နံ့သာမြိုင် ပညာရေး ထောက်ပံ့မှု အစီအစဉ် မှ ကွန်ပျူတာ လှူဒါန်းပွဲ

who whoDecember 1, 20101min1233

နာရီကို ကြည့်လိုက်တော့ အချိန်က မနက်(၇)ခွဲ ။ စောင့်မျှော် နေရတဲ့ ကားတစ်စီး အိမ်ရှေ့ကို ဆိုက်ရောက်လို့လာပါပြီ။ ကားပေါ်မှ ဆရာကြီး ဦးချစ်စံဝင်း နှင့် ဇနီးဒေါ်မော်မော်တို့က ပြုံးရွှင်သော မျက်နှာ ဖြင့် ဆင်းလာကြပါပြီ။ သူတို့နှင့်အတူ နံ့သာမြိုင် အနာကြီး ရောဂါ သည်များ စခန်းသို့ သွားဖို့ လာခေါ်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နံ့သာမြိုင်ဆီသို့ ခရီးစဉ်လေး စတင်လာခဲ့ပါပြီ။ မန္တလေးမြို့မှ ၃၂ မိုင် ကွာဝေးသော ခရီးကို သွားနေရင်းနဲ့ လမ်းတစ်လျှောက် အတွေးလေး များက အတိတ် တစ်နေရာဆီသို့ ……

၂၀၀၃ ခုနှစ် မေလလောက်ကပေါ့။

“ သမီးရေ မေမေ ဟိုနေ့က သတင်းစာထဲမှာ ပညာရေးထောက်ပံ့မှု အစီအစဉ်ဆိုတာလေး နဲ့ အလှူရှင်များ လှူဒါန်းလိုက ဆက်သွယ် လှူဒါန်း နိုင်တယ်ဆိုတဲ့ အကြောင်းလေး ဖတ်လိုက်ရတယ်။ အဲဒါ သမီး က အဲလိုတွေ ဝါသနာပါတယ်ဆိုတော့ မေမေပြမယ် ဆိုပြီး ခုမှသတိရ လို့…”

“ ဟင် ဟုတ်လား မေမေ။ ဘယ်နေ့က သတင်းစာလဲ? သမီးပြန်ရှာဖတ် လိုက်မယ်လေ။ ”

“အေးပါ… မေမေလည်း ရက်စွဲတောင် မမှတ်ထားလိုက်ရဘူး ။ နည်းနည်းတောင် ကြာသွားပြီထင်တာပဲ။ ”

“ဟုတ်ကဲ့ပါ။ သမီးရှာကြည့်လိုက်ပါ့မယ်”။

“ဟူး….မောလိုက်တာ …ရှာလို့လည်း မတွေ့တော့ဘူး။ သွားပါပြီ။ ”

လက်လှမ်းမှီသလောက် ရှာခဲ့ပေမယ့် အဲဒီ ကြော်ငြာလေး ကိုတော့ မတွေ့ခဲ့ရပါ။ ကဲပါလေ။ နောက်တော့ ကြုံလာဦးမှာပါလေ …လို့သာ စိတ်ကို မလျော့ချင်ပဲ လျော့လိုက်ရသည်။ စိတ်ထဲမှာ သိပ်တော့ ဘဝင် မကျချင်။ ငါ့နဲ့နော် လှူဖို့ ကံမပါတာလားလည်း မသိ ပါဘူး။ ဘယ်လိုဆက်သွယ်ရမလဲ ဆိုတာလေးတောင် သဲလွန်စမရခဲ့ ပါလားနော်။

