“မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးက မန္တလေး အပိုင်း-21) “

ငယ်ငယ်တုန်းက စားခဲ့ရတဲ့ အထဲမှာ သိပ်သဘောကျတဲ့ အစားအစာထဲမှာ တရုပ်မုန့်ဖြစ်တဲ့ပေါက်စီလဲပါ ပါတယ်။
ဒီပေါက်စီကို အမှတ်တရဖြစ်စေတဲ့အကြောင်းက တော့ မြန်မာပြည်မှာ ပြည်သူပိုင်သိမ်းလိုက်တဲ့အခါမှာ စာသင်ကျောင်းတွေလဲပါပါတယ်။
အရင်ကလမ်း 80 (32-33)လမ်းကြားမှာ အိုဗာစီးကျောင်းလို့ ခေါ်တဲ့ တရုပ်လူမျိုးတွေအများဆုံးနေတဲ့ကျောင်းလေးတစ်ကျောင်းရှိပါတယ်။
အဲဒီအချိန်တုံးက အိုဗာစီးကျောင်းမှာ မြန်မာတွေမနေပါဘူး မြန်မာပြည်ပေါက် တရုပ်တွေဘဲအနေများပါတယ်။
(နောက်တော့ အောင်နန်းကျောင်းလို့ပြောင်းခေါ်ပါတယ် အခုအခါမှာတော့ အမှတ်(18)အထက်တန်းကျောင်းဖြစ်နေပါပြီ။)
ကျနော်ဦးလေးတစ်ယောက်က ဖြစ်ချင်တော့ အဲဒီကျောင်းကိုပြောင်းပြီးတာဝန်ထမ်းဆောင်ရပါတယ်။
အဲဒီကျောင်းဝင်းရဲ့ တောင်ဘက်ခြမ်းက တန်းလျားမှာ ကျနော့်ဦးလေးကို အိမ်ခန်းပေးထားတော့ ကျောင်းထဲမှာဘဲနေရတာပေါ့။
ကျနော်က ကျောင်းမနေသေးတဲ့အရွယ်လဲဖြစ်ပြန် အိမ်ထောင်ကျခါစ ဦးလေးနဲ့ အဒေါ်ကလဲ ကျနော်ကို သူတို့ အိမ်ခေါ်ထားပါတယ်။
နေ့ဆိုရင်ကျောင်းက ဝန်ထမ်းတွေရဲ့ သားသမီးတွေနဲ့ ဆော့ရတာပေါ့။
ဒါပေမယ့် ကျနော်ကြာကြာမနေနိုင်ပါဘူး။အဖွားက အကျင့်လုပ်ပေးထားတော့ ကျနော်က အစားမက်တယ် ။
ကျောင်းထဲမှာက ကျောင်းစောင့် တရုပ်အဖိုးကြိီးလုပ်ရောင်းတဲ့ ပဲပေါက်စီကလွဲလို့ ဘာမှဝယ်စားစရာဆိုင်မရှိဘူး။
အပြင်ဘက်မှာ ဆိုင်လေးတွေရှိပေမယ့် အိမ်ကပိုက်ဆံပေးမကိုင်သလို ကိုယ်ကလဲ ဝယ်မစားတတ်တော့။
ကြာတော့ ဒီပဲပေါက်စီဘယ်လောက်ကောင်းကောင်း မစားချင်တော့ အဖွားအိမ်ပြန်ပြေးတာပါဘဲ။

နောက်(27-30)လမ်းကြားလမ်း(79-80)လမ်းကြားမှာရှိတဲ့ တရုပ်တန်းဈေးကိုအဖွားဈေးဝယ်သွားရင် ကျနော်ကလိုက်ရှုပ်တတ်ပါတယ်။
အဲဒီအခါ ဈေးအပြန်မှာ အမြဲတမ်းသွားရည်ကျအောင် လုပ်တာတွေကတော့ 29လမ်း-လမ်း80 ဒေါင့်က လက်ဖက်ရည်ဆိုင်မှာ ချထားတဲ့ ပေါက်စီ လုပ်တဲ့ပေါင်းအိုးကြီးတွေပါဘဲ၊
” မန်ထုံ”လို့ခေါ်တဲ့ ဘာမှမပါဘဲ ဂျုံချည်းဘဲသက်သက်ပါတဲ့ ပေါက်စီကတော့ ကျနော့်အထင် သူတစ်ဆိုင်ထဲဘဲရမယ်ထင်ပါတယ်။
ဂျုံအသားချည်းဘဲလုပ်ထားပေမယ့်စားရတာ ချိုပြီးအရသာရှိပါတယ်။
အများအားဖြင့် တရုပ်လက်ဖက်ရည်ဆိုင်မှန်ရင် ပဲပေါက်စီ အုန်းသကြားပေါက်စီ ဝက်သားပေါက်စီ ကြက်သားပေါက်စီရှိတတ်ပါတယ်။

