လူထုများစွာ ချမ်းသာရေးမို့ အသက်ပေးလို့ ဖြည့်ကြမည်

BMDecember 9, 20101min890

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ လွန်ခဲ့တဲ့ လေးသချေင်္နဲ့ကမ္ဘာတသိန်းလွန်ကာလတုန်းက လူမျိုးပေါင်းစုံနဲ့ အလှူရေစက်လက်နဲ့မကွာ လူတိုင်းပျော်ရွှင် နေချင်စရာ အမရဝတီလို့ခေါ်တဲ့ မြို့မှာ လက်နက်အားကိုးနဲ့ တိုင်းပြည်အာဏာ မတရားသိမ်းပြီး တိုင်းပြည်သယံ ဇာတတွေကို ခိုးယူရောင်းစား တိုင်းသူပြည်သားတို့ရဲ့ ချွေးနဲစာတွေပါ လက်နက်နဲ့အာဏာပြ တိုက်ယူပြီးမှ ဒေါ်လာရွှေငွေမြင်ဖူးလေတဲ့ ဂျိုဂုတ်ချီးတွေလိုမဟုတ်ပဲ မွေးကတည်းက ရွှေလင်ပန်းနဲ့နံ့သာရေဖြင့် အချင်းဆေးကာ ဘိုးစဉ်ဘောင်ဆက် တတ်သိပညာနဲ့ (စစ် တပ် ကအကောင်တွေနဲ့ သိ ပြီးအ ပြင် လူထုထံက ညာ စားခြင်းမဟုတ်) ရွှေငွေကုဋေပေါင်းများစွာ ပိုင်ဆိုင်ထားပြီး လက်နက်အာဏာဆိုတာ ဓမ္မကိုအဓမ္မ လုပ်ရာမှာ အသုံးပြုဖို့သာ သိတာမဟုတ်ပဲ လောကသဘာဝဓမ္မမှာ အထွဋ်အထိပ်ရောက် တတ်မြောက်တဲ့ သုမေဓာ လို့ခေါ်တဲ့ လုလင်တယောက် ရှိခဲ့တယ်။
တနေ့မှာတော့ လောကမှာ အပူ ရှိသလို အအေးရှိတယ်၊ဆင်းရဲမှု ရှိသလို ချမ်းသာမှု ရှိတယ်၊အဖန်ဖန်သေ ခြင်းရှိသလို အဖန်ဖန်သေခြင်းမှ လွတ်မြောက်ရာဆိုတာ ရှိမှာပဲ အဲသလို လွတ်မြောက်ရာ ရှိရင် လွတ်မြောက်ရေး လမ်းစဉ်ဆိုတာလည်း ရှိမှာပဲ အဲဒီလို လမ်းစဉ်ရှိလျှက် မလျှောက်ပါမူ လမ်းတွက်အပြစ် ဘယ်မှာရှိအံ့နည်း ဟုဆင်ခြင်မိပြီး ငါ့ဘိုးဘွားမိဘ မယူသွားနိုင်ကြတဲ့ စည်းစိမ်ဥစ္စာရတနာတွေကို ငါ့နောက်ပါအောင် ယူသွားမယ်ဆိုကာ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ကျွန်းသစ် ကျောက်သံ ပတ္တမြား ရေနံနဲ့သဘာဝဓာတ်ငွေ့သိုက်တွေကို ဒီမိုကရေစီလိုလားခဲ့သော ပြည်သူတွေ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဒုက္ခမျိုးစုံ တွေ့ကြုံစေ၍ သားစဉ်မြေးဆက် လူထုပျက်စီးရေးအတွက် အာဏာရှိတုန်း ပြုတ်ပြုတ်ပြုန်းအောင် သုံးဖြုန်းနေကြတဲ့ ဂျိုဂုတ်ချီးများခွေးမျိုးတသိုက်လို မဟုတ်ပဲ ရှိသမျှ စည်းစိမ်ဥစ္စာရတနာတွေကို ပြည်သူလူထု လိုအပ်မှုအတွက် လှူဒါန်းပြီးနောက် အဖန်ဖန်ဆင်းရဲမှုမှ လွတ်မြောက်ရေးလမ်းစဉ်ကို ရှာဖွေကျင့်ကြံရာ ထူးသောဉာဏ်အမြင်သို့ သိဒ္ဓိပေါက် ရောက်ပြီးနောက် ဈာန်သမာပတ် ချမ်းသာကို ခံစားနေရင်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူပြီးနောက် ဒေသစာရီ ကြွချီတော်မူကြောင်းနှင့် ဘုရားရှင် အတွက် လမ်းပြင်နေသည်ကိုသိ၍ လမ်းပြင်တံတားဖောက်ဆည်ကြီးတွေဆောက်ရာမှာ တိုင်းပြည်ဘဏ္ဍာကိုဗုန်း ပြည်သူ လူထုထံမှ အဓမ္မကောက်ခံရုံမက ပြည်သူ့လုပ်အားနဲ့တည်ဆောက်ပြီးကာမှ လက်ညှိုးထိုးကာ လိုချင်တာ လာမှာစားတဲ့ ဂျိုဂုတ်ချီးတွေလိုမဟုတ်ပဲ အဘိဉာဉ် သိဒ္ဓိတန်ခိုးရှိပေမဲ့ လက်ညှိုးထိုးကာ ပါဝါမသုံး ခန္ဓာကိုယ်အားကို သုံးကာ လမ်းပြင်နေစဉ်မှာပင် ဘုရားရှင်ရောက်လာ၍ (နိုင်ငံတော်ဆိုတာကြီးက တာဝန်ယူ တည်ထား ထီးတော်တင်သွားပါသည် ဆိုတဲ့ ဓနုတ်ဘုရား ပြိုသွားရတာ အလှူရှင်တွေရဲ့ဆန္ဒကြောင့်လို့ လွဲချတဲ့ နအဖ လို မဟုတ်ပဲ) ကိုယ်တာဝန် ယူထားတဲ့နေရာ အတွက် ရွှံ့ညွန်မှာဝတ်စင်း တံတားခင်းပြီး ခရီးဦးကြိုကာ ဖူးမျှော်ခဲ့ပါသည်။
အဘိဉာဉ်ခြောက်ပါးနှင့်ပြည့်စုံသော ရဟန္တာ လေးသောင်းခြံရံလျှက် ကြွလာတော်မူသော ဒီပင်္ကရာဘုရားရှင်ကို
ရွှံ့ညွန်မှာဝတ်စင်း တံတားခင်းပြီး ခရီးဦးကြိုကာ ဖူးမျှော်ရင်း–
ကိံ မေ ဧကေန တိဏ္ဏေန၊ပုရိသေန ထာမဒဿိနာ။
သဗ္ဗည ုတံ ပါပုဏိတွာ၊သန္တာရေဿံ သဒေဝကံ။(ဗုဒ္ဓဝံသပါဠိတော်၊သုမေဓပတ္ထနာကထာ၊၅၆)
အဖန်ဖန်ဆင်းရဲမှုမှ လွတ်မြောက်နိုင်စွမ်းရှိမှန်းသိသော သတ္တဝါအားလုံးရဲ့ စိတ်နှလုံးကို ပြည့်ဝ စေတတ် ယောက်ျားမြတ်ဖြစ်ပါလျက် အဖန်ဖန်ဆင်းရဲမှုမှ ငါတယောက်တည်း လွတ်မြောက်အောင် ကူး(လုပ်)ခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း၊ သိစရာမှန်သမျှကို သိတဲ့သူအဖြစ် ရောက်ပြီးမှ နတ်လူဗြဟ္မာ သတ္တဝါအားလုံးကို အဖန်ဖန် ဆင်းရဲခြင်းမှ လွတ်မြောက်စေအံ့(လွတ်မြောက်အောင်လုပ်မယ်) ဟု စိတ်အားထက်သန် အဓိဋ္ဌာန်ပြုကာ ထိုနေ့ တွင်ပင် လိုချင်က မုချရနိုင်သည့် နိဗ္ဗာန်ချမ်းသာကို စွန့်လွှတ်ကာ လေးသချေင်္နှင့်ကမ္ဘတသိန်းတိုင်တိုင် ဘဝမျိုးစုံမှာ ဆင်းရဲဒုက္ခ အဖုံဖုံနှင့် ဒေဝဒတ်၏နှောက်ယှက်မှု အသက်အန္တရာယ်ပေးမှု လုပ်ကြံမှုမျိုးစုံကို ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်ကာ မြင့်မြတ်သော အလုပ် စိတ်ဓာတ်မြင့်မြတ်သူတွေသာ လုပ်နိုင်တဲ့ ပါရမီတရားတွေကို အားထုတ်ဖြည့်ဆည်းခဲ့လေသည်။
ပါရမီဆိုတာ တချိန်က ပြည်သူ့အာဏာကိုအလွဲသုံးကာ ကိုယ်ကျိုးရှာခဲ့ကြသူ အများစု နေထိုင်ရာ ရန်ကုန်မြို့က ရိပ်သာဆိုတဲ့ နေရာတခုကို ပြောတာမဟုတ်ပါဘူး၊ပရမာနံ ဥတ္တမပုရိသာနံ သာဓူနံ ဘာဝေါ ဝါ ကမ္မံ ပါရမီ တဲ့- ယောက်ျားမြတ်တွေ, သူတော်ကောင်းတွေရဲ့ ပင်ကိုယ်စိတ်သဘောနဲ့လုပ်ကိုင်ဆောင်ရွက်ပုံ (သို့) အလုပ်ကို ပြောတာ။
ကိံ မေ ဧကေန တိဏ္ဏေန- ငါတယောက်ထဲ လွတ်မြောက်ခြင်းဖြင့် ဘာအကျိုး ရှိမှာလဲ လို့ ဆယ့်ခြောက်နှစ် အရွယ်မှာ သုမေဓာစဉ်းစားခဲ့သလို ခင်ဗျားတို့ ကျုပ်တို့ပြည်သူလူထု ဒီအသက်အရွယ်အထိ စဉ်းစားခဲ့ကြဖူးပါသလား?