နောက်တစ်ပတ်လောက် အကြာမှာ အိမ်ကို ဧည့်သည် တစ်ယောက် ရောက်လာပါတယ်။ တစ်ခါတရံ လမ်းကြုံတိုင်း ဝင်လာလည်တတ်တဲ့ အမသူငယ်ချင်း ရဲ့ အစ်ကိုပါ။ သူက နယ်ပြန်မှာ မို့ သူ့ညီမဆီ ဘာမှာဦးမလဲလို့ ဝင်မေးတာပါပဲ။ အဲဒီမှာ စကားပြောရင်း နဲ့ အမှတ်မထင် သူက မတ္တရာဖက်က ရေနံ့သာရွာနားကို ခဏသွားရ ဦးမှာမို့ အဲဒီက အပြန်မှ အိမ်ကိုတစ်ခေါက် ဝင်လာခဲ့မယ် ဆိုတဲ့ အကြောင်းပြောပါတယ်။ အယ် …ကြည့်စမ်း…အဆင်သင့်လိုက်တာ နော်။ သိချင်လွန်းလို့ လိုက်ရှာတာတောင် မရလိုက်တဲ့ ရေနံ့သာရွာက ပညာရေးထောက်ပံ့မှု အစီအစဉ်ဆိုတာလေးကို ခုတော့ သိရဖို့ အိမ် ကိုဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာရပြီပေါ့။ ဒါနဲ့ပဲ အဲဒီ အစ်ကို ကို သေချာလေး စုံစမ်းခဲ့ပေးဖို့ မှာခဲ့ပါတယ်။

အင်း…စုံစမ်းချက်အရ သိရတာကတော့ အနာကြီးရောဂါသည် ခုခေတ် ခုအခါမှာ ဆေးဝါးကောင်းတွေ ပေါ်ပေါက်လာရပြီမို့ အရင်လို ကုမရတဲ့ အနေအထားမဟုတ်တော့ပဲ ရောဂါ အနု၊ အရင့်ကို လိုက်လို့ ကုသပေးရင်ဖြင့် ပျောက်ကင်းအောင်ထိ ကုသနိုင်ပြီ ဖြစ်ကြောင်း၊ သို့ သော်လည်း ဒီလို ရောဂါသည်တွေရဲ့ သားသမီးတွေ အနေနဲ့ သူတို့ လေးတွေမှာ ရောဂါမရှိပါသော်လည်း မိဘများက ရောဂါသည် ဖြစ်နေတာကြောင့် သူတို့အနေနဲ့ ပညာသင်ကြားနိုင်ဖို့ အလွန်ကို အခက်ကြုံနေကြရပါကြောင်း၊ အဲဒီ အခြေအနေကို သိရလို့ စာရေးဆရာ ဦးချစ်စံဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်မော်မော်တို့က ဦးဆောင် ဦးရွက် ပြုပြီး စေတနာရှင်များ၏ လှူဒါန်းငွေတို့ဖြင့် ကလေးများအား ပညာသင်ကြားခွင့် ရစေဖို့ စီစဉ်ခဲ့ကြောင်း ၊ လှူဒါန်းလိုက ကလေး တစ်ယောက်၏ တစ်နှစ်စာ ပညာသင်စရိတ်မှာ မူလတန်း ကလေးတစ်ယောက်စာ အတွက် ၄၀၀ဝ ကျပ်၊ အလယ်တန်း ကလေးတစ်ယောက်စာ အတွက် ၅၀၀ဝ ကျပ် နှင့် အထက်တန်း ကလေးတစ်ယောက်စာ အတွက် ၆၀၀ဝ ကျပ်တို့သာ သတ်မှတ်ထား ကြောင်း ….စသည်ဖြင့် သိလာခဲ့ရပါတယ်။ အော် …ဒါဆို ဘာပဲဖြစ်ဖြစ် လူတိုင်းလိုလို လှူနိုင်တာပဲနော်။ ဘာလို့လဲဆိုတော့ ဒီလောက် ငွေလေးဖြင့် ကလေးတစ်ယောက်ကို တစ်နှစ်စာ ပညာသင်ခွင့် ရစေဖို့ ဆိုတော့ ဒီလို ထိရောက်ပြီး တကယ့်ကို လိုအပ်သော နေရာများလည်း ရှိပါသေးလား လို့ …။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မ အနေနဲ့တော့ ဒီ အကြောင်းလေးကို နီးစပ်ရာ ကိုယ်လို မသိသေးသူများကို သတင်း ပေးလို့ ဆော်ဩရမှာပါပဲ။

