အချစ်ဆုံးသူရဲ့ နောက်ဆုံးလက်ဆောင်(သို့) နာဂစ်ပန်းတစ်ပွင့်သို့ တောင်းပန်ခြင်း
ဥက္ကာခဲ အမှတ် RX3286 သည် နေစင်္ကြာဝဌာထဲ တနာရီမိုင်း ၁သန်း၃သိန်းနှုန်းဖြင့် ဝင်ရောက်နေသည်ဟု နာဆာမှ ကြိုတင်တွက်ထားသည့်ရလဒ်များအရဆိုပါသည်။
အဆိုပါဥက္ကာခဲသည် ကမ္ဘာ့မြေသို ့ဒီဇင်ဘာ ၄ရက်နေ့ ၂၀၁၀၊ ည ၁ဝနာရီ ၁ဝမိနစ်တိတိတွင် ဝင်ရောက်တိုက်မိမည်ဖြစ်ပြီး ကမ္ဘာ့လူဥိးရေ သန်း၆ထောင်၏အသက်ကို နာရီပိုင်းအတွင်း ဖဲ့ခြွေယူသွားမည်ဟု သိပ်ပံပညာရှင်အားလုံးလိုလိုကသဘောတူလက်ခံထားပါသည်။
ကျန်လူသားနှင့်သတ္တဝါများမှာ အလွန်ဆုံး ရက်ပေါင်း၃ဝအတွင်း ကြီးမားလှသောဒီရေလှိုင်းများနှင့်ငလျှင်၊မီးတောင်ပေါက်ကွဲမှုတို့ကြောင့် သေဆုံးကြမည်ဖြစ်သည်ဟု တွက်ချက်ထားချက်များအရသိရှိရသည်
ဒါ အက်ဒမင် ကိုခိုင်တင်ထားတဲ့ သတင်းပါ။ ဒီသတင်းကအမှန်ဆိုရင် သေရတော့မယ့်အချိန်က နီးနီးလေးပဲပေါ့။
ဝမ်းသာပါတယ်။ မသိခြင်းလေးပါးထဲက တစ်ပါးကို ကျော်လွန်တာ ပဲပေါ့။
ကိုသေရမယ့်အချိန်ကို ကိုယ်ကြိုသိတာ နဲတဲ့ကုသိုလ်လား။
ပြီးတော့ နောက်ဆံတင်းစရာ မိသားစုသံယောဇဉ် မကျန်တော့ဘူးလေ၊
သူတို့လဲ ကိုနဲ့ တစ်ခရီးထဲကိုး။အဖော်အပေါင်းနဲ့ စုစုစည်းစည်းပေါ့။
ပိုဝမ်းသာစရာက နာဂစ်တို့ ဆူနာမီတို့တုန်းကလို ကိုယ့်အလောင်းကို သနားသလိုလိုနဲ့ လာကြည့်မယ့်လူတွေ၊ဗီဒီယိုရိုက်ပြီး ပြစားမယ့်သူတွေတောင် မကျန်တော့တာကိုပါ။
ဒါပေမယ့် လူတွေ သတိမထားမိတာ တစ်ခုရှိပါတယ်။
ကျွန်တော်တို့ ခင်ဗျားတို့ရော အဲဒီ့ ဒီဇင်ဘာ ၄ ရက်အထိတောင် မသေပဲနေနှိုင်ပါမယ်လို့ အာမခံနိုင်ပါသလား။
လူ့ကံဆိုတာ မမြင်ရပါဘူး။ကွေးသောလက် မဆန့်မှီကိုး….
ခင်ဗျားတို့ လဲ မနက်ဖြန် သဘက်ခါ သေချင်သေမှာပဲ။ ဥပမာ ကိုကြောင်ကြီးတို့ ကိုအောင်ပုတို့ မနေ့ကမှ ကွန်မန့်ရေးသေးတယ်။ ဒီနေ့ ကိုကျော်သူ့ ကားပေါ်မှာ ဆိုတာမျိုးလေ။
ခင်ဗျားတို့လဲ ကွေးသောလက်မဆန့်မှီ မနက်ဖြန်သဘက် သေနှိုင်သလိုကျွန်တော်လဲ ကွေးသောလက်မဆန့်မှီ အသက်တရာကျော်နေရင်လဲ နေရမှာပဲပေါ့။ တရားသဘောကိုး။ ဘယ်လွန်ဆန်နှိုင်မတုန်း။(ဟဲ ဟဲ …..)
