“မလွမ်းစကောင်းလွမ်းစကောင်း (ရှေးကမန္တလေး-အပိုင်း24)”
မန်းလေးမှာ ဟိုအရင်ကတည်းကဘိုးစဉ်ဘောင်ဆက် မပြောင်းမရွွှှေဘဲနေလာမိသားစုတွေ အများကြီးရှိပါတယ်။ဒီလိုမပြောင်းမလဲဘဲ တစ်နေရာထဲမှာ နေနိုင်ကြတာကိုလည်း မိဘအမွေကိုမျိုးရိုးစဉ်ဆက်ထိန်းသိမ်းနိုင်သူဆိုပြီး ဂုဏ်ယူတတ်တဲ့ ဓလေ့လဲ ရှိကြပါတယ်။ဒါကြောင့်လဲ ကျနော်တို့ငယ်ငယ်ကျောင်းသားဘဝမှာ ကတည်းက မန်းလေးမြို့ရဲ့မြို့မျက်နှာဖုံးတွေရဲ့ဝင်းကျယ်ခြံကျယ်တွေကို ဖြတ်သွားဖြတ်လာနဲ့သိနေရတာပါ။လမ်း80 အမျိုးသားပြတိုက်နောက်ကျောကအိမ်ဆိုရင် မြန်မာ့စာတတ်ပေတတ်ပညာကျော် ယောအတွင်းဝန်ဦးဖိုးလှိုင်ရဲ့ဝင်းဖြစ်ပြီး ကျနော်တို့ကျောင်းသားဘဝက အဲဒီခြံဝင်းထဲမှာ ဖွင့်ထားတဲ့ အားသစ်အင်္ဂလိပ်စာ ကျုရှင်ကျောင်းလေးမှာ စာသွားသင်ရပါတယ်။အဲဒီအချိန်ကတော့ သူ့မြေးဖြစ်သူ ရှေ့နေကြီး ဦးခင်မောင်ဒွေးနေတာပါ။ အမျုးိသားပြတိုက်က ဟိုအရင်က (24လမ်းနဲ့လမ်း80)ကျုံးဘေးမှာ နှစ်ထပ်တိုက်အဟောင်းကြီးရဲ့နောက်မှာ ရှိတဲ့ တစ်ထပ်အဆောက်အဦးရှည်မျောမျောလေးဖြစ်ပါတယ်။အဲဒီပြတိုက်က စာကြည့်တိုက်နဲ့လည်းတွဲထားပါတယ်။အဲဒီအမျိုးသားစာကြည့်တိုက်မှ ရှေးကစာအုပ်တော်တော်များများရှိပါတယ်။အပြင်မှာ မရနိုင်တော့တဲ့ စာအုပ်တွေအများကြီးရှိသလိုကျနော်လည်း အသင်းဝင်ကဒ်ပြားလုပ်ပြီး ငှားဖတ်ခဲ့ဘူးပါတယ်။အဲဒီတုန်းက စာကြည့်သင်းဝင်ရင် ပိုက်ဆံမပေးရပါဘူး။ ဒါပေမယ့် ပြန်ထမ်းဝင်အရာရှိ တစ်ဦးဦးရဲ့ထောက်ခံချက်တော့လိုပါတယ်။ကျနော်တို့ကကျောင်းသားဆိုတော့ ကျောင်းအုပ်ဆရာမကြီးက ထောက်ခံပေးပါတယ်။
စာကြည့်သင်းဆိုလို မန်းလေးမှာ အတူယူစရာ လွမ်းစရာကောင်းတဲ့စာကြည့်သင်းလေးတစ်သင်းရှိခဲ့ဘူးပါတယ်။အဲဒီအသင်းမှာ စာအုပ်ထားတဲ့ ဘီရိုကြီးတွေကို က လူတစ်ရပ်ကျော်ပါတယ်။အပေါ်ကစာအုပ်ယူမယ်ဆိုရင် လှေခါးနဲ့တက်ရပါတယ်။ စာရေးဆရာတစ်ဦးချင်းစီရဲ့ ရေးပြီးသမျှစာအုပ်အားလုံးကို ဝယ်တင်ထားပါတယ်။ပျောက်သွားရင် စုတ်သွားရင် မရ ရအောင်ပြန်ရှာလို့တင်ပါတယ်။ကျနော်ထက်အသက်ကြီးတဲ့စာအုပ်တွေ မြန်မာ့ ဂန္ထဝင်မြောက်စာအုပ်တွေ ရှေးဆရာကြီးများရဲ့လက်ရာစာအုပ်တွေကို ဒီစာကြည့်သင်းလေးရဲ့ကျေးဇူးကြောင့်ကျနော်ဖတ်ခဲ့ရပါတယ်။1975ကျနော်စာအရမ်းဖတ်ဖြစ်တဲ့အချိန်(ဦးသန့်အရေးအခင်းကြောင့် ကျောင်းခဏခဏပိတ်တဲ့အချိန်စာတွေလှိမ့်ဖတ်ဖြစ်ပါတယ်)မှာဒီလိုစာကြည့်တိုက်မျုးိတွေ့ရတာအဖိုးတန်ပါတယ်။ဈေးကလဲသက်သာပါတယ် လစဉ်ကြေး ၅ကျပ် အသင်းဝင်ကြေး၅ကျပ်တစ်ခါငှားတစ်အုပ် တစ်ပတ်ထက်ကျော်ရင်တော့ အိမ်လိုက်တောင်းပါတယ်။ တည်ရှိခဲ့တဲ့နေရာလေးကတော့ 83လမ်း28-29လမ်းကြားက ဝင်းလေးထဲမှာပါ။အခုတော့ နှမျောစရာ ဦးကျားကြီးမီးထဲမှာ ပါသွားပါတယ်။နောက် ပုဂ္ဂလိကစာအုပ်အငှားဆိုင်လေးကတော့ 83လမ်း 27-28ကြားက ဝါသနာပါလို့ စာဖတ်ရင်းစာအုပ်အငှားဆိုင်ထောင်ထားတဲ့ သန်းထိုက်ရတနာစာစဉ်ဖြစ်ပါတယ်။ဆိုင်ပိုင်ရှင် ကိုရစ်ကီကျော်မြင့်ကိုယ်တိုင်ကလည်း စာဖတ်ဝါသနာပါတော့ သာမာန်စာအုပ်ဆိုင်တွေမှာငှားမရတဲ့စာအုပ်တွေကို ဝယ်ပြီးသိမ်းထားပါတယ်။ဒီလိုစာအုပ်မျုးိကိုတော့ တကယ်စာဖတ်ဝါသနာပါသူများကို ငှားပါတယ်။
သူတို့ကျေးဇူးကြောင့်လဲ ကျနော်စာတွေအများကြီးဖတ်ဖြစ်ခဲ့ပါတယ်။နောက်စာအုပ်စုံတဲ့အသင်းကလေးတစ်ခုကတော့ မီးရထားဝန်ထမ်းများ တည်ထောင်ထားတဲ့ မီးရထားစာကြည့်သင်းပါ။အဲဒီအချိန်လောက်က မန်းလေးမြို့မှာ ရပ်ကွက်တော်တော်များများမှာ စာကြည့်သင်းတော်တော်များများရှိတာကို တွေ့ရပါတယ်။ဒီစာကြည့်သင်းတွေရှိတဲ့အခါစာပေဟောပြောပွဲတွေကနောက်က ကပ်ပါလာပါတယ်။ကျနော်တို့ လမ်း80ပေါ်က နားနှခေါင်းလည်ချောင်းဆေးရုံနဲ့ကပ်ရက်သာသာနာ့ဗိမ္မာန်မှာ၊အရင်ဖားသားလဖုန်းကျောင်းဝင်းထဲက အောင်ပင်လယ်ခန်းမမှာ မန်းလေးဘူတာကြီးရှေ့ကဝင်းထဲမှာ စာပေဟောပြောပွဲတွေကျင်းပခဲ့ နှင်းမူံမူံကြားမှာ မချမ်းနိုင်မစီးနိုင်နားထောင်ခဲ့ကြတာကလဲအမှတ်ရစရာ။
ပိုအမှတ်ရစရာကောင်းတာကတော့ 84လမ်း ဟံသာဝတီသတင်းစာတိုက်အပေါ်ထပ်မှာ စနေနေ့တိုင်းကျင်းပနေကြ “စနေစာပေဝိုင်းလေး”ပါ။ဆရာ့ဆရာကြီးများလာလို့ဟောပြောကြတာကို အပြန်အလှန်ဆွေးနွေးကြ ဘေးကနေ ပါးစပ်ကလေးဟပြီး နားထောင်ခဲ့ရတာကို အခုထိ မြင်ယောင်နေဆဲ့ပါ။
အမှတ်အရဆုံးကတော့ 1976ခုနှစ်လောက်ဖြစ်မယ်ထင်ပါတယ်။24လမ်း 80-81ကြား အမျိုးသားပြတိုက်ရဲ့နောက်ကျောက အမှတ်(1)အထက်တန်းကျောင်းဝင်းထဲမှာ အဲဒီကျောင်းအုပ်ဆရာမကြီးရဲ့ တူ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်သား အဲဒီအချိန်က မြန်မာပြည်တဝှမ်းလုံးမှာ နာမယ်ကျော် ဘဝသရုပ်ဖော်စာရေးဆရာကြီး (ချစ်စနိုးခေါ်လိုက်မယ်)(ဆေးပြင်းလိပ်နဲ့ကတုံးပြောင်)က ရေးသူဖတ်သူစာဖတ်သူဆွေးနွေးပွဲလုပ်သွားတာတော့ ကျနော်ဘဝမှ မမေ့နိုင်စရာပါ။