“သင်၏ စီမံကိန်းသည် ၁ နှစ်စာ အတွက် ရည်ရွယ်လျှင် စပါး စိုက်ပါ။ ၁ဝ နှစ်စာအတွက် ရည်ရွယ်လျှင် နှစ်ရှည်ခံပင် စိုက်ပါ။ နှစ် ၁၀ဝ စာ အတွက်လို့ ရည်ရွယ်ရင်တော့ ကလေးများအား ပညာသင်ပေးပါ။ ”

ဆိုတဲ့ စကားလေးနဲ့ အညီ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် ၊ တိုးတက်ဖို့ နောင်တစ်ခေတ်ရဲ့ စွမ်းဆောင်ရှင်များ ပေါ်ပေါက်စေဖို့ အတွက် ကလေးတိုင်း ပညာတတ်ဖို့ လိုပေတယ်။ ပညာတတ်တွေ ပေါလေ ၊ အသိဉာဏ်တွေရှိလေ ၊ တိုင်းပြည်လည်းတိုးတက်လေ ဆိုတဲ့ ကွင်းဆက် အရ ကျောင်းနေအရွယ် ကလေးတိုင်းသည် သေချာပေါက် ကို ပညာသင်ကြဖို့ လိုအပ်ပါတယ်နော်။ အကယ်လို့များ အခုလို ပညာသင်ကြားခွင့် မရရှာကြသော ကလေးငယ်များ ရှိလာခဲ့ရင်လည်း တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ စောင့်ရှောက်ရမယ့် တာဝန်ဟာ လူတိုင်း မှာ ရှိသင့်တယ်လို့လည်း ကျွန်မ ယူဆပါတယ်။ ဒါကြောင့်ပဲ ဒီလို အနာကြီး ရောဂါသည်တွေရဲ့ ကလေးတွေမှာ ပညာသင်ဖို့ လွန်စွာမှ အခက်ကြုံနေကြရတယ်ဆိုတာ သိလိုက်ရကတည်းက ဒါသည် ငါ့အ တွက် တိုင်းပြည်နှင့် လူမျိုးတိုးတက်စေဖို့ အမျိုးသားရေးတာဝန် တစ်ခု ပါလားလို့ ခံယူလျက် တတ်နိုင်သမျှ ထောက်ပံ့ငွေများကို လိုက်လံ ကောက်ခံ လှူဒါန်းပေးခဲ့ပါတယ်။

အင်း ဘာလိုလိုနဲ့ အခုဆိုရင် (၇) နှစ်တောင် ရှိပါပေါ့လား။

ကျနော် လုပ်ရတဲ့ လုပ်ငန်းလေးကလည်း ဘာမှတော့ မခက်ခဲလှပါ ဘူးနော်။ ကျောင်းစာသင်နှစ် စခါနီးတိုင်း ကလေးတွေ အတွက် လှူဒါန်းလိုသော အလှူရှင်များကို ရှာဖွေ ဆက်သွယ်ပြီး အိမ်တိုင် ရာရောက် သွားရောက် အလှူခံပါတယ်။ ကောက်ခံရ ရှိငွေ များကို တော့ ရန်ကုန် ရုံးချုပ်ကို အလှူရှင် စာရင်းနှင့် အကွ ပေးပို့ ရပါတယ်။ အဲဒီမှာပဲ ရုံးချုပ်ကနေ အလှူရှင်တွေကို ကိုယ်လှူဒါန်း လိုက်သော ကလေးရဲ့ ဓါတ်ပုံလေးပါသော အကြောင်းပြန်တဲ့ ဖောင်လေးတစ်စောင် ပြန်ပို့ပေးပါတယ်။ အဲလို ပို့ပေးသော ဖောင်များကို ကျနော်က တစ်ခါ အိမ်တိုင်ရာရောက်လိုက်ပြီး ပို့ပေးရပါတယ်။ တချို့ ကျတော့လည်း မူလတန်း စတက်မယ့် ကလေးတစ်ယောက်ကို မူလတန်း မှ စ၍ ဆယ်တန်းရောက်သည်အထိ နှစ်တိုင်း ဒီကလေး အတွက် ပညာသင်စရိတ်ကို တာဝန်ယူ လှူဒါန်းတာမျိုးတွေလည်း ရှိပါ တယ်။ တနည်းပြောရင် ကလေးမွေးစားတဲ့ သဘောပေါ့နော်။ ဟို တစ်နှစ်ကဆိုရင် နန်းရှေ့ က ဆရာ/မ များ စုပေါင်းပြီး အဲဒီနှစ်မှာ စတင် ကျောင်းတက်မယ့် ကလေး အယောက် (၄၀) ကျော်ကို တစ်တန်းလုံးစာ သူတို့ အဖွဲ့ကပဲ ပညာသင်ထောက်ပံ့ငွေ လှူဒါန်း သွားတာမျိုးလည်း ရှိပါတယ်လေ။

မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ဒီလို အနာကြီးရောဂါသည်များ ထားရာ စခန်းပေါင်း (၅) ခုရှိပါတယ်။ မတ္တရာနားက ရေနံ့သာ ကျေးရွာမှာက နံ့သာမြိုင် အနာကြီးရောဂါသည်စခန်း၊ နောက် မရမ်းချောင်းမှာ စခန်းတစ်ခု၊ နောက် မော်လမြိုင်မှာ တောင်ဝိုင်း စခန်း၊ မုံရွာနားက အိုးတလုံး ၊ စစ်ကိုင်းမှာက မြရတနာရယ် ဆိုပြီးပေါ့။ အဲဒီတွေမှာက တစ်နိုင်ငံလုံးက အနာကြီးရောဂါသည်တွေကို နီးစပ်ရာ စခန်းတွေမှာ ထားပြီး ဆေးကုသမှုလည်း ခံယူကြရပါတယ်။ ကျနော့ အနေနဲ့ကတော့ ဘယ်စခန်းကပဲ ဖြစ်ပါစေ။ လိုအပ်သောကလေးများ အတွက်လို့ ရည်ရွယ်ပြီး ကောက်ခံနေပါတယ်။ အင်း ဒီလိုနဲ့ပဲ ကိုယ်က တဆင့် တစ်ယောက်တစ်လက် ဝိုင်းလို့ကူ ဆိုသလို ပွားပွားပြီး လှူလာ ကြတဲ့ အခါ ခုဆိုရင် အလှူရှင် အင်အားလည်း တော်တော်လေးကို တောင့်တောင့်တင်းတင်း ဖြစ်လာပါပြီ။ ကလေးတွေ အနေနဲ့လည်း ဒီလို ပညာသင်ခွင့်လေးတွေရလို့ ကြိုးစားခဲ့ကြတာတွေကြောင့်ပဲ ခုဆိုရင် ဆယ်တန်းတွေအောင်လို့ အင်ဂျင်နီယာတွေ ၊ ဆရာဝန်တွေ ၊ ဆရာမတွေ ၊ နပ်(စ်) တွေ ဖြစ်လာကြလို့ ကိုယ့် စခန်းမှာပဲ ပြန်ပြီး ပြုစု စောင့်ရှောက် တာဝန် ထမ်းဆောင်နေတာလေးတွေ တွေ့ရတော့ အတော့်ကိုပဲ ဝမ်းသာရပါတယ်။

ခုလည်း ဆရာကြီးဦးချစ်စံတို့က ဒီ နံ့သာမြိုင်ကျောင်းလေး ဖွံ့ဖြိုးတိုးတက်လာစေဖို့ နဲ့ အနာဂါတ်မှာ ကွန်ပျူတာ ပညာရှင် အဖြစ် အသက်မွေးနိုင်အောင်ထိ ရည်ရွယ်လို့ ကွန်ပျူတာ လှူဒါန်းပွဲ လုပ်ဖို့ လာကြခြင်း ဖြစ်ပါတယ်။ အင်း….အတွေးထဲမှာ ဘယ်လောက်တောင် မြောသွားလည်းမသိဘူး။ အစာအိမ်က ဂွီဂွီ ဂေါ်ဂေါ် သတိပေးသံ ကြားလိုက်မှပဲ သတိလေး ပြန်ဝင်လာပါတယ်နော်။

