မှားမိလေခြင်း

တစ်နေ့ကပေါ့(တကယ်တော့ အရင်လလောက်ကပါ) ဖားကန့်ကို မထင်မှတ်ပဲရောက်ခဲ့တယ်။ တကယ်တော့ အတွေ့အကြုံရလိုရညား သွားမိခဲ့တာပါ။ အလုပ်တစ်ခုကိုပေါ့ပေါ့လေးတွေ့မိပြီးလုပ်ခဲ့မိတယ်လို့တော့ မဟုတ်ရပါဘူး။ ခုအသက်အရွယ်ဆိုရင်  အလုပ်အကိုင်လေး အတည်တကျရှိဖို့လိုပြီလို့ စဉ်းစားမိလို့ပါ။ တကယ်တမ်း ကြုံတွေ့ရတော့ ထင်သလောက်မလွယ်လှပါဘူး။ အကြမ်းပတမ်းခံနိုင်ဖို့ရာကျတော့ မလွယ်ပြန်ဘူး။ ဘွဲ့တစ်ခုရဖို့ ကြိုးစားခဲ့ပြီး အလုပ်အကို်င်ရဖို့ကြိုးစားရပြန်တော့ တက်လိုက်ရတဲ့ လှေကားတွေ များလှပါလားလို့ တွေးမိပြန်တယ်။ ကိုယ်ရထားတဲ့ ဘွဲ့ကလည်း ဘူမိဗေဒဆိုတော့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ကိုက်တယ်ပေါ့။

တကယ်တမ်း ကြုံတွေ့ရတော့ ထင်သလောက်မလွယ်လှပါဘူး။ အကြမ်းပတမ်းခံနိုင်ဖို့ရာကျတော့ မလွယ်ပြန်ဘူး။ ဘွဲ့တစ်ခုရဖို့ ကြိုးစားခဲ့ပြီး အလုပ်အကို်င်ရဖို့ကြိုးစားရပြန်တော့ တက်လိုက်ရတဲ့ လှေကားတွေ များလှပါလားလို့ တွေးမိပြန်တယ်။ ဘွဲ့တစ်ခုရအောင်ယူတယ်ဆိုတာလည်း အလုပ်လုပ်ရင် သက်သက်သာသာနဲ့လုပ်ရအောင်လို့ ကိုယ်ကတော့ ယူခဲ့တာပါ။ နေပူစပ်ခါးမှာ နဖူးကချွေး ခြေမကျအောင်လုပ်စားမယ်လို့ ဘဝကိုခံယူခဲ့ရင်တော့ ဘယ်မှာဘွဲ့တစ်ခုရအောင်ယူတော့မှာလဲ။ အလုပ်အကိုင်ကြော်ဲငာတစ်ခုကို သတင်းစာမှာတွေ့တော့ လုပ်ကြည့်ဦးမဟဲ့လို့။ လျှောက်ကြည့်လိုက်တယ်။ လူတွေ့စစ်ဆေးပြီးတော့ ဟိုမေး ဒီမေးပေါ့။ နောက်တော့ အစမ်းခန့် သုံးလတဲ့။ သုံးလပြည့်ရင်တော့ လစာတိုး၊ နေရာပြောင်းပေးမယ်တဲ့။ စရိတ်ငြိမ်းဆိုတော့လည်း စိတ်ဝင်စားတာပေါ့။ အိမ်နဲ့ အတိုက်အခံလုပ်။ ဂျီတိုက်ပြီး ဖားကန့်ဆိုတာကြီးကို မျက်စိမှိတ်ထွက်လာလိုက်ပါရော။ အိမ်ကို အတိုက်အခံလုပ်ရတာက တစ်ခြားမဟုတ်ဘူး။ ဖားကန့်က နာမည်ကြီးနေတဲ့ မြို့တစ်မြို့လို့ ဆိုရင် မှားအံ့မှမထင်တာ။ ရောဂါဘယထူးပြောမှာ။ ဆေးစွဲသွားမှာကို မိဘတွေကကြောက်ကြတယ်ထင်ပါရဲ့။ တားလို့မှမရရင်တော့ သွားတယ်။ တစ်ခုခုဖြစ်ရင်တော့ အလောင်းမကောက်ဘူးတဲ့ကောင်းရော။

ဒါနဲ့ပဲ ချစ်သောမေမေ ချစ်သောဖေဖေ သားမောင် ဖားကန့်ကို ထွက်ပါပြီဗျို့ လို့ ဗျို့ဟစ်ပြီးထွက်လာလိုက်တာ ခယောင်းလမ်းမှန်းမသိဘူး။ အထုပ်အပိုးတွေကို ပြင်ပေးမယ့်သူမရှိလို့ ကိုယ့်ကိုကိုယ်အားကိုး ကားဂိတ်ကို ကိုယ့်ဟာကိုယ်သွား။(စရိတ်တောင် ကုမ္ပဏီကပေးလို့တော်သေးရဲ့)။ ဘဝခရီးကို လမ်းစလျှောက်ခဲ့တာပေါ့။

