အရက် နဲ့ မြန်မာပြည်

Mobile HouseSeptember 22, 20101min1392

မကြာသေးခင် ရက်ပိုင်းအတွင်းက ပြည်တွင်းက မိတ်ဆွေတဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူကအနုပညာ အသိုင်းအဝိုင်း က ဖြစ်ပါတယ်။ သူနဲ့စကားပြောဖြစ်တဲ့ အကြောင်းတွေကတော့ အများကြီးပါ။ အဲသည့်အထဲမှာ များများပြောဖြစ်တဲ့ ကိစ္စကတော့ အရက်အကြောင်းက ပိုများပါတယ်။ မြန်မာပြည်မှာ အရက်တွေဘယ်လို ချက်သလဲ ဘယ်လိုသိုလှောင်သလဲ ဘယ်လိုဖြန့်ဖြူး ရောင်းချသလဲ စသဖြင့် စုံနဖာစီ ပြောဆိုဆွေးနွေး ဖြစ်ကြပါတယ်။ အရက်အကြောင်း ပြောဖြစ်သွားတာ ကလဲ ဒီလိုပါ။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း အရွယ်မတိုင်ခင် အရက်နဲ့ အသက်ဆုံးရှုံး ခဲ့ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ပိုများ လာတဲ့အကြောင်း၊ ဒါ့အပြင် စောစောစီးစီး ကွယ်လွန်ခဲ့ကြတဲ့ သက်လတ်ပိုင်း အရွယ်ကောင်း စာပေနဲ့ အနုပညာသည်များ အကြောင်းကို ပြောရင်း ပြော ရင်းနဲ့
အရက်စက်ရုံတွေ အရက်ကို ဘယ်လို ချက်ကြသလဲ ဆိုတာကနေ စတယ်လို့ ဆိုရင် လည်း မမှားပါဘူး။

မိတ်ဆွေက သူရဲ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ တခါက ကိစ္စတခုနဲ့ ဆက်စပ်လို့ အရက်ချက်စက်ရုံ တခုကို ရောက် သွားပါတယ်တဲ့။ ပထမဆုံး တွေ့ရတာကတော့ အရက်ချက်စက်ရုံဟာ လယ်ကွင်းထဲမှာ ဖြစ်သလို ဆောက်ထားတဲ့ အဆောက်အဦ ဖြစ်ပါတယ်တဲ့။ အရက်စက်ရုံရဲ့ အပြင်ဘက်မှာတော့ မိုးရွာအစို နေပူအခြောက် အပုံလိုက်ကြီး ထားထား တဲ့ ထန်းလျှက်ပုံကြီး ရှိနေတာကို မြင်ရပါတယ်။ ယင်ကောင်တွေ တလောင်းလောင်း ဖြစ်နေသလို ထန်းလျှက်ပုတ်နံ့ လိုလို အနံ့ကြီးကိုလဲ ရှုနေရပါတယ်။ နောက်မြင်ကွင်း တခုကတော့ အရက်ချက် စက်ရုံကို ဓာတ်မြေဩဇာ လာရောင်းတဲ့ လှည်း တန်းကြီးက မျက်စေ့တဆုံး ဖြစ်နေပါတယ်။ ဓာတ်မြေဩဇာ အိတ်တွေကျတော့ မိုးရွာရင် မိုးစိုမှာစိုးလို့ အမိုးအကာနဲ့ ထားပါသတဲ့။