ဘာလို့လဲဆိုတော့ ကျနော်က လူတတ်ကြီးလုပ်ပြီး ခပ်ငေါ့ငေါ့မေးတာကို ဆရာကြီးက တလေးတစားဖြေသွားလို့ပါဘဲ။ တစ်ခုသော စနေစာပေဝိုင်းမှာ ဆရာကြီးကကျနော်သမိုင်း ဝတ္တုမရေးဘူးလို့ ပြောသွားပါတယ်။သူနဲ့တွေ့ပြီးမေးရမယ့်နေ့ရောက်တော့ ကျနော်က စာရွက်လေးထဲမှာမေးခွန်းလေးရေးပြီးမေးပါတယ် အမှန်ကတော့ ဆရာကြီးကို ကျနော်က လှမ်းထောက်တာပါ။(ဆရာရေးတဲ့ ကျဉ်တုတ်ခံဝံ့မခံဝံ့ ဆိုတဲ့ ဝတ္တုက တက္ကသိုလ်နောက်ခံ သမိုင်းကြောင်းလေးပါ)အဲဒီစာအုပ်မှာပါတဲ့အကြောင်းအရာတွေကအရင်ကဖြစ်ခဲ့တာတွေကို ပြန်ပြောတော့ သမိုင်းမဟုတ်ဘူးလား ဆရာက သမိုင်းဝတ္တုမရေးဘူးလို့ပြောထားတာနဲ့ ပြောင်းပြန်ဖြစ်မနေဘူးလားလို့မေးလို်က်ပါတယ်။အဲဒီအခါမှာ ဆရာကြီးက ရယ်ကျဲကျဲလေသံလေးနဲ့ (အင်မတန်စကားကပ်တဲ့ ပညာရှင်ပုဂ္ဂိုလ်လေးခင်ဗျား ကျနော်မရေးဘူးဆိုတဲ့ သမိုင်းနောက်ခံဝတ္တုဆိုတာ အားတာနဲ့စစ်တိုက် မောင်နှမချင်းပြန်ယူ ချောချောလှလှဆိုတော်ကောက်ဆိုတဲ့ အားအားယားယားလုပ်ချင်တာလုပ်နေကြတဲ့ ပြည်သူတွေအတွက်ထည့်မတွက်တဲ့ ပဒေသရာဇ်ဘုရင်တွေအကြောင်းကိုဆိုလိုပါတယ် ပြည်သူပြည်သားတွေနဲ့သက်ဆိုင်တဲ့ အကြောင်းတွေရေးပါတယ် ဒီနေ့ကအဖြစ်အပျက်သည်မနက်ဖြန်မှာ အတိတ်က သမိုင်းဖြစ်သွားပါတယ်)လို့ ရှင်းပြသွားတာတော့ ကျနော့်ဘဝမှာ အမှတ်တရပါ။
နောက်မန်းလေးက အိမ်တွေမှာရှိတတ်တာကတော့ တိုက်ဆောက်တယ်ဆိုရင် အဲဒီတိုက်ဆောက်တဲ့ ခုနှစ်သက္ကရာဇ်ရယ် အဲဒီတိုက်ရဲ့နာမယ်တွေကို တို်က်မျက်နှာစာမှာ အင်္ဂတေနဲ့စာရေးလို့ထားတတ်ကြပါတယ်။ဒီတော့လဲ အိမ်တစ်အိမ်ကို ညွှန်းတယ်ဆိုရင် အဲဒီအိ်မ်ရဲ့နာမယ်ကို ပြောပြီးညွှန်းလေ့ရှိပါတယ်။ အခုအော်တိုဖုန်းရုံးနဲ့ကပ်ရက် ကျုံးနဲ့မျက်နှာခြင်းဆိုင် လမ်း80နဲ့ 26ဘီလမ်းဆုံတဲ့နေရာက အိမ်တစ်အိမ်မှာ ယုန်ရုပ်ကလေးရေးထားတော့ “ယုန်တိုက် “နောက်25လမ်း 83လမ်းဒေါင့်ကွေ့က တိုက်ကြီးကတော့
ဒေါင်းရုပ်ကြီး ထိုးထားတော့” ဒေါင်းတိုက်” သူနဲ့တစ်လမ်းတည်း 26ဘီလမ်းဒေါင့်မှာ ဆုံကြီးထဲကို ကျည်ပွေ့ထည့်ထားတဲ့ပုံနဲ့ရှိတဲ့ဆေးရောင်းတဲ့ “ကာတစ်တိုက်”ဒီအဆောက်အဦတွေက ခုချိန်ထိရှိတဲ့ အဆောက်အဦးတွေပါ။ရီစရာလို့ပြောရရင် အဲဒီကာတစ်တိုက်က ဆုံကြီးကိုတင်စားလို့ မိန်းကလေးရဲ့တင်ပါးကို ဘန်းစကားနဲ့ ကာတစ် လို့ခေါ်ကြတာ ကတော့ မြန်မာပြည်အနှံ့အပြား အသုံးများတဲ့ စကားလေးဖြစ်သွားခဲ့ဘူးပါတယ်။
အရင်က ပလိုင်းရပ်မှာဆိုရင်သစ်သူဌေးဦးသာဌေးတိုက်၊ဝါးတန်းမှာဆိုရင်ရေချိုဦးအေးမောင်တိုက်၊ 84လမ်းမှာဆိုရင်ပွဲထိုင်ကိတ်မုန့်တိုက်ရွှေမန်းတင်မောင်တိုက်၊နဂါးဒေါ်ဦးတိုက်၊လူထုသတင်းစာတိုက်
ဒီလမ်းမပေါ်မှာဘဲ 40-41ကြားမှာ မီးချောင်းရောင်စုံထွန်းထားတတ်တဲ့ဘီဒီလက်ဖက်ခြောက်တိုက်၊26ဘီလမ်းမှာဆိုရင် ယူနီဗာဆယ်ကိတ်မုန့်တိုက် မောင်လာနာဘီဒီဆေးလိပ်တိုက်၊