အတွေးလှိုင်းလေးတွေကိုစီးရင်း ကျနော်တို့ ကားလေးက နံ့သာမြိုင်စခန်းဆိုတဲ့ ဆိုင်းဘုတ်လေး အတိုင်း ချိုးဝင်လိုက်ပါပြီ။ ရွာထိပ်မှာကို တချို့က သတင်းရထားတာကြောင့် စောင့်ကြို နေရှာ ပါတယ်။ အင်း..ဒီလိုနဲ့ပဲ ကလေးများရဲ့ အမိ ကျောင်းတော်ရိပ် အောက်သို့ ကျွန်မတို့ ကားလေးလည်း ဆိုက်ရောက်လာခဲ့ပါပြီ။ ကျောင်းအုပ်ဆရာမကြီး နှင့် တကွ အားလုံးသော ဆရာ/မများက ဝမ်းသာအားရဆီးကြိုကြပါတယ်။

photo nphoto nathaatha

အရင်ဆုံး ဆရာကြီး ဦးချစ်စံဝင်းမှ ဦးဆောင်လို့ ရွာခံ လူကြီးများ အားလုံး စုဝေးလျက် အစည်းအဝေးလေး ကျင်းပပါတယ်။ လက်ရှိ အခြေအနေ နှင့် လိုအပ်ချက်များ ၊ အခက်အခဲများကို မေးမြန်း ပြီးနောက် ဆရာကြီးမှ အားလုံးအား လုပ်ဆောင်ရမယ့် တာဝန်များနှင့်  စိတ်ဓါတ်မြင့်တင်ရေးများ ပြုလုပ်၍ အားပေးခဲ့ပါတယ်။

ထို့နောက် စာသင်နေကြသော ကလေးများအား တစ်တန်းချင်းစီ လိုက်လံ ကြည့်ရှုခဲ့ပါတယ်။

ကလေးများအားလုံး ပညာသင်ကြားနေပုံကိုလည်း တွေ့နိုင် ပါတယ်။

ထို့နောက်မှာတော့  ကလေးများ အားလုံးအား ကြာဇံဟင်း တိုက်ကျွေး ခြင်း အစီအစဉ်လုပ်ပါတယ်။ အဲဒီမှာပဲ ကလေးတွေ အားရ ပါးရ ကြာဇံဟင်း သောက်နေပုံလေးကို ကြည်နူးဖွယ် မြင်တွေ့ရပါတယ်။

ကလေးများအား ကြာဇံဟင်း အဝတိုက်ပြီးနောက် ကွန်ပျူတာလှူဒါန်းပွဲ ကျင်းပသောအခမ်းအနားစတင်ပါတယ်။ ဟောခန်းမထဲတွင် ဆရာ/မ များနှင့်တကွ ကျောင်းသားကျောင်းသူများ

အားလုံးတို့ နှင့် အတူ မိဘများလည်း စုဝေးရောက်ရှိနေကြပါပြီ။

ရှေးဦးစွာ  ဆရာကြီး ဦးချစ်စံဝင်းမှ ကလေးများရော မိဘများပါ ပညာရည်တိုးတက်စေဖို့  စတင် အမှာစကား ပြောကြားပါတယ်။