ရီစရာကောင်းတာလေးကိုပြန်ပြောပြရမယ်ဆိုရင်တော့ လမ်းမတန်း ပေါ်မှာ အရှေ့ဘက်ဒေါင့်ကလက်ဖက်ရည်ဆိုင်တစ်ဆိုင်
အနောက်ဖက်ဒေါင့်ကလက်ဖက်ရည်ဆိုင်တစ်ဆိုင်မျက်နှာချင်းဆိုင်မှာဖွင့်ထားကြပါတယ်။ ဒီတော့လဲ တစ်ဆိုင်နဲ့ တစ်ဆိုင်အပြိုင်ပေါ့။
ဆိုင်ချင်းက မျက်နှာခြင်းဆိုင်ဆိုတော့ လဲ အပြိုင်အဆိုင်ဖြစ်တာဘာဆန်းမလဲနော့။
အဲဒီမှာ ဆိုင်ကအလုပ်သမားလေးတွေကလဲ အပြိုင်အဆိုင်ဖြစ်လာပါတယ်။
ဆိုင်ရှေ့မှာလူရပ်ပြီဆိုတာနဲ့ အလုပ်သမားတစ်ယောက်ယောက် က လက်ဖက်ရည်ပါဆယ် ဆယ်ခွက် နံပြား အချပ်20 ပေါက်စီ 10လုံးဆိုပြီး ဟုတ်ဟုတ်မဟုတ် ဟုတ်လျှောက်အော်တတ်ပါတယ်။
ဒီဘက်က အော်သံကြားတာနဲ့ နောက်တစ်ဖက်ကလဲ ဟုတ်ဟုတ်မဟုတ် အားကျမခံ လျှောက်အော်ပါတော့တယ်။
အလုပ်သမားတွေက စရင်းနောက်ရင်း အပြိုင်အဆိုင်ဖြစ်လာကြတာကနေ ဆိုင်ရှင်ချင်းပါ ပြိုင်လာကြပါတော့တယ်။
ဒီဘက်က မီးဖိုပြင်ရင် ဟိုဘက်ကလိုက်ပြင်တယ် ဒီဘက်က ဆေးအသစ်သုတ်ရင် ဒီဘက်ကလိုက်သုတ်ပြန်ရော။
ကျနော်တို့က လဲ ဝင် ဝင်ပြီးမြှောက်ပေးတတ်ပါတယ်။ ဟိုဘက်ဆိုင်က လက်ဖက်ရည်ဖျော်ရင် ဘူးနို့ဆီနဲ့ နိုစိမ်းဘဲသုံးတော့မှာတော့ ဝက်သားပေါက်စီထဲကို ကြက်သွန်မထည့်တော့ ဘူးတို့ဆိုပြီး နောက်တတ်ပါတယ်။
တစ်ခါမှတော့ တစ်ဆိုင်က မင်္ဂလာဆောင်ရှိတော့ ဆိုင်ပိတ်လိုက်ပါတယ်။
အဲဒါကိုအငြိမ်မနေနိုင်တဲ့ တစ်ယောက်ကခင်ဗျားတို့ရောမင်္ဂလာဆောင်လိုက်မလုပ်ဘူးလားလို့သွားမေးလို့ သမီးအပျိုလေးရှိတော့စိတ်တွေဆိုးလိုက်ကြတာ တစ်ပါတ်လောက် အဲဒီဆိုင်ရှေ့က မဖြတ်ရဲပါဘူး။
အဲဒီနှစ်ဆိုင်စလုံးက ပေါက်စီက လည်း ပုံစံကွဲပေမယ့် တစ်မျိုးစီကောင်းပါတယ်။
အရင်က မန်းသိရိဈေးနဲ့မျက်နှာချင်းဆိုင် 86လမ်းနဲ့26ဘီလမ်းဆုံတဲ့ အနောက်ဖက်ဒေါင့်အကွေ့မှာ ကျနော်နာမယ် မမှတ်မိတော့တဲ့ လက်ဖက်ရည်ဆိုင်လေးရှိပါတယ်။
အဲဒီဆိုင်က ပေါက်စီသေးသေးလေးက အရမ်းစားလို့ကောင်းပါတယ်။
သူနဲ့ပုံစံတူပြီးစားလို့ကောင်းတာက မင်္ဂလာဈေးနား က စိန်မောင်လက်ဖက်ရည်ဆိုင်ကပေါက်စီပါ။
ဒါပေမမယ့် သူတို့ဖျော်တဲ့လက်ဖက်ရည်ကိုတော့ လုံးဝမကြိုက်တာအမှန်ပါဘဲ။
အုတ်ခဲရောင် ချိုရဲရဲလက်ဖက်ရည်က ကျဆိမ့်မှ လက်ဖက်ရင်ထင်တဲ့ ကျနော်တို့နဲ့ကီးမကိုက်ပါဘူး
တက္ကသိုလ်ကျောင်းသားဘဝက အပြန်မှာဝင်စားလေ့ရှိတဲ့ဆိုင်လေးပါ။
(မင်္ဂလာဈေးဆိုလို့ အရင် မင်္ဂလာဈေးအဟောင်းတုံးက အနောက်ဘက်ပေါက်က မန်းကျည်းပင်အောက်က ရှမ်းမကြီးရောင်းတဲ့ တိုဟူူးသုတ်ပါ။
သူ့လိုကောင်းတဲ့အရသာမျုးိရှိတဲ့ တိုဟူးသုတ်ဆိုင်မျိုးမန်းလေးမှာတော့ မရှိတော့ပါဘူး။မေမြို့ (ခ)ပြင်ဦးလွင်မှာတော့ ဘူတာနားမှာ ညနေစောင်းဖွင့်တဲ့ဆိုင်က ကောင်းမှကောင်းပါ)

နောက်ဝက်သားပေါက်စီနာမယ်ကြီးတဲ့ဆိုင်က 29လမ်း 84လမ်းဒေါင့် လမ်းအရှေ့ဘက်ခြမ်းမှာဖွင့်ထားတဲ့ထိုင်စိန်ပေါက်စီပါ။
သူကတော့လမ်းဆုံလမ်းခွလဲဖြစ်တယ် ဈေးချိုနဲ့လဲနီးတယ် ကားတွေကလဲ သူ့နားမှာရပ်တယ်ဆိုတော့ အရမ်းကိုစည်ကားတဲ့ဆိုင်လို့ပြောလို့ရပါတယ်။