ဆိုပြီးရှိခဲ့ကြပါတယ်။ အခုတော့ ခေတ်တွေပြောင်း စနစ်တွေပြောင်း မီးကလဲနှိပ်စက် ငွေကြေးဖောင်းပွမူ့ကလဲ နိုင်ငံတကာနဲ့အတူဆိုတော့ သာမန်အလုပ်တွေကိုသာလုပ်ကိုင်တတ်ကြတဲ့ မိဘလက်ငုတ်လုပ်ငန်းတွေကိုသာလုပ်ကိုင်တတ်ကြတဲ့ မြန်မာမိသားစုတွေမှာ မိဘဘိုးဘွားပိုင်ဆိုတာတွေကို လက်လွှတ်ခဲ့ကြရတဲ့သူတွေလဲရှိလာပါတယ်။မောင်နှမတွေများ ပြောင်းလဲသွားတဲ့ ငွေကြေးဖောင်းပွမူ့ကြောင့်တန်ဘိုးတက်လာတဲ့ ကိုယ်ပိုင်တဲ့မြေကွက် အိမ်ရဲ့တန်ဘိုးကလဲ ကိုယ်တစ်သက်ရှာမရနိုင်တဲ့မက်လောက်စရာငွေကြေး ဆိုတော့ အမွေဆိုင်အိမ်များမှာရောင်းချင်သူနဲ့မရောင်းချင်သူကြားမှာပဋိပက္ခတွေ ကြီးသထက်ကြီးလို့လာပါတယ်။စီးပွားရေးတောင့်တင်းသူရှိတဲ့ အိမ်များကတော့ရောင်းချင်သူကိုမရောင်းချင်သူက ပြန်အမ်းလို့ ဘိုးဘွားအမွေအနှစ်ကို ထိန်းသိမ်းနိုင်ပေမယ့် စီးပွားရေးအရင်လို မပြေလည်သူများကတော့ ငွေကျပ်တစ်ရာကို 25ကျပ်စွန့်လွတ်နိုင်သူများလက်ကို ထိုးအပ်လိုက်ရပါတော့တယ်။ဒါကြောင့်လဲ မန်းလေးမြို့ရဲ့နေရာတော်တော်များများကတော့ ပိုင်ရှင်အသစ် လူအသစ်လက်မှာ မတူညီတဲ့ဓလေ့ထုံးစံအသစ်တွေကို နေရာအနှံ့အပြားမှာတွေမြင်နေကြတာ လက်ရှိအနေအထားပါ။
အပွင့်လင်းဆုံးပြောရရင်တော့ 1962-63ပြည်သူပိုင်သိမ်းလိုက်တဲ့အချိန်ကစလို့မန်းလေးမြို့ရဲ့ရှေးသူဌေးများ ဘဝပျက်ခန်းစတယ်လို့ဆိုနိုင်ပါတယ်။ ပြည်သူပိုင်သိမ်းပြီးတဲ့နောက်ပိုင်းမှာရှေးက သူဌေးဘွဲ့အမည်ခံတဲ့ မိသားစုတော်တော်များများ က ဘာအလုပ်မှ မယ်မယ်ရရမလုပ်တော့ဘဲ ပိုင်ဆိုင်ခဲ့တဲ့ အထုပ်ကိုဖြည်စားနေတဲ့သူတွေလဲ အမှန်တကယ်ရှိခဲ့ကြပါတယ်။အဲတော့ အဝင်မရှိအထွက်ဘဲရှိနေတယ်ဆိုတော့ ပိုင်ဆိုင်မူ့ကတစ်စထက်တစ်စရော့သွားကြတာအမှန်ပါဘဲ။
နောက်တစ်ခါ ငွေစက္ကူတွေ ဆက်လက်အသုံးပြုလို့မရတော့ဘူးလို့ တရားဝင်ကြေငြာလိုက်တဲ့အခါ ဒီသူဌေးရော ဆင်းရဲသားပါ တစ်ခါ ဒုက္ခရောက်ခဲ့ကြပြန်ပါတယ်။
သူဌေးလှေမှောက်တာနဲ့ သူတောင်းစားခွက်ပျောက်တာ မပမာဏခြင်းမတူပေမယ့်ဒုက္ခရောက်ခဲ့တာကတော့ အတူတူပါဘဲ။ဒီအထဲမှာ မီးဘေးအန္တရာယ်ကလဲ ကြုံလာတယ်ဆိုတော့
ဆင်ပိန်ကျွဲဘဝကနေ ဆိတ်ဘဝပြောင်း ပိုင်ဆိုင်တာတွေရောင်း မြို့သစ်လိုဂျောင်ဂလောင်မှာ မြေကွက်လေးဝယ်ပိုတဲ့ငွေလေးကို ဘာမှလဲမလုပ်တတ်တော့ ငွေတိုးပေးစားနဲ့ အရင်ဘဝများနဲ့ တစ်ခြားစီဖြစ်သွားသူတွေရှိသလို ပန်းပန်လျှက်ဘဲသီချင်းကိုဆိုနိုင်သူ မဗေဒါလေးတွေလဲရှိကြတာကလဲ ဝမ်းသာစရာပါ။
