မပြောင်းရင်ဖောင်းလ် Etiquette
ယနေ့ခေတ် ကမာ္ဘကြီးမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ တနိုင်ငံနဲ့ တနိုင်ငံ တနေရာနဲ့ တနေရာ ကူးလူးဆက်ဆံမှုတွေဟာလည်း တိုးလို့သာ ဖြစ်ပေါ်နေပါတယ်။ အရင်ကလို ကိုယ့်အိမ်မှာ ကြက်ဖလုပ်နေလို့ မရတော့ပဲ သူများဆီရောက်တဲ့အခါ ကိုယ်နှုတ်အမူအယာ ယဉ်ကျေး ရမှာမို့ အက်တိကတ်လို့ခေါ်တဲ့ လူမှုကျင့်ဝတ်သိက္ခာရှိဖို့ လိုအပ်လာပါတယ်။ အဆင့်အတန်းရှိတယ် မရှိဘူးဆိုတာကလည်း လူအားလုံးအတွက် တပြေးညီသတ်မှတ်ဖို့ မဖြစ်နိုင်လို့ လူအများလက်ခံတဲ့ ဓလေ့ထုံးစံကို စံပြုရမှာပါ။ အများစုဆိုပြန်တော့လည်း ရောက်ရှိရာနေရာဒေသ ကွဲပြန်လို့ သက်ဆိုင်ရာ ထုံးတမ်းစဉ်လာနဲ့ လိုက်လျောညီထွေ၊ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းက လက်ခံနိုင်၊ ပြီးတော့ ကိုယ်ပိုင် တန်ဖိုးထားတဲ့ ရိုးရာစရိုက်တွေနဲ့လည်း မဆန့်ကျင်တဲ့ အပြုအမူမျိုး ဖြစ်သင့်ပါတယ်။ စဉ်းစားသင့်တာ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ဖက်က ဘာတွေကို ဘယ်၍ဘယ်မျှ အလျော့အတင်း လုပ်သင့်လဲ ဆိုတာပါ။ မြန်မာတွေလို ရေကြည်မြက်နုရာရွှေ့ပြောင်း နေထိုင်သူများ အဖို့တော့ အိမ်ရှင်များအတွက် ခင်မင်နှစ်လို့ဖွယ် ဒါမှမဟုတ်လဲ လက်ခံပေါင်းစည်းလို့ ရတယ်ဆိုတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အမူအကျင့်မျိုးပြနိုင်ဖို့ အရေးကြီးလှပါတယ်။
ထိုင်းမှာနေရင် လက်အုပ်ချီနှုတ်ဆက်၊ ဂျပန်မှာဆို့ခါးလေးကိုင်း၊ အင်္ဂလိပ်စကားပြော နိုင်ငံများ မှာဆိုရင် ဟောင်းအာယူ၊ ဟဲလိုပေါ့။ အရာရာတိုင်းကို ရောမရောက်ရင် ရောမလို ကျင့်ရမှာမဟုတ်ပေမဲ့ အနေအထားအသစ်နဲ့ ကိုက်ညီအောင်တော့ ပြုမူရပါလိမ့်မယ်။ အများလက်ခံနိုင်၊ ခေတ်နဲ့လျော်ညီတဲ့ အပြုအမူမျိုးတွေ ဆိုတာလည်း အနောက်တိုင်းဖက်က လာတာများပါတယ်။ အထင်ရှားဆုံးကတော့ နယ်ပယ်အသီးသီးနဲ့ဆိုင်တဲ့ ဥပဒေတွေပါ။ လူမှုဆက်ဆံရေးမှာလဲ သူတို့ကိုစံပြုတာ အငြင်းပွားဖို့ရာ အနည်းဆုံးလို့ ထင်ပါတယ်။ ဥပမာ- အမျိုးသမီးတွေကို ဦးစားပေးတဲ့ အပြုအမူမျိုး (သူတို့ကိုရှေ့က သွားခိုင်းလို့ ကိုယ့်ကတောင် နောက်ကနေ စိမ်ပြေနပြေ ကြည့်ခွင့် ရပါသေးတယ်)၊ တခုခု မလုပ်ခင်မှာ ခွင့်တောင်းတာမျိုး၊ ကိစ္စတခုခုပြီးရင် ဟုတ်ဟုတ်မဟုတ်ဟုတ် ကျေးဇူးတင် လိုက်တာမျိုး၊ လူလူချင်း တွေ့ရင် သိသိမသိသိ နေကောင်းလား၊ ကောင်းသောနံနက်ခင်းပါဆိုပြီး နှုတ်ဆက်တာမျိုး၊ လူကြားထဲ ငြင်သာစွာ စကားပြောတာမျိုး၊ နှာချေချောင်းဆိုး သန်းဝေရင် ပါးစပ်ကို လက်နဲ့ သို့ အဝတ်တခုခုနဲ့ လုံခြုံစွာအုပ်တာမျိုး ပြီးသွားရင်လည်း ဘေးကလူ တွေကို စတိသဘော တောင်းပန်တာမျိုး၊ ရှေ့ဘေး ဝဲယာရှိသူစိမ်းများကို စပ်စုလိုတဲ့ အကြည့်နဲ့ လိုက်မကြည့်တာမျိုး၊ တကိုယ်ရည်သန့်ရှင်းမှုမျိုးတို့ဟာ ဘယ်ယဉ်ကျေးမှုမှာမဆို သင်ယူလေ့ကျင့်ကောင်းတဲ့ အချက်တွေပါ။
အိမ်အပြန် မြေအောက်ရထားစီးတော့ ကျွန်နော့်ရှေ့မှာ ထိုင်နေတဲ့ အဖြူမလေး တယောက်ကို အမူးသမား ဂျလေဗွီ တယောက်က ရိသဲ့သဲ့ စကားကပ်ပြောတော့ ကောင်မလေးက အလိုက်အထိုက် တုံ့ပြန်ပြီး နောက်စတေရှင် တခုရောက်တော့ သက်တောင့်သက်သာ ထွက်သွားပါတယ်။ ဒီဖြစ်ရပ်မှာ ဘယ်သူမှ အိန္ဒြေမပျက် ကိုယ့်လမ်းကိုယ်သွားလို့ ပြီးသွားပါတယ်။ အကယ်၍သာ ကောင်မလေးက မသတီသလို ပြုမူလိုက်ရင် မလိုလားအပ်တဲ့ အချင်းများမှုတွေ ဖြစ်နိုင်ပါတယ်။ ဒီဥပမာက ကြုံလို့ထည့် ရေးလိုက်တာပါ။ သူမလိုမျိုး ကြုံလာတဲ့ အခြေအနေဆိုးတရပ်ကို ပါးနပ်စွာနဲ့ ထိန်းချုပ်ဖို့ဆိုတာ သာမန်လူတွေ အဖို့ခဲယဉ်းပါလိမ့်မယ်။
ရန်ကုန်မှာရှိစဉ် ပိုင်ရှင်သူဌေး နိုင်ငံခြားသားက ဟောင်းအာယူဒူးရင်းလို့ ပေါ့ပေါ့ပါးပါး မေးလေ့ ရှိပါတယ်။ အဲဒါကို ပြန်ဖြေဖို့ ကျွန်နော်တို့ မြန်မာဝန်ထမ်းတွေ တော်တော်လေး စဉ်းစားယူရပါတယ်။ ဘာကြောင့်ဆိုတော့ ဘယ်လို how ဆိုတဲ့မေးခွန်းကို ရှေ့ခံထားတာကိုး။ အဲဒီတော့ နိုင်ငံခြားသားက ရီတာပေါ့၊ ဒီစကားဟာ တကယ့်မေးခွန်း မဟုတ်ကြောင်း၊ ရင်းနှီးမှု မိတ်ဖွဲ့မှုကိုပြတာသာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး အမေးခံရရင် ချက်ချင်းပါးစပ်ကနေ အဖြေ ပြန်ထွက်သွားဖို့ဆိုတာ အလေ့အကျင့် လုပ်ယူမှရတာမျိုးပါ။
အင်္ဂလိပ်စာစာအုပ် တခုထဲမှာ အဲဒီမေးခွန်းကိုပဲ ပုံနဲ့ သရုပ်ဖော်ထားတာ တွေ့ဖူးပါတယ်။ အင်္ဂလိပ်စာလာသင်တဲ့ ရုရှားမလေးအန်နာကို အမေရိကန်ဆရာမက ကျောင်းကော်ရစ်ဒါမှာ ကြုံတော့ ဟောင်းအာယူလို့ မေးပါတယ်၊ အန်နာက တကယ်မေးတယ်မှတ်လို့ အထစ်ထစ်အငေါ့ငေါ့နဲ့ သူမ သိပ်နေမကောင်းဘူး၊ မနက်အိပ်ယာထတော့ ခေါင်းနဲနဲမူးတယ်လို့ ကြိုးစားဖြေပါတယ်။ ဆရာ က အဖြေကို မစောင့်ပဲ သူ့လမ်းသူသွားရင်း သတ်အစ်စ်ဂွတ် (ကောင်းတယ်လို့) ပြောသွားလို့ အန်နာက ငါ့ကို ဂရုမစိုက်ရင်လည်း ဘာကြောင့် မေးနေသေးလည်းလို့ ဇဝေဇဝါဖြစ်ကျန်ခဲ့ပါတယ်။ ဆရာမက သူအတွေးနဲ့ သူဖြစ်မှာပါ၊ ဒါပေမဲ့ သူတို့ ယဉ်ကျေးမှုအတိုင်း အလွယ်တကူ ဟေ့ဘယ်လိုလည်းလို့ အလာပသလာပ ပြောလိုက်တာပါ၊ သိချင်လို့မေးတာ မဟုတ်ပါဘူး။ အမေးခံရသူက အိုင်အမ်ဂွတ်လို့ စိတ်ထဲရှိသလို အလွယ်ဖြေခွင့်ရှိပါတယ်။
ရေခြားမြေခြား နေရာဒေသတွေကို ရွှေ့ပြောင်းလာသူတွေအတွက် အက်တိကတ်လို့ ခေါ်တဲ့ လူမှုအခြေခံကျင့်ဝတ်တွေက ဘာကြောင့်အရေးကြီးသလဲဆိုတော့ ပြောင်းလာသူအများစုဟာ ဘဝကို တစ်ကနေစရတာမို့ ရောက်တာကြာသူတွေ၊ ဒေသခံတွေနဲ့ ယှဉ်ပြီးဝတ်စားနိုင်သူ မရှိသလောက်ပါပဲ။ ဒီကြားထဲမှာ ဘာသာစကား အခက်အခဲ၊ ဓလ့စရိုက်ခြင်းကပါ ကွဲလေတော့ အထင်အမြင်သေးစရာတွေ ဖြစ်တတ်ပါတယ်။ လောလောဆယ် ကိုယ်ပြနိုင်တာက လူဝင်ဆန့်မှု၊ လူသားဆန်မှု၊ အဆင့်အတန်းရှိမှု တို့ပဲရှိလေတော့ လူတိုင်းသဘောတူနိုင်တဲ့ လူမှုဆက်ဆံရေးတွေနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝကို ချောမွေ့အောင်လုပ်ရပါမယ်။ တချို့က အပိုတွေမလုပ်လို၊ အရှိအတိုင်းပဲ ကောင်းတယ်လို့ ကိုယ့်လူမျိုး ကိုယ်ပိုင်စရိုက်တွေကို အမွှန်းတင်လေ့ရှိပေမဲ့ မပြင်မဖြစ် ပြင်ကိုပြင်ရမဲ့အရာတွေ အများကြီးပါ။
ရိုးရာအစဉ်အလာ ဖိုကြီးဝါဒကို လက်ကိုင်ပြုလို့ အမျိုးသမီးတွေကို နေရာ မပေးတာ၊ လိင်ကိစ္စ ခံစားမှု အတွက်သာ စိတ်ဝင်စားတာမျိုး ဆိုရင်တော့ ချက်ခြင်းပြုပြင်သင့်ပါတယ်။ ယဉ်ကျေးမှုအစဉ်လာ မတူလှတဲ့ ဒေသတွေကသူတွေကို နားလည်ပေးနိုင်ပေမဲ့ ပတ်ဝန်းကျင်အသစ်ကို ပြောင်းရွှေ့နေထိုင်တဲ့ သူအချို့ကျတော့ ဘာကြောင့်လမ်းဟောင်းအတိုင်း ဆက်သွားနေတာလဲ၊ အမြင့်ပန်းကို လှမ်းမမှီနိုင်လို့ စပျစ်သီးချဉ်တယ် ဆိုတာလား။ အဲဒီလို အစွန်းရောက်တွေရှိလို့ ကြားဖူးတာ ပြင်သစ်နိုင်ငံက သူ့ဆီ ပြောင်းလာမဲ့ နိုင်ငံခြားသားတွေဆိုရင် ဗီဇာမထုတ်ပေးခင် သူတို့ရဲ့လွတ်လပ်တဲ့ နေထိုင်မှု ပုံစံတွေကို ဗွီဒီယိုနဲ့ပြပြီး သိရှိကြောင်း ဝန်ခံချက်ထိုးခိုင်းတယ်၊ မဟုတ်ရင် ငါတို့မသိလို့ လာတာဆိုပြီး ပြင်သစ်ရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို ခုတုံးလုပ်ကြလွန်းလို့ပါတဲ့။