အရင်က မန်းလေးမှာဝက်သားပေါက်စီဆိုရင် ဝက်သားအတုံးလေးတွေကို ကြက်သွန်နီ တရုပ်မဆလာနဲ့ရောလို့ ဂျုံလုံးထဲမှာ ဌာပနာထားကြတာပါ။
1977-78 ပါတ်ဝန်းကျင်လောက်လို့ထင်ပါတယ် မန်းလေးမြို့ 83လမ်း 25-26လမ်းကြား အခုနိုင်လွန်အအေးဆိုင်ရဲ့တောင်ဖက်ကပ်ရက်မှာ “အိုလံပီယာ “ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးပေါ်လာပါတယ်။
ထူးခြားတာက ပေါက်စီပါ သူက ပေါက်စီထဲ ထည့်တဲ့ အသားကို အတုံးလိုက်မဟုတ်ဘဲ စဉ်းပြီးထည့်ထားလိုက်ပါတယ်။
အဲဒီအချိန်ကစလို့ အိုလံပီယာပေါက်စီ တစ်ခေတ်ဖြစ်သွားပါတယ်။
ဒါပေမယ့်လောက နိယာမအတိုင်း သူ့ထက်သူ လူစွမ်းကောင်းပေါ်စမြဲဆိုသလိုပါဘဲ အခုအချိန်ထိ အောင်မြင်နေတဲ့ “မန်းမြို့တော်ပေါက်စီ” ပေါ်လာပါတယ်။
သူက အဆီမပါတဲ့အသားကို တောက်တောက်စဥ်းပြီးထည့်ထားတယ် နောက်ဘဲဥပြုတ်တစ်စိတ်လဲပါတယ် တကယ်ထူးခြားတာကတော့ ဟိုအရင်ကပေါက်စီတွေလို
တရုပ်မဆလာနံ့စူးစူးကြီး မပါတော့ ကျနော်တို့ မြန်မာပါးစပ်နဲ့ အံကိုက်ပေါ့။
နောက်လမ်း80ပေါ်က 32လမ်း ကြားမှာရှိတဲ့ ယူနန်ဘုံကျောင်း အဝင်ဝမှာဖွင့်ခဲ့ဘူးတဲ့ ခုနှစ်လွှာပေါက်စီကလဲ ထူးပေဆန်းပေသည်ပေါ့ဗျာ.။
ပေါက်စီဂျုံသားက ပါးပါးလေးနဲ့လုပ်ထားတာ စားလို့ နူးညံ့သလို ပေါက်စီကသေးတော့ ဘယ်လောက်စားစား မဝသလိုထင်ရပါတယ်။
နောက်တော့ 81လမ်း 31-32ကြားက ခုနှစ်လွှာပေါက်စီဆိုင်ကတော့ အကောင်းဆုံးလို့ထင်ပါတယ် ဒီဆိုင်က အခုတော့ 83လမ်း မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံနားမှပြောင်းဖွင့်ပါတယ်၊
အတော်လေးရောင်းကောင်းတော့ နေမြင့်ရင် စားဘို့မျှော်လင့်ချက်မရှိဆိုတော့ စားချင်ရင် မနက်စောစော သွားရပါတယ်။
အီကြာကွေးက ကတော့ ကျန်တဲ့ဆိုင်တွေ ကမနက်မှာရောင်းပေမယ့် 35လမ်း -78လမ်း မြောက်ဘက်ဒေါင့်ကဆိုင်ကတော့ ညနေမှဖွင့်တဲ့ အီကြာကွေးဆိုင်ပါ။
သူတို့ အီကြာကွေးကတော့ မန်းလေးမှာ အကောင်းဆုံးလို့ ပြောရင်ရပါတယ်။ ကျွတ်ကျွတ်ရွရွနဲ့ ပါးစပ်ထဲမှာ ပျော်ဆင်းသွားတယ်လို့ထင်ရလောက်အောင်နူးညံ့ပါတယ်။
အရင်က မန်းလေးသူ မန်းလေးသား များ ညအဆာပြေစားရင် မလိုင်နဲ့ အီကြာကွေးလွေးခဲ့ကြရတဲ့ဆိုင်ပါ။
အဲဒီဆိုင်ကလည်း 35လမ်း ကိုဖြတ်လို့ ကုန်းကျော်တံတားဆောက်လိုုက်တဲ့ အချိန်ကစလို့ အရောင်းပါး လူအဝင်နည်းသွားတာကိုတော့ ဝမ်းနည်းစရာတွေ့ရပါတယ်။
ကား ဆိုင်ကယ် စက်ဘီး ရပ်ဘို့နေရာ ခက်တာကလဲ ဆိုင်တစ်ဆိုင် အတွက်အရေးပါတဲ့အချက်ဆိုတာကတော့ ငြင်းမရပါဘူး။
အရင်ကတော့မန်းလေးမှာ ကုလားလက်ဖက်ရည်ဆိုင်လဲရှိ တရုပ်ဆိုင်လဲရှိ မြန်မာဆိုင်လဲရှိပါ။
ကျနော်မှတ်မိသလောက် ကတော့ ဘယ်သူမှ ဝေးဝေးလံလံဆိုင်က တကူးတက သွားသောက်လေ့မရှိဘဲ ကိုယ်အိမ်နဲ့နီးတဲ့ဆိုင် လမ်းကြုံတဲ့ဆိုင်မှာဘဲ အလွယ်တကူသောက်ကြတာများပါတယ်။
အဲဒီလိုမျုးိက မန်းလေးမြို့မှာ “မင်းမင်းကျော် “ကဖေး မပေါ်ခင်ကပေါ့။
မှတ်မှတ်ရရပြောရရင် မင်းမင်းကျော်ကဖေးက လက်ဖက်ရည်ကောင်းတယ် “အဟာရ “လို့အမည်တွင်တဲ့ ပေါင်မုန့်မီးကင်ထဲကို ကြက်ဥမကျက်တကျက်ပြုတ်တစ်လုံး ငှက်ပျောသီးတစ်လုံး
စတော်ဘယ်ရီယို ထောပါတ် နို့ဆီ နွားနို့တွေ့ထည့်လို့ လုပ်ထားတဲ့ မုန့်လေးနဲ့ မန်းလေးမြို့ကို မိတ်ဆက်ပေးတယ်ဆိုရင်မမှားဘူးလို့ထင်ပါတယ်။
သူလဲအစကတော့ လူသိ်ပ်မဝင်ပေမယ့် ဆိုင်ရှင်ကိုယ်တိုင် အဝတ်ကလေးပုခုံးပေါ်တင်လို့ စားပွဲထိုးတာရယ် အလုပ်သမားတွေက ဆက်ဆံရေးကောင်းတာရယ်ကြောင့် တစ်စထက်တစ်စ နာမယ်ကြီးလို့လာပါတယ်။
83လမ်း 33-34ကြားမှာဖွင့်ထားတဲ့ သူ့ဆိုင်နားမရောက်ခင်လောက်ကတည့်းက ဆိုင်ထဲကလူတွေစကားပြောနဲ့ကြတဲ့ တအုန်းအုန်းအသံကိုကြားနေရတတ်ပါတယ်။