အခုအချိန်မှာတော့ မန်းလေးမြို့က လုံးဝအသစ်ကြီးတော့ မဖြစ်သေးပါဘူး။ မြို့လယ်အချက်အချာကျတဲ့နေရာတွေမှာ အထပ်မြင့်မြင့် ဒီဇိုုင်းဆန်းဆန်းဆေးရောင်သစ်သစ်လွင်လွင်နဲ့ကျော့ကျော့မော့မော့ ရှိနေတဲ့ တိုက်အသစ်တွေကြားထဲမှာ အုဌ်ထုကောင်းကောင်း တိုက်ထုကြီးကြီး မပြုမပြင်ဆေးအသစ်တောင်မသုတ်ဘဲထားတဲ့ အန်းတိတ်တိုက်ကြီးတွေကိုရှေးမူမပျက် ခပ်ခန့်ခန့်ကြီးတွေ့ရမှာပါ။
တစ်ချို့တိုက်တွေကလည်းအခုအချိန်ထိလူနေပါတယ် တိုက်ကိုအသစ်ပြင်နိုင်တဲ့ငွေအင်အားရှိပေမယ့် တမင်ကို မပြင်ဘဲရှေးမူမပျက်ကိုမပြင်ဘဲနေကြပေမယ့် တစ်ချို့ကတော့ ဆွေမျုးိသားချင်းတွေကြားက နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ အမွေဆိုင်အမူ့ကြီးကြောင့် လူလဲမနေရောင်းလို့လဲမရ ဆိုတဲ့ အိမ်ပျက်ဝိုင်းပျက်ကြီးတွေအဖြစ်တွေ့နေရတာပါ။
အခုဒီဘက်နှစ်တွေမှာတော့ အရင်ခေတ်က ပြည်သူပိုင်သိမ်းထားတဲ့အိမ်တွေကို အထောက်အထားခို်င်လုံစွာတင်ပြနိုင်တဲ့ မူရင်းပိုင်ရှင်တွေကို ပြန်ပေးတာ ဝမ်းသာစရာတွေ့ရပြန်ပါတယ်။
ဒါပေမယ့် သေချာတာတစ်ခုကတော့ မန်းလေးမြို့ထဲမှာဘဲဖြစ်ဖြစ် မြို့သစ်မှာဘဲဖြစ်ဖြစ်လမ်းမတန်းမှာ နေရာကောင်းကောင်းဝန်းကျယ်ခြံကျယ်တွေမှာ မူလဇာတိဖြစ်တဲ့မန်းလေးသားအစစ်တော်တော်များများ အနားတောင်မကပ်နိုင်တော့တာပါဘဲ။
ကျနော့်တို့ မန္တလေးမြို့ ဟောင်းသားတွေကရောင်းမယ်ဝယ်မယ် အရင်းနည်းနည်းအမြတ်နည်းနည်းရတဲ့အလုပ်ဘဲလုပ်တတ်ကြပါတယ် ဒီအထဲမှာ အလှူအတန်းလေးကလဲရက်ရောတတ်ပြန်ပါတယ်။နောက်မှရောက်လာတဲ့ ခေတ်သစ်လူသားများကတော့ အမြတ်များများရတဲ့လုပ်ငန်းများကိုလုပ်တတ်ကိုင်တတ် ကြတော့ သူတို့ရဲ့ကြီးပွားတိုးတက်နုန်းကလဲ ဒီရေအလားမြင့်မားလိုလာပါတယ်။
ဒီတော့လဲ ငွေတတ်နိုင်သူများ ငွေရှာနိုင်သူများက သာ တိုးတက်တဲ့ခေတ်ကြီးကို အမှီလို်က်နိုင်တော့ မြို့မျက်နှာဖုံးအသစ်တွေက နေစရာအိမ်မြေပိုင်ဆိုင်မူ့မှာလဲ ရှေ့တန်း လူရာဝင်လို့ နေပါတော့တယ်။ဒီတော့လဲ မြို့မျက်နှာဖုံးလူဟောင်းများက တစ်စထက်တစ်စနောက်တန်းရောက်ကုန်ပါတော့။
(အခုခေတ်ပရီမီးယားဘောလုံးပွဲက အင်္ဂလန်ကလပ်အသင်းများလို့ပေ့ါ၊ နိုင်ငံခြားသားဘောလုံးသမားတွေခြေစွမ်းပိုထက်တော့ နိုင်ငံခြားသားကို အပြိုင်အဆိုင်ငှားကြတဲ့အခါ အင်္ဂလန်ကလပ်တွေမှာ အင်္ဂလန်နို်င်ငံသားအစစ်ဘောလုံးသမားမပါသလောက်ဖြစ်ကုန်သလိုပါဘဲ၊)
တစ်ရက်အလုပ်သွားတဲ့မနက်မှာ မင်္ဂလာဆောင်ကားတန်းကြီးလှည့်လာတာနဲ့တွေတော့ လမ်းမှာကားတန်းဆုံးအောင်ရပ်စောင့်နေရင်းက ဟိုအရင်က မင်္ဂလာဆောင်တွေကို သတိရမိပြန်ပါတယ်။ကျနော်တို့မန်းလေးမှာ မင်္ဂလာဆောင်ရင်ကားနဲ့လှည့်တာကတော့ ရှေးကတည်းကပါ။ခုခေတ်ကတော့ ဆိုင်ကယ်အုပ်စုလိုက်ကြီး အစွမ်းတွေပြစီးတာကလည်း ထုံးစံတစ်ခုလိုဖြစ်သွားပါတယ်။
