ဗိုလ်ချူပ်ရင်သွေးများ (နှစ် ၆ဝ က စာမှတ်တမ်း)

BMDecember 13, 20101min1090
ဗိုလ်ချူပ်ရင်သွေးများ (နှစ် ၆ဝ က စာမှတ်တမ်း)

ခရီးသည်အယ်ဒီတာ

(အာရ်အက်ဖ်အေ ရေဒီယိုက တဆင့် မေစာ ပြန်လည်တင်ပြသည်)

ဒီဇင်ဘာ ၁၀၊ ၂၀၁၀

လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်နီးပါးက စာပေမှတ်တမ်းတစောင်ကျေးဇူးကြောင့် နိုင်ငံ့ခေါင်းဆောင် တဦးရဲ့ သမိုင်းအစ ခြေရာခံမိခဲ့ပုံကို ပြင်ပကလောင်ရှင် မေစာက (RFA) လွတ်လပ်တဲ့ အာရှအသံ စာဝိုင်း ပေဝိုင်း စကားဝိုင်း အစီအစဉ်မှာ ဆွေးနွေးတင်ပြထားတာကို တဆင့် ဖော်ပြလိုက်ပါတယ်။

မင်္ဂလာပါ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကွယ်လွန်ပြီး ငါးနှစ်အကြာ၊ တနည်းပြောရရင် လွတ်လပ်ရေးရပြီး လေးနှစ်အကြာမှာ ဗိုလ်ချုပ်တို့ မိသားစုအကြောင်း ဆောင်းပါးတစောင် ၁၉၅၂ ဇန်နဝါရီလထုတ် သွေးသောက်မဂ္ဂဇင်းထဲမှာ ဖော်ပြဖူးပါတယ်။ ရေးသူက “ခရီးသည်အယ်ဒီတာ” ။ ဆောင်းပါးနာမည်က “ဗိုလ်ချုပ်၏ ရင်သွေးများ”တဲ့။ သွေးသောက်မဂ္ဂဇင်းအယ်ဒီတာက ဗိုလ်ချုပ်ရဲ့ ကျန်ရစ်သူမိသားစု နေထိုင်တဲ့ ရန်ကုန် ကန်တော်ကြီး တာဝါလိန်းလမ်းက အိမ်ကိုသွားပါတယ်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နဲ့ ကလေးသုံးယောက်ကို တွေ့ပါတယ်။ ကလေးတွေနဲ့ စကားပြောဖြစ်ဆိုဖြစ်ပုံကို တင်ပြရင်း ကလေးတွေရဲ့ စရိုက်လက္ခဏာတွေကို မှတ်တမ်းပြုထားပါတယ်။

ဖတ်ရင်းဖတ်ရင်းက အတွေးပွားကြည်နူးရတဲ့ဆောင်းပါးတစောင်လို့ ဆိုရပါလိမ့်မယ်။ ၁၉၅၂ခု ကာလက ဗိုလ်ချုပ်ရဲ့ ကျန်ရစ်သူရင်သွေးတွေရဲ့ အပြုအမူ အပြောအဆိုကို မြင်ယောင်ကြားယောင်ရင်း ဒီနေ့ နိုင်ငံရေးလောကမှာ အမျိုးသားခေါင်းဆောင်လို့ အပြောအဆို အသတ်အမှတ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုအမူ အပြောအဆိုနဲ့ ယှဉ်စရာဖြစ်လာရပါတယ်။ ရှေးရှေးက ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မခြားမနားလှပါလား။ အင်ဂလိပ်ကဗျာဆရာကြီး ဝီလျံဝါ့ဒ်စဝါ့သ်ရဲ့ “ကလေးဆိုတာ လူကြီးရဲ့ဖခင်ပဲ”လို့တိုက်ရိုက် ဘာသာပြန်ရမယ့် စာသားကို ပြေးသတိရပါတယ်။ ငယ်ငယ်ကတည်းက ဇာတိပြတတ်တဲ့ လူ့သဘောကို အာရုံ ဝင်စားမိပါတယ်ရှင်။


ဒီဆောင်းပါးရေးစဉ်က ကလေးတွေက တကယ့် ငယ်ငယ်လေးတွေပါ။ အောင်ဆန်းဦးက ၈နှစ်၊ အောင်ဆန်းလင်း က ရနှစ်၊ အောင်ဆန်းစုကြည်က ၆နှစ်ပဲ ရှိပါသေးတယ်။ စကားပြောပလားဆိုရင် အောင်ဆန်းစုကြည်က သူ့ကိုယ်သူ မမစု မမစု လို့ ရည်ညွှန်းပြီး ပြောတတ်ပါတယ်။ ဒါကြောင့် ဒီစကားဝိုင်းမှာ သူ့အကြောင်းပြောရင် ခရီးသည်အယ်ဒီတာ နည်းတူ မမစုလို့ပဲ သုံးခွင့်ပြုစေချင်ပါတယ်။