အဲဒီဆိုင်က နေရာထိုင်ခင်းကျယ်ပြန့်တယ် စားပွဲများတယ်ဆိုတော့ တကူးတကကိုလာလို့ လက်ဖက်ရည်ဆိုင်ထိုင်ကြပါတယ်။
ဒီလိုထိုင်ရင်းကနေ မိတ်ဆွေအပေါင်းအသင်းတွေရဲ့စုရပ်လိုဖြစ်သွားပါတယ်။
ဘယ်သူငယ်ချင်းတွေ့ချင်ရင် ဘယ်အချိန်သွား မင်းမင်းကျော်မှာ ရှိတယ်ဆိုပြီး လူရှာလို့ ရတဲ့အထိကို ထိုင်တဲ့လူများလာပါတယ်။
မင်းမင်းကျော်လုူိ လူမများပေမယ့် 26ဘီလမ်း မြန်မာစီးပွားရေး ဘဏ်နားမှာ ဖွင့်ခဲ့တဲ့ နာမယ်ကျော် မန်းလေးမြို့ ရဲ့ တီးဝိုင်းဖြစ်တဲ့ “ရှဲလ်တီးဝိုင်း”ပိုင်ရှင်တွေကနေ
ရှဲလ် လက်ဖက်ရည်ဆိုင်ကို ဖွင့်လိုက်ပါတယ်။
သူကတော့ ဘိုဆန်ဆန် ဆိပ်သားပဖ် ပေါင်မုန့်ဆင်းဒဝစ်ချ် ကိတ်မုန့်စတဲ့ မုန့်တွေကိုရောင်းပါတယ်။
မန်းလေးမှာ အဲကွန်းထားပေးပြီးဖွင့်တဲ့လက်ဖက်ရည်ဆိုင်ကတော့ ရှဲလ် ပထမဆုံးပါ။
ဒါပေမယ့် တံခါးပိတ်ထားရင် ဖွင့်မဝင်ရဲ ဆိုင်ကတခန်းတနားဆိုရင် ဝင်ရမှာစိုးရွံ့တဲ့ မန်းလေးသားတွေကြောင့် စစချင်း ဆိုင်ကမရောင်းရပါဘူး။
နောက်တော့မှ တံခါးတစ်ခြမ်းဖွင့်ပေးလိုက်တာရယ် ဆိုင်အပြင်အဆင်က ခေတ်မှီပြီးသားနားပေမယ့် ဈေးကတော့ သူများဆိုင်တွေနဲ့ အတူတူဘဲလို့ သိလာတဲ့အခါမှာ အလွန်ရောင်းကောင်းတဲ့ ဆိုင်တစ်ဆိုင်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
ကျနော်မနက်တိုင်းထိုင်ခဲ့တဲ့ဆိုင်လေးလဲဖြစ်ပါတယ် လက်ဖက်ရည် တစ်ကျပ် ဆိတ်သားပါဖ်တစ်ကျပ် ဆိုရင်ဘိုက်ဝပါတယ်။
ပြန်ပြောရင်းတောင် မျက်စေ့ထဲမှာ မြင်ယောင်လာပါတယ်။
သူ့ဆိုင်က နာမယ်ကျော်မုန့်ကတော့ နေ့လည်တစ်နာရီလောက်မှာ မှရတဲ့ ပူပူနွေးနွေးနဲ့စားလို့အလွန်ကောင်းတဲ့ဆိတ်သားပေါင်မုန့်ပါ။
အခုတော့ ဒီဆိုင်က လည်းပိတ်သွားတာကြာခဲ့ပါပြီ။မုန့်ဆိုင်လေးကတော့ ရှိနေပါသေးတယ်။
နောက်ကျနော်တို့ကျောင်းသားဘဝညမင်းသားလုပ်တဲ့အခါမှာ ထိုင်တဲ့ဆိုင်ကတော့ ဆေးကျောင်းဒေါင့်က ဝင်းသီတာနဲ့ မျိုးမြင့်ကျော် ညီအကိုနှစ်ယောက်ရဲ့ဆိုင်ဖြစ်ပါတယ်။
ဝင်းသီတာက လမ်း30 74လမ်းဒေါင့် သူ့ညီရဲ့ဆိုင် မျိုးမြင့်ကျော်ကတော့ သူဆိုင်ရဲ့မြောက်ဘက်မှာပါ။
အဲဒီနှစ်ဆိုင်လုးံက ဆေးကျောင်းသား ဆေးကျောင်းသူတွေ မိန်းဘက်ကနေ အလည်လွန်လာတဲ့သူတွေထိုင်နေကြ စုရပ်ပါ။
ကျနော်တို့သူငယ်ချင်းတွေက မိန်းထဲမှာလဲရှိတယ် (မိန်းဆိုတာ မန်းလေးတက္ကသို်လ်ကိုခေါ်တာပါ) 35လမ်းမှာလဲရှိတယ် အောင်တော်မူကလာတဲ့လူရှိတယ် ကျနော်တို့က 26လမ်း လမ်း80ကလာတယ်ဆိုတော့ အားလုံးနဲ့ ဗဟုိုကျတဲ့ ဒီဆိုင်တွေမှာထိုင်ဖြစ်ပါတယ်။
နောက်ကျောင်းပြီးလို့လုပ်ငန်းခွင်တွေထဲရောက်တော့ အဖွဲတွေလဲကွဲကုန်ပါတယ်။
အဲဒီအချိန်မှာ ညအလင်းဆိုင်တွေဖြစ်တဲ့ 26ဘီလမ်း83လမ်းက ကရဝိက်မှာအထိုင်များပါတယ်။
တစ်ခါတစ်ရံတော့လဲ ထူးထူးဆန်းဆန်းလေးတွေလုပ်ပြတတ်တဲ့ “ရှိန်ကြီး”မှာထိုင်ပါတယ်။
အဲဒီဆိုင်ကိုကျနော်တို့ထိုင်တဲ့အချိန်က 79လမ်း 33-34ကြားက သံတံတားအနက်ကြီးမှာပါ။
အဲဒီဆိုင်က မုန့်ပန့်ကန်တွေက အဆင့်မြင့်ပါတယ် ဘာမုန့်ကိုဘဲ လာချချ ပန်းကန်နှစ်ထပ်နဲ့ ဇွန်းခရင်းနဲ့ပါ။
သူကတော့ အဆင့်မြင့်အောင်လုပ်ပေမယ့်ကျနော်တို့ကတော့ ရှုပ်တယ်ဆိုပြီးပန်ကန်တွေက အထပ်လိုက်ဘေးပုံထားတာပြီး
မြန်မာနည်းမြန်မာ့ဟန်လက်နဲ့ဘဲ တီးကြတာများပါတယ်။
အဲဒီဆိုင်က ကောင်းတဲ့ ဟင်းကတော့ ကုလားပဲနဲ့ဆိတ်သားဟင်းပါ။
မန်းလေးမြို့ ဘယ်ဆိုင်မှာမှ မရတဲ့ ပစ္စည်းကတော့ ပျစ်ပျစ် အီအီ “ကျွဲနို့”ပါ။
မန်းလေးမှာ သူတစ်ဆိုင်ထဲဘဲ ကျွဲနို့ရပါတယ်။
ဒီဆိုင်လေးကရောင်းကောင်းပေမယ့် နေရာအဆင်မပြေတော့ ဟိုပြောင်းဒီပြောင်းနဲ့ ခဏခဏပြောင်းရပါတယ်။