ဒါပေမယ့် ကျွန်တော်သိတာလေး တစ်ခုရှိတယ်။ အဲဒီ့အသိလေးကို ကျွန်တော်မျှဝေပေးချင်တယ်။
တရားခံကတော့ နာဂစ်ပေါ့
ကျွန်တော့် ဘဝလက်တွဲဖော်လို့ သတ်မှတ်ထားခဲ့တဲ့သူ၊ကျောင်းတွေဖွင့်ရင် ပြန်တွေ့မယ်လို့ ထင်ထားခဲ့တဲ့သူ၊မာစတာတက်မယ်၊မိဘကို လုပ်ကြွေးမယ် ၊ပြီးရင် တူတူနေမယ်ဆိုပြီး စီမံကိန်းတွေ အများကြီးထားခဲ့တဲ့သူ……..အသက်နှစ်ဆယ်အရွယ် နုနုငယ်ငယ်မိန်းကလေးတစ်ယောက်…. ကျွန်တော့ချစ်သူလေ…၊
ဘာကိုမှ အကောင်အထည်မဖော်ရသေးမှီ နာဂစ်လှိုင်းလုံးတွေကြားမှာ သူနဲ့ကျွန်တော် တစ်သက်စာအတွက် ခွဲခွာလိုက်ရပြီဆိုတာသိလိုက်ရတော့ ဘာကိုမှ အစိုးမရဘူးဆိုတာရော..ဘာကိုမှ ပုံသေတွက်ထားလို့ မရဘူးဆိုတာကိုရော စာတွေ့မဟုတ်ဘူး…လက်တွေ့ (အရင်းအနှီး ကြီးကြီးပေးပြီး ) သိလိုက်ရတယ်။
နောက်ဆုံး သူနဲ့ ကျွန်တော်နဲ့တွေ့ရတဲ့အချိန် သူ့ကို ကားဂိတ်လိုက်ပို့တော့ သူမပြန်ခင်မှာ သူက ကတိတောင်းတယ်။ဆေးလိပ် မသောက်ပါနဲ့တော့တဲ့..။ကျွန်တော် ရယ်ကျဲကျဲပဲ လုပ်နေလိုက်တယ်၊ ကတိမပေးလိုက်မိဘူး။စိတ်ထဲမှာ ကျောင်းပိတ်တုန်းတော့ ဝအောင်သောက်ဦးမယ်။နောက်နှစ်လ သူနဲ့ ကျောင်းမှာ ပြန်တွေ့မှ ဖြတ်တော့မယ်။ အချိန်တွေ အများကြီး ကျန်သေးတယ်ပေါ့။ သူ မျက်နှာ မသာမယာနဲ့ပဲ ပြန်သွားရှာတယ်။ဒါပေမယ့် ကျွန်တော် မျှော်လင့်ထားသလို အချိန်အကြာကြီးမပြောနဲ့ သူ့အလောင်းကိုတောင် ကျွန်တော်မမြင်လိုက်ရဘူး။ရထားတစ်တန် ၊ ကားတစ်တန်နဲ့ ကျွန်တော်ရောက်သွားတော့ မီးကျွန်းနေတဲ့ ပြာမှုန်လေးတွေပဲ ကျွန်တော့ကို စောင့်မျှော်နေပါတော့တယ်…..။သူတောင်းခဲ့တဲ့ကတိက သူ့ရဲ့နောက်ဆုံး ကျွန်တော့အပေါ်တောင်းတဲ့ကတိဆိုတာ ကျွန်တော်သိခဲ့ရင် ကျွန်တော် သူ့ကို စိတ်မဆင်းရဲစေခဲ့ပါဘူး….။စိတ်ချမ်းသာအောင် ဖြည့်ဆည်းလိုက်မှာပါ။ သူစိတ်ချမ်းသာဖို့ဆိုရင် ကမ္ဘာပေါ်က ဆေးလိပ်တွေ အကုန် ကျွန်တော်လွှင့်ပြစ်လိုက်မှာပါ။
ဒါကြောင့်ပါ…….။ကမ္ဘာပျက်မှ သေမယ်မထင်ပါနဲ့။လူ့အသက်ဆိုတာ နှစ်ချောင်းမပါဘူးလေ…။ ကွင်းပြင်ကျယ်ထဲက ဖယောင်းတိုင်လေးမှာ တောက်လောင်နေတဲ့ မီးတောက်လေးလို ယဲ့ယဲ့လေးပါ။ခုသေမလား တော်ကြာသေမလား ကြိုတင်မမြင်နှိုင်တဲ့ လူသားဘဝပါ.။
ဒါကြောင့် သေမှာကို တွေးပူတာတွေ…၊ မသေခင်ဘာလုပ်မယ်ဆိုတာတွေထက်စာရင် အခုလောလောဆယ် တစ်ဦးကိုတစ်ဦး စိတ်ချမ်းသာအောင်ထားဖို့က အကောင်းဆုံးပဲဆိုတဲ့အသိက သူနောက်ဆုံးပေးသွားတဲ့လက်ဆောင် လို့ ကျွန်တော်အခုအချိန်အထိ လက်ခံထားပါတယ်။
အဝေးဆုံးခရီးဟာ အနီးဆုံးမှာရှိနေပါတယ်
သူမသိနှိုင်တော့ပေမယ့် သူ့အပေါ်တင်ကျန်နေတဲ့ အကြွေးကို သူပေးခဲ့တဲ့ အကောင်းဆုံးလက်ဆောင်ကို တခြားသူတွေကို ဝေမျှခြင်းနဲ့ ပဲ ကျွန်တော် ပေးဆပ်လိုက်ပါတယ်။ မျိုးရေ ………မင်းစိတ်ချမ်းသာပါတော့၊ မင်းရောက်ရာဘဝမှာ အေးချမ်းပါစေ…..