ကားဂိတ်ကိုရောက်တော့ တစ်ခါမှ မခင်ဖူး မမြင်ဖူးတဲ့သူတွေ အားလုံး အထုပ်ကိုဆီဘေးချလို့ ယောင်တောင်တောင်လေးရပ်နေကြတယ်။ ကိုယ်လည်းပါတာပေါ့လေ။ (ယောင်တဲ့အထဲမှာ)။မိုးကရွာ။ စိတ်ထဲကတော့ ဪ အလုပ်လုပ်ပါမယ်ဆိုမှ မိုးက ပျင်းနေအောင်ဖန်နေသေးတယ်လို့လေ။ တိုတိုနဲ့လိုရင်းပြောရရင်တော့ ဖားကန့်ကိုရောက်ရောဆိုပါတော့။ ဖားကန့်မရောက်ခင် ကိုယ်တို့စီးလာတဲ့ ဖိုးဝှီး ဖင်ထောင်သွားလို့ ကိုယ့်လိပ်ပြာ ကို ကလူ ကလူလို့ခေါ်ခဲ့ရသေးတာ။ တစ်သက်နဲ့တကိုယ် မကြုံဖူး ကြုံဖူးမှ ယုံစဖွယ်ဖြစ်သွားတာ။ တော်ပြီပေါ့။ လမ်းလျှောက်သွားလို့ရရင် သွားမယ်ဆိုပြီး ဖြတ်သွားတဲ့ ဆိုင်ကယ်သမားကိုမေးကြည့်တော့ မလိုတော့ပါဘူးတဲ့ နာရီဝက်လောက်လမ်းလျှောက်ရင် ဖားကန့်ကိုရောက်ပြီဆိုပဲ။ ကားကကောင်းသွားလို့ ပြန်လိုက်စီးတော့ အောင်မလေးဗျာ ဖားကန့်ဆိုတာ ဝေးသေးသမှ အဝေးကြီးကျန်သေးရဲ့။

စိတ်ထဲကတော့ ကြိမ်ဆဲလိုက်ပါတယ် မောင်မင်းကြီးသားကျန်းမာပါစေ ချမ်းသာပါစေလို့ပေါ့။ဖားကန့်ကိုရောက်တော့ အမောပြေလိုက်တာ မပြောပါနဲ့တော့။ (ဒါပေမယ့်ပြောရဦးမယ်လေ)။ နောက်တစ်ရက်မှာတော့ ဆိုက်ဒ်ထဲကိုသွားရမယ်လို့ပြောတယ်။ သွားပေါ့။စိတ်ကတော့နည်းနည်းကျချင်လာပါပြီ။ ဘာကြောင့်လဲဆိုတော့ စက်လှေစီးပြီးသွားရမှာ ကိုကြောက်လို့လေ။ ဥရုရေက ခပ်နောက်နောက်နဲ့ ပြုတ်ကျသွားရင်များ အမေတို့ အဖေတို့ရေ သားမှားပြီလို့ စပြီး တမ်းတမိတာ တစ်ကြိမ်ရယ်ပါ။ လာကြိုတဲ့ကားကိုလည်းကြည့်ဦး။ ကြောက်စရာကြီး။ မိချောင်းတစ်ကောင်လိုလို၊ ခွေးတစ်ကောင်ရဲ့ ခေါင်းနဲ့ပဲတူသလိုလိုု။ ကြီးလိုက်တဲ့ကား။ မမြင်ဖူးတဲ့ကား။ သူတို့ကတော့ ၆×၆လို့ခေါ်သတဲ့။

အဲဒီမိချောင်းကြီးနဲ့ပေါ့လေ အဲ.ကားကြီးနဲ့ပေါ့လေ။ ကုမ္ပဏီကို စရောက်ခဲ့တာ။ ရောက်ပြီးနောက်တစ်ရက်ကျတော့ မင်းတို့တဲ့ ကျောက်ရှာရမယ်တဲ့။ ယူနီဖောင်းထုတ်ပေးမယ်ဆိုလို့ လိုက်သွားကြည့်တာ စစ်ထဲရောက်သွားသလိုကြီးရယ်ပါ။ အပေါ်အောက် အစိမ်း၊ ပွိုင့်ဖိနပ်၊ စစ်ဦးထုပ် ကောင်းရောပေါ့။

