အမျိုးသားအောင်ပွဲနေ့
အမျိုးသားအောင်ပွဲနေ့
အမျိုးသားနေ့ဆိုဟုဆိုလိုက်သည်နှင့်တပြိုင်နက် ကျွန်တော့ရင်ထဲတွင် အလိုလိုနားလည်ပြီးသားဖြစ် နေသည့်အချက်မှာ “မြန်မာကျောင်းသားထုသည် မတရားသည့်အမိန့်အာဏာ များကို တွန်းလှန်ခဲ့သည်။ ဖြိုခွင်းခဲ့သည်။ အကြမ်းမဖက်လှုပ်ရှားမှုဖြင့် တိုက်ဖျက်ခဲ့ကြသည် ” ဆိုသည့်အချက်ပင်ဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့ဟူသည် မြန်မာလူမျိုးတိုင်း တက္ကသိုလ်ပညာကိုသင်ကြားခွင့် မရရှိနိုင်စေရန် အဖက်ဖက်မှ ကန့်သတ်ဖိနှိပ်ထား သည့် တက္ကသိုလ်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည့် ကျောင်းသားထု၏ စည်းလုံးညီညွတ်မှု၊ အနစ်နာခံမှု ၊ ဇွဲ သတ္တိ၊ လုံလဝီရိယတို့၏အောင်မြင်ရာပြယုဂ်တစ်ခုလည်းဖြစ်ပေသည်။
ကိုလိုနီခေတ်တက္ကသိုလ်ဥပဒေ၌- –
– မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာရှိရမည်။ထိုတက္ကသိုလ်လက်အောက်တွင်လည်းကောလိပ်ကျောင်း တစ်ကျောင်းတည်းသာ ရှိရမည်။
-ထိုတကျောင်းတည်းသောကောလိပ်ကျောင်းသည်လည်းရန်ကုန်မှာပင်ရှိရမည်။
– ထိုကောလိပ်ကျောင်းတွင် စာသင်လိုသော ကျောင်းသူ၊ ကျောင်းသားများတို့သည် ကျောင်း အိပ်ကျောင်းစားများ အဖြစ်နေရမည်။[1]
စသည့်အချက်များပါဝင်ပေသည်။
ထိုအချိန်ကမြန်မာနိုင်ငံတွင်တက္ကသိုလ်ဟူ၍မရှိသေးဘဲရန်ကုန်ကောလိပ်နှင့်ယုဒဿန်ကောလိပ်စသည့် ကောလိပ်ကျောင်း နှစ်ကျောင်း သာရှိသည်။ ယင်းကောလိပ်ကျောင်းနှစ်ကျောင်းသည်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိပေသည်။ ယင်းအချက်များကိုထောက်ရှုပါက အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံသားတိုင်း ပညာရည် မြင့်မားတိုးတက်လာမည်ကို စိုးရိမ်ကြောက်ရွံ့မှုကြောင့်စနစ်တကျစီမံထားသည်ကိုတွေ့ရမည်ဖြစ်သည်။ တနည်းအားဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများ ပညာရည်တိုး တက်မြင့်မားလာပါက၊ အသိပညာဗဟုသုတများကြွယ်ဝလာပါက အုပ်ချုပ်လျက်ရှိသည့် ကိုလိုနီအစိုးရ၏ အာဏာကိုထိပါးလာမည့် အရေးကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများအနေဖြင့် တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ကြားလိုပါက နိုင်ငံခြားတိုင်း ပြည်များသို့ သွားရောက် ပညာသင်ကြားရပေသည်။ “ နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားခြင်းကို ထိုခေတ် ထိုအခါကမဆိုထားနှင့် ယနေ့ အချိန်အခါ၌ ပင်လျှင်မြန်မာနိုင်ငံသားအများစုလက်လှမ်းမမှီနိုင်သေးသည့်အခြေအနေပင်ဖြစ်သည်။”