ဘယ်အချိန်သေမယ်မှန်း မသိတဲ့သူချင်းအတူတူ အမုန်းတရားတွေ ရန်ညှိုးတွေ တတ်နှိုင်သမျှ ဖယ်ထားပြီး သေရမယ့်လူချင်းအတူတူု မသေခင်မှာ မေတ္တာတရားနဲ့ စောင့်ရှောက်သွားပါစို့လား
23 comments
koyinmaung
November 27, 2010 at 1:59 pm
အို….စိတ်မကောင်းလိုက်တာ မှော်ဆရာအတွက်ကတော့ တသက်စာအမှတ်တရပါဘဲ။။
ဆူး
November 27, 2010 at 2:21 pm
မှော်ဆရာ ဇတ်လမ်းက သနား စရာ ကောင်းလိုက်တာ..
ကမာ္ဘပျက်မှာ သေမယ် ဆိုတာ ထက်.. အချိန်မရွေး သေနိုင်တာကို နှလုံးသွင်းသင့်တာတော့ အမှန်ဘဲ.. အခုတောင် ထိုင်ရာကထ.. လမ်းခုလတ်မှာ ခလုပ်တိုက်လဲပြီးတောင် သေနိုင်တာဘဲ.. ဘာမှ အစိုးမရဘူး။
cobra
November 27, 2010 at 3:04 pm
ဇာတ်ကနည်းတည်းတော့နာနေတယ်.။
unclegyi1974
November 27, 2010 at 4:27 pm
မှော်ဆရာ ရဲ့ဇာတ်လမ်းကအဟုတ်ကြီးလားဟင်
ဝတ္ထုရေးဖို့ကြိုးစားနေတာတော့မဟုတ်လောက်
ပါဘူးနော်
မှော်ဆရာ
November 28, 2010 at 1:14 am
အန်ကယ်ရေ ..တခါတလေ တကယ့်အဖြစ်အပျက် က ဝထ္ထုတစ်ပုဒ်ထက် လွမ်းစရာကောင်းတာ မယုံမရှိနဲ့ ကိုယ်တွေ့ ဆိုတာလို ဖြစ်နေပြီ။အကြောင်းအရာ ဦးတည်ချက်ပျောက်သွားမှာစိုးလို့သာ မရေးတာ။တကယ်ဆို ဒီထက်ပို ဇာတ်နာစရာတွေရှိသေးတယ်။ သူနဲ့ကျွန်တော် ချစ်သူတွေဖြစ်တုန်းက ကျွန်တော်က သင်တန်းတက်နေတုန်း၊ကျောင်းတက်နေတုန်း ဓါတ်ပုံဆရာ၊ ကွန်ပျူတာ ဆရာ ပေါက်စပါ။ သူကလဲ ၁၉ နှစ်ပဲရှိသေးတာဆိုတော့ သူရည်းစားထားတာ သူ့အိမ်က လုံးဝ မကြိုက်ပါဘူး။ ကျွန်တော့ကို သူ့အိမ်က လက်ခံလာအောင် သူကိုယ်တိုင်လဲ ကြိုးစားရင်း၊ကျွန်တော့်ကိုလဲ ပြုပြင်ဖို့ တိုက်တွန်းရင်းနဲ့ပဲ မအောင်မြင်ခင်မှာ သူသေဆုံးခဲ့တာပါ။ ပိုရင်နာစရာကောင်းတာက မုန်တိုင်းတိုက်ပြီး သူကို ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ ကျွန်တော် အရဲစွန့်ပြီး သူ့ဆီကို လိုက်သွားတယ်။ သူ့မြို့က သူ့သူငယ်ချင်းကို တွေ့တော့မှ အကြောင်းစုံသိရတယ်။တစ်အိမ်လုံးမှာ သူတစ်ယောက်ပဲ ကွက်ပြီး ကံဆိုးသွားတာလေ ။ကျွန်တော်လဲ သူ့အတွက်ယူလာတဲ့ သူ့ဓါတ်ပုံပုံကြီးချဲ့ပြီးသားကို သူမရှိတော့ သူ့အိမ်ပဲ အလွမ်းပြေကြည့်ပါစေတော့ ဆိုပြီး လူကြုံနဲ့ ပို့ပေးလိုက်တယ်။ကျွန်တော်ကို မကြည်ဘူးဆိုတာ သိထားတော့ ယူတောင်ယူပါ့မလား ထင်မိတယ်။ ကျွန်တော်လဲ ကျွန်တော့မြို့ကို ပြန်တော့မယ်ပေါ့။ အံဩစရာပဲ ။ သူအိမ်က ကျွန်တော့ကို လာရှာတယ်။ သူ့အိမ်က လူတွေနဲ့ ကျွန်တော် တစ်ခါမှ မတွေ့ဘူးပါဘူး။ မတွေ့ဘူးပဲနဲ့ကို ကျွန်တော့ကို သဘောမတူဖြစ်နေတဲ့အိမ်က အဲဒီအချိန်မှာ ကျွန်တော့်နဲ့တွေ့တော့ အဆင်ပြေပြေဖြစ်သွားတာ အံဩစရာပါ။ သူ့အမေက ကျွန်တော့ကို တွေ့တော့ငိုတယ်၊ မင်းဒီအထိလိုက်လာတာ ဝမ်းသာပါတယ်။အရင်တုန်းက ကိစ္စတွေ စိတ်ထဲမှာ ဘာမှ မထားပါနဲ့တော့ ငါ့သားရယ်တဲ့။
ကဲ ကျွန်တော် ငိုရမှာလား၊ဝမ်းသာရမှာလား ဗျာ……
မိုက်ကယ်ဂျော်နီအောင်ပု
November 28, 2010 at 4:28 am
အေးဗျာ ဒီလိုအကြောင်းလေး ကြားရတော့ ဆရာတော်တစ်ပါးဟောတဲ့တရားတစ်ပုဒ်ကိုလည်း အမှတ်ရမိပါရဲ ့ အဲ့သည်တွက်ကျေးဇူးပါ
အမျိုးသမီးကြီးတစ်ယောက်က ဆရာတော်ကို
သူမ ၏ အသက်ဟာ ဆိုရင်ဖြင့် ကင်ဆာရောဂါကြောင့် နောက်ခြောက်လ သာ
ဆရာဝန်မှ အာမခံတော့သည်ဖြစ်၍ ကယ်ပါရန် ငိုယို လျှောက်ထားလေရာ
ဆရာတော်က
ဒယကာမကြီး
ဒယကာမကြီးရဲ ့အသက်ကို ခြောက်လ အာမခံပေးတဲ့ ဆရာဝန်ဆိုတာ ရှိသေးတယ် အားမငယ်နဲ ့
ဘုန်းကြီးရဲ ့အသက်ကို မနက်ဖြန်အတွက်တောင် အာမခံပေးတဲ့သူမရှိဘူး တဲ့ဗျ
ဒါကြောင့် ကျွန်တော်တို ့တွေဟာ ဘယ်ချိန်ကြုံရမယ်မသိတဲ့ သေခြင်းတရားကို ………
(မှော်ဆရာကြီးရယ် သေခြင်းတရားတွက် ကိုကိုကြောင်တစ်ယောက်ကိုသာ ဦးကျော်သူရဲ ့ကားပေါ်တင်ပေးရင်
လုံလောက်နေတဲ့ဟာ ဘယ့်နှယ်ကြောင့် ကျွန်တော့်ကိုပါ အစစ်ထည့်ပေးရသတုံး 🙂
တစ်ခြားလူတွေလည်း အများကြီးရှိတာဘဲ ရွာသဂျီးကိုဆိုရင်လည်း
သူက ထင်ထင်ရှားရှားဆိုတော့ အားလုံး သံဝေဂ ရမြန်တာပေါ့နော)
bigcat
November 28, 2010 at 4:43 am
မှော်ဆရာရေးတဲ့အထဲမှာ ကောင်မလေးသေသွားလို့ ဆေးလိပ်ဖြတ်တယ်လို့ မပါဘူးနော်။ အဲဒါလဲ ခပ်ကောင်းကောင်းပါ တကယ်လို့ ကောင်မလေးသေပြီး စီးကရက်ကုမ္မဏီပိုင်ရှင်သူဌေးသမီး အဖြစ်နဲ့ လူဝင်စားပြန်မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
မှော်ဆရာနဲ့ကိုအောင်ပုတို့ ပြောသလို ကိုကျော်သူ့ကားပေါ်မှာ ကြောင်ကြီးပါသွားတယ်ဆိုလို့ ဒီနေ့တောင် ကိုကျော်သူ့ဖေ့စ်ဘွတ်မှာ အသစ်စက်စက် မင်္ဂလာဦးမောင်နှံ ဆီဒိုးနားမှာ မင်္ဂလာဆောင်ပြီး နောက်တနေ့ ကိုယ်တိုင်ကားမောင်း အသုဘပို့တယ်လို့ တင်ထားတယ်။ ကိုကြောင်ကြီးလည်း ဒီလိုပဲ ကြောင်မလေးကို ဘေးမှာထားပြီး သူများအသုဘကို ကိုယ်တိုင်ကားမောင်းပို့မယ်။ သူများအနိစ္စ၊ သူများဒုက္ခ၊ သူများအနတ္တ။
kai
November 28, 2010 at 9:11 am
အင်း..
