မိဘဆိုတာ………………………………………
“မေမေ.. သား သုံးဖို့ ပိုက်ဆံမရှိတော့ဘူး။ ပိုက်ဆံလွဲလာပေးဦး”
“ဘယ်လောက်ယူမလဲ သား?”
“နှစ်သိန်းလောက်ပေါ့ မေမေရယ်”
“လိုရမယ်ရ သုံးသိန်းလွဲပေးလိုက်ပါ အမေကြီး။ ကျန်းမာရေးလည်း ဂရုစိုက်ဦး သား”
“ဒါဆို သား ကျောင်းသွားတော့မယ်နော် ဖေဖေနဲ့မေမေ။ ပိုက်ဆံလွဲဖို့ မမေ့နဲ့နော်”
နောက်တစ်ရက် ငွေငါးသိန်းရောက်လာခဲ့တယ်။
ပထမနှစ် း
“မေမေ.. သား အိမ်ပြန်ချင်တယ်”
“ဘယ်တော့ ပြန်လာမလဲ သား?”
“ငွေလိုပြန်ပြီလား သား? ဖေဖေ လွဲလာပေးရမလား?”
“မဟုတ်ဘူး ဖေဖေ။ အိမ်ပဲပြန်ချင်တာပါ။”
“အင်း.. ဒါဆိုလည်း ကျောင်းပိတ်တာနဲ့ ပြန်ခဲ့တော့သား။ ကားလက်မှတ်တွေ ကြိုဖြတ်ထားလိုက်။ ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်”
“ဟုတ်ကဲ့.. ဖေဖေနဲ့မေမေ”
ကျွန်တော်နဲ့ဖုန်းပြောပြီးနောက် မေမေငိုတယ်လို့ နောက်မှကျွန်တော်သိခဲ့ရတယ်။ ကျွန်တော်စိတ်ကြိုက် ကျွန်တော်နဲ့အကျွမ်းမဝင်တဲ့ဒီမြို့မှာ ကျောင်းတက်ဖို့ သဘောတူခဲ့တယ်ဆိုပြီး ဖေဖေကို မေမေက အပြစ်ဆိုခဲ့တယ်တဲ့။
ဒုတိယနှစ်၊ တတိယနှစ် း
“သား.. ဖုန်းမဆက်တာကြာပြီနော်။ အလုပ်များနေလား?”
“အလုပ်များတယ် မေမေ၊ ဖုန်းဆက်ဖို့ အချိန်တောင်မရဘူး”
“သားမေမေ သားကို လွမ်းနေတယ် သားရေ။ အိမ်မှာ သူတစ်ယောက်ထဲ အားရင်ဖုန်းလေးဘာလေး ဆက်ပါဦး”
“ဟုတ်ကဲ့ပါ ဖေဖေ၊ ခုတလော အလုပ်များလို့ပါ။ အချိန်ရရင် သားဆက်လိုက်ပါမယ်”
“ဒီနေ့ ဘယ်နှနာရီကားလဲ သား! ကားဂိတ်မှာ ဖေဖေလာစောင့်နေမယ်”
“မစောင့်နဲ့ ဖေဖေ၊ ဒီတစ်ခေါက် ကျောင်းပိတ်တာ သားအိမ်မပြန်တော့ဘူး။ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့ ချိန်းထားတယ်”
“သားကြိုက်တဲ့ အစားအစာတွေနဲ့ သားမေမေ စောင့်နေတယ် သား”
“သူငယ်ချင်းတွေနဲ့အတူ လျှောက်လည်ရတဲ့ အခွင့်အရေးကနည်းတယ် ဖေဖေရဲ့”
“သား အိမ်ပြန်ရတဲ့ အခွင့်အရေးကလည်း နည်းတယ်လေ။ သားနဲ့ နှစ်ဝက်နေမှတစ်ခါ ဖေဖေတို့ဆုံကြရတယ်”
အဲဒီနေ့က သူငယ်ချင်းတွေနဲ့လျှောက်လည်ပြီး အိမ်ပြန်ချိန်ညနက်သွားတယ်။ ကျွန်တော့်အတွက် ပြင်ဆင်ထားတဲ့ဟင်းတွေ အရာမယွင်းခဲ့ဘူး။ သားမရှိတော့ ထမင်းစားရတာ မမြိန်လိုက်တာတဲ့ မေမေကပြောတယ်။
အလုပ်သင် း
“မေမေ… အလုပ်သင်က ပင်ပန်းလိုက်တာ သားအိမ်ပြန်မယ်”
“ပြန်ခဲ့သား.. သားကို မေမေတို့ ကျွေးထားနိုင်ပါတယ်”
“ပြန်ခဲ့သား…. ဖေဖေအလိုပ်လုပ်နိုင်သေးတယ်။ သားကို ကျွေးထားနိုင်ပါတယ်”
ဖေဖေ၊ မေမေတို့ရဲ့ စကားက အိမ်ပြန်ချင်သူကျွန်တော့်ကို အိမ်ချက်ချင်းပြန်စေခဲ့တယ်။
အလုပ်သင် ဒုတိယနှစ် း
“အလုပ်များနေလားသား! ထမင်းတွေ ပုံမှန်စားရဲ့လား?”