ထို့ကြောင့် မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းတစ်ကျောင်းထားရှိရန် မြန်မာနိုင်ငံသားများက တောင်းဆိုခဲ့ကြသည်။ ထိုသည်ကို အင်္ဂလိပ်အစိုးရအနေဖြင့် လိုက်လျောခြင်းပြုသည့်အနေဖြင့်၊ ရန်ကုန်ကောလိပ်နှင့် ယုဒဿန် ကောလိပ်တို့ကို ပေါင်း၍ ရန်ကုန်တက္ကသိုလ်အဖြစ်ထားရှိမည့်အနေဖြင့် အထက်ဖေါ်ပြပါ “ရန်ကုန်တက္ကသိုလ် ဥပဒေ” ကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အင်္ဂလိပ်အစိုးရသည် ၁၉၂ဝ ပြည့်နှစ် ဇွန်လ အတွင်းတွင် ယင်းဥပဒေကို ထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်သည်။ အင်္ဂလိပ်အစိုးရ ထုတ်ပြန်ကြေငြာလိုက်သည့် တက္ကသိုလ်ဥပဒေ ကိုကြည့်မည်ဆိုပါက ကြေးရတတ် လူချမ်းသာများသာ တက္ကသိုလ် ပညာသင်ကြားခွင့် ရနိုင်ရန်ရည်ရွယ်ချက်ရှိရှိပြဌာန်းထားသည်ကိုတွေ့ရမည်ဖြစ်သည်။မြန်မာနိုင်ငံတွင်တက္ကသိုလ်ပညာရေးသို့တိုးမြှင့်ပေးလိုက်သည်ဆိုသော်လည်းမြန်မာနိုင်ငံသားအများစုလက်လှမ်းမမှီနိုင်စေရန်အတွက်မတရားသည့်ဥပဒေကိုပြဌာန်းထားခြင်းဖြစ်သည်။ အဏာကိုဖက်တွယ် မက်မောကြသော အစိုးရတိုင်းသည် ၎င်းတို့အာဏာတည်မြဲရေးအတွက်ရှေ့ရှုသည့် ဥပဒေများ၊ စည်းကမ်းချက်များကိုပြဌာန်းတတ်ကြ သည်။ တနည်းအားဖြင့် မတရားသောမင်းဆိုးမင်းညစ်များသည် မတရားသည့်ဥပဒေများ၊ တိုင်းသူပြည်သားများကိုဖိနှိပ်ချုပ်ခြယ်သည့် ဥပဒေများ ကိုသာပြုလုပ်ပြဌာန်းကြသည်။
“ဥပဒေဟူသည်ပြဌာန်းသင့်မှသာပြဌာန်းရပေသည်။ပြဌာန်းသင့်သည်ဆိုရာတွင်လည်းမဖြစ်မနေကန့်သတ်သင့်သည့်အချက်ကိုသာကန့်သတ်ပြဌာန်းရပေသည်။သို့မဟုတ်လျှင်ကြီးစွာသောဆိုးကျိုးကိုဖြစ်ပေါ်စေတတ်ပေသည်။”ထို့အတူ အင်္ဂလိပ် အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံသားအများစု၏ ပညာရည်တိုးတက်မြင့်မားမှုကို မလိုလားသဖြင့် ကန့်သတ်လိုက်သော ရန်ကုန်တက္ကသိုလ် ဥပဒေ မှသည် အင်္ဂလိပ် ကိုလိုနီကို