မှော်ဆရာအဖြစ်က ..အင်မတန်ဝမ်းနည်းစရာပါပဲ..။ ဒါပေမဲ့သူ့ကို ချစ်ရင် .. သူဖြစ်ချင်တာလေးကို လုပ်ပေးလိုက်ပေါ့..လို့.. သာမန်လွယ်လွယ်ပဲတွေးမိပါတယ်.။
..ဆေးလိပ် မသောက်ပါနဲ့တော့ ..ဆိုထားတာမို ့..ဆေးလိပ်မသောက်တော့ရင် ..အကောင်းဆုံးပေါ့..။ ဆေးလိပ်ဟာတကယ်တော့ ကိုယ့်အတွက်လည်း မကောင်းဘူးမဟုတ်လား..။
( မှော်ဆရာရဲ့ ပရိုက်ဗေစီကို ထိခိုက်သလို ..ဝင်ရှုပ်သလိုဖြစ်နေရင်တော့ တောင်းပန်ပါတယ်။ )
နောက်..တကယ်လုပ်စေချင်တာတခုက .. နောင်နာဂစ်လိုမုန်တိုင်းလာခဲ့ရင် ..ကိုယ်လိုလူမျိုးအများကြီးမရှိအောင် တတ်နိုင်သလောက် ကူညီပေးခြင်းပါပဲ..။ လူသားတယောက်ဟာ အများကြိးလုပ်နိုင်ပါတယ်..။ မုန်တိုင်းလာရင်ကြိုတင်သတိပေးတာတွေ..။ သစ်ပင်စိုက်ဖို့စော်အောတာတွေ။ အရေးပေါ်ဖြစ်ရင် အထောက်အကူရမဲ့ ပစ္စည်တွေးအလှူခံပြန်ဝေမျှတာတွေ..။ ရွာလူထုကို ပညာပေးဟောပြောတာတွေ..မဆုံးနိုင်အောင်လုပ်နိုင်ပါတယ်..။
ဒါပေမဲ့ ..
ဖြေသိမ့်နိုင်စရာက ..သူသေရင်လည်း သူ့အလိုပြည့်အောင်လုပ်ပေးနိုင်ပါသေးတယ်..။ သူမျုားတွေနောင်အဖြစ်နည်းအောင်လည်း လုပ်ပေးနိုင်ပါသေးတယ်..။
ကိုယ်မှမသေသေးတာနော..။
ကမ္ဘာပျက်မဲ့နေ့ကတော့ ဒီလိုမဟုတ်ပေဘူး..။ကိုယ်လဲသေ၊သူလည်းသေ။ လူသားအားလုံးသေ ဖြစ်တာမို ့..
အမြင်နဲ့အတွေးတော်တော်ကွာမှာပါ..။
ကမ္ဘာမီးလောင်သားကောင်ချနင်းဆိုတာမှာ .. ကမ္ဘာပျက်ချိန်မြေကြီးက ပူလောင်လာတဲ့အခါ ..မိနစ်ပိုင်းလေး ကိုယ်တိုင်အပူသက်သာဖို့အတွက် .. ကိုယ့်သားသမီးကို ချနင်းပြီး အပူသက်သာအောင်လုပ်တာအတွက် ..ထားတဲ့စကားပုံပါပဲ..။ အင်မတန်ကြောက်စရာကောင်းပေမဲ့ ..ဒါဟာ လူသတ္တဝါရဲ့ မူလစိတ်သဘောကို မီးမောင်းထိုးပြနေတယ်လို့ .. တွေးမိပါတယ်..။
လူဆိုတာမှာ …အလွန်အတ္တကြီးပါတယ်..။
ဆိုတော့..