ကျုပ်အနေနဲ့ ပြောရရင် တခါမှ မစဉ်းစားခဲ့ဖူးဘူး၊ကျုပ် စဉ်းစားခဲ့တာက စာသင်သားဒုက္ခက အမြန်လွတ်အောင် ကြိုးစားပြီး စာချဘုန်းကြီးလုပ်မယ်လို့ပဲ စဉ်းစားမိသလို ကျုပ်ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်က လူတွေကို မေးကြည့်တော့ လည်း တချို့က မိဘလက်ငုတ်ပဲ ဆက်လုပ်မယ်၊သင်္ဘောသားခေတ်ကောင်းစဉ်ကဆိုရင် တချို့က ဘွဲ့ရရင် နိုင်ငံခြား သင်္ဘောတက်ပြီး ကားတင်သွင်းကာ စီးပွားရှာမယ်၊တချို့က ဆယ်တန်းအမှတ်ကောင်းလို့ လိုင်းကောင်းကောင်း ရရင် ဆေး/စက်မှုတက်ပြီး ဘွဲ့ရ ဆရာဝန် အင်္ဂျင်နီယာဖြစ်ပြီးရင် နိုင်ငံခြားမှာ ဘွဲ့လွန် ဆက်တက်မယ်လို့စဉ်းစား ကြတယ်လို့ ပြောကြပြီး ကိုယ်တိုင်လက်တွေ့လုပ်ရမဲ့အချိန်လည်းရောက်ရော မိဘလက်ငုတ် ဆက်လုပ်နိုင်သူ, ရတဲ့ ဒေါ်လာနဲ့ ကားတင်သွင်းနိုင်တဲ့လူ,ဘွဲ့လွန်ရပြီး အလုပ်ပြန်လုပ်နိုင်တဲ့လူက လက်တဆုတ်စာပဲရှိပြီး၊ အများစုက မိဘလက်ငုတ် ပြုတ်လို့ နိုင်ငံခြားမှာ အလုပ်လုပ်ရင်း, အဆင်ပြေမယ်ထင်တဲ့ နိုင်ငံတခုခုမှာ ခုန်ချဖို့လုပ်ရင်း, ဘွဲ့လွန်ရတဲ့ နိုင်ငံမှာပဲ ရရာအလုပ် လုပ်ရင်းနဲ့ အခြေချဖို့ စဉ်းစားနေကြတဲ့သူတွေ။
ပြည်တွင်းမှာ ဘယ်လိုမှ သမ္မာအာဇီဝ အလုပ် လုပ်ဖို့အဆင်မပြေလို့ နိုင်ငံခြားကို တရားဝင်သွားနိုင်ဖို့ ပန်းဆိုးတန်းမှာ အစကတော့ စီအင်စီ ဓာတ်ငွေ့တန်းစီ သလို ကားတွေနဲ့တန်းစီပြီး နောက်ပိုင်းတော့ စားအုန်းဆီ တန်းစီသလို တန်းစီပြီး လက်လှမ်းမှီတဲ့ နိုင်ငံတခုခုဆီ ထွက်ကြ တဲ့သူတွေ၊ ကိုယ့်ကိုကိုယ် ပို့ကုန်အဖြစ်သတ်မှတ် ကယ်ရီထံ အပ်ကာ ဖြစ်တဲ့နည်းနဲ့ ထွက်လာကြသူတွေ၊ သက်ဆိုင်ရာ နိုင်ငံမှာ ရတဲ့နည်းနဲ့ ရပ်တည်နိုင်အောင် လုပ်နေကြတဲ့သူတွေ၊ အမှန်တကယ် ပြည်တွင်းမှာဒုက္ခရောက်လို့ ဒုက္ခသည် အဖြစ်နဲ့ သူတပါးနိုင်ငံမှာ ခိုလှုံခွင့်နဲ့ ရပ်တည်နိုင်အောင် ကြိုးစားနေကြတဲ့သူတွေ၊ကျပ်ငွေ သိန်း ရာချီချမ်းသာပေမဲ့ ရှိတာကို အရင်းပြု ဒုက္ခသည်အတု အနေနဲ့ သူတပါးနိုင်ငံမှာ ရပ်တည်နေနိုင်ရန် ကြိုးစားနေကြတဲ့သူတွေ၊ နောက်ဆုံးပြောရရင် ပြည်တွင်းမှာအကောင်လို့ ပြောနေကြတဲ့ အကောင်တွေ ရဲ့ သားသမီးတွေကိုယ်တိုင် သူတို့ရဲ့အဖေ စုတ်ထားတဲ့ လူထုရဲ့ ဂုတ်သွေးတွေနဲ့ ဆက်သလို့ ရထားတဲ့ ပြည်ပက ဝိသမ လောဘသား ပထွေးများရဲ့ စပွန်ဆာနဲ့ လူကို လူလို ဆက်ဆံတဲ့နိုင်ငံတွေထဲ စစ်တိရိစ္ဆာန်အကောင်တွေကို အဝင်မခံလို့ တွေ့ကရာ ပထွေး အမေပေးပြီး ဖားသားနိမ်းရေးကာ ပတ်(စ်)ပို့ ဗီဇာ ရယူ၍ စစ်တိရိစ္ဆာန်မျိုးအယောင်ဖျောက် လူတယောက်လို ရပ်တည်ဖို့ကြိုးစားနေသူတွေရဲ့ (စစ်တိရိစ္ဆာန်အကောင်ခေတ်ကျမှ ပါဠိလို မရမ္မ (မြမ္မ)၊ အမ္မ=အမေ၊ မရ=သေပါပြီဗျ လို့ အမြဲတမ်း အမိ တ နေရတဲ့) မြန်မာနိုင်ငံက သန်းငါး ဆယ်ကျော်သော နိုင်ငံသားတွေထဲမှာ…
တကယ်လို့များ မိသားစုနှင့်အတူ လူကိုလူလို ဆက်ဆံသည့် နိုင်ငံကြီးတခုခုမှာ လူထုချစ်တဲ့ ခေါင်းဆောင် ကြီးတွေ သူတို့မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့် ရခဲ့မယ်၊ ကမ္ဘာ့အဆင့် အဖွဲ့အစည်းတွေမှာ အရာရှိ လုပ်ရခဲ့မယ်၊ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးတွေမှာ ပညာရှင်အဖြစ် လုပ်ကိုင်နေထိုင်ခွင့် ရခဲ့မယ်ဆိုရင် အဲဒီအခွင့်အရေးတွေကို ငြင်း ပယ်မဲ့လူ ရှိပါ့မလား?…ခင်ဗျားဆိုရင်ကော ငြင်းမှာလား?… ကိုယ့်ကိုကိုယ် သေသေချာချာ အထပ်အထပ် အခါခါ မေးကြည့်ကြပါ…
ကျုပ်ဆိုရင်တော့ ဘယ်ငြင်းလိမ့်မတုန်း၊ ပိုက်ဆံ ပေးရဦးမယ်ဆိုရင်တောင် ကျုပ်တတ်နိုင်တဲ့အနေအထား ဆိုရင် ပေးမှာပဲ၊ကမ့် ဝင်ရဦးမယ်ဆိုလဲ ဝင်မှာပဲ။ အဲသလို အခွင့်အရေးတွေ အမှန်တကယ် ရနေရင်ကော အဲဒါတွေကို စွန့်ပြီး အဲဒီမှာ အခြေကြနေတဲ့ မိသားစုကိုရော စွန့်ပြီး တနိုင်ငံလုံးအနှံ့ လူနေရာတွေမှာ ဂျို,အစွယ်,ခွါ အားကိုး ကာ နေရာယူထားကြတဲ့ ရက်စက် ကြမ်းကြုတ် ယုတ်မာတဲ့ စစ်မိစ္ဆာတိရိစ္ဆာန်အကောင်တွေ ကြီးစိုးနေတဲ့ ရှေ့မှာပြောခဲ့တဲ့ အမိတနိုင်ငံ ကိုပြန်ဖို့နဲ့ ပြည်သူလူထုတွေ ကိုယ့်နေရာကိုယ် လူလိုသူလို နေနိုင်အောင် လုပ်ဖို့ ဘယ်သူစဉ်းစားမှာလဲ?… ခင်ဗျားစဉ်းစားဦးမှာလား?… ကျုပ်ဆိုရင်တော့ လုံးဝကို ထည့်သွင်းစဉ်းစားခြင်း ပြုမှာမဟုတ်ပါဘူး။