အဲဒီမှာပဲ ဆရာကြီးမှ မိဘရော ကျောင်းသားကျောင်းသူ ၊ ဆရာ ၊ ဆရာမများအားလုံးတို့အား ပညာတတ်ဖို့ အရေးကြီးပုံတွေ၊ နောင် အနာဂါတ်မှာ ပညာတတ်တစ်ယောက် အတွက် ရလာနိုင်မယ့် အခွင့် အလမ်းတွေ၊ လက်ရှိ ဒီစခန်းမှ အောင်မြင်သွားကြသော ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ နှင့် လက်ရှိ တက်ရောက်ဆဲ တပ်မတော် ဆေးတက္ကသိုလ်ရောက် ကျောင်းသားလေးတွေ အကြောင်းကို ကလေးများအားကျလာဖို့ နဲ့ အဲလိုဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် မြန်မာတိုင်း(စ်)မှ ဆရာ မောင်သွေးသစ်က ကလေးများ အားလုံးရဲ့ အနာဂါတ်လှပစေဖို့ မိဘ ၊ ဆရာများ အားလုံး ဝိုင်းဝန်းကြိုး စားဆောင်ရွက်ကြဖို့ နဲ့ လွန်ခဲ့တဲ့ (၇) နှစ်တုန်းက ပြုလုပ် ခဲ့သော ရှင်အပါး ၂၀ဝ ကျော် ရှင်ပြုပွဲအကြောင်းလေးကို ပြန်လည် တမ်းတ လွမ်းဆွတ်ဖွယ် လေးများကို မျက်ရည်ပင် ဆို့လောက်အောင် အားရပါးရ ပြောကြားခဲ့ပါတယ်။ အင်း…ဆရာရဲ့ အနာကြီးရောဂါသည် တို့ရဲ့ ဘဝ စိတ်ခံစားချက်တို့ကို ဖော်ဆောင် သော ဆို့နင့်ဖွယ် ကဗျာ ရွတ်သံက လူတိုင်းရဲ့နှလုံးသားကို ကိုင်လှုပ် လိုက်တာကြောင့် အားလုံး ရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တောင်ဝဲခဲ့ရ ပါတယ်နော်။ ကျွန်မ အနေဖြင့် ဒီပွဲလေးမှာ အခုလို ပါဝင် တက်ရောက် ခွင့်ရခဲ့တာလေး ကိုလည်း အတော့ကို ကျေနပ်မိပါတယ်။

ဆက်လက်၍ ကွန်ပျူတာ လှူဒါန်းပေးအပ်ခြင်း အစီအစဉ်အရ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းမေထံ ကွန်ပျူတာပေးအပ်ပါတယ်။

ဆရာမကြီးမှ လက်ခံရယူပြီးနောက် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားပါတယ်။ နောက်ဆုံးအနေနှင့် ဆရာကြီး ဦးချစ်စံဝင်းမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်ပြီးဆုံး ကြောင်း ကြေငြာလိုက်ပါတယ်။

ထို့နောက် ရွာထဲမှ လူကြီးများအား တစ်ဦးချင်းစီ အလိုက် တွေ့ ကြုံနေရသော လက်ရှိ အခြေအနေ၊ အခက်အခဲ နှင့် တိုးတက်လာမှု များကို အသေးစိတ် မေးမြန်းပြီးနောက် ရွာတွင်း တည်ထောင်ပေး ထားသော စာကြည့်တိုက်သို့ ဆက်လက် ဦးတည် ထွက်ခွာလာခဲ့ ကြပါတယ်။

ရွာတွင်း ရွာသူ/သားများ အသိဉာဏ် တိုးတက်စေရန် ရည်ရွယ်လျက် တည်ထောင်ပေးထားသော စာကြည့်တိုက်အခြေအနေကို လိုက်လံ ကြည့်ရှု လေ့လာခဲ့ကြပါတယ်။

စာကြည့်တိုက်လေးရဲ့ အမည်ကို ကြာပန်းရေစင်လို့ပေးထား ပြီး ကဏ္ဍမျိုးစုံ အတွက် စာအုပ်များ လှူဒါန်းပေးထားတာကြောင့် စာဖတ်သူတိုင်း ကို အသိဉာဏ် ၊ ဗဟုသုတ ပေးလှူရာ ဘဏ်တိုက် ကြီးသဖွယ် ရှိနေတာကိုလည်း ဂုဏ်ယူဖွယ် တွေ့မြင်ရပါတယ်။