ကမ္ဘာပျက်မဲ့နေ့ကို သေသေချာချာအာရုံသွင်းကြည့်ပါလား.။
တမျိုးအဖြေကိုတွေ့မိပါလိမ့်မယ်..။ ဆန့်သောလက်မကွေးမှီ။ ကွေးသောလက်မဆန့်မှီနဲ့ တော်တော်ကွာပါသေးတယ်..။
စာတွေအရတော့ ..ကိုယ့်ကိုယ်တိုင်ရဲ့စိတ်ရင်းအမှန်ကို..မှန်ထဲသေသေချာချာပြန်မြင်ရသလိုဖြစ်မှာပါ..တဲ့..။
weiwei
November 28, 2010 at 9:44 am
ကမ္ဘာမီးလောင်သားကောင်ချနင်းဆိုတာနဲ့ ပတ်သက်လို့ ဝတ္ထုတစ်အုပ်မှာ ဖတ်ဖူးတယ် … ဟစ်တလာလက်ထက်က ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်တုန်းက .. အဆိပ်ငွေ့လွှတ်ပြီးသတ်တဲ့အချိန်တုန်းက တကယ့်ကို သားသမီးကိုတောင် အောက်ကချနင်းလို့ အသက်ခဏရှင်ဖို့အရေး ကြိုးစားခဲ့ကြတဲ့ တကယ့်အဖြစ်အပျက်တွေရှိခဲ့ဖူးတယ် …
paukpauk
November 28, 2010 at 1:32 pm
ကိုမှော်ဆရာ ဇာတ်လမ်းထွင်ရေးထားတာလို့ မထင်ရက်ပါ။
တစ်ခုတော့ အကြံပေးချင်ပါသည်။
လွန်ခဲ့တဲ့ (၁၀) နှစ်ခန့်က……
တိတိကျကျဆိုရရင် ၁၉၉ရ ခုနှစ် သင်္ကြန်မကျမီ April 10 ပေါ့။ ကျွန်တော့်ရဲ့ အမတစ်ယောက်ဆေးရုံမှာ အဆုတ်ကင်ဆာ ရောဂါနဲ့ သေခါနီးအခြေအနေမှာ ကိုယ်တိုင်ဘုရားမှာ ဝတ်ပြုပြီး တပည့်တော်ဆေးလိပ်ကို ရာသက်ပန်ဖြတ်ပါမည်။
အဆိုပါကတိကြောင့် ကျွန်တော်ရဲ့အမဖြစ်သူခံစားနေရသော ဝေဒနာဘေးဆိုးမှ အသက်ချမ်းသာရ ရာပါစေသား… လို့
ဘုရားမှာ ဆုတောင်းခဲ့ပါတယ်။
အတိုချုပ်ရရင် အမကတော့ နောက်ရက်မှာပဲ အသက်ဆုံးပါးသွားပါတယ်။
စီးကရက်တစ်လိပ်ကိုပြန်ကိုင်ရင်း အမရဲ့ရုပ်အလောင်းကို တစ်ညလုံး ထိုင်ကြည့်ထကြည့်နဲ့ … (သူများတွေက ဖဲရိုက်လို့ပေါ့)
ဆေးလိပ်ပြန်သောက်ရမလို.. မသောက်ရမလို ချီတုံချတုံဖြစ်ခဲ့ပါတယ်။
မနက်လင်းအားကြီးအချိန်မှာတော့ ကျွန်တော်ဟာ လုံးဝဖြတ်လိုက်တော့မယ် ဘာပဲဖြစ်ဖြစ် အမမသောက်စေချင်တဲ့ ဆေးလိပ်ကို.. ဆိုပြီး.. ဖြတ်ပစ်ခဲ့တာ…
ခုဆို (၁၀)နှစ်ကျော်ပါပြီ။
ဆေးလိပ်ဟာစွဲဘို့ဟာအခြေအနေပေးတော့ လွယ်တယ်.. ဖြတ်ဘို့တော့ အင်မတန်ခက်တယ်။ ယှဉ်ပြောရရင် အရက်ထက်ကို ဖြတ်ဘို့ပိုခက်ပါတယ်။
(၁) လူကြားထဲမှာ ဆေးလိပ်သောက်နေသည်ကို မကောင်းမှုဟု အမြင်မခံရခြင်း (အရက်ကျတော့ မရဘူးလေ)။
(၂) ဆေးလိပ်တွင်ပါသောနစ်ကိုတင်းက စွဲလန်းမှုကိုဖြစ်ပေါ်စေခြင်း နဲ့
(၃) Relaxationလုပ်လို့သိပ်ကောင်းတယ်လို့ထင်မြင်နေခြင်း တို့ကြောင့်လို့ထင်ပါတယ်။
(ဒါကတော့ သာမန်လူကျွန်တော့်အမြင်ပေါ့နော်)
…..
တကယ်တမ်းဆေးလိပ်ဖြတ်တာသည် အရက်ထက်ခက်ပါသည်။
ဥပမာ.. အရက်ကို ဝါတွင်း ၃ လ ဖြတ်မည်ဆိုလျှင် လွယ်လွယ်ဖြတ်နိုင်သည်ဆိုသော်လည်း ဆေးလိပ်ကို တစ်ရက်မျှပင် ပြတ်သွားလျှင် မနေမထိုင်နိုင်ဖြစ်ရပါသည်။
ကိုယ်တွေ့ ပြောပြရလျှင် ၁ နှစ်လောက်ထိ အသည်းအသန် ခံစားရသည်။
၂ နှစ်ကျော်မှ ခံသာလာပြီး ၅ နှစ်အထိပင် ဆေးလိပ်နံ့ရလျှင် သားရေယိုချင်နေပါသေးသည်။
အခု (၁၀)နှစ်ကျော်လာသောအခါ ဆေးလိပ်အနံ့ဆိုးများကိုသာ မခံနိုင်ဖြစ်လာပြီး အကောင်းစား စီးကရက်နံ့များကို မသိစိတ်က ခံစားနေနိုင်ပါသေးသည်။
တစ်ခါတစ်ရံ အိပ်မက်ထဲမှာ Marlboro လတ်လတ်ဆတ်ဆတ် လေးကို ဖွာနေလိုက်တာ ကောင်းလိုက်တာဗျာ…. လို့ ပြောရလောက်အောင်.. စိတ်ထဲမှာ အဲဒီထိစွဲလမ်းစေပါသည်။
မိမိအတွေ့အကြုံအရ သုံးသပ်ရလျှင် ..
