လျှပ်စစ်ကဏ္ဍတွင် အများပိုင်ကုမ္ပဏီဖွဲ့၍ မီးပေးဝေခြင်းဖြင့် လျှပ်စစ် ဓာတ်အား ပိုမိုရရှိလာနိုင်ကြောင်း သုံးသပ်ချက်များရှိနေ၊ လျှပ်စစ် ဓာတ်အားပေးကြိုးများ ဟောင်းနွမ်း ပေါက်ပြဲမှုများကလည်း ဓာတ်အားအပြည့်အဝ မရရှိခြင်း၏ အကြောင်းအရင်း တစ်ရပ်ဖြစ်နေ
လက်ရှိအခြေအနေ၌ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီး အချို့၌ လျှပ်စစ်ဓာတ်အားရရှိမှု နည်းပါးနေသေးကြောင်းနှင့် လျှပ်စစ်ကဏ္ဍတွင် အများပိုင်ကုမ္ပဏီဖွဲ့၍ မီးပေးဝေခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမို ရရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက သုံးသပ်လာကြသည်။
“အခုတော့ စက်မှုဇုန်တွေကို တစ်နေ့ကို ၁ဝ နာရီ၊ မနက် ရ နာရီ ကနေ ညနေ ၅ နာရီအထိ မီးပေးပါတယ်။ ဒါပေမယ့် နွေရာသီမှာ တော့ ဘယ်လိုလာမယ် မသိသေးပါဘူး။ မီတာခကတော့တစ်ယူနစ်ကို ကျပ် ၅ဝ လောက် ကျပါတယ်။ နိုင်ငံ တကာဈေးကတော့ ကျပ် ၇ဝ ဝန်း ကျင်လောက် ကျပါတယ်။ ဒီမှာ တကယ်လို့ အများပိုင်အနေနဲ့ ပေါ်ပေါက်လာရင်လည်း ဒီထက်ပိုဈေး မြင့်ကောင်း မြင့်သွားနိုင်တယ်။ ဒါပေမယ့် အဆိုင်းနဲ့ပေးတဲ့ပုံစံမဟုတ်တဲ့ အတွက် လူနေအိမ်တွေဆိုရင်တော့ လျှော့သုံးရင်လည်းသုံးမှာပါ။ စက်မှုဇုန်တွေအတွက်ကတော့ ပိုပြီးအဆင်ပြေသွားနိုင်ပါတယ်”ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောပြခဲ့သည်။
သို့သော် သဘာဝဓာတ်ငွေ့ ရရှိမှုအပိုင်းတွင် အခက်အခဲရှိနေပြီး လောလောဆယ် ရန်ကုန်မြို့မီးပေးရန် အတွက် ရတနာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ (၂၄) လက်မပိုက်လိုင်း ဖြင့်သွယ်တန်း၍ ပေးနေခြင်းဖြစ်ကာ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်မှ ထွက်သော သဘာဝဓာတ်ငွေ့များကိုမူ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း သိရှိရသည်။
“သဘာဝဓာတ်ငွေ့ နိုင်ငံခြားကို ရောင်းတာတွေရှိပေမယ့် ကိုယ့်ဘက် က လုပ်ကွက်နေရာပဲ ပေးလိုက်တာပါ။ ကျန်တဲ့အပိုင်းတွေက တစ်ဖက်ကုမ္ပဏီက သူတို့ဘာသာ သူတို့လုပ်တာ။ ဥပမာ ပိုက်လိုင်း သွယ်လိုက်တဲ့အခါမှာ ရဲတံခွန်က ပြန်ယူချင်လည်းရတယ်။ ဒါပေမယ့် ပိုက်လိုင်း သွယ်တန်း စရိတ်ရှိတယ်။ အဲဒါကိုတော့ အကုန်အကျခံနိုင်ဖို့လိုတယ်။ တကယ်လို့ အများပိုင်ကုမ္ပဏီကို လွှဲလိုက်လို့ရှိရင်လည်း ကုမ္ပဏီက သူ့ဘာသာသူ ပိုက်လိုင်းသွယ်ယူနိုင် တယ်။ ဖက်စပ်ဆိုရင်လည်း ဖက်စပ်အလျောက် ကောင်းပါတယ်။ မီးမှန်မှန်ရမယ်ဆိုရင် သဘောကျပါတယ်” ဟု စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးက လည်း ပြောပြခဲ့သည်။
ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချသည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၃ နေရာတွင် ရောက်ရှိနေပြီး ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့မြေမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ကုဗပေ တစ်ဘီလျံကျော် ပို့လွှတ်ရောင်းချနေကြောင်း တရားဝင်ထုတ်ပြန်ချက်များ အရသိရှိရသည်။ ကမ်းလွန်ရေနံမြေသစ်များ တိုးချဲ့ရှာဖွေရာတွင်လည်း ရခိုင်ကမ်းလွန်ပင်လယ်ပြင်၊ မုတ္တမ ကမ်းလွန်ပင်လယ်ပြင်၊ တနင်္သာရီ ကမ်းလွန် ပင်လယ်ပြင်များ၌ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖွယ် ရှိကြောင်း သိရသည်။
မီးရရှိမှုက လူနေအိမ်တွေ၊ လုပ်ငန်းတွေ၊ စက်မှုဇုန်တွေအတွက် အားသာချက်တစ်ခုဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုတည်းကို ဦးတည်ပြီးဖြေရှင်းရင်း ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဖြစ်လိမ့်မယ်။ အားလုံးက ဟန်ချက်ညီညီ လုပ်နိုင်ဖို့လိုတယ် . . . |
“တစ်နိုင်ငံနဲ့တစ်နိုင်ငံတော့ မတူကြပါဘူး။ အများစုကတော့ အစိုးရ က ပေးဝေတာများပါတယ်။ အမေရိ ကန်နိုင်ငံကတော့ ပုဂ္ဂလိက သီးသန့်လုပ်တာ။ ဒါတွေက တော်တော်တော့ ရှုပ်တယ်။ များသောအားဖြင့်တော့ ဆက်သွယ်ရေးတို့၊ လျှပ်စစ်မီးတို့ကို နိုင်ငံတော်က ကိုင်ထားလေ့ရှိတယ်။ ဒါကလည်း နှစ်ပိုင်းရှိတယ်။ Infrastructure develop ဖြစ်ပြီးသား အခြေအနေနဲ့ မဖြစ်သေးတဲ့ အခြေအနေမှာတော့ မတူဘူး။ လျှပ်စစ်ပိုင်းကိုလည်း develop လုပ်ဖို့ဆိုရင်ဘာနဲ့ သွားမှာလဲ၊ Solar နဲ့ သွားမှာလား၊ ရေအားလျှပ်စစ်လား၊ သဘာဝဓာတ်ငွေ့နဲ့လား၊ လေအားနဲ့လား၊ အရင်ဆုံးဘယ်ဟာကို ဦးစားပေးမလဲဆိုတာ ဆုံးဖြတ်ရမယ်။ နောက်တစ်ခု က လျှပ်စစ်ဓာတ်အားပေးကြိုးတွေ (grid)ကြောင့် ဖြစ်တဲ့ကိစ္စတွေက အဆိုးဆုံးပဲ။ ဓာတ်အားပေးကြိုးတွေက အိုဟောင်းပေါက်ပြဲမှုအချို့ကြောင့် လျှပ်စစ်ဓာတ်အားက ပို့သလောက်မရဘူး။ ဥပမာ ကီလိုဝပ် ၁၀၀ဝလွှတ်လိုက်တယ်ဆိုရင် ၂၀ဝ ကီလိုဝပ်လောက်ပဲရတယ်။ ဒါတွေ ကိုပြင်ဖို့လိုတယ်။ ဒါကြောင့် electricity lost တွေဖြစ်နေတယ်။ နောက်တစ်ခုရှိတာက ပုဂ္ဂလိကကို လွှဲလိုက်တယ်ဆိုရင်တော့ပိုပြီး bureaucracy နည်းတာပေါ့။ ဒါပေမယ့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကျတော့ ပုဂ္ဂလိကပိုင်းက စစချင်းအခက်အခဲရှိ ဖြစ်သွားနိုင်တယ်။ အပိုင်းလိုက်ဆိုရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်။ အဓိကကတော့ ဒီ grid တွေ ကောင်းသွားဖို့နဲ့ အသစ်ပြန်လဲနိုင်ရင် အဆင်ပြေမှာပါ။ အသစ်ပြန် လဲမယ်ဆိုရင်လည်း ကုန်ကျစရိတ်ရှိပေမယ့် တစ်ကြိမ်ပဲ ကုန်ရတာဆိုတော့လုပ်မယ်ဆိုရင်လည်း လုပ်လို့ရပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာမောင်မောင်လေးက ပြောပြခဲ့သည်။
