ကျမသားက ဂေး
(အထူးသတိပြုရန်။ ။ လိင်တူချစ်သူတွေနဲ့ ဆိုင်တဲ့ ဆောင်းပါးဖြစ်ပါသည်)
ခပ်တုံးတုံး နုံနုံအအ မအေတွေနဲ့ တွေ့ခဲ့ရလို့ ကျမ ဒီဆောင်းပါးကို ရေးဖြစ်ရတာပါ။ အမှန်တော့ ကျမက စာရေးဆရာ မဟုတ်ပါဘူး။ ဒါပေမယ့် မနေနိုင် မထိုင်နိုင် ပြောချင်လွန်းလို့ကို ပြောရပါတော့မယ်။
ကျမသားက ဂေး။ ဂေး ဖြစ်တော့ ဘာဖြစ်သွားလဲ။ သောက်ဂရုကို မစိုက်ဘူး။ ကျမသားက ကျမသားပဲ။ ကျမသားလေးက အသက် ၅နှစ်။ ကျမက သူ့ရဲ့မိခင်။ ကျမသားက ဂေးဖြစ်လို့ ရှင့်မှာ ပြဿနာ တစ်ခုခု ဖြစ်မယ်ဆိုရင်တော့ ရှင်နဲ့ကျမ မသိချင်ဘူး။ ဆက်လည်း မပေါင်းချင်ဘူး။ ဆက်လည်း မဆွေးနွေးချင်ဘူး ဒီအကြောင်းတွေကို။
ဒီစာကို ရေးဖြစ်ရတဲ့ အကြောင်းအရင်းက ဟောလိုဝင်း လို့ခေါ်တဲ့ အဝတ်အစား ဆန်းဆန်းပြားပြား တွေဝတ်ပြီး ပျော်ရွှင်ကြည်နူးရတဲ့ ပွဲတော်လေး တစ်ခုကနေ စခဲ့တာပါ။ ပိုရှင်းအောင် ပြောရမယ် ဆိုရင်တော့ အဲဒီပွဲမှာ ကျမသားလေး ဝတ်ချင်တဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီးတော့မှ လူတွေရဲ့ တုံ့ပြန်မှုတွေကြောင့် ဒီစာလေးကို ရေးဖြစ်ရတာပါ။
အဲဒီနေ့က ဖြစ်ခဲ့တဲ့ စိတ်ခံစားချက်က ရက်အတော်လေး ကြာတဲ့အထိ ကျမစိတ်ထဲမှာ ခံစားနေခဲ့ရပါတယ်။ ကျမ ရင်ဖွင့်ပါရစေရှင်။
ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရင်းရဲ့ အဓိကချက်တွေကတော့
1. ကျမသားက ၅နှစ်။ လောလောဆယ်မှာ Sunday School တက်နေတယ်။
2. သားလေးက ငယ်ငယ်လေးကတည်းက Scooby Doo ဇာတ်လမ်းလေးကို အရမ်းကြိုက်တယ်။ တနေကုန်လုံး ထိုင်ကြည့်ဆို ထိုင်ကြည့်နေတယ်။
3. ဟောလိုဝင်းဆိုတာ အပန်းဖြေ အနားယူတဲ့ရက်။ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်က ဝတ်စုံ ဆန်းဆန်းပြားပြားတွေ ဝတ်ပြီး ပျော်ပျော်ရွှင်ရွှင် ဆင်နွဲကြတဲ့ပွဲ။
4. ကျမသားရဲ့ကျောင်းမှာလည်း အဲဒီပွဲကို ဆင်နွဲဖို့ရှိတယ်။ ကလေးတွေအားလုံး အဝတ်အစားမျိုးစုံ ဝတ်ကြမယ်။
5. ကျမသားလေးရဲ့ အချစ်ဆုံး သူငယ်ချင်းက မိန်းကလေး။
6. သူ့ရဲ့အထက်က အစ်မတယောက်ရှိတယ်။
7. ကျမသားက များသောအားဖြင့် ကျမနဲ့ပဲအတူ အချိန်ဖြုန်းလေ့ရှိတယ်။
8. ကျမက မိန်းမသား။
9. ကျမက ကျမသားရဲ့ အမေ။ ရှင်က ကျမသားရဲ့ အမေမဟုတ်ဘူး။
ဆိုတော့ ဟောလိုဝင်းပွဲ မရောက်ခင် တပတ်ကြိုတင်ပြီး ကျမသားလေးက သူကြိုက်တဲ့ ကာတွန်းကားထဲက မင်းသမီးလေးလိုပဲ သူ့သူငယ်ချင်း မိန်းကလေးနဲ့ အတူတူ မိန်းကလေးလို ဝတ်စားဆင်ယင် ချင်တယ်လို့ ပြောလာပါတယ်။
ပထမ ကျမကတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သွားတယ်။ အဓိကတော့ ကျမသားက မိန်းကလေးလို ဝတ်ချင်တယ်ဆိုတဲ့ အတွက်ကြောင့် မဟုတ်ဘူး။ ၅နှစ်ဆိုတဲ့ အသက်ရွယ်က စိတ်အမျိုးမျိုး ပြောင်းလဲသွားနိုင်တဲ့ အတွက်ကြောင့်ပါ။
ဆိုတော့ သူက တစ်ကြိမ်တည်း မကပါဘူး။ အကြိမ်ကြိမ်တောင်းလာတဲ့ အခါမှာတော့ ကျမက ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီပစ္စည်း အိမ်ကိုရောက်လာတဲ့ အခါမှာတော့ သူက ဝမ်းသာကျေနပ်လို့ နေပါတယ်။
ဆိုတော့ ရက်ကလည်း တဖြည်းဖြည်း နီးလာပြီလေ။ သူကလည်း ခဏခဏ ဝတ်ကြည့်ပြီးတော့ ဘယ်လိုနေလဲလို့ မေးခွန်းမေးလေ့ရှိတယ်။ ဒီလိုနဲ့ သူ့ဝတ်စုံကို လိုက်မလိုက် ဆွေးနွေးပြောဆို ကြရင်းနဲ့ လူတွေသူ့ကို ဝိုင်းဟားကြမှာကို သူက ကြောက်တယ်လို့ ပြောလာပါတယ်။
ကျမကလည်း သူ့ကိုပြောပါတယ်။ တချို့လူတွေက ဘယ်ကြိုက်မလဲ။ ဘာဖြစ်လို့လဲဆိုရင် နင့်ဝတ်စုံက အရမ်းလှတာကိုး။ ဒါပေမယ့် လူတွေ သူ့ကိုကြည့်ပြီး ရယ်တာက သဘောကျလို့ ရယ်တာမဟုတ်ပဲ နောက်ပြောင်လိုတဲ့ သဘောနဲ့ ရယ်ကြတာ ဖြစ်မှာပါလို့ ပြန်ပြောရှာပါတယ်။ ကျမ မသိစိတ်ထဲကနေ ဒေါသတွေ ထောင်းခနဲ ထွက်သွားခဲ့ပါတယ်။ တကယ်ပြောတာပါ။ ကလေးတယောက်က ဝတ်စုံကလေး ပြောင်းဝတ်တာနဲ့ ဘယ်လိုလူစားမျိုးတွေက ဝိုင်းရယ်ကြမှာလဲ။
ကဲ… ဟောလိုဝင်းနေ့လည်း ရောက်လာရော ကျမတို့သားအမိ ကျောင်းရှေ့ကို ရောက်တဲ့ အခါမှာတော့ ကျမသားက ကားပေါ်က ဆင်းမလာတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လူတွေ သူ့ကို တစ်ခုခု ဝိုင်းပြောမှာ ဝိုင်းကဲ့ရဲ့ကြမှာကို ကြောက်တယ် ဆိုပြီးတော့ ကားထဲမှာပဲ ထိုင်နေပါတော့တယ်။ ကျမအတော်ကလေး ပြောတော့မှ ကြောက်ကြောက်ရွံ့ရွံ့နဲ့ သူ ကားထဲကနေ ထွက်လာပါတယ်။