အရက်ချက်တဲ့ စက်ရုံအတွင်းဖက်ကို ဝင်ကြည့်တဲ့အခါမှာ အလွန်စိတ်ပျက်စရာ မြင်ကွင်းကတော့ အရက်ဆီ ပေါင်းခံနေတဲ့ ဧရာမ သံကန်ကြီးတွေထဲကို ဓာတ်မြေဩဇာ အိတ်တွေဖွင့်ပြီး ဖြောကနဲဖြောကနဲ လောင်း ထဲ့ နေတာပါဘဲ။ ဓာတ်မြေဩဇာ ဆိုတာ
စိုက်ပျိုးရေး အတွက်သုံးတဲ့ ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မဲ့ အရက်ကို ချက်တဲ့နေရာမှာ ပေါပေါလောလော သုံးနေတယ်ဆိုတာ ဘယ်လိုမှ ကောင်းနိုင်မယ် မဟုတ်ပါ။ သို့သော် အရက်စက်ရုံက တာဝန်ရှိတဲ့သူကတော့ သူတို့ စက်ရုံက
ထုတ်လုပ်လိုက်တဲ့ အရက်ဆီဟာ ဘယ် လောက် ကောင်းကြောင်း ဘယ်လောက်ပြင်းအား ရှိကြောင်း ရှင်းပြနေ ပါသေးတယ်။ အဲသလို ထုတ်လုပ် လိုက်တဲ့ ပြင်းအားမြင့်အရက်ဆီကို ဈေးကွက်မတင်ခင် ဂိုဒေါင်ထဲမှာ နှစ်လလောက် ထားရပါတယ်။ အရက်မှာ
ပါနေတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေ အခိုးပြန်သွားစေဖို့ အတွက်ဖြစ်ပါတယ်။ နှစ်လပြည့် သွားတဲ့ အခါကျမှ ရေငါးဆ ရောပြီး ပုလင်းသွတ် တံဆိပ်လှလှလေးတွေ ကပ်တဲ့ အလုပ်တွေ လုပ်ရပါတယ်။ အဲဒါတွေ ပြီးရင်တော့ ဆိုင်တင်ရောင်းရုံဘဲလို့
ဆိုပါတယ်။ သို့သော် ဈေးကွက်တောင်းဆိုမှုက မြင့်မားနေတဲ့ အတွက် အရက်ဆီကို ဂိုဒေါင်ထဲမှာ ဘယ်တော့မှ နှစ်လကြာအောင် အထိ မထားဘဲ ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲကို တင်သွင်းလေ့ ရှိတယ်လို့လဲ သိရပြန်ပါတယ်။

အဲသလို အရက်မျိုးတွေကို သုံးလေးနှစ် ဆက်တိုက်သောက်နေတဲ့ သူတွေဟာ အသဲနဲ့ ပတ်သက်ပြီး ရောဂါတခုခု ရကြပါတယ်။ အဓိကတော့ ဓာတ်မြေဩဇာကို သုံးတဲ့အတွက်ကြောင့်ပါ။ ဓာတ်မြေဩဇာဆိုတာ အက်စစ် တမျိုးပါ။ လိုအပ်တာထက်
ပိုသုံးရင် စပါးပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအား ရှိပါတယ်။ အနုပညာသည် လောကမှာ တချို့သော အရွယ်ကောင်း လူလတ်ပိုင်း တွေဟာ မနက်ကိုးနာရီ ဆယ်နာရီလောက် ကထဲက စသောက်ကြပါတယ်။ ညအိပ်ရာဝင်မှ အသောက်ကို ရပ်ပါတယ်။ အဲသလို အရက်မျိုးတွေကို မနက်ကထဲက သောက်သူတွေဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ သေဆုံးကြပါတယ်။ တလောက နာမည်ကြီး စာပေသမားတဦး အရွယ်ကောင်းတုန်းမှာ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒါလဲ အဲသလို အရက်မျိုးတွေကို ဆက်တိုက်သောက်လို့ ဖြစ်တာလို့ မိတ်ဆွေက ရှင်းပြပါတယ်။

