ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း

Zaw WonnaNovember 23, 20101min2013

နိုဝင်ဘာလ ၂ဝ ရက်နေ့။           ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများအဖွဲ့က
ဝါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲကို
မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေနေအိမ်တွင် ကျင်းပရာ၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့်အစုံ။

“ကျမကို ဒီလိုတာဝန်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူပါတယ်။

နောက်ပြီးတော့ တာဝန်ဆိုတာ အမြဲပဲ ကြီး မားတဲ့ ကိစ္စတခုပါ။ တာဝန်ကို ထမ်းရတယ်။ ထမ်းရတယ်ဆိုကတည်းက လေးတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ရှိ တာပေါ့။ တာဝန်သေးသေးဆိုရင်တော့ ခပ်ပေါ့ပေါ့ပဲ ထမ်းရမယ်။ ဒီဟာကတော့ တာဝန်ကြီးကြီးဖြစ်လို့ ကျမ အင်မတန်မှ လေးလေးနက်နက် စိတ်ထဲမှာထားလို့ တာဝန်ကျေပွန်အောင် ကြိုးစားပါ့မယ်။ ဒါပေမယ့် ဒီလို ကျ မ တာဝန်ကျေပွန်အောင် လုပ်တဲ့အချိန်မှာ ကျမကို ဝန်းရံပြီးတော့ ကူညီပေးဖို့ လိုပါတယ်။ ကျမတို့ လူကြီးတွေ ကလည်း အကြံဉာဏ်ပေးဖို့၊ ဆုံးမစရာရှိတာ ဆုံးမဖို့၊ ကျမတို့ အထူးသဖြင့် ကျွန်မတို့တိုင်းရင်းသားတွေဟာ ကျွန်မတို့ရဲ့လုပ်ဖော်ကိုင်ဖက်ဟုတ်ရဲ့လားဆိုတာ ကျွန်မတို့ပြရမယ်။ ကျွန်မတယောက်တည်း
ကျွန်မသဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။ အခုဒီမှာ ရောက်နေတာက
မျိုးဆက်တွေကလည်းစုံတယ်။

လူကြီးတွေ၊ အခုလာပြီးပြောနေတဲ့ ဘဘတို့ ရဲ့ မျိုးဆက်တွေ၊
ကျွန်မတို့ရဲ့မျိုးဆက်တွေ၊ ကျွန်မတို့ထက်ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈
ထက်ငယ်တဲ့ လူငယ်တွေ၊ မျိုးဆက်တွေ၊ ဒီမျိုးဆက်တွေ၊ မျိုးဆက်တွေက
ဒီတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားရမယ်။ ညီလာခံတခုထက် အရေးကြီးတာက
စိတ်ဓာတ်ပဲ။

ကျွန်မတို့က ပင်လုံစိတ်ဓာတ်ကို ဆက်ပြီးရှင်သန်အောင်လုပ်သွားဖို့က
နောင်မျိုးဆက်တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုက ညီလာခံတခုနဲ့
ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုက်တဲ့
ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီး ကျွန်မတို့နိုင်ငံအတွက်
ရပ်တည်သွားနိုင်ဖို့ဆိုတာ အားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက် တခုနဲ့
မပြီးသွားဘူး။

မျိုးဆက်တွေ၊ မျိုးဆက်တွေ ဆက်ပြီးတော့လုပ်ရဦးမယ်။
တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့လုပ်ရမယ်။ အခုဒီလို
ဝါရင့်နိုင်ငံရေးသမားကြီးတွေ ကန်တော့ပူဇော်ပွဲမှာ ဒီလိုကိစ္စတွေအတွက်
ဆုံဆည်းပြီးလုပ်ကြတာ အင်မတန်မှ သင့်တော်တယ်လို့ ကျွန်မထင်တယ်။
တစ်နည်းအားဖြင့် ဆိုလို့ရှိရင် ဝါရင့်နိုင်ငံရေးသမားကြီးများ၊
လူကြီးများက ကျွန်မတို့ကို လက်ဆင့်ကမ်းပြီး တာဝန်ပေးလိုက်တဲ့သဘောပဲ။

