နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး အား အင်တာဗျူးလိုက်ခြင်း
နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး
မေး-စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ?
ဖြေ-အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေးပါသွားအောင် ကျူရှင်လခသွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေလိပ်စာကို စုဆောင်းနေပါတယ်။ ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ရအောင်ပါ။ ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကိုလှမ်းပြီးဖုန်ဆက်ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။
မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင် ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ?
ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့တစ်ယောက် ဖြစ်သွားပါပြီ။ အခုကကျောင်းတက်နေတာဆိုတော့ ဘာပြောပြော ကျောင်းသားဘဝဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမယ့် ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေပိတ်ကုန်မှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့ သူငယ်ချင်းတွေကို တမ်းတတာတို့ ချစ်သူလေးကို ခွဲရမှာတို့ထက် သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ဝမ်းနည်းမိပါတယ်။
မေး-ကျောင်းသားဘဝဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ဆိုတယ်။ ဒီတော့ မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။ အမေရီကားမှာဆိုရင် University Graduate တွေဟာ များသောအားဖြင့် နိုင်ငံတော်နဲ့ဆိုင်တဲ့နေရာတွေတို့ ဘာတို့တွေတောင်ရောက်ကြတယ်လေ မောင်လေးတို့ရော?
ဖြေ-ဒါမျိုးစဉ်းစားဖို့တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့ စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။ တစ်ကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့ မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်က ထမင်းချိုင့်ကိုကိုင်ပြီး လက်တစ်ဖက်က ကားကလက်တန်းကိုကိုင်ထားပြီးစီးရတဲ့ မူဆယ်လားရှိုးဘက်က ဝက်တင်တဲ့ကားတွေလို ကျောင်းကားတွေကို နေ့တိုင်းစီးနင်းကျော်ဖြတ်နေရတာ အရင်ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှ စိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။
မေး-ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။ မောင်လေးရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။
ဖြေ-အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကလို ကွဲပြားခြားနားသွားတာမဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အရပ်သားတော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာနေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက များသောအားဖြင့် တောကြီးမျက်မဲလိုနေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့ အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို မိုက်ရိုင်းသွားကြတော့တာပေါ့။
မေး-အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလို ကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ရှိနေပြီလား?
ဖြေ-အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က ပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို ဗထူးဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTS လို့ခါ်တာပေါ့ဗျာ။ ဒါလောက်ပါဘဲ သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ အလုပ်ရရေးမရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။ အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့ PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်း ခန့်မှာမဟုတ်ပါဘူး။ ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခု မဟုတ်ပါဘူး။ တစ်ကယ်ကို ကျောင်းပြီးပြီးချင်း အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက လုပ်ငန်းရှင်တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ်တော်နေသလား ဥပမာပြောရရင် လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်နေတဲ့ ဘကြီးဘုန်းကြီးနဲ့ကို ကိုယ်ကခင်နေရင်လောက်ဆိုရင်ကိုဖြစ်ပါတယ်။ စောစောကပြောတဲ့ PSC စာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂ ဦးစာခေါ်တယ်ဆိုရင် များသောအားဖြင့် ၁ဝ ဦးလောက်က ဖြေဖြေ မဖြေဖြေ အလုပ်ရကြမှာဖြစ်ပြီးသားပါ။ ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရ ပညာတတ် အယောက် ၅ဝ လောက်က ကံစမ်းကြပါတယ်။
မေး-ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား?
ဖြေ-လုံးဝကိုမရှိပါဘူးခင်ဗျာ။ တစ်ကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက မတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့ ကျွန်တော်က စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊ မိုးရာသီ သစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။
မေး-ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား?