မင်းမင်းကျော်အောင်မြင်နေတဲ့အချိန်မှာ သူဆိုင်က အဖျော်ဆရာ နှစ်ယောက်က ဆိုင်ခွဲပါတယ်။
ကျနော်တို့ ကြားတာကတော့ သူတို့ ဆရာ မင်းတို့ ကြိုက်တဲ့နေရာဖွင့် အောင်မြင်အောင်တော့ လုပ်ကြဆိုပြီး လုပ်ငန်းအတွက်လိုအပ်တာတွေကိုတောင် လက်ဆောင်ပေးလိုက်ပါသတဲ့
တစ်ဆိုင်ကတော့ “နိုးတူး” ဖြစ်ပြီး တစ်ဆိုင်ကတော့ “ရွှေအိမ်စည်”ဖြစ်ပါတယ်။
“ရွှေအိမ်စည်”က ကျနော်နဲ့လမ်းသင့်တော့ပိုထိုင်ဖြစ်ပါတယ်။အဲဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့ ဆိုင်မှာလာစားတဲ့ဖောက်သည်တွေကို ချစ်စရာနယ်မယ်လေးတွေပေးထားတာပါ။
ဖောက်သည်တစ်ယောက်ဝင်လာတာနဲ့ သူတို့ပေးထားတဲ့ နာမယ်လေးတွေကိုအော်တဲ့ပြီး သူသောက်နေကျပုံစံကို မှာစရာမလိုဘဲ ခုံမှာထိုင်လိုက်တာနဲ့ အဆင့်သင့်ရောက်လာအောင် ဝန်ဆောင်မူ့ကကောင်းတာပါ။
အရင်ကမန်းလေးကလက်ဖက်ရည်ဆိုင်တွေမှာ မြန်မာဆိုင်မှန်ရင် ပလာတာ ထတ္တရာ နံပြားကလွဲရင် ကျန်တာမရတတ်ပါဘူး။
ဆိုင်တွေကလည်း သူတို့ မုန့်ကိုမရောင်းရမှာစိုးတော့ ဒီပြင်စားစရာသောက်စရာလာရောင်းရင်လက်မခံပါဘူး။
“ရွှေအိမ်စည်”32လမ်း 81လမ်းဒေါင့် နားမှာဖွင့်တုံးက သူ့ဆိုင်ရှေ့မှာ မုန့်ပျစ်စလက်သယ်ရယ် စိန်မြင့်မြီးရှည်ရယ်ကို လာဖွင့်မယ်ဆိုတာ လက်ခံလိုက်ပါတယ်။
ဆိုင်ဖွင့်ခတေ့ာပေးရတာပေါ့နော် စီးပွားရေးကိုးဗျ။
အဲဒီစနစ်လေးက အတော်ကိုအောင်မြင်သွားပါတယ်။
ဘာလို့လဲဆိုတော့ လူတိုင်းလူတိုင်းက အပြောင်းအလဲလေးစားချင်တာကိုးဗျ။
အဲတော့ မနက်ခင်းအလုပ်သွားရ ဈေးသွားကျောင်းသွားဆိုတော့ မုန့်စားတာတစ်ဆိုင် လက်ဖက်ရည်သောက်တာတစ်ဆိုင်လုပ်ရတော့ အချိန်ကုန်ပါတယ်။
အခုလိုစားစရာစုံတော့ အဆင်ပြေသွားတာပေါ။
ဒီဆိုင်လေးက ဖောက်သယ်ကို ခင်မင်မူ့နဲ့ ဆွဲဆောင်သွားတာပါ။
“ရွှေအိမ်စည်”ကိုထိုင်ဘူးသူုတိုင်းအပြုံးချိုချိုနဲ့လက်ဖက်ရည်ဖျော်ပေးနေတဲ့ “မောင်အေး”ကို သတိရကြမှာပါ။