အဲဒီတော့ ကျွန်မတို့ကလည်း အခုထက်တောင်ပိုပြီး လုပ်ဆောင်ရမှာပေါ့။
ကျွန်မတို့ပြီးလို့ရှိရင် လူလတ်ပိုင်း၊ လူငယ်ပိုင်း အဆင့်ဆင့်လုပ်သွား
ရမယ်။ ဘယ်တော့မှ နိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိဘူး။ နိုင်ငံရေးဆိုတာ
လူတိုင်း ဘယ်သူနဲ့မှလည်း ကင်းတယ်လို့ မရှိဘူး။ ဘယ်တော့မှ
ပြီးဆုံးသွားတယ်လို့လည်း မရှိဘူး။

ဒုတိယပင်လုံလို့ပဲပြောပြော ကျွန်မ ၂၁ ရာစုနှစ်ပင်လုံလို့ ပြောချင်တာက ၂၁
ရာစုနှစ်အမြင်တွေနဲ့လည်းကိုက်အောင်၊ ၂၁ ရာစုမှာ ရမယ့်အခွင့်အရေးတွေ၊
လုပ်ပုံလုပ်နည်း၊ လမ်းကြောင်းတွေနဲ့ ကိုက်အောင်ဆိုပြီးတော့ ကျွန်မက
လုပ်လိုက်တာပါ။ လူကြီးတွေပြောတဲ့ ဒုတိယပင်လုံဆိုတဲ့စကားကို
ဖယ်ရှားတဲ့သဘောလည်းမဟုတ်ပါဘူး။ ထပ်ပြီး တော့ ဖြည့်ဆည်းပေးတဲ့ သဘောလို့
မြင်စေချင်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ တကယ့် ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ လူတိုင်းမှာ
တာဝန်ရှိပါတယ်။ ဟုတ်တာတော့ ကျွန်မက ပြောရမှာပဲ။ ကျွန်မက ဗမာဆိုတော့
ဒီလိုအခြေအနေမှာ ပြောလို့မကောင်းပါဘူး။ လူများစု ဖြစ်တဲ့ ဗမာတွေက
ပိုပြီးတော့ကြိုးစားရမယ်။ ငါတို့က လူများစုဆိုတာ အခွင့်အရေးယူဖို့
မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲသလိုပဲမြင်ပါတယ်။ ကိုယ့်မှာ
အင်အားပိုပြီးတော့များ လို့ရှိရင် တာဝန်ပိုပြီးတော့ ယူရမယ်။
အခွင့်အရေးကို လျှော့ပြီးတော့ယူရမယ်။

ဒါမှ လူ့သိက္ခာနဲ့ညီတဲ့ ကျွန်မတို့နိုင်ငံအတွက် ကောင်းတဲ့အစဉ်အလာတွေ
ဖြစ်နိုင်မှာပါ။ တော်လှန်ရေးသမားဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆိုတဲ့အခါမှာ
ဆရာကြီးမင်းသုဝဏ်ရဲ့ “သူ့မှာတမ်း ” ဆိုတဲ့ ကဗျာပေါ်အခြေခံပြီးတော့
ပြောချင်တယ်။ တော်လှန်ရေးသမားရဲ့ စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင်၊
နောက်ဆုံးစွန်းတိုင်၊ အဲဒီကဗျာကို ဖတ်ဖူးတဲ့သူတွေ ၊ မှတ်မိတဲ့သူတွေ
သိပါလိမ့်မယ်။ ဒီတော်လှန်ရေးသမားကြီးက တော်လှန်ရေးမပြီးခင်
ကျဆုံးသွားတဲ့အခါကျတော့ သူက တောင်းပန်သွားတယ်၊ အားနာပါတယ်၊ လမ်းဆုံး ကို
သူမမီ တော့ဘူး။ အဲဒီလိုပဲဖြစ်ရမယ်။ ကိုယ်က ဘယ်လောက်လုပ်ပေးပါတယ်ဆိုတာ
ပြောမယ့်အစား ကိုယ်ဒါ့ထက်ပိုပြီးတော့ မလုပ်ပေးနိုင်တာကို
မကျေနပ်နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့ တောင်းပန် ပါတယ်ဆိုတဲ့
စိတ်ဓာတ်အားလုံးမှာ ရှိရမယ်။ အဲဒီလို စိတ်ဓာတ်မျိုးနဲ့လုပ်သွားရမယ်။