ထပ်ပွားအောင်ဆိုပြီး ဘယ်မှာမှ ရှယ်ယာဝင်ထားစရာမလိုလောက်အောင် များပြားလှတဲ့ စည်းစိမ်ဥစ္စာ ရတ နာတွေနဲ့ လှမ်းလိုက်တာနဲ့ လက်ထဲရောက်နိုင်တဲ့ တယောက်တည်း ခံစားရမယ့် နိဗ္ဗာန်ချမ်းသာကိုစွန့်ပြီး လူ နတ် ဗြဟ္မာ သတ္တဝါအားလုံး သံသရာဆင်းရဲကလွတ်မြောက် နိဗ္ဗာန်ရောက်စေဖို့ဆိုပြီး အသက်နဲ့ရင်းကာ သူတော်ကောင်းအလုပ်ကို သုမေဓာလုလင်-သုမေဓာရှင်ရသေ့ လုပ်ခဲ့သလို…..
ခင်ဗျားနဲ့ကျုပ် အပါအဝင် သန်းငါးဆယ်ကျော်သော အမိတနိုင်ငံသားတွေ တကယ်ရခဲ့ရင် ယူပြီး စွန့်လွှတ်ဖို့ မစဉ်းစားခဲ့တဲ့ အခွင့်အရေးတွေကို တကယ်ရခဲ့ပြီး အဲဒီအခွင့်အရေးတွေနဲ့အတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရုံး အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေး ဆိုင်ရာ အကြံပေးကော်မီတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်၊ကမ္ဘာမှာ ပြည်သူ လူထုစိတ်ချမ်းသာမှု အရှိဆုံးနိုင်ငံဟု နိုင်ငံတကာကသတ်မှတ်ထားသော ဘူတန် နိုင်ငံ နိုင်ငံခြားရေးဌာန ကုလသမဂ္ဂကိစ္စများဆိုင်ရာ အကြံပေးအရာရှိ၊နိုင်ငံတကာသုတေသနပညာရှင်အဖြစ် စတာတွေ အပြင် တကိုယ်ရေလွတ်လပ်မှု ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝတွေကို စွန့်လွှတ်ပြီး အမိတနိုင်ငံ ကို ပြန်လာပြီး ပြည်သူ လူထု ကိုယ်စိတ်ဆင်းရဲခြင်းမှ လွတ်လပ်ရေးအတွက်ဆိုပြီး အသက်နဲ့ရင်းကာ သူတော်ကောင်းသာလုပ်နိုင်တဲ့ အလုပ်ကို ဒေါ်အောင်ဆန်းစုကြည် လုပ်ခဲ့တယ်။
သဗ္ဗည ုတံ ပါပုဏိတွာ၊သန္တာရေဿံ သဒေဝကံ=သိစရာမှန်သမျှကို သိတဲ့သူအဖြစ် ရောက်ပြီးမှ နတ်လူဗြဟ္မာ သတ္တဝါအားလုံးကို(သတ္တဝါတွေမသိလေက အန္ဓ ဗာလများသာဖြစ်မှာမို့) အကျိုးအကြောင်း သိစေကာ အဖန်ဖန် ဆင်းရဲခြင်းမှ လွတ်မြောက်စေအံ့(လွတ်မြောက်အောင်လုပ်မယ်) ဆိုပြီး အသက်နဲ့ရင်းကာ သူတော်ကောင်းအလုပ်ကို သုမေဓာလုလင်-သုမေဓာရှင်ရသေ့ လုပ်ခဲ့သလို…..