သူ့နောက်မှာတော့ အခုလက်ရှိ ဆိုင်ခွဲပေါင်းများစွာ ရှိနေတဲ့ မင်းသီဟလက်ဖက်ရည်ဆိုင်က
” စားပွဲထိုးများ ဆက်ဆံရေးမပြေပြစ်ပါက ကောင်တာသို့ အကြောင်းကြားပါ”ဆိုတဲ့စာတန်းကပ်လို့ ဝန်ဆောင်မူ့အပြည့်နဲ့ပေါ်လာပါတယ်။
သူ့ဆိုင်မှာ မုန့်တီ မုန့်ဟင်းငါး ရှမ်းခေါက်ဆွဲ စားချင်တာအကုန်ရနိုင်အောင်စီစဉ်လို့ထားပါတယ်။
သူ့နောက်မှာဆက်တိုက်ပေါ်လာတာကတော့ တက္ကသိုလ်နားမှာ အစပြုခဲ့တဲ့ ယူနီစန်လက်ဖက်ရည်ဆိုင်ရယ်
တစ်ခုသော မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ 25လမ်း 80-81လမ်းကြား ကျနော်ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ သူဌေးတန်းရပ်မှာ စတင်ဖွင့်ခဲ့တဲ့
“ရွှေပြည်မိုး”ပါဘဲ။ ဒီဆိုင်ဖွင့်တဲ့အချိန်မှာ ကျနော်က အိမ်ထောင်ကျလို့ 19လမ်းမှာနေတော့ ကျနော်အလုပ်နဲ့နီးတော့ ဒီဆိုင်ကိုဘဲထို်င်ဖြစ်ပါတော့တယ်။
အခုအချိန်မှာ “ရွှေပြည်မိုး”ကလဲ ဆိုင်ခွဲပေါင်းများစွာနဲ့ အောင်မြင်နေဆဲပါ ကျနော်ကလည်း လက်ဖက်ရည်ဆိုင်ထိုင်မယ်ဆိုရင် ဒီ “ရွှေပြည်မိုး”တို့ “မင်းသီဟ “ဆိုင်တွေကိုဘဲ ရွေးထိုင်ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ စနစ်တကျလေ့ကျင့်ထားတဲ့စားပွဲထိုးများရှိတာကြောင့်ပါ၊
လက်ဖက်ရည်ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ထိုင်စရာနေရာရှာပေးတယ်။
ကိုယ်နဲ့ အတူထိုင်နေကျမိတ်ဆွေများရှိရင် အဲဒီနေရာကိုပြပေးတယ် ပြန်သွားပြီ မရောက်လာသေးဘူး သတင်းပေးနိုင်အောင်လေ့လာထားတယ်။
ထိုင်လိုက်တာနဲ့ သောက်နေကျအတိုင်းလက်ဖက်ရည်တစ်ခွက်က အဆင်သင့်ရောက်လာတယ်။
မှာစရာမလိုအောင်ကို အလိုက်သိလို့ လဲ ထိုင်ဖြစ်တယ်။
နောက်တစ်ချက်က ဘာသီချင်းမှ ဖွင့်မထားတော့ စကားအေးအေးဆေးဆေးပြောလို့ကောင်းတယ်။
ဒါပေမယ့် အဲဒီဆိုင်အားလုံးက ညနေ ငါးနာရီဆိုရင်ဆိုင်ပိတ်တော့ ညပိုင်းထိုင်တဲ့ဆိုင်ရှာရပြန်ပါတယ်။
အလုပ်ကပြန်အိမ်ရောက် ရေမိုးချုးိထမင်းစားပြီးတာနဲ့ အပေါင်းအသင်းတွေနဲ့လေကန်ဘို့လက်ဖက်ရည်ဆိုင်ထိုင်သေးတာကိုးဗျ။
ညဆိုင်မှာတော့ ကာရာအိုကေမယ်များ သီချင်းဆိုရာက အပြန်မှာ လာစားတတ်တဲ့ “သင်စားမကောင်းရင်ကျနော့်ကိုပြောပါ…………စားကောင်းရင်………..”
ဆိုတဲ့ဆောင်ပုဒ်လေးနဲ့ တက်လာတဲ့ ကီးမားတင်ဝင်းပါဘဲ။
ဒါပေမယ့် နောက်တော့ သူဆိုင်နားကို အရင် 83လမ်း26ဘီလမ်းဒေါင့်မှာဖွင့်ခဲ့တဲ့ “ကရဝိက်” ပြောင်းလာတော့ ပိုစည်ကားသွားပါတယ်။
ကီးမားနာမယ်အကြီးဆုံးဆိုင်ကတော့ တင်ဝင်းနဲ့ ကရဝိက်ကြားက ကျနော်တို့ကျောင်းသားဘဝကတည်းက ရှိခဲ့တဲ့ ဈေးလည်းကြီးတယ်ကောင်းလဲကောင်းတယ်ဆိုတဲ့ “နှင်းချယ်ရီ”ပါ။
အခုအချိန်မှတော့ မန်းလေးမှာထိုင်စရာလက်ဖက်ရည်ဆိုင်နေရာတိုင်းအရပ်တိုင်းမှာပေါမှပေါပါ။
တစ်ဆိုင်နဲ့တစ်ဆိုင် စားစရာ စုံသထက်စုံအောင် ရောအရသာ ဝန်ဆောင်မူ့ ဈေးနုန်း သိပ်မကွာအောင် ကြုးိစားလုပ်ဆောင်ကြသလို
ဆိုင်ခွဲတွေ ကိုမန်းလေးမြို့အနှံ သူ့ထက်ငါ အပြိုင်အဆိုင်ဖွင့်ထားကြတာကိုတွေ့ရပါတယ်။
နောက်ညပိုင်းလက်ဖက်ရည်ဆိုင်ထိုင်တဲ့အကြောင်းပြောတော့ ဘုရားပွဲရှိတဲ့အခါ ညပိုင်းမှသာရတဲ့ မုန့်လေးကို သွားသတိရပါတယ်။
သူကတော့ မုန့်လင်မယားလို့လဲခေါ် မုန့်မောင်နှမ လို့လဲခေါ်တဲ့ မုန့်လေးရယ် ဆောင်းတွင်းမှသာ ရောင်းတတ်တဲ့ မုန့်ပေါင်းရယ် ကို သွားသတိရလိုက်ပါတယ်၊
ကဲ ဒီတစ်ခါတော့ကောင်းခန်းမှာ မရပ်ဘူး နောက်တစ်ပုဒ်ကျရင် ဘယ်လို လွမ်းစရာကောင်းတဲ့ အကြောင်းရေးရင်ကောင်းမလဲ ကိုပေါက် ကို အောက်လိုင်းလေး ပေးကြပါအုံး…………………………………………လို့