ကျနော်တို့နိုင်ငံက စာပေလောကနဲ့ အနုပညာသည်လောကမှာ အရက်သောက်တာ အဆန်းမဟုတ်ပါဘူး။ အတော်များ များ သောက်တတ် ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဟိုခေတ်တုံးကဆိုရင် စာရေးဆရာကြီး သော်တာဆွေဟာ အရက်နဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ “ဘရန်ဒီတခွက်ဆိုတဲ့” ဟာသ ဝတ္ထု တိုနဲ့ စာပေလောကထဲ စရောက်ခဲ့တယ်လို့ ကြားဘူးပါတယ်။ အရက်အကြောင်း လူကြိုက်အောင် အဖွဲ့အနွဲ့တွေနဲ့ ရေးတတ်လွန်းလို့ ဆရာမကြီး လူထုဒေါ်အမာက တောင် “ကိုဆွေ
လူငယ်တွေ အရက်မသောက် သောက်တတ် အောင် သင်ပေးသလို ဖြစ်နေတယ်” လို့ ထောက်ပြဆုံးမခဲ့ ဘူးပါတယ်။ ထားပါတော့။ ဆိုလိုချင်တာက ဒီလိုပါ။ ဆရာ သော်တာဆွေဟာ ငယ်ရွယ်စဉ်က အရက်သောက်ကြမ်းခဲ့ တယ်။ သို့သော်
ငယ်ငယ်ရွယ်ရွယ်နဲ့ မသေ ခဲ့ ပါဘူး။ အသက်ကြီးမှ ဆုံးသွားခဲ့တာပါ။ ဆရာသော်တာဆွေတို့နဲ့ ခေတ်ပြိုင် နာမည်ကြီး စာရေးဆရာတဦး အရက်ကြောင့် စောစောစီးစီး ကွယ်လွန်ခဲ့တာ ရှိဖူးပါတယ်။ အရက်မူးနေတုန်း အင်းလျား ကန်မှာ ရေနစ်ပြီး ဆုံးသွားခဲ့တာပါ။ အဲသည့်ခေတ်တုံးက အရက်တွေက သတ်မှတ်ထားတဲ့ နည်းစနစ်တွေ အတိုင်း ချက်လုပ်ခဲ့တဲ့ အရက်များ ဖြစ်နိုင်ပါတယ်။
ဓာမြေဩဇာတွေ လှိုင်လှိုင်ထည့်ပြီးချက်ခဲ့တဲ့ အရက်တွေတော့ ဖြစ်ဟန် မတူပါဘူး။ တချိန်တုံးက မြန်မာပြည်မှာ အသောက်များခဲ့တဲ့ နာမည်ကြီး အရက်တွေကတော့ မန္တလေးရမ်နဲ့ ဘီအီးဒီစိလို့ ခေါ်တဲ့ အရက်ဖြူတွေ ဖြစ်ပါတယ်။ တင်လဲဖြူတို့
အိုးဘရမ်ဒီတို့ မော့ဝီစကီတို့လည်း ထုတ်လုပ်ခဲ့ပါ သေးတယ်။ အရက်သောက်တာများရင် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ သို့သော် အဲသည့် အရက်တွေကို ထုတ်လုပ်တဲ့ ခေတ်တုန်းက သတ်မှတ်ထားတဲ့ အဆင့်အတန်း
စံချိန်အတို်င်း ထုတ်လုပ်ခဲ့ကြတာ မို့လို့ နဲနဲတော့ ခံသာသေးတယ်လို့ ဆိုနိုင်ပါတယ်။

တခြားတိုင်းပြည်တွေမှာ အရက်ချက်တဲ့အခါ စနစ်တကျ ချက်ကြပါတယ်။ အဲသလို စနစ်ကျဖို့ကိုလည်း စောင့် ကြည့်နေတဲ့ တာဝန်ရှိ အဖွဲ့အစည်းများလည်း ရှိပါတယ်။ ဆိုလိုချင်တာကတော့ food security လို့ခေါ်တဲ့ စားသုုံးကုန်လုံခြုံရေးကို အမြဲ မျက်ချေမပြတ် စောင့်ကြည့်စစ်ဆေးတဲ့ စနစ်ရှိနေပါတယ်။ ဥပမာ တခုလောက် တင်ပြရရင် စကော့တလန်မှာ နာမည်ကြီး
စကော့ဝီစကီများ ချက်ပါတယ်။ ချက်တဲ့အခါမှာလည်း အုပ်စပါးတို့ဘာလီစပါးတို့ကို သုံးပါတယ်။ ဓာတုဗေဒပစ္စည်းများ မသုံးပါ။ မသုံးရပါ။ ဓာတုဗေဒ ပစ္စည်းလို့ ပြောရမဲ့ဟာ တခုကတော့ “ယိစ်” လို့ခေါ်တဲ့ တဆးတမျိုး ဖြစ်ပါတယ်။ အဲသည့် ယိစ်ကလည်း တကယ်ဆိုရင် သဘာဝဓာတု ပစ္စည်းပါ။ သဘာဝမှို တမျိုးပါ။ ပြီးတော့ အလွန်သန့်ရှင်းတဲ့ သန့်စင်ထားတဲ့ မိုးရေကိုအသုံးပြုပြီး
ချက်ပါတယ်။ ကြုံရာရေပိုက်က၊ ချောင်းမြောင်းက၊ ရေတွင်းက ရေတွေနဲ့ အရက်ကို ချက်လုပ်ခြင်း မပြုပါဘူး။ မြန်မာပြည် မှာလို ဓာတ်မြေဩဇာတွေထဲ့ပြီး ချက်လို့ကတော့ တရားစွဲခံရလို့ အလျှော်တွေ ပေးရတာများလွန်းလို့ ကုမ္ပဏီ ပြုတ်ပြီး ထောင်တောင် ကျပါဦးမယ်။ မြန်မာပြည်မှာတော့ အရက်ချက်ဖို့ လိုင်စင်ကလည်း လာဘ်ထိုးလိုက်ရင် လွယ်လွယ်နဲ့ ရနေပါတယ်။ အရက်ကို
စည်းစနစ်တကျ ချက်မချက်ဆိုတာကို စောင့်ကြည့်တဲ့ စနစ်ဇယား မရှိတော့ ချက်ချင်သလို ချက်နေကြတာပါ။ အဲသလို အရက်မျိုးတွေကို နေ့တဓူဝ သောက်နေမှတော့ ရောဂါရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာ မဆန်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့
မသေတောင် အသက်ငါးဆယ် ကျော်တန်း လောက် ဖြစ်လာရင် အသည်းကို ထိခိုက်လာတာများလို့ သူများထက်အရင် သွားရဖို့ များပါတယ်။