ကျမလည်း သူ့လက်ကို ဆွဲကိုင်ရင်း စိတ်ထဲမှာ အနည်းငယ် စိုးရိမ်သလိုဖြစ်တဲ့ ခံစားမှုနဲ့ ခန်းမထဲကို ဝင်လာခဲ့ပါတယ်။ တကယ် အတည်ပြောတာပါ။ ဟောလိုဝင်းမှာ ကလေးတယောက်က ဒီလို အဝတ်အစား ဝတ်တာကို ဘယ်လိုလူတွေက ဝိုင်းနောက်ပြောင်ကြမှာလဲ။ ဆိုတော့ ကျမတို့သားအမိ ရင်ကော့ပြီး ဝင်လာခဲ့ကြတယ်။ အဲဒီမှာ တချို့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေက ပြုံးပြ လက်ဆွဲနှုတ်ဆက် ကြတဲ့သူ ရှိသလို ချီးမွှမ်းတဲ့ လူတွေကိုလည်း တွေ့ရပါတယ်။ ဒီလိုနဲ့ ကျမတို့သားအမိ ခန်းမထဲကို ရောက်လို့သွားခဲ့ပါတယ်။
အဲဒီမှာပဲ ကျမပြောချင်တဲ့ ပြဿနာက စပါတော့တယ်။ ဇီးကွက်မျက်လုံးလို ပြူးပြီးကြည့်နေတဲ့ ကလေးအမေ နှစ်ယောက်ကို ကျမ ပထမဦးဆုံး သတိပြုမိပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ မျက်နှာက အီးနံ့ရှူလိုက်မိသလို ပုံစံမျိုး ဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ ကျမသားကို တချက်လှမ်းကြည့်လိုက်တော့ သူလည်း ကျမမြင်သလိုပဲ မြင်လိုက်ပုံရပါတယ်။
အဲဒါနဲ့ ကျမကပြောတယ်။ ကျမသားရဲ့ ဝတ်စုံတွေက မလှဘူးလားဆိုပြီးတော့ အမေ (က)ကို မေးလိုက်တဲ့ အချိန်မှာ အမေ (က)က မနှစ်မြို့တဲ့ ရွံရှာတဲ့ မျက်နှာထားနဲ့ ညဉ်းသားက အဲလို ဝတ်ချင်တယ်လို့ တကယ်ပြောတာလားလို့ မေးပါတယ်။ ဟုတ်တယ်လေ သူပဲ ဒီလိုဝတ်ချင်တယ်လို့ ပြောခဲ့တာ။ ရှင်ကလည်း ဟောလိုဝင်းဆိုတာ ကြိုက်တဲ့ဝတ်စုံ ဝတ်လို့ရတဲ့ ပွဲတော်ဆိုတာ မသိဘူးလားလို့ ကျမပြန်ပြီး ရွဲ့ပြောလိုက်ပါတယ်။
ဒါနဲ့ အမေ (က)က ညဉ်းနဲ့အေ… ကလေးကို အဲလိုမျိုး မလုပ်ခိုင်းပါနဲ့။ သူလုပ်ချင်တယ် ဆိုရင်တောင် ညဉ်းက တားရမှာလေ။ ညဉ်းက မတားဘူးလား ဆိုပြီးတော့ ကျမကို မနှစ်မြို့တဲ့ ပုံစံနဲ့ ပြောပြန်ပါတယ်။