အခုဆိုရင် ကမ္ဘာကြီးမှာ နောက်ဆုံးတော်လှန်ရေးကို IT တော်လှန်ရေးပေါ့နော်၊
ဒီလို သူတို့ ခေါ်ကြတယ်။ နည်းပညာတော်လှန်ရေးပေါ့။ အရင်တုန်းက စက်မှု
တော်လှန်ရေးလည်း ရှိခဲ့ တယ်။ တော်လှန်ရေးအမျိုးမျိုးရှိခဲ့တယ်။
တော်လှန်ရေးဆိုတာက အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။
အဲဒီလို အပြောင်းအလဲတွေက ကျွန်မတို့ ကမ္ဘာကြီးတည်သရွေ့ ရှိနေမှာပဲ။
ကျွန်မတို့အားလုံးမှာ တော်လှန်ရေးစိတ်ဓာတ်မွေးတယ်ဆိုတာက အဲဒါကို
ပြောတာပဲ။ ခေတ်နဲ့အညီ ကိုယ်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီး
ထမ်းဆောင်သွားချင်တဲ့စိတ်ပဲ။

အခု ကျွန်မတို့က ခေတ်နဲ့အညီ ပြည်ထောင်စုစိတ်ဓာတ်တွေ ကို ဘယ်တော့မဆို
ခိုင်မြဲသထက် ပိုပြီးတော့ ခိုင်မြဲအောင်လုပ်သွားရမှာ၊
အဆုံးရှိမှာမဟုတ်ဘူး။ ဘယ်တော့မှ အဆုံးရှိမှာမဟုတ်ဘူး။ ပင်လုံညီလာခံ၊
ဒုတိယပင်လုံညီလာခံ ခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာမျိုးမဟုတ်ဘူး။
ပင်လုံညီလာခံကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို အကောင် အထည်ဖော်ရမယ်၊ ဆက်ပြီး
ဆက်ပြီးတော့ ပင်လုံစိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုင်မာအောင်၊ ပိုပြီးတော့
ကျယ်ပြန့်လို့ ကြိုးစားသွားရမယ်၊ ကျွန်ခပ်တိုတိုပဲပြောပါရစေ။

ပေးလိုက်တဲ့ တာဝန်တွေ၊ အခုပေးတဲ့တာဝန်တွေကို ကျေပွန်အောင်ကြိုးစားပါ့မယ်။
ဒီလိုကြိုးစားတဲ့နေရာမှာ ဝိုင်းပြီးတော့ အကူအညီပေးကြပါ။ အကြံဉာဏ်ပေးကြပါ။
သဘောမတူရင်လည်း သဘောမတူဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့
သဘောမတူတာလဲ၊ ကျွန်မလုပ်ပုံကိုင်ပုံတွေကို သဘောမတူတာလား၊ ဘာဖြစ်လို့
သဘောမတူတာလဲ ဆိုတာကို ပြောကြပါ။ ကျွန်မက အဲဒီ ဘာဖြစ်လို့ ဆိုတဲ့မေးခွန်းက
အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ ပြောရုံနဲ့မရဘူး။
ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာ
အကြောင်းအချက် ခိုင်ခိုင်မာမာရှိရမယ်။ အဲဒီတော့မှ တဘက်က နားလည်နိုင်မယ်။
ဘယ်လိုပြုပြင်ရမလဲ၊ ဘာဖြစ်လို့ ပြုပြင်သင့်သလဲဆိုတာ သဘောပေါက်မယ်။