အခုလိုမျိုး လူတိုင်းကိုယ်စီ လူမှုဆက်ဆံရေး အခြေခံလေးတွေကို ပြောင်းလဲနိုင်ကြမယ်ဆိုရင် ပြည်ပအလုပ်အကိုင် ဈေးကွက်တွေမှာ မြန်မာလူမျိုးသည် ဖော်ရွေတယ်၊ ဝင်ဆံ့တယ်ဆိုတဲ့အချက်နဲ့ သူများတွေထက် အသာစီးရနိုင်ကြပါလိမ့်မယ်။ မဟုတ်လို့ကတော့ ဒီပုတ်ထဲကဒီပဲ အများနည်းတူ ပိန်မသာ လိမ်မသာနဲ့ပဲ စုပြုံတိုးနေရဖို့များပါတယ်။ ဒါကြောင့် ကမာ္ဘမှာ မြန်မာဟေ့လို့ ကြွေးကြော်ဖို့ ရည်မှန်းချက်ကို ခဏအသာထားပြီး အိမ်ခံကြည်ဖြူတဲ့ ဧည့်သည်ဖြစ်အောင် လူရည် လည်တယ်ဆိုတဲ့ အမြင်ခံရအောင် အရင် ကြိုးစားသင့်တယ် လို့ထင်ပါတယ်။ ဒါမှသာ ကျနော်တို့မြန်မာများ တတိယ တန်းစား လူမျိုးများ ဘဝကနေ လွတ်နိုင်ကြပြီး ရှေ့ဆက်တက်ဖို့ လမ်းပေါက်ပွင့်ကြပါလိမ့်မယ်။
11 comments
weiwei
November 16, 2010 at 7:33 am
ရေးထားတာရှည်ပေမယ့် ဗဟုသုတရပါတယ် … ကျွန်မတို့ မြန်မာလူမျိုးတွေက ကျေးဇူးတင်စကားပြောရမှာ အင်မတန်ဝန်လေးတာကို သတိထားမိပါတယ် … နှုတ်ဆက်စကားပြောတာကိုလဲ ဝန်လေးကြပါတယ် … နိုင်ငံခြားသားတွေက ဗမာလို ဘယ်လိုနှုတ်ဆက်လဲလို့မေးထဲ့အခါ မင်္ဂလာပါလို့ နှုတ်ဆက်တယ်လို့ဖြေထားမိလို့ သူတို့တွေက ကျွန်မကိုတွေ့တိုင်း မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ် …
တရုတ်လူမျိုးတွေက ပါးစပ်ဖျားလေးနဲ့ တွေ့လိုက်တိုင်း နီးဟောင် … ဘာလုပ်ပေးပေး ရှဲ့ရှဲ့ … တစ်ခုခုခိုင်းပြီးတိုင်း ရှင်းခူနီလဲ့ … မားဖန်နီလဲ့ .. စသဖြင့် အားနာတဲ့စကားတွေကို တွင်တွင်သုံးပါတယ် … ကိုရီးယားရုပ်ရှင်တွေထဲမှာလဲ အဲဒီလိုစကားတွေအမြဲကြားနေရပါတယ် … ဗမာ့ယဉ်ကျေးမှုမှာ အဲဒီလိုစကားတွေ ပျောက်ကွယ်နေတာ တော်တော်ကြာနေပြီနဲ့တူပါတယ် …
char too lan
November 16, 2010 at 8:23 am
စဆုံးဖတ်လိုက်တာ မျက်စေ့တွေဝေဝါး သွားတာပဲ ပညာလဲကောင်းကောင်းရလိုက်ပါတယ် စကားပုံလိုလိုဘာလိုလိုစကားတစ်ခွန်းတောင်ရှိပါသေးတယ် “၁ဝတန်းအောင်ဖို့မလိုဘူး အလိုက်သိဖို့ပဲလိုတယ်” တဲ့ ကျနော်ကတော့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကား တနေ့ကို ရခေါက်လောက်ပုံမှန်ပြောဖြစ်တယ်။
kai
November 16, 2010 at 8:27 am
ဒီလို လူအချင်းချင်းတွေ့တာမှာ နှုတ်ဆက်တဲ့ကိစ္စကို တော်တော်စဉ်းစားမိဖူးတယ်..။
မြန်မာတွေ လူချင်းတွေ့ရင် နှုတ်ဆက်လေ့ရှိတာတွေ ရေးပြမယ်နော..။ လိုတာတွေ့လည်းဖြည့်ပေါ့..