အမေ (ခ)ကတော့ ကျောက်ရုပ်လို မတ်တပ်ရပ်ပြီး ဘာမှမပြောနိုင်တဲ့ အံ့ဩဘနန်း ရှိနေဆဲပါ။ ကျမဖြင့် ထူးဆန်းလိုက်တာ။ ဘယ်လို အမေတွေလဲ မသိဘူး။ ကိုယ့်သားဖြစ်ချင်တာကို ကိုယ်က လိုက်လျှောရမယ့်ဟာကို ပြောင်းပြန်တော်။ သူတို့ဖြစ်ချင်တာကို အတင်းလုပ်ခိုင်းနေတယ်။
နောက်တစ်ယောက် အမေ (ဂ)က ကျမဆီကို ချည်းကပ်လို့ လာပြန်ပါတယ်။ သူ့ပုံစံကြည့်ရတာ ကျမတို့ သားအမိ ဝင်လာကတည်းက မြင်ထားပြီးသား ပုံစံပေါက်နေပါတယ်။ ကျမကို တချက်တို့ပြီး ခန်းမဆောင် အနောက်ဖက်ကို ခေါ်သွားပါတယ်။ သူနဲ့ စကားပြောပြီးမှ ကျမ နောင်တ အကြီးအကျယ် ရသွားပါတယ်။ ဘုရားရေ နောက်နှစ်လည်း ဒီလိုအမေတွေနဲ့ မဆုံပါရစေနဲ့လို့ ဆန္ဒပြုပါတယ်။
သူကပြောတာက ကလေးဆိုတာ ကျောင်းစတက် ကတည်းက အဲဒီလို ခွင့်မပြုသင့်ဘူး။ အဲဒီလိုလုပ်တာ တားကို တားမြစ်ပြစ်ရမှာလို့ ဆိုပါတယ်။ ဆိုတော့ ကျမ အေးအေးဆေးဆေးပဲ သူ့ကို ပြန်ပြောလိုက်ပါတယ်။ ရှင်ပြောသလို လုပ်မယ့် အမေမျိုးစားထဲမှာ ကျမ တသက်လုံး မပါဘူး။ အခု ရှင်အကြံပေးနေတာကို ကျမစိတ်ကူးထဲကနေ ဘယ်လိုမှ ကြိုးစားပြီး တွေးကြည့်လို့ မရဘူး။
အမေ (ဂ)ကတော့ ဘာတွေပြောလို့ ပြောမှန်းလည်း မသိဘူး။ ကျမနားတွေ ကန်းသွားခဲ့သလို ကျမ မျက်စိထဲမှာတော့ သူူ့ပါးစပ် ပွစိပွစိ ဖြစ်နေတာကိုပဲ မြင်နေမိပါတယ်။
ဒီအဖြစ်အပျက်တွေ အားလုံးကို ကျမခြုံငုံပြီး ပြောရမယ် ဆိုလို့ရှိရင် ယောက်ျားလေးတစ်ယောက် မိန်းကလေးတယောက်လို ဝတ်စားတာနဲ့ ပတ်သက်လို့ ပြဿနာဖြစ်နေတဲ့ တစ်ဦးတည်းသော သူကတော့ မိခင်တွေပဲ ဆိုတာပါပဲ။
အဲဒီမှာ တခြား မိခင်တယောက်က ကျောင်းတွေမှာ ကျင်းပလေ့ရှိတဲ့ ဝိဉာဉ်နေ့ဆိုတဲ့ ပွဲအကြောင်းကို ပြောပြပြန်ပါတယ်။ အဲဒီနေ့က ဘာလဲ ဆိုလို့ရှိရင် ယောက်ျားလေးနဲ့ မိန်းကလေးတွေ အဝတ်အစား ပြောင်းဝတ်ကြတဲ့နေ့ပါ။ ဆိုတော့ ကျမက ရှင်းပြတယ်။ အဲဒီနေ့တွေမှာ ဘောလုံးသမားတွေက မိန်းကလေး စကတ်တွေဝတ်ပြီး ချီးယားစ်လီဒါ လုပ်ကြတာတွေလည်း ရှိတယ်။ ပြီးတော့ အဲဒီလူတွေက ဂေး ဖြစ်လို့သွားတာ မဟုတ်ပါဘူးလို့ ကျမရှင်းပြပါတယ်။ အဲဒီမှာ အမေ (က)က သူ့ယောက်ျားကလည်း ဘောလုံးသမားပါပဲ။ ဒါပေမယ့် မိန်းကလေးလို ဘယ်တော့မှ မဝတ်ဘူးလို့ တုံ့ပြန်လေရှည် ပြန်ပါသေးတယ်။