“ကျွန်တော်တို့ စက်ရုံက သာကေတစက်မှုဇုန်မှာ ရှိပါတယ်။ စက်ရုံ ကအသစ်ဖြစ်နေတော့ ထရန်စဖော်မာ လိုတဲ့အတွက်ကြောင့် ထရန်စဖော်မာ လျှောက်လိုက်တဲ့အခါ လတ်တလော အနေအထားအရ ပေးနိုင်မှုမရှိသေး ဘူးလို့သိရပါတယ်။ လောလောဆယ်မှာ စက်မှုဇုန်ကပေးနိုင်တဲ့ဓာတ် အားပမာဏက ၅ အမ်ဗွီအေပဲ ရှိသေးတဲ့အတွက် လတ်တလော အနေ အထားအရ ပြည့်သွားပြီလို့သိရတယ်။ အဲဒါကြောင့် ထရန်စဖော်မာလျှောက် လို့မရဘူးဖြစ်နေတယ်”ဟု သာကေတ စက်မှုဇုန်တွင် စက်ရုံအသစ်ဆောက်လုပ်၍ လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေသူကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
“တကယ်တော့ သာကေတမှာ warehouse တွေများတယ်။ စောစောပိုင်းကတင် ခွဲတမ်းအရ လျှောက်ထားတဲ့သူတွေရှိတယ်။ ဒါပေမယ့် ဒီစက်မှုဇုန်က လတ်တလောမှာတော့ ထုတ်လုပ်မှုဆိုတာထက် warehouse အနေနဲ့ အသုံးပြုတာပဲ များတယ်။ ၅ အမ်ဗွီအေဆိုပေမယ့် တကယ်တမ်းအသုံးပြုတာ ၃ အမ်ဗွီအေလောက်ပဲ ရှိမယ်ထင်တယ်။ ဒါပေမယ့် စာရင်းဇယားအရတော့ ၅ အမ် ဗွီအေ ပြည့်သွားတဲ့အတွက် အခက်အခဲဖြစ်နေပါတယ်။ ပိုပြီး လုပ်ပေးနိုင်ရင်တော့ ကောင်းသွားမှာပါ။ ကျွန်တော်တို့ကလည်း လျှပ်စစ်ကဏ္ဍမှာ ပိုမိုပြီးထောက်ပံ့ပေးဝေနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောပြခဲ့ပါသည်။
“မီးရရှိမှုက လူနေအိမ်တွေ၊ လုပ်ငန်းတွေ၊ စက်မှုဇုန်တွေအတွက် အားသာချက်တစ်ခုဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုတည်းကို ဦးတည်ပြီးဖြေရှင်းရင်း ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဖြစ်လိမ့်မယ်။ အားလုံးကဟန်ချက် ညီညီလုပ်နိုင်ဖို့လိုတယ်။ လွတ်လပ် စွာယှဉ်ပြိုင်နိုင်မှုနဲ့အတူ ပြည်သူတွေ ပါဝင်ခွင့်ရဖို့နဲ့ ပြည်သူတွေပါဝင်ပြီး လုပ်ဆောင်နိုင်အောင် အခြေအနေတွေ ဖန်တီးပေးနိုင်ဖို့၊ ဥပမာဆိုရင် ကွန်မြူနစ် mentality ရှိတဲ့ ဗီယက်နမ်လို နိုင်ငံမျိုးတောင် တော်တော်တိုးတက်သွားပြီ။ ချုပ်ကိုင်ထားတာတွေ လျှော့ပေးလာတယ်။ အထူးသဖြင့် SME တွေလည်း လုပ်သာကိုင်သာအောင် အခြေအနေဖန်တီးပေးနိုင်ဖို့၊ ပံ့ပိုးပေးနိုင်ဖို့၊ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ ရေ၊ မီး၊ အရင်းအနှီး ဒါတွေ ကတော်တော်လေးကို လိုအပ်ပါတယ်။ မီးမမှန်ဘဲနဲ့ ဘယ်လိုထုတ်လုပ်ကြမလဲ။ ဘယ်လို အရည်အသွေးတွေ မြှင့်မလဲ။ နည်းလမ်းလေးတွေရှာဖို့ လိုလာပါပြီ”ဟု အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောပြခဲ့သည်။