ဖြေ-လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာ နေရာလည်း မရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ် စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာ ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါ လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။ သေသေချာချာတော့ မပြောနိုင်သေးပါဘူး။
မေး-မောင်လေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။
ဖြေ-တစ်ချို့တွေကပြောကြပါတယ် ပညာစီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ်ပညာရေးက စီးပွားရေးဆန်လာတယ်တဲ့။ အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့သူတွေလည်းရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့ အားလုံးကို သိစေချင်ပါတယ်။ ပြောရရင် ဆရာလူထုစိန်ဝင်းပြောပြောနေကြပေါ့။ ပညာသင်တာ စဉ်းစားတတ်စေချင်လို့တဲ့ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။ ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိ အလွတ်တွေကျက်ပြီး အလွတ်တွေချရေးပြီး အောင်မြင်လာတာပါဘဲ။ အခုနေ ကျွန်တော့်ကို အလွတ်ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့ စာတွေကို ပြန်မေးကြည့်ပါ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။ ဒါပေမယ့် ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။
မေး-မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။ ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကို့တိုင်းပြည် ကို့လူမျိုးအတွက်ပေါ့။
ဖြေ-ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင်စားချင်ရင် ဒါမျိုးတွေ မမေးပါနဲ့လား။ တစ်ကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ရဲ့ အလုပ်သက်သက်ဖြစ်ပါတယ်။ ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲက ပဲပြုတ်သည်တွေလဲ ပဲပြုတ်ဆက်ရောင်းကြမှာဘဲ ဆိုက်ကားဆရာတွေလည်း ဆို်က်ကားဆက်နင်းကြမှာဘဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကို ကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ခေါ်ခေါ် အရားကြီးလို့ခေါ်ခေါ် ကုလားက ကုလားပါဘဲ။ ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ကြီးရဲ့တာဝန်သာဖြစ်ပါတယ်။ ပိုက်ဆံမရှိ အင်အားမတောင့်ဘဲနဲ့ အခြေအနေကို ကြိုတင်မသုံးသပ်ဘဲနဲ့ ဝင်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။ စိတ်မကောင်းဘူး။ အခုကို အဖြေကရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့ ငြည်းတွးနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေကတော့ စီးပွားရေလုပ်ငန်းရှင် အကြီးစားကြီးတွေဖြစ်နေကြပါတယ်။ ဒီတော့ ကျောင်းသားဆိုတာကရော ဘာများတတ်နိုင်နေဦးမှာလဲဗျာ။
အခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ပါတယ် မောင်လေးရယ်
ကျွန်တော်ကလည်း အခုလိုမေးမြန်းပေးတဲ့ ရိုက်စား အပတ်စဉ်ထုတ်ဂျာနယ်က အစ်မကို ကျေးဇူးအထူးတင်ပါတယ်
7 comments
unclegyi1974
September 29, 2010 at 3:49 pm
ကောင်းပါလေ့ဗျာ ခေတ်နဲ့အမှီလိုက်တယ်ဆို
ဒါမျိုးကိုခေါ်တာနဲ့တူတယ် ထပ်ဖြည့်စရာတောင်
သိပ်မရှိတော့ဘူး
kyansitthar101
September 29, 2010 at 5:11 pm
အမေးနဲ့ အဖြေတော့ ကိုက်နေတာဘဲ…
ကျောင်းပြီးသွားရင် တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့ ဖြစ်သွားတော့တာဘဲ။
ဒီထက်နဲနဲ သာတဲ့သူက အိမ်က ဆိုက်ကားနင်းရင် ကိုယ်လဲ လိုက်နင်း။ အိမ်က အကြော်ရောင်းရင် ကိုယ်လဲ လိုက်ရောင်း ရုံပေါ့။
လင်းဝေကျော်
September 30, 2010 at 3:17 am
PSC အလုပ်တစ်နေရာစာကို ဘယ်လောက်ပေါက်တယ်မှတ်လို့တုန်း။
ရာရာစစ ကမ်းစမ်းမဲ လို့ပြောရအောင်
phantom
September 30, 2010 at 3:46 am
အညင်ကပ်တယ် မှန်လွန်းလို့ ဒီလိုစဉ်းစားတတ်တဲ့သူတွေကို
shwemanthar
September 30, 2010 at 7:03 am
မြန်မာနိုင်ငံရဲ.ပညာရေးစနစ်ကိုတိတိကျကျပြောလိုက်သလိုပါပဲ။
michaelaungpu
October 2, 2010 at 2:35 am
အို……………
ကြားရတာစိတ်မကောင်းစရာဘဲ
အဲဒါဘယ်နိုင်ငံကကျောင်းသားတွေလဲ
ပြည်ထောင်စုမြန်မာနိုင်ငံကတော့ဟုတ်မယ်ထင်ဘူး
Gong Zhu
October 13, 2010 at 4:20 pm
သမီးတောင် နံနက်ဖြန် သွားပန်တော့ရင်ကောင်းမလားလို့ ဟီးဟီး