ဆန့်ကျင်တော် လှန်ရန် ပြန်လည် အစပျိုးသည့် အမျိုးသားစိတ်ဓာတ်တို့ ရှင်သန်ပေါက်ဖွားရာ “ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်ကျောင်း သားသပိတ်” စတင်ပေါ်ပေါက်ခဲ့ရပေသည်။တနည်းဆိုရပါလျှင် အင်္ဂလိပ်အစိုးအရအနေဖြင့် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ပြန်ဌာန်းလိုက်သည့် ယင်းဥပဒေကြောင့်ပင် ကိုလိုနီနယ်အုပ်စိုးမှုကို အစပျိုး တွန်းလှန်ဖြိုဖျက် နိုင်ရန် လမ်းစကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ဖြစ်သွားရပေတော့သည်။
၁၉၂ဝပြည့်နှစ်ဒီဇင်ဘာလ(၃)ရက်နေ့တွင်ရန်ကုန်ကောလိပ်မှ-
၁။ကေညီပိတ်
၂။ထွန်းဝင်း
၃။ဖေသိန်း
၄။ဘခင်
၅။ဘရှင်(သံတွဲ)
၆။ဘရှင်(ထားဝယ်)
၇။ဘဦး
၈။ဘိုးကွန်း
၉။လှတင့်
၁၀။မောင်ဧ
၁၁။အောင်ဒင်
စသည့် ကောလိပ်ကျောင်းသား(၁၁)ဦးတို့သည်ယင်းဥပဒေကို သပိတ်မှောက်ကြရန် ရွှေတိဂုံဘုရား စနေ ထောင့်တွင်သစ္စာဆိုအဌိဓာန် ပြုခဲ့ကြသည်။[2]
ဒီဇင်ဘာလ (၄) ရက်နေ့တွင်မူ ဗဟန်း ဦးအရိယ ကျောင်းတိုက်အစည်းအဝေးတွင်၊ အထက်ဖေါ်ပြပါ ကျောင်းသားများအပြင် –
၁။ကိုလှစိန်
၂။ကိုဘတင်
၃။ကိုမြ(အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ)
၄။ကိုမြင့်
၅။ကိုဖိုးကျား(အမျုးိသားပညာဝန်)
၆။ကိုစိုးဝင်း
၇။ကိုဖိုးလတ်
၈။ကိုထွန်းဖေ
၉။ကိုဘဟန်
၁၀။ကိုဘကျော်
၁၁။ကိုလူဖေဝင်း(အငြိမ်းစားညွှန်ကြားရေးဝန်၊ရှေးဟောင်းသုတေသန)
၁၂။ကိုမောင်ကို
၁၃။E.မောင်စိန်
၁၄။N.Cဆင်း
၁၅။မစ္စတာဘို့စ်
စသည့်ကျောင်းသားများထပ်တိုးပါဝင်လာခဲ့ကြပြီးဆုုံဖြတ်ချက်များအဖြစ်-
(၁) ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် မြန်မာလက်ထောက်ဘုရင်ခံ ဖုတ်တစ္ဆေ ဆာရယ် ဂျီနယ်ကရက်ဒေါက်သည် ရန်ကုန် တက္ကသိုလ်သို့ရောက်ရှိလာပြီးသကာလ မြန်မာပြည်တွင် သီးသန့် ရန်ကုန် တက္ကသိုလ်ကျောင်းကြီးဖွင့်ပြီးကြောင်း ကြေငြာသောအခါ ရန်ကုန်တက္ကသိုလ်နှင့် ယုဒဿန်ကောလိပ် ထိုကောလိပ် နှင့် ကျောင်းရှိကျောင်းသားကြီးများတို့က မိမိတို့စာအုပ်များကို ပွေ့ပိုက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းကို သပိတ်မှောက်တိုက်ပွဲဆင်နွှဲသည်ဟု အော်ဟစ် ခုန်ပေါက်ကာ တညီတညွတ်တည်း ထွက်ခွာလာကြရန်။