နေကောင်းလား။ ထမင်းစားပြီးပြီလား။ ဘယ်သွားမလို့လဲ၊ ဘယ်ကပြန်လာသလဲ.။ ဘယ်လိုလဲ။ ဘယ်လဲ။ ဘာဟင်းနဲ့စားလဲ။ ဘာတွေဝယ်လာလဲ။ ..
ကြည့်ရတာ ..ဖိုးစပ်စု၊ မစပ်စုတို့လမ်းချည်းပဲ..။ လူချင်းတွေ့လိုနှုတ်ဆက်တာမှာ .. သူများကိုယ်ရေးကိုယ်တာအကြောင်း သိချင်တာချည်းဖြစ်နေတာပါ။ ပြန်ဖြေရခက်တော့ ..လူတဖက်သားကိုမုသားပြောဖြစ်အောင်သင်နေသလိုပါပဲ..။ မင်္ဂလာပါဆိုတာ အခုခေတ်နောက်ပိုင်းမှ နည်းနည်းသုံးလာကြတာ..။
ဆိုတော့..
မြန်မာတွေ လူချင်းတွေကြရင် .. မင်္ဂလာပါခင်ဗျာ/ရှင့် ဆိုတာလေးအလေ့အကျင့်ဖြစ်။ ရိုးလာတဲ့အရာ ရိုးရာဖြစ်အောင်လုပ်ကြဖို့တော့လိုမယ်လို့ အကြံပေးကြည့်ချင်ပါတယ်..။
ဆက်ဆွေးနွေးပေးကြပါဦးနော…။
—
bigcat စာကကောင်းလွန်းလို့ သတင်းစာထဲတောင်ပုံနှိပ်ဖေါ်ပြချင်စိတ်ပေါက်တယ်..။
လင်းဝေကျော်
November 16, 2010 at 9:42 am
ဟုတ်ပါတယ်။ မထွန်းကားသေးရင် ထွန်းကာအောင်ပြုကြဖို့ရာ အခုလက်ရှိ ရှင်သန်စီးမျောပြီး မြန်မာ့လူ့ဘောင်ကို အသက်သွင်းနေတဲ့ကျွန်တော်တို့မျိုးဆက်တာဝန်ပေါ့။
မင်္ဂလာပါဗျ၊ မင်္ဂလာပါ၊ မင်္ဂလာပါဗျာ၊ မင်္ဂလာညနေခင်းပါခင်ဗျာ စသည် ပြောဖို့ဝန်မလေးသင့်ပါဘူး။
ကျေးဇူးပဲ၊ ကျေးဇူးပါ၊ ကျေးဇူး စသည်ဖြင့်လည်း လိုအပ်ရင် ပြောကိုပြောရမယ်။
လူတစ်ဦးကို တစ်ဦး အသိအမှတ်ပြုရာရောက်တဲ့ ဓလေ့ထုံးတမ်းပါ။
များများပြောပေးကြပါ။ ဘယ်နေရာက မြန်မာဖြစ်ဖြစ် ပြောကြပါ။ ထုံးတမ်းလေးတွေလည်း မြန်မာဆန်ဆန် ဆန်းသစ်တီထွင်ပေးကြပါ။
fatty
November 16, 2010 at 11:56 am
မြန်မာပြည်မှာနောက်ဆုံးပေါ်နှုတ်ဆက်တာပေါ်နေပါပြီ … တယောက်နဲ့တယောက်တွေ့ရင် …
ဒီနေ့ဘာကောင်းလဲ ….လို့ပြောင်းပြီးနှုတ်ဆက်နေကြပါပြီ။
unclegyi1974
November 16, 2010 at 3:48 pm
ကိုကြောင်ကြီးပြောသွားတာလေးတွေအတော်ကြိုက်ပါ
တယ် ပြောင်းလဲသွားတဲ့ခေတ်ကြီးကိုအမှီလိုက်နိုင်
အောင်အတော်ကြိုးစားရအုန်းမှာပါ
ကျွန်တော်တို့ဆိုလဲစကားအတော်နဲပါတယ်
ဒါပေမဲ့မြန်မာမှုစစ်စစ်ကပွင့်လင်းပါတယ်
ဟန်ဆောင်မှုမရှိပါဘူးဒါကလဲကမ္ဘာမှာမြန်မာမှာဘဲ