အရင်ခေတ်က မြို့မျက်နှာဖုံးများမင်္ဂလာဆောင်မယ် မိတ်ဆွေသင်္ဂဟလဲပေါတယ်ဆိုရင် လူများများဆန့်တဲ့ မြို့တော်ခန်းမ(1)မှာဆောင်ကြပါတယ်။အဲဒီနေရာကတော့ အခုထိ ရှိနေသေးတဲ့ စည်ပင်သာယာရုံး 71-72ကြား 26ဘီလမ်းမပေါ်မှာပါ။
နောက် 78လမ်းမပေါ်က မီးရထားရိပ်သာကတော့ ခပ်ကျဉ်းကျဉ်းဆိုတော့ မီးရထားဝန်ထမ်းမိသားစုတွေအဆောင်များခဲ့ပါတယ်။
နောက် 26ဘီလမ်းမပေါ် 81-82လမ်းကြား ရှဲလ်လက်ဖက်ရည်ဆိုင်နဲ့မျက်နှာခြင်းဆိုင် ယူနီဗာဆယ်ခန်းမကတော့ လူလတ်တန်းစားများ တီးဝိုင်းမထည့်ချင်သူများဆောင်ကြတဲ့နေရာလေးပါ။
မန်းလေမြို့ကလူတော်တော်များများ က ဒီယူနီဘာဆယ် ကိတ်မုန့်တိုက်ခန်းမ မှာ မင်္ဂလာဆောင်ခဲ့ကြပါတယ် ။
တီးဝိုင်းထည့်ချင်တယ်ဆိုတဲ့လူများကတော့ နာရီစင်ဘေးက မြို့တော်ခန်းမ(2)မှာဆောင်ကြပါတယ်။အဲဒီခန်းမ မအားရင်တော့ သူ့အနောက်ဖက်ကပ်လျက်မြိုတော်ခန်းမ(3)မှာမင်္ဂလာဆောင်ပါတယ်။
တစ်ချို့ကတော့လဲ 25လမ်းနဲ့85လမ်းဒေါင့်ကစံပယ်ခန်းမ မှာ ဆောင်သလို ကို်ယ်အိမ်ရှေ့ ကိုယ့်ရပ်ကွက်ရှေ့မှာ မဏ္ဍပ်ထိုးလို့ မင်္ဂလာဆောင်တာတွေလဲ အများကြီးပါ။
အရင်ခေတ်ကတော့ မင်္ဂလာဆောင်ရင် ဓါတ်ပုံအပြိုင်အဆိုင်ရိုက်ကြတာပါ။ နှစ်ဖက်ဆွေမျုးိဓါတ်ပုံရိုက်ရင်း အလုအယက်ဖြစ်ပြီး ရန်တွေဖြစ်ကြ ပြဿနာတွေတက်ကြတာလဲ မကြာခဏပါ။အခုခေတ်မှာတော့ ဘယ်သူမင်္ဂလာဆောင်ဆောင် ဓါတ်ပုံလဲရိုက် မင်းသားမင်းသမီးများလို ဗွီဒီယိုလဲရိုက်။
မင်္ဂလာခန်းမတွေကလဲ ပေါမှပေါ ပါ။မင်္ဂလာခန်းမတွေပေါတယ်ဆိုမှ ပိုက်ဆံတတ်နိုင်ပေမယ့် အလုပ်ရှုပ်မခံချင်တော့ လို့ ဘုန်းကြီးကျောင်းမှာ မိဘမဲ့ကလေးကျောင်းတွေမှာ ကုသိုလ်ယူရင်း အကျဉ်းရုံးဆွမ်းကပ်လို့လက်ထပ်လိုက်ကြတဲ့ စုံတွဲတွေကလဲ သာဓုခေါ်စရာပါဘဲ။
ကျနော်နေထိုင်ခဲ့တဲ့နှစ်အတွင်း ခေတ်အပြောင်းအလဲတွေ ကြုံခဲ့ရ ပျော်စရာ လွမ်းစရာ ခါးသီးစရာတွေနာကျည်းစရာ ရင်နင့်စရာတွေကို ကြားတွေ့ မြင်တွေ့ ကိုယ်တိုင်ခံစားတွေ့ တွေအများကြီး ကြုံခဲ့ရပါတယ်။အဲဒီအထဲကနေ ကိုယ်တစ်ယောက်ထည်းမဟုတ်ဘဲ မန်းလေးမြို့သူမြို့သားအတော်များများ ပါဝင်ပါတ်သက်ခဲ့တဲ့ အဖြစ်အပျက်များကို ပြန်စဉ်းစားမိတဲ့အခါမှာတော့ ……………………………………….
17 comments
bigcat
November 25, 2010 at 5:59 am
အခုအချိန်ထိ မန္တလာသူတွေအကြောင်းကို မပါသေးဘူး။ ဒါနဲ့ပဲ ပြီးတော့မယ် ထင်ပါရဲ့။
kai
November 25, 2010 at 8:53 am
အယ်ဒီတာတယောက်က … ကိုပေါက်စာတွေဖတ်ပြီး ..မြီးရှည်တမ်းချင်းလုပ်နေတာမို ့..