မောင်နှမသုံးယောက်မှာ စရိုက်လက္ခဏာတွေက တမျိုးစီ။

ဆောင်းပါးထဲမှာ သားကြီး အောင်ဆန်းဦးက မလှုပ် တလှုပ်ပါ။ မေးတဲ့သူက မေးနိုင်မှ စကားသံထွက်တာပါ။ အဖေနဲ့အမေ ဘယ်သူ့ကိုချစ်သလဲ မေးတဲ့အခါ ဘယ်လိုမှ မဖြေဘဲ ရယ်နေသတဲ့။ ဒါကြောင့် သူ့အမူအရာ သူ့အသံကို များများ မကြားရပါဘူး။

အောင်ဆန်းလင်းကတော့ သွက်သွက်လက်လက်ရှိလှပါတယ်။ ကြံကြံဖန်ဖန်တွေးပြီး ရယ်ရယ်မောမော ပြောတတ်ပါတယ်။ ပြောပုံနေပုံ ဗိုလ်ချုပ်နဲ့ တူတယ်လို့ ခရီးသည်အယ်ဒီတာက မြင်ပါတယ်။ အဖေနဲ့အမေမှာ သူက အမေထက် အဖေကို ပိုချစ်တဲ့ကလေး။

“ဖေဖေ့ချစ်တယ်၊ ဖေဖေက တခါဘဲရိုက်တယ်” တဲ့။ ရိုက်တာက ရေလုသောက်လို့ ရိုက်တာ။ တခါလေး ရိုက်ဖူးတာပေမယ့် လေးငါးနှစ် ကြာအောင် မှတ်တတ်တဲ့ကလေး။ ပြောပါသေးတယ်။
“ကျနော်တော့ အိမ်ထောင်ရေးကို မကြိုက် ဘူး။ စီးပွားရေးပဲ ကြိုက်တယ်”တဲ့။

အောင်ဆန်းလင်းက အဲဒီလို ပြောတော့ မမစုက သူ့အကိုအကြောင်း သူက သွက်သွက်လက်လက်ရှင်းပြပါတယ်။
“သူကလေ မိန်းမယူရင် ခလေးမွေးရမယ်။ ဒီခလေးကိုကျွေးရတာဟာ ဒုက္ခပဲ တဲ့။ မေမေတောင်မှ မမစုတို့ကို ကျွေးနေရတာ ဒုက္ခများတယ်တဲ့။ ကနွဲ့ကရ ချစ်စရာအမူအရာကလေးနှင့် ရှင်းပြသည်” လို့ အယ်ဒီတာက ကောက်ချက်ချပါတယ်။

အဖေနဲ့အမေ ဘယ်သူ့ကို ချစ်သလဲဆိုတဲ့အမေးကိုဖြေတဲ့အခါ “မမစုကတော့ ဖေဖေ့ရော မေမေ့ရော ချစ်တာဘဲ” တဲ့။ ကြာကြာ အတူ မနေလိုက်ရပေမယ့် အဖေ့အပေါ် မမစုရဲ့အချစ်က ခိုင်လှပါတယ်။

စရိုက်လက္ခဏာတွေမတူသလို ရည်မှန်းချက်တွေက မတူပြန်ပါဘူး။

အရုပ်ဆွဲ အရုပ်လုပ် ဝါသနာပါတဲ့ အောင်ဆန်းဦးကတော့ ကြီးလာရင် အင်ဂျင်နီယာလုပ်ဖို့မှန်းသတဲ့။ အောင်ဆန်းလင်းက စီးပွားရေးဝါသနာပါပါသတဲ့။ မမစုက ဘယ်လိုမှ ထုတ်မပြောပေမယ့် အမျိူးသမီးများတိုးတက်ရေးနဲ့ ဆိုင်တဲ့ အစိုးရလုပ်ငန်းဘက်ဝင်မယ်လို့ ခရီးသည် အယ်ဒီတာက ဟောကိန်းထုတ်ပါတယ်။