“အခု ရန်ကုန်မြို့မီးပေးနေတယ် ဆိုတာ ရေအားလျှပ်စစ်ရှိတယ်။ သဘာဝဓာတ်ငွေ့ရှိတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အပြည့်အဝ မရကြဘူး။ အထူးသဖြင့် နွေရာသီ ကာလတွေမှာ ဖြစ်လေ့ရှိတယ်။ ဥပမာ ဓာတ်အားပေးစက်ရုံကို ပုဂ္ဂလိကကုမ္ပဏီတွေကို လွှဲပေးလိုက်ရင် လိုတဲ့နေရာမှာ ဖြည့်လိုက်လို့ရတယ်။ နိုင်ငံတော်ကစိုက်ပြီး ကျခံစရာလည်း မလိုတော့ဘူး။ ဒါပေမယ့် တစ်ခုရှိတာက လျှပ်စစ်ဥပဒေကခွင့်ပြုပေးဖို့တော့ လိုအပ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့ အခါမှာလည်း အများပိုင်ကုမ္ပဏီ က ပုဂ္ဂလိကကုမ္ပဏီတွေ ထက်စာရင် ပိုပြီးသင့်တော်ပါတယ်။ ပိုပြီး transparency ရှိတယ်။ ပုံမှန်အားဖြင့်တော့ အစု ရှယ်ယာ ၅ဝ ကျော်ရင် အများပိုင်ကုမ္ပဏီလို့ သတ်မှတ်တယ်။ သောင်းနဲ့ချီပြီး ထည့်ဝင်ကြတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ နိုင်ငံတော်တော် များများမှာလည်း အစိုးရနဲ့ ပုဂ္ဂလိက တွဲလုပ်တာတွေပဲများတယ်။ မြန်မာ နိုင်ငံမှာလည်း ဒီလိုလုပ်ရင်ရနိုင်ပါ တယ်။ တစ်ခုရှိတာက ဈေးနှုန်းမှာ သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြစ်ဖို့ကတော့ အစိုးရကနည်းနည်း ကြပ်မတ်ပေးတာတို့လုပ်ပေးရင် လျှပ်စစ်ဓာတ်အား ပေးဝေမှုလုပ်ငန်းအတွက် အဆင်ပြေမှာပါ” ဟု နိုင်ငံတကာစီးပွားရေး လေ့လာသူတစ်ဦးက ပြောကြားသည်။
“ပြည်သူလူထုအတွက်လည်း အကျိုးရှိအောင်၊ လုပ်ငန်းရှင်တွေ ဘက်ကလည်း အကျိုးရှိအောင်လုပ် ပေးနိုင်တယ်။ ကုမ္ပဏီတွေဘက်က အကျိုးရှိတယ်ဆိုရင် လုပ်ငန်းရှင်တွေ ဘက်မှာလည်း အကျိုးရှိသွားတာပဲ၊ များသောအားဖြင့်တော့ နိုင်ငံတော် တော်များများ အစိုးရနဲ့ပုဂ္ဂလိက တွဲလုပ်ကြတာ များပါတယ်။ ဒီလို အနေအထားမျိုးလေးတွေ ဖန်တီးပေးနိုင်ရင် လုပ်ငန်းရှင်တွေအနေနဲ့ မီးစက်သေးလေးတွေ လည်နေမယ့် အစား အကြီးကြီးတွေစုပြီး လုပ်နိုင်တယ်။ ရှယ်ယာရှင်အနေနဲ့လည်း ထည့်ဝင်ပြီးလုပ်နိုင်ပါတယ်။ ဒါမျိုး က သဘာဝပတ်ဝန်းကျင် ရှုထောင့် ကကြည့်ရင်လည်း ကောင်းပါတယ်။ အနည်းဆုံးကတော့ ဆူဆူညံညံ အသံတွေလည်း မကြားရတော့ဘူး။ လုပ်ငန်းတွေလည်း တွင်ကျယ်လာမယ်။ အထူးသဖြင့် စက်မှုဇုန်တွေထုတ်လုပ်မှုမှာ အရမ်းအားသာသွားမယ်။ အထောက်အကူ အများကြီးရသွားမယ်။ ဆေးရုံဆေးခန်းတွေအတွက် လည်းကောင်းမယ်”ဟု စီးပွားရေး ပညာရှင်တစ်ဦးကလည်း ပြောပြခဲ့ သည်။