မျက်ရည်တောင်ဝိုငိးလိုက်မိသေးရဲ့။ အဲဒီမှာ ခရီးစတာပါပဲလို့ပြောရမှာပါပဲ။ တစ်နေကုန် နေပူထဲအလုပ်မလုပ်ဖူးတဲ့သူ၊ ခုတော့ နေပူထဲမှာကျောက်ရှာ။ ချွေးတွေ တရစပ်ကျလို့ ဪ ဘွဲ့ရတဲ့လားလို့ ဪဟစ်ငိုကျွေးရတော့မလိုလိုရယ်။ လုပ်အားပေးလည်း လုပ်လိုက်ရ။ မိုးရွာရွာ နေပူပူ ပေါ့။ အစမ်းခန့်တဲ့။တော်သေးတာပေါ့။ အစမ်းခန့်မို့လို့။ ဪ ဘွဲ့လေးရတာ အကြမ်းမလုပ်ရဘူးဆို။ ဘယ်လိုကြီးလည်းလို့ နားလည်ရခက်မိပြန်ပါတယ်။ မျော်မှန်းတာ တစ်ခြား ။ အောက်ခြေကို ခိုင်အောင်ဆိုသော အကြောင်းပြချက်လေးတစ်ခုနဲ့ခိုင်းလိုက်တာများ အသည်းတွေကို မားလို့ အဲလေ အသားတွေကို မည်းလို့ရယ်။ မှားမိလေခြင်းလို့ ငိုချင်းတစ်ပုဒ်လောက် သီဆိုရမလိုလို။ မနက်ဆို ပဲနဲ့စား။ ရေကို ဂလုလို့မြည်အောင်သောက်။ စိ်န်တူလေကိုဆွဲ( တူထိပ်ဖျားမှာ စိန်သွားတပ်ထားသော တူ)။ အစိမ်းရောင် ယူနီဖောင်းလေးဝတ်လို့ သားမောင် စစ်ချီ အဲလေ ကျောက်ရှာထွက်ခဲ့ပြီ မေတို့ ဖေတို့ရယ်။

6 comments

  • လင်းဝေကျော်

    October 8, 2010 at 11:08 am

    ပို့စ်တင်နိုင်သေးတယ်ဆိုတော့ သိပ်မစိုးရိမ်ရသေးဘူးပေါ့။
    ကံကောင်းပါစေ ကျောက်တူးသမားရေ…..

    • ွှ့Thaw Zin Loikaw

      October 30, 2010 at 3:43 pm

      ခုလို Commentရေးဖာ်ရလို့ တကယ်ကျေးဇူးတင်ပါတယ.် ပို့စ်တွေအများကြီးတင်ချင်ပေမယ့် မအားတာကြောင့်မတင်ဖြစ်တာပါ.နောက်လည်း အားပေးပါဦးလို့

  • winkyawaung

    October 30, 2010 at 4:21 pm

    သား မှားပြီ..အမေ့ရဲ့လို့ ငိုမနေပါနဲ့ကွယ်… ။ ဘဝ ဆိုတာ တိုက်ပွဲ လို့သာ သဘောထားလိုက်စမ်းပါနော်..။ စိတ်ရှည် သည်းခံခြင်းသည် အောင်မြင်ရာ၏.. တဲ့။ ဘဝကို ယခုမှ အစပါ..။ လောပန်းကြီး ဖြစ်သွားရင်တော့.. အားပေးသူကို မမေ့ပါနဲ့နော်….။ ကြီးပွား တိုးတက် အောင်မြင်ပါစေ…။

  • kopauk mandalay

    October 30, 2010 at 4:43 pm

    (ဘွဲ့တစ်ခုရအောင်ယူတယ်ဆိုတာလည်း အလုပ်လုပ်ရင် သက်သက်သာသာနဲ့လုပ်ရအောင်လို့)
    မှားတာက စကတည်းကိုက အမှားလို့ပြောလို့ရတယ်။
    မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်တက်ခွင့်ထဲမှာ လမ်းလျှောက်ပြီးမှဝင်ရတဲ့ ဘူမိဗေဒ ကိုလျှောက်ကတည်းက မှားတာ။
    ဘယ်တော့မှ သက်တောင့်သက်သာမရှိတဲ့လိုင်းကိုလျှောက်မိမှတော့ သက်သာချင်လို့ရပါ့မလား ညီလေးရဲ့ ရဲ့ ရဲ့

  • ဆူး

    October 31, 2010 at 7:02 am

    ဒီဆောင်းပါးလေး ဒီမှာ အရင်က ဖတ်ဘူးတယ်.. စာရေးသူ မေ့ပြီး ၂ခါများ တင်မိလေသလား..

  • ွှ့Thaw Zin Loikaw

    November 3, 2010 at 11:56 am

    ဒီဆောင်းပါးကို ကျနော်ကအမှတ်မမှားလောက်ဘူးဆိုရင်တော့ တစ်ခါပဲတင်ရသေးတာပါ။သို့ပေမယ့် ဒီဆိုက်ဒ်မှာအရင်ရေးတင်ပြီးမှ တစ်ခြားဆိုက်ဒ်တွေမှာ ပြန်တင်တာမျိုးတော့ ရှိတာပေါ့နော်။ ကျနော်တော့ နည်းနည်း အူကြောင်ကြောင်နိုင်သွားတာပဲဗျာ။ အရင်ကဖတ်ဖူးတယ်ပြောတော့ အကြောင်းအရာများ ထပ်တူကျနေသလားလို့ရယ်ပါ…။တစ်ခြားတော့ ကိစ္စမရှိပါဘူး။ ကျနော်တင်တဲ့စာကို လာဖတ်ဖော်ရတာကိုပဲ ကျေးဇူးတွေအလီလီတင်မိတယ် ဆူးရေ…။

Leave a Reply