မြန်မာပြည်မှာ အရက်တွေက အရည်အသွေးလည်း မမှန် အဆိပ်အတောက် တွေကလည်း အများအပြား အရက်ထဲမှာ ကျန်နေသေးတော့ အရက်သောက်များရင် အသက်တိုတာ အမှန်ပါဘဲ။ အရက်အကြောင်း နဲနဲလောက် ဇာချဲ့ပြောချင် ပါသေးတယ်။ စကော့တလန်က ထုတ်လိုက်တဲ့ ဝီစကီများအကြောင်းပါ။ သာမန် ဈေးနှုန်းနဲ့ ရောင်းချတဲ့ဝီစကီများဟာ စက်ရုံက ထုတ်ပြီးတာနဲ့ သစ်သားစည်ကြီး တွေမှာထဲ့ပါတယ်။ ပုလင်း မသွတ်သေးပါဘူး။ အဲသည့် စည်ကြီးတွေကို တနှစ်လောက် ဂိုဒေါင်ထဲမှာ သိမ်းထားပါတယ်။ အရက်ကို ဓာတ်မြေဩဇာလို ဓာတုဗေဒပစ္စည်း မပါဘဲ သဘာဝအတိုင်းချက်တာတောင် အရက်ထဲမှာ လူကိုအန္တရာယ် ဖြစ်စေတဲ့ toxic လို့ခေါ်တဲ့ အဆိပ်ဓာတ်တွေ ကျန်ရှိနေပါသေးတယ်။ အဲဒါတွေ လျှော့ပါးအောင် အရက်ကို ဂိုဒေါင်ထဲမှာ သိမ်းထားရပါတယ်။ အဲသည့် အဆိပ်ဓာတ်များဟာ တဖြည်းဖြည်းနဲ့ အငွေ့ပျံပြီး လေထုထဲကို ရောက်သွားပါတယ်။ သို့သော် အရက်မှန်သမျှ ဈေးပေါသည် ဖြစ်စေ ဈေးကြီးသည်ဖြစ်စေ လူကိုအဆိပ်ဖြစ်စေတဲ့ ဓာတ်ဟာ ကျန်နေပါသေးတယ်။ အနည်းဆုံး တနှစ်လောက် သိ်မ်းထားရပါတယ်။ ဒါကြောင့်မို့ သစ်သား စည်ကြီးတွေထဲမှာ နှစ်ကြာကြာ သိမ်းထားတဲ့ အရက်အမျိုးအစားဟာ အဆိပ်ဓာတ်တွေ ပိုလျှော့သွားပါတယ်။ နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကြီး လာပါတယ်။
ပုလင်းသွပ်ပြီးမှ ဆက်သိမ်းထားရင် အဆိပ်ဓာတ်တွေဟာ လေထုထဲကို အငွေ့ပျံပြီး မတက်နိုင်တော့လို့ပါ။ ဒါကြောင့် စကော့တလန်က ထုတ်လုပ်တဲ့ ဝီစကီတွေမှာ (၁၂) နှစ်အထိ ကြာအောင် သစ်သားစည်ကြီးတွေထဲမှာ သိမ်းထားပြီးမှ ပုလင်းသွတ်တဲ့ အရက်တွေက ဈေးပိုပေးရတာ ဖြစ်ပါတယ်။ တခါ အမျိုးအစား အပေါ်မူတည်ပြီး (၁၂) နှစ်၊ (၁၆) နှစ်၊ (၁၈) နှစ်၊ (၂ဝ) နှစ်၊ (၂၅)နှစ် စသဖြင့် ရှိကြပါတယ်။

အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေလျှော့ပါးသထက် လျှော့ပါးလာလို့ သောက်တဲ့အခါမှာ လူကိုဥပါဒ် ပေး တဲ့နှုန်း လျှော့လာပါတယ်။ သို့သော် သက်တမ်းရင့် အရက်ဆိုပြီး သောက်ခြင်သလို သောက်နေရင်လည်း အသည်းရောဂါ ဖြစ်ပါ
တယ်။ ရောဂါမဖြစ်နို်င်ဘူးလို့ ဆိုလိုတာ မဟုတ်ပါ။ ဝီစကီထက်အဆိပ်အတောက်နည်းတဲ့ အရက်က ဗော့ဒကာလို့ ခေါ်တဲ့ အရက်ဖြစ်ပါတယ်။ ရုရှား၊ဖင်လန်၊ ပိုလန်၊ ဆွီဒင်နဲ့ ဆိုဗီယက်ရုရှားခွဲထွက် နိုင်ငံများမှာ ထုတ်လုပ်ပါတယ်။ သို့သော် ရောင်းအားအပေါ် မူတည်ပြီး လွယ်လွယ်ချက် ဈေးပေါပေါနဲ့ ရောင်း ကြလို့ အခု ရုရှားနိုင်ငံမှာ ဗော့ဒကာ အပေါစား
သောက်ကြတဲ့ သူများ အထူးသဖြင့် ဆင်းရဲတဲ့သူများ အသက် (၅ဝ) ကျော်ကျော်မှာ သေဆုံးတဲ့နှုန်း များလာနေတယ်လို့ ဆိုပါတယ်။ အရက်သေစာထဲမှာ အဆိပ်အတောက် အနဲဆုံးကတော့ ဝိုင်အရက် ဖြစ်ပါတယ်။ သို့သော် ဝိုင်အရက်ဟာ
အနောက် နိုင်ငံများ တင်သွင်းတာမို့ အရှေ့ တိုင်းနိုင်ငံများမှာ ဈေးကြီးပါတယ်။ ဆင်းရဲသူများ ဝယ်ယူသောက်သုံးဖို့ မတတ်နိုင် ကြပါ။ ဝိုင်အရက်ဟာ အဆိပ်အတောက် နည်းတယ်ဆိုပေမဲ သူ့ကိုလည်းစိတ်ကြိုက်သောက်ချင်သလို သောက်ရင်တော့ လူကို အန္တရာယ် ဖြစ်စေပါတယ်။

အုပ်ချုပ်သူ စစ်အစိုးရဟာ မြန်မာပြည်က အရက်ကုမ္ပဏီတွေ အရက်ချက်စက်ရုံတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အာဏာပိုင်တွေက ပိုက်ဆံရတိုင်း ဒီအတိုင်းလွှတ်ထားတော့ နောက်ဆုံးမှာ စားသုံးတဲ့ သူတွေ ဒုက္ခရောက် ရပါတယ်။
စားသောက်ကုန် လုပ်ငန်းအားလုံးကို စနစ်တကျ ဖြစ်လာစေဖို့ နည်းနာတွေ၊ ဥပဒေသတွေ ရှိဖို့လိုနေပါပြီ။ တလောတုံးကလည်း လဖက်တွေမှာ ဆိုးဆေးတွေ ပါတယ်ဆိုပြီး လက်ဖက် တံဆိပ်တော်တော်များများ ရောင်းချခွင့် အပိတ် ခံရပါတယ်။ နောက်တော့ ငါးပိတွေလည်း ဆိုးဆေးပါတယ်လို့ ကြားရပြန်ပါတယ်။ အရက်ကိစ္စကိုတော့ စစ်အစိုးရက ဘာမှ မပြောဘဲ အရေးမယူဘဲ ရှိနေသေးတယ်ဆိုတော့ မဟုတ်မှလွဲရော အရက်ကုမ္ပဏီတွေမှာ စစ်ဗို်လ်ချုပ်တွေနဲ့ သူတို့ ဆွေမျိုး တွေ ရှယ်ယာပါထားလို့ဘဲ ဖြစ်နိုင် ပါတယ်။ အရက်နဲ့ သေခဲ့ရတဲ့ စာပေနဲ့ အနုပညာ လောကက လူလတ်ပိုင်း အရွယ် ကောင်းတွေကို ပမာထားပြော ရတာကတော့ မြင်လွယ်အောင် သိသာအောင် တင်ပြရတာပါ။ သာမန်လက်လုပ်လက်စားတွေ အရွယ်မတိုင်ခင်မှာ ဓာတုပစ္စည်း တွေနဲ့ ချက်တဲ့ စိတ်မချရတဲ့ အရက်ဆိုးတွေကို သောက်သုံးကြလို့ ငယ်ငယ်ရွယ်ရွယ်မှာ တနှစ်တနှစ် ဘယ်လောက်သေနေရ တယ်ဆိုတာခန့်မှန်းကြည့်လို့ရပါတယ်။