ကိုပေါက်ေ၇…
မန္တလေးရဲ့..ရှေ ့မှီနောက်မှီ .. အစားအသောက်တန်းအကြောင်းကို .. စာမျက်နှာ ၅မျက်နှာရယ် ..ဆိုင်ဓါတ်ပုံ ၄-၅ပုံလောက်ရယ်နဲ့ ..သတင်းစာထဲပုံနှိပ်ဖေါ်ပြဖို့ ..ဝယ်ချင်ပါတယ်ဆိုတဲ့အကြောင်း….။
koyinmaung
November 25, 2010 at 8:54 am
ကိုနေခဲ့တဲ့မြို့မဟုတ်ပေမဲ့ အရေးအသားကောင်းတော့ ဖတ်ရတာအရသာရှိလိုက်တာ ကိုကြောင်ကြီးတောင်းဆိုတာလဲရေးအုံးလေ အားပေးနေပါတယ်။။
Maung Dae`
November 25, 2010 at 11:06 am
ရွှေမန်းသူတွေ ခြေသလုံးတုတ်တယ်လေ.. ကိုကြောင်ကြီးရ.. ဒါပေမယ့် အဲ့ဒါလေးကိုက အလှတစ်မျိုး.. 😀
ဆူး
November 26, 2010 at 2:43 am
အခု ဆိုင်ကယ် စီးနေပြီ. စက်ဘီး မစီးတော့ဘူး.. ခေတ်ဟောင်းကို ပြန်မလှန်နဲ့ အခု ဆိုင်ကယ်လေးမှာ ကြော့ကြော့ထိုင်ပြီး ဝီဝီ မြည်အောင် သွားနေပြီ။
kopauk mandalay
November 25, 2010 at 11:55 am
မန္တလာသူတွေအကြောင်းက မန်းတက္ကသို်လ်အကြောင်းရေးတော့ပါမယ်။
မန်းလေးက အထက ကျောင်းတွေအကြောင်းက သတ်သတ်တစ်ပုဒ်လာပါမယ်။
နောက် မန်းလေးမုန့်တွေအကြောင်းရယ် မြီးရှည် ထမင်းပေါင်း ပန်းသေးခေါက်ဆွဲ တပုဒ် ခေါင်းထဲမှာ စီထားပြီးပါပြီ။
အလုပ်နဲ့ပါတ်သက်တာ တပုဒ်ရေးပြီးရင်ဆက်တိုက်လာပါမယ်။
်မလွမ်းစကောင်းက အပိုင်း25မှာ အဆုံးသတ်ပါမယ်။
ကို ကို ကိုင်ပြောတာကို မန်းလေးမုန့်ဆိုင်အကြောင်းဓါတ်ပုံနဲ့တကွထည့်ပေးပါမယ်။
ခဏလေးစောင့်ပေးပါနော်။
ကျေးဇူးပါ။
MandalayThar
November 25, 2010 at 1:45 pm
ကျောင်းတွေ အကြောင်းရေးရင် ရာပြည့်ကွင်းက ဘင်ခရာပြိုင်ပွဲအကြောင်းရေးအုံးနော်… “ကျောင်းတော်က ရန်စ ဘင်ခရာက” တဲ့.. ဟုတ်လား ကိုပေါက်…
ဘယ်ကျောင်းနဲ့ ဘယ်ကျောင်းက ရန်ဖက်၊ ဘယ်ကျောင်းနဲ့ ဘယ်ကျောင်းက လင်မယားကျောင်း၊ ဘယ်ကျောင်းတွေက မုဆိုးမကျောင်း၊ ဘယ်ကျောင်းတွေက မုဆိုးဖိုကျောင်းလဲ။
ကျွန်တော်တို့ ငယ်ငယ်ကအထိ ကျောင်းတွေက ကျောင်းချင်း ကျောင်းချင်းလုံးဝ မတည့်ဘူးဗျာ။ အသေ သတ်တဲ့ အထိ ချတဲ့ ဇာတ်လမ်းတွေ ရှိတယ်။ ကျွန်တော်က (၁၄) က ဆိုတော့ (၁၃) ကျောင်းနဲ့က ရန်ဘက်လေ။
kopauk mandalay
November 25, 2010 at 3:02 pm
မလုပ်လိုက်ပါနဲ့ မန်းလေးသားရယ်
တော်ကြာ ပြီးနေတာတွေ ကိုပေါက်စာဖတ်ပြီးမှ ရန်ကြွေးတွေပြန်သတိရပြီး ပြန်ချနေကြလု့ိ ဟုတ်ပေ့ဖြစ်နေပါအုံးမယ်။
ကျောင်းအကြောင်းတွေရေးရင် ဘင်ခရာနဲ့ ကျောင်းပေါင်းစုံဘောလုံးပွဲက မပါမဖြစ်လေနော်ဗျာ။
unclegyi1974
November 25, 2010 at 3:39 pm
ကိုပေါက် တက္ကသိုလ်ကျောင်းသူတွေအကြောင်းရေးရင်
ဈေးချိုသူအပျိုချောတွေအကြောင်းမပါမဖြစ်နော်
kopauk mandalay
November 25, 2010 at 3:56 pm
ဘယ်မေ့လို့ဖြစ်ပါ့မလဲနော်။