ရှိမယ်ထင်ပါတယ်
သူတို့ဆီမှာကနှုတ်နဲ့ပေါ့ပေါ့လေးပြောကြတာပါ
မြန်မာကရင်ထဲကပြောကြတယ်လို့ထင်ပါတယ်
မြို့ပေါ်ကိုမကြည့်ဘဲတောနယ်တွေမှာမြင်နိုင်ပါတယ်
ဘာဘဲပြောပြောကမ္ဘာ့ရွာကြီးဖြစ်လာပြီဆိုတော့
ကောင်းတဲ့အမူအကျင့်လေးတွေကိုမြန်မာမှုပြုနိုင်ရင်
အကောင်းဆုံးလို့ပြောချင်ပါကြောင်း
kopauk mandalay
November 16, 2010 at 4:23 pm
မှန်ပါ့ ကိုကြောင်ယောင်ဆောင်ရေ
ကျနော်တို့မြန်မာတွေမှာလည်း ကိုယ်ထက်ငယ်သူရော ကြီးသူကိုပါလေးစားစွာ ပြုမူဆက်ဆံတတ်ဘို့
အလေ့အကျင့်ကောင်းတွေရှိခဲ့ဘူးပါတယ်။
ငယ်ငယ်က သင်ခဲ့ဘူးတဲ့ ပြည်သူ့နီတိလေ။
အခုမသင်ရတော့ ဘူး။ကလေးတွေကို နီတိသိလားမေရင် နီတာ့ အကိုလို့ဖြေမှာသေချာပေါက်ပါ။
ဒါပေမယ့် ဒီကောင်းသော အကျင့်လေးတွေက တစ်ခေတ်က အသံပြဇာတ်မင်းသားတစ်ယောက်ရဲ့
ဘုဂလန့်စကားတွေကို လူတွေသဘောကျကုန်ပါတယ်။
နေကောင်းလားမေးရင် ကောင်းလို့ တွေ့နေတာပေါ့တို့
စားပြီးပြီလားမေးရင် းမစားရသေးတော့ ကျွေးမလို့လားတို့
ဆိုတဲ့ ကန့်လန့်တိုက်တဲ့စကားတွေကို လူငယ်တွေအတုခိုးရင်း ယဉ်ကျေးစွာနုတ်ဆက်တဲ့ အကျင့်ပျောက်သွားပါတယ်။
ဒါပေမယ့် ရင်ထဲကမပါတဲ့ ဝတ္တရားအရ အသံကတခြား မျက်လုံးကတခြားနုတ်ဆက်ခြင်းကတော့အလကားပါဘဲ။
ယဉ်ကျေးရင်ကောင်းပါတယ် မြန်မာလူမျုးိက အခြေခံအားဖြင့်ယဉ်ကျေးတဲ့လူမျုးိပါဗျာ။
bigcat
November 17, 2010 at 1:21 am
ကွန်းမန့်ပေးသူများအားလုံးကို ကျေးဇူးတင်ပါသည်။
ကိုခိုင်ရေ ကြိုက်တယ်ဆိုလို့ ဝမ်းသာပါသည်။ ပုံနှိပ်ဖော်ပြပေးချင်စိတ် ပေါက်တယ်ဆိုလို့ ပိုပြီးဂုဏ်ယူမိပါသည်။
မြန်မာလို မင်္ဂလာပါ၊ ကောင်းသောနံက်ခင်း ဘာညာနဲ့ပြောရတာ အကျင့်မရှိလို့လားမသိ ဖီလင်မလာပါ။ ပွဲလမ်းသဘင် အစည်းအဝေးတွေမှာတော့ အဆင်ပြေနိုင်ပါသည်။ ပုံမှန်ပြုနေကြ လူမှုဆက်ဆံရေးအတွက် ပိုပြီးခေတ်မှီသော အသုံးအနှုန်းများ ထွင်နိုင်လျှင် ပိုကောင်းမည် ထင်ပါသည်။ သိမိသလောက်တော့ ပေါ့ပေါ့ပါးပါးနဲ့ စပ်စုခြင်းမျိုးမပါပဲ နှုတ်ဆက်တာက နေကောင်းလား တခုပဲရှိပါသည်။
weiwei
November 17, 2010 at 3:16 am