(၂)ဤသို့သပိတ်မှောက်တိုက်ပွဲဆင်နွှဲပြီးကာမှရန်ကုန်တက္ကသိုလ်ဥပဒေသည် မြန်မာလူမျိုးများ အထက်တန်းပညာသင်ကြားရေးအတွက် တံခါးပိတ်ဝါဒ ကျင့်သုံးထားသည့် နစ်နာချုပ်ချယ်ထားသောအချက် အလက်များကို ပြန်လည်ပြုပြင်ပေးရန် ဗြိတိသျှနယ်ချဲ့ ဗြူရိုကရက်အစိုးရသို့အရေးဆိုဆောင်ရွက်ရန်နှင့်
(၃) ပြုပြင်ပေးရန် တရားသောတောင်းဆိုချက်များကို နယ်ချဲ့တို့က ပြုပြင်၍ မပေးသမျှကာလပတ်လုံး ကျောင်းပြန်၍ မတက်ရောက်ကြ ရန်-စသည့်အချက်များကိုဆုံးဖြတ်ခဲ့ကြသည်။[3]
ဤ သို့ဖြင့်ရန်ကုန်တက္ကသိုလ် ဥပဒေပါ မတရားသော ပြဌာန်းချက်များကို သပိတ်မှောက်တိုက်ပွဲဝင်ကြ ရန်ဆုံးဖြတ်လိုက်ကြပြီးသည်နှင့် တပြိုင်နက်တည်းဒီဇင်ဘာလ(၅)ရက်နေ့တွင် ဗဟန်းရှိဆရာတော် ဦးအရိယကျောင်းတိုက်တွင်သပိတ်စခန်း စတင်ဖွင့်လှစ်လိုက် ကြသည်။
ရှင်းလင်းပြတ်သား၊ ရဲရင့်လှသည့် ကျောင်းသားစိတ်ဓာတ်ကို အထက်ဖေါ်ပြပါ ကျောင်းသား (၂၆) ဦးတို့ က ထင်ထင်ရှားရှား ဦးဆောင်လမ်းညွှန်ပြသခဲ့ကြခြင်းဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးအတွက် မတရားမှုကို တွန်းလှန်ဖယ်ရှားရဲကြသည့် ကျောင်းသားထု၏ သမိုင်းမှတ်တိုင်ထွန်းတောက်မှုကိုအစပြုခဲ့သည့်နေထူးတစ်ရပ်ဖြစ်သည်ဆိုကလည်းလွန်အံ့ထင်မည်မဟုတ်ပါ။ထိုနေ့သည် အမျိုးသား အောင်ပွဲနေ့ဖြစ်သည်။ထိုနေ့သည်တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ဖြစ်သည်။
၁၉၂၂ခုနှစ်၊ဇွန်လတွင်၊ ရန်ကုန် ဂျူဗလီ ခန်းမ ၌ ကျင်းပသော ဂျီစီဘီအေ အသင်းကြီး၏ အထူးညီလာခံမှ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကိုအမျိုးသားအောင်ပွဲနေ့အဖြစ်တညီတညွတ်တည်းသတ်မှတ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဒီဇင်ဘာလ(၈) ရက်နေ့တွင်မူ သပိတ်မှောက်ကျောင်းသားများသည် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးသို့သွားရောက် လှည့်လည် ကြွေးကြော် ဆန္ဒပြခဲ့ကြသည့်အပြင်ရန်ကုန်မြို့ရှိကျောင်းများအားလုံးသာမကနယ်မြို့များရှိအထက်တန်းကျောင်းသားကျောင်းသူများ၊အလယ်တန်း ကျောင်းသားကျောင်းသူများပါဝင်လာသည်အထိကျယ်ပြန့်လာခဲ့ပေသည်။နောက်ဆုံးတွင်ပြည်သူလူထု၏ပူးပေါင်းပါလာမှုကြောင့်အမျိုးသားပညာရေးကောင်စီ၊ အမျိုးသားကောလိပ် နှင့် အမျိုးသား အထက်တန်း ကျောင်းများ ပေါ်ပေါက်လာသည်အထိ အောင်မြင်မှု ရရှိခဲ့ပေသည်။