မတူတာတွေရှိသလို မမစုတို့မောင်နှမသုံးယောက်မှာ စရိုက်တူတာတွေလဲ ရှိပါတယ်။

ပထမတူတဲ့အချက်က မြန်မာ့ရိုးရာ ယဉေ်ကျးမှုကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခဲ့ကြတာပါ။ စားတဲ့ သောက်တဲ့ အခါ ကြီးသူကို ငယ်သူက ဦးချပြီးမှ စားကြပါသတဲ့။ အကြီးဆုံးသား အောင်ဆန်းဦးပန်းကန်မှာ ထမင်းဟင်း အရင်ထည့်၊ နောက်မှ အောင်ဆန်းလင်းနဲ့ မမစုရဲ့ ပန်းကန်တွေထဲမှာ ကြီးစဉ်ငယ်လိုက် ထည့်ရပါသတဲ့။

ဒုတိယအချက်ကတော့ ဦးစောစံဘိုးသင်းကို ချစ်ခင် ရိုသေကြတဲ့နေရာမှာ ။

ဦးစောစံဘိုးသင်းဆိုတာက ဗိုလ်ချုပ်နဲ့အတူ လက်တွဲခဲ့တဲ့ ဝန်ကြီးဟောင်း ကရင် တိုင်းရင်းသားကြီ:ပါ။ ဗိုလ်ချုပ်ရဲ့မိသားစုအပေါ် သံယောဇဉ်ကြီးလှတဲ့ ဦးစောစံဘိုးသင်းက ဗိုလ်ချုပ်မရှိတဲ့ နောက်မှာ ဗိုလ်ချုပ်ကတော်နဲ့ ကလေးတွေဆီကို မကြာမကြာ အလည်အပတ် ရောက်တတ်ပါတယ်။ ကလေးတွေကို ပုံပြောပြတတ်ပါသတဲ့။ ကလေးတွေကလဲ “ဆင်ကြီး” ရယ်လို့ တရင်းတနှီးခေါ် တတ်ပါသတဲ့။ တိုင်းရင်းသားတွေအပေါ် ချစ်ခင်ရိုသေစိတ်ဟာ အဲဒီအရွယ်ကတည်းက မမစုမှာအမြစ်တွယ်ခဲ့ပြီလို့ ဆိုရင် မလွန်တန်ရာလို့ ယူဆပါတယ်။

တတိယ တူညီကြတဲ့အချက်ကတော့ ဝေဖန်ဆန်းစစ်တတ်တဲ့အကျင့် ရှိခဲ့ကြတာပါပဲ။

နိုင်ငံခြားကလာတဲ့ ကလေးဖတ်စာအုပ်တွေဖတ်ရှုနေကြပေမယ့် အဲဒီအရွယ်ကတည်းက မျက်စိမှိတ် လက်ခံတဲ့ အကျင့်မရှိခဲ့ပါဘူး။ မိဘစကားနားမထောင်တဲ့ ဇာတ်ကောင်တဦးရဲ့ အောင်မြင်မှုကို အသားပေးရေးထားရင် ရှုတ်ချတတ်ပါတယ်။ မိဘစကားနားမထောင်ဘဲ ချမ်းသာသွားတာမျိူး မချမ်းသာချင်ပါဘူးလို့ ဆိုကြပါသတဲ့။

တခါမှာတော့ လူကြီးတွေက မိထွေးမကောင်းကြောင်း စကားလက်ဆုံကျနေကြပါသတဲ့၊ အဲဒီအချိန်မှာ မောင်နှမ ရောက်လာပြီး လူကြီးတွေဝိုင်းထဲမှာ ဝင်ပြောပါသတဲ့။

ပြောပုံက “အံမယ် မိထွေးတိုင်း မဆိုးပါဘူး။ အီဘရာဟင်လင်ကွန်းရဲ့ မိထွေး ဘယ့်နဲ့ လုပ်မလဲ” တဲ့။

ထုံးတမ်းစဉ်လာ အပြောအဆိုပေမယ့် အကြောင်းယုတ်တိမခိုင်မာရင် လက်မခံတတ်တဲ့အမူအရာကို မြင်နေရပါပြီ။

ဗိုလ်ချုပ်ရင်သွေးတွေမှာ တူညီကြတဲ့ နောက်ဆုံးတချက်။ ဒါကို နောက်ဆုံးထား အစီရင်ခံရပေမယ့် အရေးအကြီးဆုံးလို့ ဆိုချင်ပါတယ်။ အရေးအကြီးဆုံးမို့ ခရီးသည်အယ်ဒီတာရဲ့စကားကိုပဲ အလုံးစုံ ကိုးကားဆိုပါရစေ။