သူတို့လေးတွေအကြောင်းမပါရင် ဆားမပါတဲ့ဟင်းလိုပေါ့ရွှတ်ရွှတ်ဖြစ်နေမှာပေါ့
အီးကယ်ဂျန်ရဲ့(ကိုရီးယားနာမယ်နဲ့တူအောင်ခေါ်လိုက်တာ အခုက ကိုရီးယားခေတ်လေ)
ဆူး
November 26, 2010 at 2:45 am
လေးပေါက်ကြီး မန်းအကြောင်း ရေးရင်းနဲ့ နောက် တခု လိုသေးတယ်.. မန်းပျိုဖြုတွေ ချောလှပုံနဲ့ လေးပေါက် အစွန်ထုတ်တဲ့ အကြောင်း ရေးပါအုန်း။
kopauk mandalay
November 26, 2010 at 2:48 am
မန်းပျိုဖြူတွေချောကြောင်းကတော့ရေးကိုရေးမှာ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြရမှာပေါ့အေ.။
အစွန်ထုတ်တဲ့အကြောင်းကတော့ ရေးလို မဖြစ်နိုင်ဘူးရယ်။
တော်ကြာ အမိူက်ပုံ တုတ်နဲ့ဆွသလိုဖြစ်ကုန်မှာစိုးလို့ပါ။
လူဆိုတာ လွတ်တဲ့ငါးကြီးတတ်ကြတယ်လေ။
တော်ကြာ ဝမ်းနည်းသွားမှာစိုးလို့ပါ။
ဒါဆိုရင် သဘောပေါက်ပါတယ်နော်။
m
November 26, 2010 at 2:57 am
ကိုကြီးပေါက် –
ဟိုးးးးအယင် မပြုပြင်ခင် က မန္တလေးကျုံး ပုံဟောင်း လေးနဲ့ ဘူတာဟောင်းပုံ ကလေးများကြည့်ခွင့်ရနိုင်မလား –
လွမ်းမိနေလို့ပါ-
eros
November 26, 2010 at 6:55 am
ဦးပေါက်ရေ မြီးရှည် တို့ နန်းကြီးသုတ် တု့ိ ရာဇဝင် သိချင်ပါတယ်။ မြီးရှည်နဲ့ မုန်တီဘာကွာလဲ။
mandalaywith
November 26, 2010 at 7:06 am
Thanks mandalay city articles.^.^
kopauk mandalay
November 26, 2010 at 11:13 am
မြီးရှည်နဲ့ မုန့်တီ ပထမဆုံးစကွာတာက မုန့်ဖတ်ပါ။
မြီးရှည်မှာသုံးတဲ့ မုန့်ဖတ်က မုန့်တီနန်းလတ်အဖတ်ထက်ယောင်ယောင်လေးငယ်ပါတယ်။
ဒုတိယအချက်က မြီးရှည်က ဝက်သား သို့မဟုတ်ကြက်သားနဲ့ရောသုတ်ပြီး မုန့်တီကတော့ ငါးဖယ်အစိုချက် ငါးဖယ်ကြော်ချက် ဒါမှမဟုတ် ကြက်သားချက်နဲ့သုတ်ပါတယ်။(ဝက်သားနဲု့သုပ်တဲ့မုန့်တီလုံးဝမရှိပါ)
တတိယအချက်ကတော့ မြီးရှည်မှာ တရုပ်ပဲငပိ၊ကြက်သွန်ဖြူထောင်းထားတဲ့အရည်နဲ့နံနံပင်၊ကော်ရည် ၊ငရုတ်ဆီနဲ့တိုရ(ခ)ပဲပင်ပေါက် ပါဝင်ပြီးဂျုံလုံးကြော်သို့မဟုတ်အီကြာကွေးကြော်ကို အနေတော်ညှပ်ထဲ့ပေးပါတယ်။
မုန့်တီမှာတော့ ပဲမူန့် ၊ငံပြာရည်တို့ပါဝင်ပြီး အပေါ်ကနေ နံနံပင်နဲ့ မုန့်ကြွပ်ကျော်တို့ကိုဖြူးပေးပါတယ်။
ဒီလိုဆိုရင် ရှင်းသွားပြီလို့ ထင်ပါတယ်။
မန်းလေးကျုံးပုံအဟောင်းကတော့ ကျနော်ဆီမှာမရှိပါ။
ဒီမန်းလေးဂေဇက်က ဓါတ်ပုံကဏ္ဍထဲမှာ မြင်ဘူးပါတယ် ရှာကြည့်စေလိုပါတယ်။
MandalayThar
November 27, 2010 at 2:49 am
မန္တလေးကျုံး အဟောင်းပုံတို့ တခြားအန်းတိတ် ရှုခင်းတွေကို မန္တလေးတိုင်းသမက ထုတ်တဲ့ calendar အဟောင်းတွေမှာ ရှိနိုင်တယ်။ အဲဒီပုံတွေက တကယ်မိုက်တယ်။ အဲဒီ ပန်းရိုးမ calendar တည်းကပုံတွေ scan ဖတ် နည်းနည်း သပ်ရပ်သွားအောင် edit လုပ်ပြီးတင်ရင်တော့ ရှယ်ဘဲ…. 😉