ထို့ကြောင့်အမျိုးသားအောင်ပွဲနေ့ဟူသည်“ကိုလိုနီနယ်ချဲ့ကိုတော်လှန်သပိတ်တိုက်ပွဲဆင်နွှဲခဲ့သည့် နေ့ထူးနေမြတ်တစ်ရပ်ဖြစ်သကဲ့သို့ မတရားသည့်အမိန့်အာဏာဖြစ်သည့်တက္ကသိုလ်ဥပဒေကိုအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်တွန်းလှန်ဖီဆန်ခဲ့သည့် သမိုင်းမှတ်တိုင် တစ်ရပ်လည်းဖြစ်ပေသည်။
ကိုလိုနီနယ်ချဲ့သည်သော်လည်းကောင်း၊ အာဏာရှင်များသည်သော်လည်းကောင်း၊ မတရားသောမင်းဆိုးမင်းညစ်များသည်သော်လည်း ကောင်း ပြည်သူလူထုအားဖီစီးနှိပ်စကက်သည့် ဥပဒေများကိုသာ ပြဌာန်းတတ်ကြသည်မှာ ယနေ့မှပင်မဟုတ် ရှေးယခင်အဆက်ဆက် ၏ အစဉ်အလာများသာဖြစ်သည်။ ထို့နည်းတူစွာ မတရားသောအမိန့်အာဏာများနှင့်အာဏာရှင် မင်းဆိုးမင်းညစ်တို့ကို ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့၏ စုစည်းညီညွတ်သောအင်အား၊ စွန့်လွှတ်အနစ်နာခံသောစိတ်ဓာတ်၊ ဇွဲ၊ သတ္တိ၊ လုံ့လဝီရိယတို့ဖြင့်တွန်းလှန် ဖယ်ရှားနိုင်သည်မှာလည်း အစဉ်အလာများပင်ဖြစ်ကြောင်းကို အမျိုးသားအောင်ပွဲနေ့ဖြင့် သက်သေထူရမည်သာဖြစ်ပေတော့သည်။
မြင့်မြတ်အလင်း
၁.၁၂.၂၀၁၀
ကိုးကား-
[1]ရန်ကုန်တက္ကသိုလ်ဥပဒေ“မြန်မာ့သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့အင်တာနက်စာမျက်နှာမှ”
[2]၁၉၂ဝတက္ကသိုလ်ကျောင်းသားသပိ်တ်“သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့အင်တာနက်စာမျက်နှာမှ”
[3] ၁၉၂ဝ တက္ကသိုလ်ကျောင်းသားသပိတ် “သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့ အင်တာနက်စာမျက်နှာမှ”
5 comments
kai
December 1, 2010 at 12:30 am
ကျောင်းသားသမဂ္ဂရဲ့ ခွပ်ဒေါင်းအလံသမိုင်းနဲ့ ဒီဇိုင်းအကြောင်းလေးများတွေ့ရင် ..တင်ပေးပါဦးဗျာ..။
အခုက သုံးသာနေကြတာ ..ဘာကဘယ်လိုလာသလည်းသေချာမသိကြလို့..။
သမိုင်းက ဖုံးရင်းဖုံးရင်း .. မြုတ်နေပြီ။
bigcat
December 1, 2010 at 5:25 am
မိုးသီးဘလော့က ကူးထားတာဗျို့။ သိသူများ ထပ်မံဖြည့်စွက်ပေးကြပါ။ အခုအလံက ခေတ်သစ် ရှစ်လေးလုံး ခွပ်ဒေါင်းအလံပါ။ အလံဟောင်းမှာ ခွပ်ဒေါင်းက အောက်ဆိုက်ထိုးနေတယ်ထင်ပါတယ်။