ဆေးလိပ်သည် စွဲလန်းဘို့ အခြေအနေပေးသော်လည်း တော်ရုံမျှနှင့်တော့မစွဲလောက်သေးပါ။ ဥပမာ.. တစ်နေ့ ၃-၄ လိပ်မျိုးပေါ့။ တရက် တစ်ဘူးလောက်ဆိုရင်တော့ သေသေချာချာကိုစွဲနေပါပြီ။
(ကျွန်တော့် စံချိန်တုန်းက နှစ်ရက် တစ်ဘူးမှာ ဖြတ်ခဲ့တာပေါ့။)
ဒါကြောင့် ခိုင်မာသော တွန်းအားရှိစဉ် မှတ်မှတ်ရရဖြတ်လိုက်နိုင်ပါစေလို့ မှော်ဆရာအား ကိုယ်ချင်းစာမှုဖြင့် တိုက်းတွန်းလိုက်ရပေသည်။
…
(ဒါနဲ့ post တင်ပုံလေး သိတဲ့သူများ စနစ်တကျ ပြောပြပေးပါလား။
သူများတွေကို အားကျလို့..။)
kopauk mandalay
November 28, 2010 at 3:35 pm
ဆေးလိပ်ဖြတ်တာ လွယ်တယ်ခက်တယ်ဆိုတာစိတ်ပါ။
ကျနော်တစ်နေ့တစ်လိပ်ကနေစခဲ့တာ 1978ပါတ်ဝန်းကျင်ပေါ့။
2009မှာ တစ်နေ့ တစ်ဘူးကျော် ကျနော့် အမှတ်အသားက လူဝကြီးလက်ထဲမှာ အမြဲတမ်းစီးကရက်နဲ့ပေါ့။
ဒါပေမယ့် 2009 8လပိုင်း မှာ ဘာမှအစားမထိုးဘဲ ဖြတ်လိုက်ပါတယ်။
အခုအချိန်မှာ သူများကို မီးညှီပေးရင်တောင် ကိုယ်သောက်ချင်စိတ်မရှိပါ။
ဒါကတော့ကိုယ်တွေ့ ။
စိတ်ပြတ်ရင် အကုန်ပြတ်ပါတယ်။
ကျနော်ကတော့ ဒီပိုစ်ကိုဖတ်ပြီး လူဆိုတာ သေချင်ရင် ဘာဖြစ်ဖြစ်သေမှာဘဲဆိုတာ ပိုယုံကြည်သွားပါတယ်။
ဒီတော့ မသေခင်ချစ်ချစ်ခင်ခင်လေး နေဘို့လိုအပ်တယ်ဆိုတာ လုံးဝကိုလက်ခံလိုက်ပါပြီ။
ဒီနေ့ကစလို့ ချစ်ဘို့ကြိုးစားပါတော့ မယ်။
လာထား …………………..အာဘွား ………………….မော်ဒယ်မလှတပတလေးများ ………………….
မှော်ဆရာ
November 29, 2010 at 3:04 am
(၁) လူကြားထဲမှာ ဆေးလိပ်သောက်နေသည်ကို မကောင်းမှုဟု အမြင်မခံရခြင်း (အရက်ကျတော့ မရဘူးလေ)။
(၂) ဆေးလိပ်တွင်ပါသောနစ်ကိုတင်းက စွဲလန်းမှုကိုဖြစ်ပေါ်စေခြင်း နဲ့
(၃) Relaxationလုပ်လို့သိပ်ကောင်းတယ်လို့ထင်မြင်နေခြင်း တို့ကြောင့်လို့ထင်ပါတယ်။
ပေါက်ပေါက်ရှင်းပြထားတဲ့ ဆေးလိပ် ကောင်းကျိုးတွေက သိပ်မှန်ပါတယ်။
နောက်တစ်ခု ထပ်တိုးလိုက်ဦးမယ်။တစ်ယောက်ယောက်ကို စောင့်နေရတဲ့ အချိန်ဆိုရင် ဆေးလိပ်လေးနဲ့ဆို ဣန္ဒြေရတယ်ခင်ဗျ။ နို့မိုဆို ကြောင်တောင်တောင်ကြီး ။
ဒါ မဲဆွယ်တရား ဟောနေတာမဟုတ်ပါဘူး။ဆေးလိပ်မကောင်းကျိုးက ကောင်းကျိုးထက် ပိုများနေတာ အသိသာပါ။
ကျွန်တော်လဲ လွန်ခဲ့တဲ့ ခွန်နှစ်လထဲက ဆေးလိပ်ဖြတ်ထားပါတယ်။
ဒါပေမယ့် ပြောရရင် သောက်တာ ကြာနေတော့ ဆေးလိပ်ဆိုတာကိုယ့်ရည်းစားဦးလိုပဲဗျ။
မတွေ့ရင်သာ နေနှိုင်တယ်။သူ့မျက်နှာမြင်တော့ ဘာလိုလို..