မြန်မာပြည်မှာ အရက်ရောင်းချခြင်းဟာ တော်တော်လေး ဖွံ့ဖြိုးလာတာနေတာ အမှန်ပါဘဲ။ သို့သော် စိတ်ချရပြီး စနစ် တကျ ရှိတဲ့ အရက်ချက်လုပ်ခြင်းမဖွံ့ဖြိုးသေးဘူး ဆိုတာကိုလည်း မြင်နေရပါတယ်။ သို့သော် တဖက်မှာ ကြည့်လိုက်ပြန် တော့လည်း ဓာတ်မြေဩဇာလို ဓာတုဗေဒပစ္စည်းတွေကို သုံးပြီး အမြန်ချက် အမြန်ရောင်းတဲ့ နေရာမှာတော့ စကော့တလန် က ဝီစကီချက် သူတွေတောင်လိုက်မမှီအောင် တိုးတက်ဖွံ့ဖြိုးနေပါတယ်။

2 comments

  • kopauk mandalay

    September 23, 2010 at 8:59 am

    1။ မြန်မာပြည်က အရက်တွေကလည်း အရည်အသွေးသတ်မှတ်ချက်ကိုသေချာစွာစစ်ဆေးခြင်းလုံးဝမရှိပါ။
    ဒီဂရီတွေမ မှန်ပါ။
    2။သောက်တဲ့သူများကလဲ ပုလင်းများထဲတစ်စက်မှ မကျန်အောင် (မိုက်တဲ့ကောင်တွေပေါ့)သောက်ချင်သလိုသောက်ကြပါတယ်။
    3။မြန်မာပြည်က စာရေးဆရာများကလဲ တန်ဘိုးရှိသောစာမျက်နှာများပေါ်မှာ အရက်သောက်ကြတဲ့အကြောင်းကို အကောင်းလုပ်ပြီး တခန်းတနားရေးနေကြပါတယ်။
    အယ်ဒီတာမင်းများကလဲ (ဖတ်တောင်ဖတ်ရဲ့လားမသိ)ထည့်ပေးပါတယ်။
    4။အရက်မကောင်းဘူးဆိုတာကလဲ ဦးနှောက်ရှိတဲ့လူတိုင်းသိပါတယ်။
    5။ဒီတော့မိုက်လို့သောက်တာ သောက်တော့သေတာကိုှလေကုန်ခံ အချိန်ကုန်ခံပြီးပြောနေ ရေးနေမယ့်အစား အကျိုးရှိတာလေးတွေကိုလုပ်လိုက်ကြရအောင်။

  • လင်းဝေကျော်

    September 23, 2010 at 10:35 am

    consumer rights group တွေ ရှိသင့်တာကတော့ အရက်မှ မဟုတ်ပါဘူးဗျာ။
    အခြား စားသောက်ကုန် လူသုံးကုန်တွေလည်းတစ်လွဲတွေပါပဲ။
    ပြဿနာက စစ်ဆေးမယ့် ဌာနက အလုပ်တကယ်မလုပ်ဘူးလေ။
    VALUE ADDED ပစ္စည်းထုတ်ချင်ရင် ဒါတွေ အရင်ပြင်ရမယ်

Leave a Reply