ခွပ်ဒေါင်းအောင်လံတော် အဓိပ္ပါယ်များ။
အနီရောင်က ရဲရင့်ခြင်းနှင့်အောင်မြင်ခြင်း၊ အဝါရောင်က ချမ်းသာခြင်း၊ ခွပ်ဒေါင်း က အမျိုးသားရေးကိုယ်စားပြုတယ်။ စက်ဝန်းက သူရိန် နေမင်းကြီးကိုကိုယ်စားပြုတယ်။ မြန်မာ တွေက လမှ ာ ယုန် ဝပ်တယ်။ နေမှာ ခွပ်ဒေါင်း လို ့အယူရှိတယ်။ ရောင်ခြည်တထောင်ဆောင်တဲ့ နေမင်းကြီးက ခွပ်ဒေါင်းဟာ ဖိနိပ်မှု ၊မတရားမှုတွေကို တွန်လှန်ရန် ခုန်တွက်လာပုံကိုဖေါ်ကြူးထားခြင်းဖြစ်တယ်။ ဒီအဓိပါယ်ဖွင့်ဆိုချက်ကို လွတ်လပ်ရေးကြိုးပန်းပေးခဲ့တဲ့ ဖခင်ကြီးတွေက အဓိပါယ်ဖွင့်ဆိုပေးခဲ့ခြင်းဖြစ်ပါတယ်။ အလံ ကို ၅ ပေ ၃ ပေခွဲ လုပ်ရမယ်။ ခွပ်ဒေါင်းပုံကို မျိုးစုံရေးစွဲနိင်တယ်။ မြင်တာနဲ ့ ခွပ်ဒေါင်းမှန်းသိရင် ရတယ်။ ကလေးတယောက်တောင်ဆွဲနိင် လွယ်ကူတဲ့ ဒီဇိုင်းကိုလည်း လုပ်နိင်ပါတယ်။
ငါကိုင်ခဲ့တဲ့အလံ
ဒီအလံက ဗကသ တုံးက သုံးခဲ့တဲ့အလံ ။ အစိုးရသုံးဆက်ကို ဖြုတ်ချနိင်ခဲ့တဲ့အလံ။ဒီအလံဟာ အောင်အတိတ်အောင်နမိတ်တွေရှိတယ်။ ဒီအလံအတိုင်း တသွေမတိမ်းတူအောင်လုပ်ကြပါ။
အလံအချိုးက အလျား ၅ ပေ၊ အနံ သုံးပေ။
အလံကို အလျား ၁ဝ ပေလုပ်ရင် အနံက ၆ ပေ။
ဗကသတုံးက အလျား ၂၅ ပေ၊ အနံ ၉ ပေ လုပ်ခဲ့တယ်။ ယန္တယားခွပ်ဒေါင်း။ ခေတ်မှီတဲ့တိုးတက်တဲ့နိင်ငံတော်ကြီးတည်ဆောက်ကြမယ်ဆိုတဲ့သံဓိဌာန်နဲ ့ ကျနော်တို ့ဒီဒဇိုင်းကိုထုတ်ခဲ့ကြတယ်။ထုတ်ပြီးသားဒီဇိုင်းကို ပန်းချီ မောင်မောင်သိုက် မော်ဒဲလ်အသေး ပုံထုတ်ပြီး။ ကိုကျော်ညွန် နဲ ့အဖွဲ ့က ဆိုက်ကြီးဆွဲပေးခဲ့ကြတယ်။ ( ဒါကဩဂုတ်လ ၂၈ ရက်ေ န့နောက်ပိုင်းမှာ ဒီဆိုက်ကိုဆွဲခဲ့တာ။ အရင်တိုက်ပွဲဝင်နေတုံးက ဆိုဒ်သေး နဲ ့တိုက်ပွဲ ဝင်ခဲ့ကြတယ်။)
ဒီအလံကို ထုတ်ပြီးတဲ့အခါမှာ ရွေတိဂုံဘုရားမှာ အလံတော်ကို လက်ယာရစ် ပတ်ပြီး ပူဇော်ခဲ့တယ်။ ပူဇော်တဲ့အခန်းနားမှာတော့ ခေါင်းဆောင်တွေလျိုလ်ဝှက်ပြီးလုပ်ခဲ့ကြတယ်။ ပြီးမှ တိုက်ပွဲမှာ ကျနော်တို ့ချသုံးခဲ့တယ်။ အဖွဲံ ဝင်သစ်တိုင်း ကို အလံကိုင်ပြီးသံဓိဌာန် ဆိုခိုင်းတယ်။
– သံဓိဌာန် ကတော့
၁- ပြည်သူလူထုအပေါ်သစ္စာရှိပါမည်။
၂-သမဂပ အဖွဲ ့စည်းပေါ်သစ္စာရှိပါမည်။
၃- ပေးအပ်တဲ့အမိန် ့နဲ ့တာဝန်တွေကိုကြေပြွန်စွာထမ်းဆောင်ပါမည်။