“သာမန်အားဖြင့် ဒါမှမဟုတ် မူလသဘာဝအားဖြင့်တော့ ပုဂ္ဂလိက လုပ်တာ ပိုကောင်းပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကလုပ်တယ်ဆိုပြီး တစ်ဦးတစ်ယောက်တည်းကို ပေးလို့တော့မရဘူး။ အပြိုင်အဆိုင်ရှိမှ ဈေးနှုန်းလျှော့ချ လာမယ်။ ဝန်ဆောင်မှု ပိုကောင်းလာပြီး စားသုံးသူအတွက် အကျိုးရှိမယ်။ တစ်ခုတည်းပေးလိုက်လို့ ဈေးကွက်ကို monopoly လုပ်သွားတဲ့အခါ သိပ်အကျိုးမရှိဘူး။ နောက်တစ်ခုက ဥပဒေပိုင်းနဲ့ ပတ်သက်ရင်တော့ လျှပ်စစ်ဥပဒေဆိုတာ ပြင်ဆင်လို့ရပါတယ်။ တစ်ချိန်တုန်းက နိုင်ငံတော်ပါဝင်မှု များခဲ့တယ်။ အခု ပုဂ္ဂလိကကိုပိုပြီး ဦးစားပေးလာခဲ့တယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ပါဝင်ပတ်သက်မှုဟာ ၁ဝ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း လောက်ပဲ ရှိသင့်တာပါ။ ဥပမာ ကာကွယ်ရေးတို့၊ ကျန်းမာရေးတို့၊ ဗဟိုဘဏ်တို့ဆိုတာကိုတော့ အစိုးရ က ကိုင်ထားလေ့ရှိတယ်။ တိုင်းပြည် တစ်ပြည်က အစိုးရပါဝင်ပတ်သက်မှု ၄ဝ ရာခိုင်နှုန်းကနေ ၆ဝ ရာခိုင်နှုန်း အထိရှိရင် ဒါကို သိပ်တိုးတက်တဲ့ တိုင်းပြည်လို့ ပြောလို့မရသေးဘူး။ အနည်းဆုံး ၂ဝ ရာခိုင်နှုန်းလောက် အထိတော့ လျှော့ချထားဖို့လိုပါ တယ်”ဟု ဒေါက်တာ နေဇင်လတ်က ပြောကြားခဲ့သည်။
အများပိုင်ကုမ္ပဏီနှင့် ပုဂ္ဂလိက ပိုင်ကုမ္ပဏီတို့ လုပ်ကိုင်မှုနှင့်ပတ် သက်၍မူ “ပုဂ္ဂလိကပိုင်က ကြီးလာရင် အများပိုင်ကုမ္ပဏီဆိုပြီး ဖြစ်လာပါတယ်။ ရှယ်ယာတွေခေါ်လာမယ်၊ ရှယ်ယာမားကတ်တွေ ဖြစ်လာမယ်ဆို ရင် ဒါဟာအများပိုင်ကုမ္ပဏီ ဖြစ်သွားပြီ။ လတ်တလောမှာတော့ အများပိုင်ကုမ္ပဏီရဲ့ Rules and Regulations တွေ၊ Practice တွေနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးတော့ လတ်တလော အများပိုင်ကုမ္ပဏီအနေနဲ့ စမယ်ဆိုရင်တော့ အားနည်းချက်လေးတွေ အထိုက် အလျောက်ရှိပါတယ်။ ပုဂ္ဂလိကပိုင်း အနေနဲ့ ယှဉ်ပြိုင်မှုရှိရှိလုပ်သွားမယ် ဆိုရင်တော့ ကြိုဆိုပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့နှစ်ခုပေါင်း မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု မှာပျမ်းမျှအားဖြင့် ၆၆ဝ မဂ္ဂါဝပ်ကျော် ရှိပြီး အဆိုပါ ထုတ်လုပ်နိုင်မှုပမာဏ ၏ ၇ဝ ရာခိုင်နှုန်းကိုသာ ရန်ကုန်မြို့၌ သုံးစွဲလျက်ရှိကြောင်း၊ ရန်ကုန်မြို့ ၌ လျှပ်စစ်ဓာတ်အားစွမ်းအားပြည့် အသုံးပြုမည်ဆိုပါက မဂ္ဂါဝပ် ၆၆ဝ အထိ လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိရန်ကုန်မြို့သို့ ဖြန့်ဖြူးပေးနေသည့် ပမာဏမှာ မဂ္ဂါဝပ် ၄၅ဝ ဝန်းကျင် သာရှိကြောင်း သိရှိရသည်။
One comment
intro
September 29, 2010 at 10:51 am
မိုးတွင်းဘက် ရန်ကုန်မှာနေရတာ စိတ်ချမ်းသာတယ်ဗျာ… မီးမှန်နေလို့၊ နွေဘက်ဆိုရင်တော့ စိတ်ညစ်ဖို့ အကောင်းဆုံးပဲ