15 comments

  • weiwei

    November 15, 2010 at 5:07 pm

    စားစရာမုန့်တွေကုန်ရင် မန်းလေးက အညာဟင်းတွေအကြောင်းလဲ ပြောပြပါအုန်း … မန်းလေးချက်က ရန်ကုန်ချက်နဲ့ တော်တော်ကွာတာကိုတော့ သတိထားမိတယ် …

  • Yin Nint

    November 15, 2010 at 7:07 pm

    ဦးပေါက်ရေ အဲ့တာတွေ အစအဆုံးကိုပေါင်းပြီး စာအုပ်ထုတ်နိုင်ဖို့ကြိုးစားပါလားဟင်
    ကျွန်တော်လည်းမန်းလေးသားပါ အားပေးပါတယ်

  • bigcat

    November 16, 2010 at 1:17 am

    မန်းလေးကြေးအိုး အကြောင်းလဲလုပ်ပါအုံး။ ကြေးအိုးဆီချက်ရယ်၊ ဘဲအသဲအမြစ်သုပ်ရယ် ဆိုရင် ဘာပြောကောင်းမလဲ နတ်သုဒ္ဓါနဲ့တောင်လဲနိုင်မယ်မထင်ဘူး။

  • fatty

    November 16, 2010 at 2:39 am

    မန်းလေးက ထမင်းပေါင်းလေးရှိသေးလားလို့ …. ထမင်းကို ငြုတ်ဆီနဲ့နယ်ပြီးမြေပဲဆံရယ် ဝက်သားကင်ကို အပြားလိုက်
    တင်ပေးထားတယ် .. အသီးအရွက်မပါဘူးလေ …ကျနော်ကတော့ကြိုက်မှကြိုက် ….။

  • Maung Dae`

    November 16, 2010 at 4:05 am

    ဦးပေါက်… ၇၃ လမ်းပေါ် မိန်းထိပ်မှာရှိတဲ့ Friend လက်ဖက်ရည်ဆိုင်အကြောင်းလဲပါဝူး.. အဲ့သည်ဆိုင်က ကျွန်တော်တို့ ခြေရှုပ်နေကျဆိုင်လေ.. သိတယ်မဟုတ်လား.. လက်ဖက်ရည်တစ်ခွက်မှာပီး တစ်နေကုန်အောင်ထိုင် အဆောင်တွေရှိတဲ့ လမ်းကြားလေးတွေထဲက ထွက်လာတဲ့ ဇယ်လေးတွေ ကိုငေး.. အဟီး.. ပြောရင်းနဲ့တောင်သတိရလာပီ…

  • mandalaythar

    November 16, 2010 at 6:32 am

    ကိုပေါက် မန္တလေး လ္ဘက်ရည်ဆိုင်တွေ ရေးသွားတာ အတော်ပြည့်စုံပါတယ်။ မန္တလေး လ္ဘက်ရည်ဆိုင်လောက ဈေးကွက်က တော်တော်ကြီးပါတယ်။ မန္တလေးအစားအသောက်က အတော်စုံသလောက်ရှိနေပါပြီ။ နောက် ကျွန်တော်သတိထားမိတာ တခုရှိတယ်။ မန္တလေးမှာ ကျွန်တော်သိသလောက် ဘယ်မှာမှ မတွေ့ဘူးခေါက်ဆွဲရှိတယ် (ကျွန်တော် မသိလို့ ဖြစ်ရင်လည်း ဖြစ်မှာပါ) အဲဒါ ပန်းသေးခေါက်ဆွဲဗျ။ ရန်ကုန်မှာ မတွေ့ဘူးဘူး။ ရှမ်းပြည်ဘက်နဲ့ မိုးကုတ်ဘက်မှာ ရှိလောက်မယ်နေမှာ။ အရင်က အခု ရန်ကြီးအောင်ဂုံးကျော်အောက်မှာ ဖွင့်တဲ့ ပြည်ထောင်စု ပန်းသေးခေါက်ဆွဲ ကို နေမကောင်းရင် အမေက ဝယ်ကျွေးတယ်။ ကြိုက်တယ်။

    ကိုပေါက်ရေ လွန်ခဲ့တဲ့ ရနှစ်လောက်က မန္တလေးပိုက်ကျုံးက ကျောက်ဝိုင်း အကြောင်းတို့၊ စက်မှုလက်မှု့ထွန်းကားတဲ့ စိမ်းပန်း အကြောင်းတို့၊ မန္တလေးမိန်းနဲ့ အရင်ကရှိခဲ့တဲ့ ဒေသကော်လိပ် အကြောင်းတို့ကို ရေးအုံးနော်…

    အားပေးလျှက်….

  • kopauk mandalay

    November 16, 2010 at 12:29 pm

    ကျောက်ဝိုင်း တို့ စက်မူ့အကြောင်းတို့ ကနောက်မှ လေ့လာပြီးရေးမယ်ဗျ
    ကျနော် ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်ဘူး။
    နောက် ကျနော် က ခံစားမူ့ကိုဦးစားပေးတော့ မသိတဲ့နယ်ပယ်အကြောင်းဆိုရင် သူများဆီမှာ တပည့်အ ရင်ခံလိုက်အုံးမယ်။လွဲသွားရင်မကောင်းဘူးလေ။

  • unclegyi1974

    November 16, 2010 at 3:17 pm

    ကိုပေါက်ရေးသွားတဲ့အကြောင်းတွေကစုံမှစုံ
    နေ့စဉ်မှတ်တမ်းများရေးထားသလား
    စဉ်စားရေးတာလား
    စဉ်းစားရေးတာဆိုအတော်မှတ်နို်င်တာဘဲ