ကျမ ပြောလိုက်မိတယ်။ ဟေ့ ကောင်မတွေ ငါ့သားဘာဖြစ်ဖြစ် ညဉ်းတို့ ကိစ္စမဟုတ်ဘူး။ တိတ်စမ်း။
ကျမ နည်းနည်း ဒေါသထွက်လာတယ်။ ဒါနဲ့ စိတ်ထဲကနေပဲ ကြိမ်ဆဲနေမိတယ်။ ကျမသားကို မိန်းမလို ဝတ်စားခိုင်းလိုက်လို့ ဂေး ဖြစ်သွားလိမ့်မယ်လို့ ထင်ရင်တော့ ကောင်မစုတ်တွေ ညဉ်းတို့ ဦးနှောက်က ချီးစားတဲ့ ဦးနှောက်ပဲ။ အခြေအမြစ် မရှိတဲ့ စဉ်းစားချက်တွေလေ။ ဒုတိယ အချက်အနေနဲ့ ပြောချင်တာက တကယ်လို့များ ငါ့သားက ဂေးဖြစ်တယ်ဆိုရင် အိုကေ တပြားသားမှ မလျှော့စေရဘူး။ ကျမ တသက်လုံး ချစ်နေမှာပဲ။ တတိယ အချက်ကတော့ နင်ဂျာဝတ်စုံတွေ၊ လိပ်နင်ဂျာဝတ်စုံတွေ ဝတ်ပြီးတော့ ကစားနေတဲ့ ရှင်တို့သားတွေ ကြီးလာလို့ရှိရင် နင်ဂျာကြီးတွေ ဖြစ်သွားလိမ့်မယ်လို့ ကျမကတော့ စိုးရိမ်တယ်။
ကျမကတော့ ကျမသားအတွက် တသက်လုံး မစိုးရိမ်ဘူး။ ကျမ အရမ်းစိတ်မကောင်း ဖြစ်မိတာက ၅နှစ်လေးပဲ ရှိသေးတဲ့ ကျမသားလေးက ဒီလို ကဲ့ရဲ့ခံရတဲ့ အတွေ့အကြုံတွေ ရှိခဲ့လို့ စိုးရိမ်ပူပန် နေတယ်ဆိုတာ ကျမ အရမ်းစိတ်မကောင်း ဖြစ်သွားတာပါ။ ၅နှစ်ဆိုတဲ့ အရွယ်က အဲဒီလို စိတ်ခံစားမှုတွေ ဖြစ်သင့်သလား။ စဉ်းစားကြည့်ပါဦး။ သေချာတာကတော့ ကျမသားက (က) (ခ) (ဂ) လို မိခင်မျိုးတွေနဲ့ တွေ့ကြုံရမှာကို အရမ်းစိုးရိမ်နေပါတယ်။
ဆိုတော့ အခုကျမလိုမျိုး စိတ်ထိခိုက် ကြေကွဲနေရသလို ကျောင်းမှာ အနိုင်ကျင့်ခံရလို့ များမကြာမှီကပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ကျောင်းသားလေးတွေရဲ့ မိခင်တွေခံစားရမယ့် ခံစားချက်တွေကို ကျမ ကိုယ်ချင်းစာပါတယ်။ ဒီလို ကလေးတွေ အပေါ်မှာ အနိုင်ကျင့်တဲ့ဟာက ဖြစ်ရိုးဖြစ်စဉ် ဆိုတာကို ကျမ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ကျမ လုံးဝကန့်ကွက်တယ်။ ကျမ အခုနက ပြောခဲ့တဲ့ (က) (ခ) (ဂ) မိခင်တွေလည်း ကျမနဲ့ ကျမသားကို အနိုင်ကျင့်တဲ့ သဘောပါပဲ။