တရုတ်စကားမှာလဲ နီးဟောင်လို့အလွယ်နှုတ်ဆက်ပေမယ့် ရင်းနှီးတဲ့သူအချင်းချင်းဆို ( ni qu nar?) နီချွိနားလ် (ဘယ်သွားမလို့လဲ) ၊ (chi fan le ma?) ချီးဖန့်လယ်မား (ထမင်းစားပြီးပြီလား)၊ (ni hao ma?) နီးဟောင်မား (နေကောင်းလား) စသဖြင့် ဗမာတွေလိုပဲ နှုတ်ဆက်ပါတယ်။ နိုင်ငံခြားသားတွေက အဲဒါကို complain လုပ်တယ်။ ဆရာမက ရှင်းပြတာတော့ သိချင်လို့မေးတာမဟုတ်ပါဘူးတဲ့ .. တရုတ်တွေရှေးအရင်က ဆင်းရဲတော့ ထမင်းစားနိုင်တာဟာ မင်္ဂလာတစ်ပါးဖြစ်တယ် … လူတစ်ဦးနဲ့တစ်ဦးတွေ့ရင် အဲဒီအကြောင်းကို အဓိကထားပြီး မေးရင်းကနေ အခုခေတ်အထိ ယဉ်ကျေးမှုတစ်ခုလို စီးဆင်းလာတာလို့ပြောပါတယ် …
MaMa
February 28, 2011 at 2:21 am
ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကိုတော့ ကိုယ်ကိုယ်တိ်ုင်သဘောကျလို့ ပြောဖြစ်အောင်ကြိုးစားပြီးတော့ပြောတယ်။ ပြောလည်းပြောဖြစ်ပါတယ်။ မင်္ဂလာပါကိုတော့ မပြောဖြစ်သလောက်ပဲ။ မရင်းနှီးတဲ့၊ တစ်ခါတလေမှ တွေ့ရတဲ့လူကိုလည်း ပြောရမှာ ကြောင်စီစီကြီးဖြစ်နေသလိုပဲ။ ရင်းနှီးတဲ့၊ အမြဲတမ်း တွေ့နေလူကိုလည်း ပြောဖို့မလိုဘူးထင်တယ်။
naywoonni
February 28, 2011 at 11:11 am
ကိုကိုကြောင်ရေ….. ခုတစ်လော ကျွန်တော်တို့ ဆီမှာ လူချင်းသိသိမသိသိ ဘယ်လိုနှုတ်ဆက်သလဲ သိလား။ မနက်စောစောဆိုရင် “ညက မန်ပွဲ ဘယ်လိုလဲ” တဲ့။ နဲနဲနေ့မြင့်လာရင် “မနက်အစော ဈေးကွက်က ဘာတဲ့လဲ ” တဲ့ အဲဒိထက်နောက်ကျသွားရင်” မနက်စာ ဝမ်းချိန်း ဘာကောင်းလဲ”တဲ့ 12နာရီ ကျော်စ ဆိုရင်တော့ ” ရလိုက်သေးလား” ” ဘာထွက်သွားလဲ” တဲ့။ အဲ့နောက် ရောက်သွားရင်တော့ ” ညစာ ဂဏန်းလေး လုပ်ပါဦး” တဲ့။ ယဥိကျေးပျူငှာ နှုတ်ခွန်းဆက်ပုံလေးတွေ မြင်စေ့ချင်တယ်။
ကျွန်တော်တို့ သူငယ်ချင်းချင်းတွေ နှုတ်ဆက်ပုံက တစ်ကယ်လန်းတယ် သိလား? လူချင်း မတွေ့လိုက်နဲ့ ” ဟေ့ကောင်ကြီး မသေ သေးဘူးလား”တဲ့ ။ အဲဒိတော့ အနှုတ်ဆက်ခံရသူကဘာပြန်ပြောသလဲသိလား။ ” မင်းကိုလိုက်ပို့ပြီးရင် သေမှာပေါ့ဟ” တဲ့။ ဒါလည်း ယဉ်ကျေးတာပဲနော် / 😛