“အလုပ်များတယ် မေမေ၊ ဖြစ်သလိုပဲ ခေါက်ဆွဲပြုတ်စားလိုက်တယ်”
“ခေါက်ဆွဲပြုတ်ပဲ စားလို့ရမလား သား? အဟာရလည်း လိုသေးတယ်။ ဆိုင်ဟင်းတွေ မှားစားလေ”
“ဟုတ်ကဲ့ပါ.. မေမေ”
အားလပ်ရက် အိမ်ပြန်ဖြစ်တော့ အိမ်ရှေ့မြေကွက်လပ်မှာ ငါးခြောက်၊ ဝက်အူချောင်းစတဲ့ အခြောက်စာတွေ အများကြီးလှန်းထားတာ တွေ့လိုက်တယ်။ “ဒါတွေက အလုပ်မရှုပ်ဘူး။ ဆီထည့်ကြော်စားရုံပဲ”တဲ့ မေမေကပြောတယ်။ ကျွန်တော်ပြန်တော့ မေမေကိုယ်တိုင် စိတ်ရှည်လက်ရှည်ကြော်ထားတဲ့ အစားအစာတွေကိုလည်း ပုလင်းလိုက် ထည့်ပေးလိုက်သေးတယ်။
ယခုလက်ရှိ း
“မေမေ… သားအခြေတကျဖြစ်တာနဲ့ မေမေကို သားခေါ်လိုက်မယ်။ အခု သားပိုက်ဆံစုနေတယ် မေမေ”
“အဲဒီနိုင်ငံမှာ ပစ္စည်းတွေဈေးကကြီးနဲ့ သားပဲ ချွေတာသုံးပါ”
“သား ပိုက်ဆံရှိပါတယ် မေမေ၊ မေမေလာရင် တည်းဖို့နေရာလည်း ရှိပါတယ်”
“သားဖေဖေကို မေမေစောင့်ရှောက်ရဦးမယ် သားရယ်”
ဖေဖေက မေမေကို မခွဲနိုင်သူမှန်း ကျွန်တော်သိတယ်။ မေမေ့မှာ အမြဲစိုးရိမ်ပူပန်နေရမယ့်ကံ ပါခဲ့ပုံရတယ်။ သူတို့ဆီ ကျွန်တော်ဖုန်းဆက်တိုင်း ပြောဖြစ်တဲ့စကားတွေက ဒီသုံးလေးခွန်းပဲရှိတယ်။ ဒီစကားပဲကြားနေရလို့ မေမေစိတ်ရှုပ်နေလောက်ပြီလို့ ကျွန်တော်ထင်တယ်။
အလုပ်များလို့ သူတို့ဆီဖုန်းသုံးလေးရက်လောက် မဆက်ဖြစ်ခဲ့အခါ မေမေက ကျွန်တော့်ကို နေကောင်းလား? ထမင်းဝ,ဝစားရဲ့လား? အရမ်းပင်ပန်းနေပြီလား?လို့ မေးတတ်တယ်။ တစ်နေ့တစ်ခါ ဖုန်းပြောနေလို့ မေမေ့မှာလည်း ပြောစရာများများစားစား ရှိမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ တကယ်တော့ ကျွန်တော့်အတွက် မေမေ့မှာ ပြောစရာစကားတွေ အများကြီးရှိတယ်။ အိမ်ပြန်တိုင်း စားပွဲဝိုင်းမှာ ကျွန်တော်ကြိုက်တဲ့ ဟင်းတွေရှိတယ်။
ဖေဖေ၊ မေမေတို့နဲ့ဖုန်းပြောတိုင်း ကျွန်တော့်ကို နေကောင်းလား? ထမင်းဝ,ဝစားရဲ့လား? အရမ်းပင်ပန်းနေပြီလား? လို့ အမြဲမေးတတ်တယ်။ ကျွန်တော်ကတော့ သူတို့ကို အမြဲမမေးခဲ့ဖူးသလို မေးဖို့လည်း မေ့နေတတ်တယ်။
အရင်တုန်းကတော့ သူတို့ဟာ ကျွန်တော့်ရဲ့ကောင်းကင်ကြီးပါ။ သူတို့က”တစ်”ဆိုရင် ကျွန်တော်က”နှစ်”လို့ မဆန့်ကျင်ရဲခဲ့ပါဘူး။ ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော်ဘာပြောပြော သူတို့နားထောင်တော့တယ်၊ ကျွန်တော်ပြောသမျှ အမှန်ဖြစ်တယ်။ သူတို့ဟာ တစ်နေ့တခြား အိုမင်းလာပြီ။ အားကိုးမှီခိုဖို့ စရှာပြီ။ သူတို့တစ်သက်မှာ ပိုင်ဆိုင်တာဆိုလို့ ကျွန်တော်ပဲရှိတော့တယ်။
သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။
“တစ်နှစ်မှာ ကျွန်တော်တို့ အိမ်၅ခေါက်ပြန်တယ်ထား၊ မိဘတွေ အသက်(၁ဝဝ)ထိ နေနိုင်ခဲ့ရင်တောင် သူတို့ကို အကြိမ်(၂ဝဝ)လောက်ပဲ ကျွန်တော်တို့တွေ့နိုင်တော့မယ်”တဲ့။ မိဘနဲ့တွေ့ဆုံရချိန်က တဖြည်းဖြည်း နည်းနည်းသွားပါပြီ။
တစ်နှစ်ကို ၆-ရကြိမ်ပြန်ခဲ့တယ်ထားဦး။ ပြန်တိုင်းလည်း အလျင်စလိုသွား အလျင်စလိုပြန်နဲ့ သူတို့နဲ့ စကားကောင်းကောင်း ပြောခဲ့ရတာနည်းတယ်။ “အခုပဲ အိမ်ပြန်ရောက်တယ်၊ အခုပဲ သွားတော့မလား? အိမ်ကို တည်းခိုခန်းများ မှတ်နေသလား”လို့ မေမေက မကျေမချမ်းရွတ်ပါတယ်။ ဒီလိုစကားကြားတိုင်း ကျွန်တော်မျက်ရည်လည်မိတယ်။ သူတို့က ကျွန်တော်ကို သူတို့နဲ့အတူ အိမ်မှာကြာကြာနေစေချင်ကြတယ်။ သူတို့ရဲ့ ဒီလိုတောင်းဆိုမှုနည်းနည်းလေးကို ကျွန်တော် မဖြည့်ဆည်းပေးနိုင်ခဲ့ကြဘူး။
မိဘတွေ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင် အိမ်ကို မကြာခဏဖုန်းဆက်ပါ။ သူတို့အတွက် အချိန်မိနစ်ပိုင်းလေးပေးရတာ မခက်ခဲပါဘူး။ ချစ်သူအတွက် အချိန်တစ်နာရီပေးနိုင်ရင် မိဘအတွက်လည်း အချိန်၅မိနစ် ပေးနိုင်ရပါမယ်။ ပြောစရာစကားမရှိလည်း ဒီနေ့ ဘာစားသလဲ? ဒီနေ့ဘာတွေ အလုပ်များသလဲ?လို့ အရင်က ကျွန်တော်တို့ကို သူတို့မေးခဲ့တာတွေ ပြန်မေးပါ။ ထပ်ထပ်မေးခံရလို့ ကျွန်တော်တို့စိတ်ရှုပ်ခဲ့သလို သူတို့ရှုပ်လိမ့်မယ် မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ ဘဝအတွက်၊ ရှေ့ရေးအတွက်ဆိုတာတွေက သူတို့ကို လျစ်လျူရှူစေတဲ့ အကြောင်းရင်းဖြစ်တယ်။ သူတို့အပေါ် ကျွန်တော်တို့ တင်ကျန်နေတဲ့အကြွေးတွေ အများကြီး… ဒါတွေကို ဒီနေရာမှာ တောင်းပန်လိုက်ချင်ပါတယ်.. “ခွင့်လွတ်ပါ ဖေဖေနဲ့မေမေရယ်” လို့…
မိဘမေတ္တာက တစ်ကိုယ်ကောင်းမဆန်ဘူး။ တုန့်ပြန်မှု မလိုလားဘူး။ သားသမီးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ရတာ မလွယ်ကူဘူး။ သူတို့လုပ်သမျှ အရာအားလုံးဟာ သားသမီးတွေအတွက်ပဲဖြစ်တယ်။ ဒါကြောင့် အချိန်ရရင် ဖုန်းဆက်ပါ၊ အိမ်ပြန်ပါလို့ မိဘတွေကိုယ်စား တောင်းဆိုလိုက်ပါတယ်။
2 comments
manawphyulay
November 26, 2010 at 11:23 am
မေမေ့သို့ သားမှ ပေးစာ
သတိရကြောင်း စာတစ်ကြောင်း
ငွေတစ်သိန်း ပို့လိုက်ပါ
မေမေ…………… 😛
char too lan
November 27, 2010 at 6:36 am
သားလဲ အမေ့ကိုသတိရတယ် အမေ~~~~~~~~~~ :'(