ကျမကတော့ ကျမသားကို ဘယ်တော့မှ အတင်းအကျပ် အနိုင်မကျင့်ဘူး။ မငြင်းပယ်နိုင်ဘူး။ ဒီလို ခါးသီးတဲ့ အတွေ့အကြုံတွေကို မှိုချိုး မျှစ်ချိုးနဲ့ ပြောတတ်တဲ့ ခရစ်ယာန် အမျိုးသမီးတွေနဲ့ ကြုံတွေလိုက်ရတဲ့ ကျမသားအတွက် ကျမ အရမ်းစိတ်မကောင်းဘူး။ ဒီအဖွားကြီးတွေရဲ့ စိတ်ထဲမှာတော့ တခြားသူတွေကို အဲဒီလို ပြောဆိုစွတ်စွဲ လိုက်တာကိုပဲ မှန်တယ်လို့ ဂုဏ်ယူဝင့်ကြွား နေကြတော့မှာပဲ။
ပန်းရောင်ဟာ မိန်းကလေးတွေ ကြိုက်တတ်တဲ့ အရောင်လို့ ပြောတာကိုလည်း ကျမအရမ်းမုန်းတယ်။ ဒါပေမယ့် ကျမသားကတော့ ပန်းရောင်ဝတ်စုံကို ရဲရဲဝံ့ဝံ့ ဝတ်ဆင်ပြီး ဒီခမ်းမထဲကို လာနိုင်ခဲ့တာကိုတော့ ကျမဂုဏ်ယူပါတယ်။
ကလေးတွေ အားလုံးနဲ့အတူ (က) (ခ) (ဂ) လိုမျိုး မိခင်တွေကို ကျမ ပြောဆိုချင်တာကတော့ တကယ်လို့ ကျမသားက ခရမ်းရောင်ဝတ်စုံ တောက်တောက်ပြောင်ပြောင် ကတ္တီပါစကဒ်လေးကို ဝတ်ဆင်ပြီးတော့ တညလောက် ပျော်ပျော်ရွှင်ရွှင် စိတ်ကြည်နူးပြီး အိပ်ပျော်ခွင့်ရမယ် ဆိုရင်တော့ ကျမကတော့ ခွင့်ပေးတယ်။ တကယ်လို့ သူက စလင်းဘက်လေး လွယ်ချင်တယ်၊ ယောက်ျားချင်းပဲ လက်ထပ်ချင်တယ်၊ သူ့ သူငယ်ချင်း မိန်းကလေးတွေနဲ့ လက်သည်းနီ သွားဆိုးမယ် ဆိုရင်လည်း ရတယ်။ ကျမကတော့ ပြဿနာမရှိဘူး။
ကျမရဲ့အလုပ်က သူ့ရဲ့မိခင်၊ သူဖြစ်ချင်တာကို ကူညီဖေးမပေးဖို့ ကျမဖြစ်ချင်တာကို သူ့ကို ပုံစံသွင်းဖို့ မဟုတ်ဘူး။ ကျမမှာ ဘယ်ဟာက သဘာဝကျတယ် ဘယ်ဟာက သဘာဝနဲ့ ဆန့်ကျင်တယ် ဆိုပြီးတော့ အာဏာရှင်တယောက်လို ကျမသားအပေါ်မှာ ထိန်းချုပ်နိုင်ခွင့် အာဏာ ကျမမှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမက သူ့ကိုချစ်ရတဲ့ မိခင်တယောက် မို့လို့ပါ။ ဒါ ကျမရဲ့ ခံယူချက်ပဲ။ ကျမသားလေး ဂါဝန်ဝတ်ပြီး ကနေတယ် ကြည်နူးနေတယ် ကျမကျေနပ်တယ်။ ကြည်နူးတယ်။ သာယာတယ်။ ဒါပဲ။
သက်တံ့အယ်ဒီတာအဖွဲ့။ November 4, 2010
www.coloursrainbow.com
4 comments
shwepyiaye
November 7, 2010 at 11:00 pm
မြန်မာစာတွေရေးထားတော့မြန်မာပြည်ဖွားလို့ယူဆပါတယ်…….