ဘွဲ့ယူခဲ့ရာ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင် အများဆုံးမွေးထုတ်ပေးသည့် အောက်စဖို့ဒ်တက္ကသိုလ်မှသင်ကြားခဲ့သည့် နိုင်ငံရေးပညာ၊ဒဿနိကဗေဒ၊ဘောဂဗေဒတို့နှင့် ကုလသမဂ္ဂဝန်ထမ်းအတွေ့အကြုံ၊နိုင်ငံတကာ သုတေသနပညာရှင် အတွေ့အကြုံများအပြင် ဖခင်ဗိုလ်ချုပ်နဲ့တွေ့ကြုံခဲ့ကြသော ရန်သူ,မိတ်ဆွေဖြစ်ခဲ့ဖူးသူ အင်္ဂလိပ်များသာမက ဂျပန်များနှင့် ပါ ဂျပန်ဘာသာစကား ကြိုးစားသင်ယူကာ တွေ့ဆုံဆွေးနွေး မှတ်တမ်းရေးခဲ့မှုတို့ဖြင့် ဖခင်ဗိုလ်ချုပ် လွတ်လပ်ရေး ယူပေးခဲ့၍ တိုင်းတပါးသား ကိုလိုနီကျွန်အဖြစ်ကလွတ်မြောက်စဉ်က တိုင်းပြည်ကြွယ်ဝ၊ အာရှမှာ စံပြဗမာ ဖြစ်ခဲ့ သလောက် ကိုယ့်နိုင်ငံသား စစ်ကျွန်ဘဝရောက်မှ အာရှသာမက ကမ္ဘာတလွှားမှာ ကျွန်သွားခံနေရခြင်း အကြောင်းတို့ကို သိအောင်လုပ်ပြီး ပြည်သူလူထုကိုလည်း အကျိုးအကြောင်းအမှန်ကိုသိစေကာ စစ်ကျွန်အဖြစ်မှ လွတ်မြောက်စေအံ့(တိုင်းပြည် ဒုတိယလွတ်လပ်ရေး ရအောင်လုပ်မယ်) ဆိုပြီး အသက်နဲ့ရင်းကာ သူတော်ကောင်းတွေရဲ့ ပင်ကိုယ်စိတ်သဘောဖြင့်လုပ်ကိုင်ဆောင်ရွက်ပုံနှင့် အလုပ်ကိုလုပ်နေတာ ဒေါ်အောင်ဆန်းစုကြည် ပါ။
အကျိုးအကြောင်းအမှန်ကို မသိနားမလည်ပါက အတ္ထဿ-အကျိုးအကြောင်းကို၊အဒဿနတော-မသိ မမြင်သောကြောင့်၊ အန္ဓော-သူကန်းမည်၏၊ ဒွေ အနတ္ထံ= မိမိသူတပါး, ပစ္စုပ္ပန် သံသရာနှစ်ဖြာလုံးမှာ အကျိုးမဲ့စေတဲ့ အလုပ်ကို၊ လာတိ ဂဏှာတီတိ=ယူ(လုပ်)တတ်၏၊ ဣတိ=ထို့ကြောင့်၊ဗာလော=ဗာလမည်၏ဟု မြတ်စွာဘုရားဟော ထားသည့်အတိုင်း တတိုင်းပြည်လုံး အကျိုးအကြောင်းအမှန်ကိုမသိပဲ အထက်ကညွှန်ကြားချက်အတိုင်း ပစ္စုပ္ပန် သံသရာနှစ်ဖြာလုံးမှာ အကျိုးမဲ့စေတဲ့ အကုသိုလ် အလုပ်၊ဒုစရိုက်လုပ်ငန်းတွေသာလုပ်တဲ့ ကြံ့ဖွတ် မီးသတ် စွမ်းအားရှင် ရဲ လုံထိန်း စစ်သား စရဖ အန္ဓ ဗာလတွေသာ ဖြစ်ကုန်ကာ အမိတ အန္ဓ ဗာလနိုင်ငံဖြစ်သွားနိုင်၍ တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော သူတော်စင်အပေါင်းတို့လည်း ပါရမီရှင် သူတော်စင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်
ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့
ငါပါအသက် ဆုံးစေမည်
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်
ဒို့လဲ ကြိုးစားမည်
ဟူသော ကျေးဇူးတော်ရှင် ကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ဦးတည်ချက်အတိုင်း ညီညီညာညာ ကြိုးစားကြပါစို့။