“သူတို့သည် လိမ်လည်ပြောခြင်း၊ မိဘစကား နားမထောင်ခြင်းတို့ကို အလွန်မုန်းကြသည်။ ကြောက်စိတ်ကို ပယ်ကြသည်။” တဲ့။

ဒီအထဲက မိဘစကားနားမထောင်တာနဲ့ ပတ်သက်လို့ ဆိုပြီးသားမို့ အကျယ်မချဲ့တော့ပါဘူး။ လိမ်ပြောတာကို မကြိုက်တဲ့ စရိုက်ဝါသနာနဲ့ ပတ်သက်လို့ဆိုရင်လဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ဖူး ကြားဖူးသူများ သိပြီးတဲ့ အတိုင်းပါပဲ။ အရောင်းအဝယ်လုပ်ရာမှာ အမြတ်များများရလိုတဲ့အတွက် ဝယ်ရင်းဈေးကို ပိုပြောတာကိုတောင် လက်မခံတဲ့ ဗိုလ်ချုပ်ရဲ့အပြုအမူ အပြောအဆိုကို သတိရမိမှာပါ။ ဗိုလ်ချုပ်ရင်သွေးတွေမှာ ငှက်ပျောပင်စိုက် မိလိုက်ဖပါ ဒီလိုစရိုက်မျိူးရှိလာတာလို့ တွေးနိုင်ပါတယ်။

နောက်တော့ ကြောက်စိတ်ကို ပယ်ကြတဲ့ဗီဇ။ မြန်မာ့နိုင်ငံရေးလောကထဲကို ဝင်လာကတည်းက ဒေါ်အောင်ဆန်းစုကြည်ဆီက များများကြားရတဲ့တရားဟာ ကြောက်စိတ်ဆန့်ကျင်ရေးတရားပါပဲ။ ၁၉၃၃ ခုက အမေရိကန်သမတ ရုစဗဲ့ ဆိုခဲ့သလိုပေါ့။

“လောကမှာ တခုတည်းသော ကြောက်စရာက ကြောက်စိတ်ကြီးပဲ မဟုတ်လား”။

ဒီကြောက်စိတ်ကြောင့် အဖိနှိပ်ခံရ၊ အနှိပ်စက်ခံရ၊ အဓမ္မမှုမှန်သမျှ ခေါင်းငုံ့ခံရတာတွေ မြင်နေကြုံနေရတော့ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီတရားကို နာနာဟောပါတယ်။ ဟောရုံနဲ့ အားမရသေးဘဲ စာတစောင် ပေတဖွဲ့ ပြုစုပါတယ်။

“ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး” တဲ့။

နောက်ပြီး တရားဆိုတာက သိရုံနဲ့ ဘာထူးမှာတုံး။ သိလဲသိ ရှိလဲရှိမှ။ ဟောလဲဟော ကျင့်လဲကျင့်မှ။ သိတဲ့တရား ဟောတဲ့တရားက တရားအရာ မြောက်တာပါ။ မြန်မာ့နိုင်ငံရေး လောကထဲ ကျင်လည်နေတဲ့ မမစုက မကြောက်တရားကို သိလဲသိ ရှိလဲရှိ၊ ဟောလဲ ဟော။ ကျင့်လဲကျင့်။ ဒီသတ္တိ ဒီစရိုက်ဟာ ငယ်ငယ်တုန်းကတည်းက သတ္တိပါလား၊ စရိုက်ပါလား။

ခရီးသည်အယ်ဒီတာသာ စာနဲ့ပေနဲ့ မှတ်တမ်းမတင်ခဲ့ရင် ခေါင်းဆောင်တဦးရဲ့ သမိုင်းအစကို အခုလို ခြေရာကောက်နိုင်မယ် မဟုတ်ပါဘူး။ နှုတ်တရာ စာတလုံး ဆိုတဲ့အတိုင်း စာပေရဲ့ကျေးဇူးကြီးလှပါကလား လို့ ဆင်ခြင်မိကြောင်းပါရှင်။ ။

စာပေမြင့်ပြီး လူမျိုးတင့်ပါစေ။

============

ဒီစာမူကို မိုးမခပမှာတွေ့လို့ ဝေမျှပေးတာပါ အမေစု ၆နှစ်အရွယ်က ရှင်းပြခဲ့တဲ့စကားတွေကို ကျနော်တို့ ဘယ်တုန်းက စဉ်းစားဖူးပါသလဲလို ပြန်လည် ဆင်ခြင်ကြည့်နိုင်ဖို့ပါ။