သားသမီးကိုဆုံးမရပါတယ်ခင်ဗျာ….
လိုအပ်ရင်တုတ်(ကြိမ်လုံး)ကိုင်ပြီးတော့ရိုက်ရပါတယ်….
စာရေးသူသိသင့်တာကအမေရိကန်မှာကလေးက199ကိုဖုန်းဆက်ခေါ်ပြီး
မိဘကသူတို့ကိုနှိပ်စက်ပါတယ်ဆိုပြီးတော့ရဲလက်အပ်လိုက်တဲ့ကလေးတွေရှိတယ်လို့
စာထဲမှာဖတ်ဖူးပါတယ်…အဲ့ကလေးလဲမိဘမဲ့ဂေဟာကိုရောက်တယ်..သူ့မိဘကထောင်ကျပါတယ်..
အဲ့တော့ဆုံးမသင့်တယ်လို့မြင်ပါတယ်….
သိထားသင့်တာကတော့အမေရိကားရောက်လို့….
တကယ့်အမေရိကန်စစ်စစ်ကြီးဖြစ်မသွားပါဘူးခင်ဗျာ…
cherrywine
November 8, 2010 at 3:08 am
ရွှေပြည်အေးပြောတာ ထောက်ခံပါတယ်။သားသမီးကို တကယ်ချစ်တယ်ဆိုရင် လမ်းမှန်ကို ညွှန်ပေးရမှာ မိဘတာဝန်ပါ။လက်ဦးဆရာ အစစ်က မိဘပါ။ ချစ်တာဟာ နှစ်ရာမရောက်စေဖို့အရေးကြီးပါတယ်။
moethidasoe
November 8, 2010 at 8:23 am
ကိုယ့်ဘဝ ..ကိုယ်တိုင်ရေးတာဆိုရင်တော့ ဒီ အမေမျိုးကို .. ဆန့်ကျင်ပစ်ချင်တယ် .. မကောင်းမြစ်တာ .. ကောင်းရာညွှန်လတ် .. ဆိုတဲ့ မိဘ တာဝန် မကျေတဲ့လူ .. ဒီလို ပစ်ပစ်နှစ်နှစ် ပြောချင်တယ် .. အခြောက် ဆိုတာ သူ့ အတိတ်ကံကြောင့် ဖြစ်လာတာမို့လို့ ပြင်ရခက်မယ် ဆိုတာကို လက်ခံနိုင်ပေမယ့် .. အဲဒီလောက် လိုက်လျောတာက ဆွဲနှစ်သလိုပဲ .. သူ့အတိတ်က ဘယ်လိုရှိရှိ .. ဒီဘဝမှာ အတတ်နိုင်ဆုံး ပြင်ပေးသင့်တာ လက်ဦးဆရာ မိဘ နှစ်ပါးပါ .. ဒါကြောင့် ..
တော်ပြီ. ဟိုဖက်မှာလဲ ရေးပြီးပြီ .. ဒီ ဝက်ဆိုဒ်မှာ အခြောက်အကြောင်း .. လိင်အကြောင်း မရေးကြေး လို့ တောင်းဆိုပါရစေ .. လူမှုရေး သန့်သန့်ဖြစ်စေချင်လို့ပါ
blackdemon
November 8, 2010 at 5:17 pm
ဟုတ်ပါတယ်..moethidasoe ပြောတာမှန်ပါတယ်
(ပုတ်ခတ်ပြောဆိုခြင်းမဟုတ်ပါ။)
ကလေးအခြေအနေဘယ်လိုဘဲရှိုရှိပါ..ကလေးကမမှန်သည့်တိုင်အောင်မိဘကပြ ုပြင်ပေးသင့်တယ်လို ့ ့ထင်ပါတယ်။
မိဘကလက်ဦးဆရာဖြစ်လို ့သားသမီးကိုဆုံးမသင့်ပါတယ်။