၄-တော်လှန်ရေး အောင်မြင်တဲ့အထိ တိုက်ပွဲဝင်ပါမည် ။
ုဖြစ်တယ်။ မြတ်စွာဘုရားက ရဟန်းတော်တွေ တော်ထဲမှာ တရားအားထုတ်နေတဲ့အခါမှာ ကြောက်လန် ့တာတွေဖြစ်လာတာကို တွေ ့တော့ သကြားမင်းကြီးရဲ ့အလံတော်ကိုကြည့်ကြ လို ့ အားပေးခဲ့တာကို မေတ္တာသုတ်မှာဖတ်ဘူးတယ်။
ခွပ်ဒေါင်းရဲဘော်အပေါင်းတို့ တယောက်ထဲအားငယ်နေတဲ့အခါမှာ ငါဒို ့ရဲ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်ကို ကြည့်ကြ။တိုက်ပွဲံဝင် ရဲဘော် တယောက်မှာ ခွပ်ဒေါင်းအလံတလက်ရှိကိုရှိရမယ်။
ခွပ်ဒေါင်းအလံတလက်ရှိကိုရှိရမယ်။၈၈ တုံးက ငါ မှာ ပိုက်ဆံပြတ်သွားတယ်။ ငါမှာ ပိုက်ဆံမရှိတော ့ခွပ်ဒေါင်းအလံ လုပ်ဖို ့ အခက်ကြုံတယ်။ဒီအခါမှာ ငါသူငယ်ချင်း အမျိုးသမီး တဦးကို အကူညီတောင်းခဲ့ရတယ်။ သူက နပ်စ်မ ။ သူမှ ငွေတော့မရှိဘူး ထမိန် အနီတထည်ရှိတယ် လိုုခြင်ယူ သွားလ ို ့ပြောတော့ ငါယူလာတယ်။ အထက်ဆင်ကို ကပ်ကျေးနဲ ့ကိုက်ဖြတ်ပြီး သူထမိန် ကို ငါအလံလုပ်ခဲ့တယ်။
၈၈တုံးက ငါ ကိုင်ခဲ့တဲ့အလံဟာ အမျိုးသမီးတဦးရဲ ့ထမိန်အနီ လေးကို လုပိခဲ့တဲ့အလံဖြစ်တယ်။ဟုတ်တယ်- အရင်တုံးက ဒီပိတ်စ ဟာ ထမ်ိန်၊ အခုတိုက်ပွဲဝင်အလံဖြစ်သွားပြီ။ ဒီအလံကို ငါအရင်ဆုံး အလေးပြုခဲ့တယ်။
တိုက်ပွဲ နဲ ့သိဌိတင်ခဲ့တယ်။ ဒါဟာခွပ်ဒေါင်းအလံဖြစ်သွားပြီ။ ဒီအလံကို
ငါယုံတယ်။ ငါတိုက်တယ်။ ငါနိင်ခဲ့တယ်။
ဘာဖြစ်လို ့လဲ ငါမှာ အောင်စိတ်ရှိတယ်။ အခု ရဲဘော်တို ့အလှည် ့ ။ အောင် စိတ်ကိုမွေးပါ။
ရဲဘော် ခွပ်ဒေါင်းအလံကို
သင်ယုံပါ။ တိုက်ပါ။ ရန်သူကို သင်အနိင်ယူပါ။
http://komoethee.blogspot.com/2010/11/blog-post_4117.html
weiwei
December 1, 2010 at 3:30 am
ကျွန်မတို့တုန်းက ၁ဝ တန်းအထိ ဆိုရှယ်လစ်ခောတ်ကိုမှီလိုက်တော့ အမျိုးသားနေ့ဆို စာစီစာကုံးပြိုင်ပွဲ ကဗျာပြိုင်ပွဲ စကားရည်လုပွဲတွေရှိတယ် … သမိုင်းတွေ ဆောင်းပါးတွေကို အကုန်ရှာဖတ်ပြီး စုဆောင်းခဲ့ဖူးတယ် …
အခုတော့ … အမျိုးသားနေ့ဆိုတာဘယ်နေ့လဲလို့တောင် မသိကြတော့ဘူး …
nwenwehein
December 1, 2010 at 7:37 am
ဒီနေ့အမျိုးသားနေ့လေ ကျွန်မစိတ်ထဲမှာ ဟိုတုန်းကရဲဘော်တွေကို လေးစားဂုဏ်ယူမိတယ်။
mandalaywith
December 1, 2010 at 5:09 pm
weiwei
I agree you comm~!