ဒီတာဝန်ထမ်းဆောင်ဖို့ ဝါရင့်နိုင်ငံသမားကြီးများဖြစ်တဲ့ လူကြီးများ၊
ကျွန်မတို့နဲ့ တမျိုးဆက်တည်းဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ ကျွန်မတို့ ထက်ငယ်တဲ့
၈၈ မျိုးဆက်လို့ ပဲဆိုပါတော့၊ လူလတ်ပိုင်း၊ နောက်ပြီးတဲ့ တက်သစ်စဖြစ်တဲ့
လူငယ်ပိုင်းတွေက အားလုံး ဝိုင်းပြီးတော့ ကူညီကြပါ။ အားလုံးဝိုင်းပြီးတော့
လုပ်ကြပါ။ အားလုံးရဲ့တာဝန်က တယောက်ချင်း ၊ တဦးချင်း ရဲ့
တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။ ကျွန်မတို့မှာ
အားနည်းချက်တွေ ရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုင်းနဲ့ဆိုင်တယ်၊
အောင်မြင်မှု ကလည်း လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။
တချို့ကျတော့ အားနည်းချက်ဆိုရင် ငါနဲ့မဆိုင်ဘူး၊ အောင်မြင်မှုဆိုရင်တော့
သူတို့ပဲ၊ သူတို့ပဲ ဆိုတာတွေ ကတော့ မဖြစ်ဘူးနော်။ အဲဒီစိတ်ဓာတ်ကို
ကျွန်မတို့ ဖယ်ရှားရမယ်။ ပုဂ္ဂိုလ်တဦးချင်း ၊ တယောက်ချင်းကလည်း ဒီလို
စိတ်ဓာတ်ထားရမယ်၊ အဖွဲ့အစည်းတခုချင်းကလည်း အဲလိုစိတ်ဓာတ်ထားရမယ်။
ကျွန်မတို့ လုပ်တာအောင်မြင်ရင် ဒို့ NLD ကွ ဆိုပြီး အဲလို ပြောတာက
အင်မတန်မှ မှားတယ်။ တချို့ကျတော့လည်း နိုင်ငံရေးနဲ့ပတ်သက်လို့ လုပ်တာ
သိပ်အားမရလို့ရှိရင် အဲဒါ NLD ပဲ ဆိုပြီး လက်ညိုးထိုးတာလည်းရှိတယ်။
အဲဒီနှစ်ခုစလုံးက မမှန်ဘူး။

အားလုံးတကယ်ပဲ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော်လှန်ရေးကြီးကို
အောင်အောင်မြင်မြင်လုပ်ချင်တယ်ဆိုလို့ရှိရင် အားနည်းချက်တွေကိုလည်း
အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ထားရမယ်၊ အောင်မြင်ချက်တွေကိုလည်း
အားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။ ဒါက တကယ်ကို ညီညွတ်ရေးရဲ့
အခြေခံပဲ။ ကျွန်မတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင်
ကျွန်မတို့တိုင်းရင်းသားအားလုံး၊တိုင်းရင်းသားထဲမှာ ဗမာကို
ထည့်ပြီးပြောလိုက်မယ်၊ ဗမာနဲ့ တိုင်းရင်းသားဆိုတာ
သိပ်ပြီးပြောစရာမလိုဘူး။ ကျွန်မတို့လည်း တိုင်းရင်းသားလူမျိုးပဲ။
တိုင်းရင်းသားထဲက တစုပဲ။ ကျွန်မတို့ တိုင်းရင်းသား အားလုံးရဲ့
လုပ်ဆောင်ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ရှေးရှုပြီးတော့
စဉ်းစားသွားပါ မယ်လို့ ကျွန်မကတိပြုတယ်ပဲ ပြောပါရစေ။ ကျွန်မ
ကတိပြုတယ်လည်း သိပ်ပြီးမပြောချင်ဘူး။ ကတိဆိုတာ
သေချာတည်နိုင်တယ်ဆိုတဲ့အာမခံချက်ရှိမှ။ ကျွန်မလုပ်နိုင်သလောက်လုပ်သွား
မယ်။ ကျွန်မ တတ်နိုင်သလောက် ဒီတာဝန်ကို ကျေပွန်အောင် လုပ်သွားပါမယ်လို့ပဲ
ပြောပါရစေ။ ။ ”

