြင်မှန်ဖြင့် သာသနာ၏အကျိုးသယ်ပိုးနိုင်ကြပါစေ။
အထက်ပါစာပုဒ်ကို နာဘူးသောတရားတပုဒ် နှင့် ဗုဒ္ဒဘာသာကောင်းတယောက် စာအုပ်
အားကိုးကား၍ရေးသားပါသည်။