  • kopauk mandalay

    November 16, 2010 at 3:41 pm

    ကျနော်ရေးတဲ့ မလွမ်းစကောင်းကိုရေးဘို့အတွက် ကျနော်မှာ နေ့စဉ်မှတ်တမ်းမရှိပါဘူးခင်ဗျာ။
    အတိုအစမှတ်တမ်းတွေကလဲ ဦးကျားကြီးမီး မှာ ကျနော်ပိုင်ဆိုင်တဲ့စာအုပ်တွေနဲ့အတူပါသွားပါတယ်။
    ကျနော်ကျင်လည်ဖြတ်သန်းခဲ့တဲ့နေရာကိုရောက်တဲ့အခါမျုးိမှာ ဟိုအရင် ငယ်ဘဝက ပျော်စရာကောင်းခဲ့ စိတ်ညစ်စရာကောင်းခဲ့တဲ့
    ခံစားမူ့များက ရင်ကို ထိရှလာတဲ့ အခါ ဒီစာစုလေးဖြစ်လာပါတယ်။
    ဒီစာများကိုရေးတဲ့ အခါ အရင်မှတ်တမ်းတင်ထားခဲ့တဲ့ သူများရဲ့စာအုပ်စာတန်းများကို ပြန်မဖတ်ပါဘူး။
    ခံစားမူ့ တူသွားထပ်သွားမှာစိုးလို့ပါ။
    ဒီစာကိုရေးဘို့အတွက် မနက် လမ်းလျှောက်ရင် ညရေးဘို့စဉ်းစားထားပါတယ်။
    ြုပီးရင် ညမှာအင်တာနက်ဆိုင်ကို သွားပြီး ရေးပါတယ်။
    ဒါကြောင့်လဲ တစ်ချို့နေရာတွေမှာ အမှတ်မှားတဲ့အတွက် နောက်နေ့မှာပြန်ဖတ်ပြီး အမှားတွေကို ပြန်ပြင်ပေးနေရပါတယ်၊
    အခုလဲ အောင်နန်းကျောင်း က အမှတ်(18)မဟုတ်ဘူးထင်တယ်လို့တစ်ယောက်က ဒီပြင်ဆိုက်မှာ ပြောလာတဲ့အတွက် သေချာအောင်ပြန်သွားကြည့်ပြီး ပြင်ပေးပါမယ်။
    အခုလိုစိတ်ဝင်တစားဖတ်ကြ ကော်မင်းတွေရေးတာတွေ့တော့ ကျနော်ကို ပိုက်ဆံပေးတာထက်ပိုပြီး ဝမ်းသာပါတယ်။
    အားလုံးကိုကျေးဇူးတင်ပါတယ်။
    နာမယ်ကျော် အနုပညာနယ်ပယ်ကလူများလိုပြောကြည့်ပါအုံးမယ်။
    သားသားလေးကို ဆက်အားပေးကြပါလို့ နော် နော် နော် ……………………………………..

    • mandalaythar

      November 17, 2010 at 7:36 am

      ကိုပေါက် ကျွန်တော်သိတာ ကိုပေါက်ပြောတဲ့ တရုပ်ကျောင်းက အခု လမ်း (၈၀) ပေါ်က (၁၄)ကျောင်း ဖြစ်မယ်နေမှာ။ အိမ်ကလူတွေပြောတာ (၁၄) ကျောင်းက အရင်က တရုပ်ကျောင်းတဲ့ (၂၂)ကျောင်းက အောက်ဆေးလျှံန်း ကွန်ဗန့် (အင်္ဂလိပ်လို မပေါင်းတတ်လို့) တဲ့၊ အမှတ် (၈)က စိန်ဂျိုးဇက် ကွန်ဗန့်တဲ့။ ဒိုင်အိုကျောင်းက စိန်ပီတာတဲ့။ (၁၃) ကျောင်းက စီ???? ဘာဖြစ်တဲ့ဆိုတဲ့ ကျောင်းလား မသိတော့ဘူး။ ဒေသကော်လိပ်က ယောက်ျားလေးကျောင်း လဖုန်းကျောင်းတဲ့။ သူတို့ပြောတာ ကြားဘူးတာ။

  • mandalaywith

    November 16, 2010 at 8:22 pm

    kopauk mandalay

    Always Thanks for write to Mandalay story.

    Miss my hometown Mandalay~!^.^

  • kopauk mandalay

    November 17, 2010 at 12:17 pm

    သွားကြည့်ပြီးပြီဗျ။
    တရုပ်အိုဗာစီးကျောင်းက အမှတ်(14)ပါ။
    ကျနော်မှားရေးလိုက်တာပါ။
    အခုအမှတ်(8)က ကွန့်ဗင့် အမျုးိသမီးကျောင်း။
    အခုအမှတ်(9)က စိန်ပီတာ အမျိုးသားကျောင်း။
    အမှတ်(10)က ဒိုင်အိုစီဇင်ကျားမထားတယ် (သီပေါမင်းနေခဲ့တဲ့ ဆရာမှတ်ကြီးကျောင်း)
    အရင်ဒေသကောလိပ်က ဖားသားလဖုန်းကျောင်း
    အများကြီးရှိတယ် အမှတ်(16)ဆိုရင် ဝက်စလေ
    အမှတ်(12)က စိန့်ဇေးဗီးယား အများကြီးပါနောက်မှ ရေးမယ်ကျောင်းတွေအကြောင်းကို အခုလို နံပါတ်မှားမရေးမိအောင် ပြန်ပြီး သေချာ ချစဉ်းစားလို်က်အုံးမယ်။

  • naywoonni

    November 17, 2010 at 2:18 pm

    ကိုပေါက်ရေ…….
    ဒီလိုတန်ဆောင်တိုင်မှာအငြိမ့်တွေလှည့်ကြည့်တဲ့အကြောင်းရေးဦးလေဗျာ……
    ကျောင်းတက်နေတုံးကလမင်းတစ်ရာအငြိမ့်တော့မှတ်မိတယ်
    ကျန်တာတွေမမှတ်မိတော့ဘူး
    တန်ဆောင်တိုင်အမှတ်တစ်ရလေးပေါ့ဗျာ

  • htike

    March 12, 2011 at 1:35 pm

    ကိုပေါက်ရေ မန်းလေးက ရပ်ကွက်ဘုရားပွဲတွေအကြောင်းရေးပေးပါဦး..ဆီးဖြူသီးနဲ့ငပိကျော်လည်းပါအောင်ရေးပေးပါ..မန်းလေးကြာဇံချက်လည်းမချန်ခဲ့နဲ့နော…

  • kopauk mandalay

    March 12, 2011 at 3:47 pm

    ဘုရားပွဲတွေအကြောင်းရော ဆီးဖြူသီးရော ငပိကျော်ရော ကြာဇံဟင်းရော
    ရေးပြီးတဲ့အထဲမှာပါ ပါတယ်။
    မလွမ်းစကောင်းအမှတ်(3)(၄)(5)က ဘုရားပွဲနဲ့ကထိန်တွေအကြောင်းပါခင်ဗျာ။
    အမှတ်(1)ကနေ( 25)ထိစုစုပေါင်း 25ပိုင်းပါ။

Leave a Reply