စိတ်ဆိုးလဲ ခဏပဲ။မတွေ့တာကြာလေ သတိရလေ ဆိုတာလို ဖြစ်နေတယ်။
rat
November 29, 2010 at 3:15 am
ဟုတ်ရင်ဟုတ်ပေါ့ကွာ………………မဟုတ်လို.ကတော့မှော်ဆရာသောဘာသောနားမလည်ဘူး……………
ဒင်းကို ၅ ရက်နေ.ကျရင်မမြင်ချင်တော့ဘူး…………………..
မှော်ဆရာ
November 29, 2010 at 3:35 am
ရွာသူကြီးရေ …. ကယ်ပါဦး …..
သူကြီးအမှု မှော်ဆရာကို ပတ်တော့မယ်….
အဲဒါ ရွာသူကြီး ကိုခိုင် မောင်းတီးတာဗျ……
သား ဘာမှ မတိဘူး….
နာကြောတာမဟုတ်ဘူး …တူ ..တူ .. တူကြောတာ…
Maung Dae`
November 29, 2010 at 8:04 am
တကယ်ကမ္ဘာပျက်မှာဆိုရင်တော့.. အကုန်ကြွမှာပေါ့နော်.. ကောင်းတာပေါ့ အဖော် အပေါင်း စုံညီတာပေါ့.. ဟီး ဟီး….
doekalay
November 29, 2010 at 8:54 am
နေတော ့လည်းတူတူသွားတော ့လည်းတူတူပေါ ့ဟုတ်ဘူးလားတကယ်ကမ္ဘာပျက်မှာဆိုရင်ပေါ ့
inz@ghi
November 25, 2011 at 8:18 pm
မှော်ဆြာလေး ဖြစ်ချင်သည်. ..ပုံပြင်ဟောင်းလေး အသက်သွင်းမိတော့မည် ….
“အခုတော့ ပါးစပ်ရာဇဝင်လေး တခုဖြစ်ကျန်နေခဲ့ပြီ” ဆိုတဲ့ သီချင်း ကို INSPIRE
လုပ်ပြီး မှော်ဆြာဆိုတဲ့ NICK ကိုရွေးခဲ့တာလားဗျ……??
မှော်ဆရာ
November 25, 2011 at 8:30 pm
ဟုတ်ပါ့ဗျား … ကွက်တိပါပဲ ..
windtalker
November 25, 2011 at 9:24 pm
အဖေ တစ်ခု သားတစ်ခု မို ့ပါဘဲလေ
ဝေလေလေ
မှော်ဆရာ
November 25, 2011 at 9:36 pm
နာတေပီ နာတေပီ …
naywoonni
November 25, 2011 at 9:50 pm
ဆေးလိပ်အကြောင်းပဲ ပြောနေတယ်…။ သူရို့ အီးရက်တွေသောက်တာကြတော့ ဆိုချယ်ကျသတဲ့ ….။ မေပေါင် နင်လဲဝေလေလေနဲ့…။ ဟင်းးးးး တားတို့ကတော့ ………….. လူ့ဘွဝ သက်ရှင်နေတုတ်မှာ အားလုံး လာထားပဲ…။ မရဘူး..။ ဘာမှယူမထားပါဘူးမပြောနဲ့…။ လာထား……….. 😛
MaMa
November 25, 2011 at 10:40 pm
အဲဒီ ဝတ္ထုလေး ဖတ်ဖူးပါတယ်ထင်နေတာ။ ပိုစ့်တင်တဲ့ date ပြန်ကြည့်ပြီးတော့မှ မောင်ဂီ ပြန်လည်ခံစားဖော်ထုတ်လိုက်မှန်း သိရတယ်။ reading count ကြည့်ပြီး စက်ကြာမင်း မှော်ဆရာကို အားကျထှာ။
မှော်ဆရာ
November 25, 2011 at 10:43 pm
တနှစ်ပြည့်မှ ဒီလောက်ရတာပါ အမရယ် ….
နောက်နှစ်ရက်ဆို တစ်နှစ်ပြည့်ပြီ …..