စာကြည့်တိုက်မှ အပြန် ရွာတွင်းမှ ရောဂါသည်များအား တွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့ရာ အားလုံးလည်း မျက်ရည် တလည်လည်ဖြင့် ဝမ်းမြောက် ပျော်ရွှင် ကျေးဇူးတွေတင်လို့ပေါ့။ ထိုမှ အပြန် ဆေးရုံသို့ ဝင်ရောက်ခဲ့ပြီး အလှူငွေပေးအပ်ခဲ့ပါတယ်။  ဆေးရုံ ရှိ ဝန်ထမ်းများ နှင့် တာဝန်ကျ ဆရာဝန်ကြီးများအား ဆရာကြီးမှ တွေ့ဆုံ စကားပြောခဲ့ပြီးနောက် ကျနော်တို့ရဲ့ နံ့သာမြိုင် အပြန်ခရီး လေးကို ကြည်နူးပီတိတို့နှင့်အတူ ထွက်ခွာလာခဲ့ကြပါတယ်။

ယခင်ခေတ်အခါက အနာကြီးရောဂါသည်ဆိုပြီး အသံကြား ရင်တောင် နှာခေါင်းပိတ်ပြီး ကွေ့ရှောင်သွားကြသော အဖြစ်မှ အခုလို ဆရာကြီး ဦးချစ်စံတို့၏ မြေတောင်မြှောက်လို့ လူသားချင်း စာနာထောက်ထား ကယ်တင်ခြင်းစိတ်ဓါတ်အပြည့်ဖြင့် ကလေးများ အား ပညာသင် ထောက်ပံ့မှုများ လုပ်ပေးခဲ့ခြင်းကြောင့် အခုဆိုရင် ဆရာဝန်တွေ၊ စစ်ဗိုလ်တွေ၊ အင်ဂျင်နီယာကြီးတွေ၊ ဆရာ၊ ဆရာမတွေ များစွာဖြင့် တိုင်းပြည်နှင့် ကိုယ့် အမျိုးဘာသာ သာသနာ အကျိုး စွမ်းဆောင်ပေး မယ့် ပုဂ္ဂိုလ်များမွေးထုတ်လာနိုင်ပြီ ဖြစ်တာကြောင့် အလှူရှင်များအနေ နှင့် လည်း တစ်တပ်တအား ပါဝင်ကူညီ လှူဒါန်း နိုင်ပါကြောင်း အသိလေးပေးရင်း ဒီဆောင်းပါးလေးကို ရေးသား တင်ဆက်လိုက်ရပါတယ်။ အကယ်လို့ စိတ်ပါဝင်စားစွာဖြင့် လှူဒါန်း ထောက်ပံ့လိုပါက ဖုန်း ဝ၁-၂၀၂၃၇၂ သို့ ဆက်သွယ် လှူဒါန်းနိုင် ပါကြောင်း နှင့် မေးမြန်းစုံစမ်းနိုင်ပါကြောင်း ကုသိုလ်သတင်းလေး ဖြန့်ဝေလိုက်ရပါတယ်။

၂၄.၁၁.၂၀၁၀

3 comments

  • weiwei

    December 1, 2010 at 6:55 am

    ကောင်းလိုက်တဲ့ အလှူပဲနော် … ဖတ်လိုက်ရတာနဲ့တင် အလှူရှင်တွေနဲ့ထပ်တူ ကြည်နုူးပီတိဖြစ်ရပါတယ် … ဆက်သွယ်လှူဒါန်းပါအုန်းမယ် …

  • aungshin

    December 1, 2010 at 9:57 am

    အတော်ရေးနိုင်တာပဲ။ ဘယ်သူလဲမသိဘူး။ ကောင်းသောအလုပ်ပါ။ အဲဒီခရီးစဉ်မှာ ကျွန်တော်ပါခဲ့အတွက် ထပ်တူထပ်မျှဝမ်းသာမိပါတယ်။ ခုလို အင်တာနက်မှာ အမြန်ဆုံးတင်ပြထားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ အဲဒီခရီးစဉ်က ကျွန်တော့်အတွက် တွေးစရာတွေတော်တော်များများရခဲ့ပါတယ်။ နောက်များမှ အဲဒီအတွေးတွေပြောပြချင်သေး သိစေချင်သေးဗျာ။

  • Nyan Phyo Myint

    December 1, 2010 at 10:46 am

    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်အပ်ပါတယ်။

Leave a Reply