3 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 23, 2010 at 2:37 am

    မေမေစုရဲ ့မိန် ့ခွန်းတစ်ခုလုံးကတော့ အားလုံးအနှစ်သာရတွေချည်းပါဘဲ
    အဲ့သည်ထဲမှာမှ
    (ကျွန်မတယောက်တည်း ကျွန်မသဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး)
    (မျိုးဆက်တွေက ဒီတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားရမယ်။ ညီလာခံတခုထက် အရေးကြီးတာက စိတ်ဓာတ်ပဲ)
    (ငါတို့က လူများစုဆိုတာ အခွင့်အရေးယူဖို့ မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲသလိုပဲမြင်ပါတယ်။ ကိုယ့်မှာ အင်အားပိုပြီးတော့များ လို့ရှိရင်
    တာဝန်ပိုပြီးတော့ ယူရမယ်။အခွင့်အရေးကို လျှော့ပြီးတော့ယူရမယ်။)
    (ပေးလိုက်တဲ့ တာဝန်တွေ၊ အခုပေးတဲ့တာဝန်တွေကို ကျေပွန်အောင်ကြိုးစားပါ့မယ်။ဒီလိုကြိုးစားတဲ့နေရာမှာ ဝိုင်းပြီးတော့ အကူအညီပေးကြပါ။
    အကြံဉာဏ်ပေးကြပါ။သဘောမတူရင်လည်း သဘောမတူဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့
    သဘောမတူတာလဲ၊ ကျွန်မလုပ်ပုံကိုင်ပုံတွေကို သဘောမတူတာလား၊ ဘာဖြစ်လို့သဘောမတူတာလဲ ဆိုတာကို ပြောကြပါ)
    (ကျွန်မက အဲဒီ ဘာဖြစ်လို့ ဆိုတဲ့မေးခွန်းကအင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ ပြောရုံနဲ့မရဘူး။
    ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာအကြောင်းအချက် ခိုင်ခိုင်မာမာရှိရမယ်။ အဲဒီတော့မှ တဘက်က နားလည်နိုင်မယ်။)
    လို ့ပြောနေတာတွေကိုထောက်ရှု ့ခြင်းအားဖြင့်
    ကိုယ်တွေက လေးစားလို ့သာ သူမ မိန် ့ခွန်းပြောနေတယ်လို ့မှတ်ယူပေမယ့်
    သူမဖက်ကတော့
    ပြည်သူကပေးတဲ့တာဝန်ကို သူမ ဘယ်လိုထမ်းဆောင်ပါမည့်အကြောင်း
    ပြည်သူ ့ကို လေးလေးစားစား အစီရင်ခံနေတယ်လို ့သူ ့ကိုယ်သူ သဘောထားတာကို မြင်မိတဲ့အခါ
    ဪ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ ့နောက်မှာ ကိုယ်တာဝန်မကျေဖြစ်မှာကိုလည်း စိုးရိမ်မိပါတော့တယ်။

  • KoNyeinChan

    November 23, 2010 at 4:53 am

    ဪ.. အမေစုရဲ့ မိန့်ခွန်းစကားတိုင်းဟာ တန်ဖိုးရှိပေစွ။ မြင့်မြတ်ဂုဏ်သိက္ခာရှိသူတွေဆီက တန်ဖိုးရှိစကားတွေဘဲ အမြဲကြားရတာပါ။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းလည်း လိုရင်းတိုရှင်းဘဲပြောတတ်တယ်။ အဲ့ဒီတော့ နားထောင်ရ၊ ဖတ်ရသူတွေလည်း ပြောသမျှအကုန် ခေါင်းထဲရောက်တယ်။ လက်ရှိမြန်မာ စစ်ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းဆိုရင် သတင်းစာထဲမှာထည့်ထားတာ တစ်မျက်နှာအပြည့်ဘဲ၊ ပြည်သူအားလုံးနီးပါး အဲ့ဒီစာမျက်နှာကို ကျော်ဖတ်သွားကြတာချည်းဘဲ။ အပြင်မှာ သူတို ့မိန့်ခွန်းခြွေတာကို မသွားမနေရအမိန့်ကြောင့်သွားခဲ့ဖူးတယ်.. သူတို ့ဘာပြောပြော ငိုက်နေတဲ့သူ၊ ဘေးဘီ ဝဲယာကိုဘဲကြည့်နေတဲ့သူ၊ အချင်းချင်းရောက်တတ်ရာရာ စကားပြောနေသူတွေချည်းဘဲ.. ပြီးတော့မှ မကောင်းတတ်လို ့ဝိုင်းလက်ခုပ်တီးပေးကြတာ.. လက်ခုပ်တီးပေးတာကလည်း ပြန်ရတော့မှာမို ့ပျော်လို ့တီးသူတွေခပ်များများ။ အမေစုလွတ်တဲ့နေ့ကဆိုသွားလိုက်ကြတဲ့လူတွေ.. ဘယ်သူကမှ မသွားမနေရအမိန့်မထုတ်ဘူး.. ကွာပါ့ စစ်အစိုးရနဲ ့..ဆီ နဲ့ ရေ၊ မိုး နဲ့မြေ။ ကြုံလို ့ဆက်မန်းလိုက်ဦးမယ်.. အန်တီစုရဲ့ သတင်းတိုင်း၊ဓါတ်ပုံတိုင်း၊ အကြောင်းအရာတိုင်း ပြည်သူတွေအရမ်းသိချင်ကြတာ သူ ့ထက်ငါ အလုအယက်.. ရင်ထဲက နှစ်နှစ်ကာကာချစ်ကြတာကိုး.. ဂျာနယ်တွေထဲမှာ အန်တီစုအကြောင်းရေးတော့ အဲ့ဒီဂျာနယ်တွေကိုပိတ်လိုက်တယ်တဲ့.. စီးပွားရေးအရဘဲဖြစ်ဖြစ်၊ အန်တီစုကို သူတို့ကိုယ်တိုင်ကပါချစ်လို ့ဘဲဖြစ်ဖြစ် ဂျာနယ်တွေထဲမှာ ထည့်သွင်းဖော်ပြခဲ့တဲ့အတွက် ဂျာနယ်တွေကိုကျေးဇူးတင်ပါတယ်.. ပိတ်ရခြင်းအကြောင်းရင်းကလည်း မီဒီယာတွေကတဆင့် အန်တီစုကို ပြည်သူတွေပိုသိနားလည်၊ ပိုမိုအားပေးထောက်ခံ၊ ပိုချစ်လာမှာစိုးလို. အကြောင်းအမျိုးမျိုးရှာရခြင်းပါ…

  • kai

    November 23, 2010 at 7:32 am

    ကျွန်မတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင်
    ကျွန်မတို့တိုင်းရင်းသားအားလုံး၊တိုင်းရင်းသားထဲမှာ ဗမာကို
    ထည့်ပြီးပြောလိုက်မယ်၊ ဗမာနဲ့ တိုင်းရင်းသားဆိုတာ
    သိပ်ပြီးပြောစရာမလိုဘူး။ ကျွန်မတို့လည်း တိုင်းရင်းသားလူမျိုးပဲ။
    တိုင်းရင်းသားထဲက တစုပဲ။ ကျွန်မတို့ တိုင်းရင်းသား အားလုံးရဲ့
    လုပ်ဆောင်ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ရှေးရှုပြီးတော့
    စဉ်းစားသွားပါ မယ်လို့ ကျွန်မကတိပြုတယ်ပဲ ပြောပါရစေ။

    ဒီစာနဲ့တင် ..တော်တော်မျက်ဖြုလန်မလိုလိုဖြစ်သွားတယ်..။
    တော်တော် ပြောရဲတာပဲ…။ သတ္တိကတော့ ..အပြည့်..
    ဗမာတယောက်အနေနဲ့… ဂုဏ်ယူထောက်ခံပါတယ်ခင်ဗျား..။

Leave a Reply