ဝမ်းမသာကောင်းသော်ညားလည်း
(၁)
ကုန်စုံဆိုင်ထဲသို့ သည်လူဝင်လာလျှင် အားလုံးသော အရောင်းစာရေးတွေက နာခေါင်းရှုံ့ကြသည်။ သူတို့လိုအရောင်းစာရေးတွေမပြောနှင့် ဆိုင်ရှင်လင်မယားပင် မျက်စိနောက်နေသည်။ ဆိုင်ထဲသို့ ဝယ်သူလာသည်နှင့် သူတို့လိုအရောင်းစာရေးတွေက ဖော်ရွေပျူဌာစွာ အလိုက်သင့်ဆက်ဆံကြရသည်။ ကိုယ့်ဆိုင်က ပစ္စည်းကို မဝယ် ဝယ်ချင်အောင် ပစ္စည်း၏ကောင်းကြောင်းတွေကို ခရားရေသွန်ပြောရသည်က အရောင်းစာရေးတွေ၏ လိုက်နာရမည့်ကျင့်ဝတ်တစ်ခုလိုဖြစ်နေသည်။ ကိုယ့်ဆိုင်ကိုလာသည့် ဖောက်သယ် များ၏ အကြိုက်ကိုလိုက်ပြီး သူတို့ပြောရဆိုရသည်မှာ နေ့စဉ်နှင့်အမျှ။
ခုလာသည်လူကိုတော့ အားလုံးသော အရောင်းစာရေးတွေက မကြိုဆိုချင်ကြ။ ထိုလူမေးသမျှတွေကိုလည်း စိတ်ရှည်ရှည်မဖြေချင်ကြတော့။ ကြည့်လိုက်မည်ဆိုလျှင်တော့ လူရည်သန့်တစ်ယောက်ပါ။ သို့ပေမယ့်လို့ ဆိုင်ထဲရှိ ပစ္စည်းအမျိုးမျိုးကို လက်ညိုးထိုးမေးကြည့်ပြီး မည်သည့်ပစ္စည်းမျှမဝယ်သည်က ထိုလူ့ထုံးစံ။ တစ်ပတ်ကို တစ်ရက်တန်သည် နှစ်ရက်တန်သည်လာလေ့ရှိသည်။ ကိုယ့်ဆိုင်ကိုလာသမျှ ဖောက်သယ်တွေကို သူတို့ အရောင်းစာရေးတွေက လိမ္မာပါးနပ်စွာဖြင့် တစ်ခုမဟုတ်တစ်ခုတော့ ရောင်းလိုက်ရတာချည်းပင်။
ခု သည်လူကိုတော့ သူတို့ အရောင်းစာရေးတွေ အပ်တစ်ချောင်းမပြောနှင့် ဘောလ်ပန်တစ်ချောင်းတောင် ဝယ်သွားဖြစ်အောင် မစွမ်းဆောင်နိုင်ကြ။ ကြာတော့ ဆိုင်ရှင်က ခုလိုပြောသည်။
“ ဒီမယ် မင်းတို့အားလုံး အဲဒီ လူကို ပစ္စည်း တစ်ခုခုဝယ်သွားနိုင်အောင် ပြောနိုင်ရင် မင်းတို့ကို ဘောက်ဆူးပေးမယ် ဘယ်နှယ့်လဲ“
သူတို့ အားလုံးကတော့ ရင်တောင်မခုန်စွာဖြင့် တုတ်တုတ်မျှမလှုပ်။
“ မင်းတို့ အရောင်းစာရေးတွေလုပ်နေပြီး ဒါလေးတောင် အဖြစ်ရှိအောင်မလုပ်နိုင်ဘူးလား “
သူတို့တွေ လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ သူတို့၏ အရည်အချင်းကို ဆိုင်ရှင် သိပါလျှက်နှင့် သည်လိုပြောသည်ဆိုတော့ သူတို့ပဲ အဖြစ်မရှိသလို ခံစားလာရသည်။
“ ဘောက်ဆူးက ဘယ်လောက်ပေးမှာလဲ ပိုက်ဆံလိုချင်လို့မဟုတ်ဘူးနော် ဦး ကျနော်တို့က ဦးပြောသလိုဆို အဖြစ်မရှိဘူးဖြစ်နေတယ် ဟုတ်တယ်မလား“
သူပြောတာကို အားလုံးသော အရောင်းစာရေး ဝန်ထမ်းတွေက ခေါင်းငြိမ့် ထောက်ခံကြသည်။
“ အေး အဲဒီလိုဖြစ်နေမှပေါ့ မင်းတို့လစာတစ်ဝက်တိတိကိုပေးမယ်ကွာ ဘယ်လိုလဲ“
“ စိန်လိုက်လေ ဦးရာ ကျနော်တို့ကလည်း မရ ရအောင်ကို အဲဒီလူကို ပစ္စည်းတစ်ခု ရအောင်ရောင်းမယ်“
သူတို့အရောင်းစာရေးက ငါးယောက် အဲဒီလူက တစ်ယောက် ။ ငါးယောက်ထဲက တစ်ယောက်မှမစွမ်းဘူးလို့တော့မဟုတ်။ ထိုလူ အလာရက်ကို စောင့်ဆိုင်းရင်း တစ်ပတ်တိတိ အချိန်ကုန်သွားသည်။
ဟောလာ ပါပြီ။ ဆိုက်ဆိုက်မြိုက်မြိုက်ပင် သူတို့ဆိုင်ထဲသို့ ထိုလူဝင်လာသည်။ ဆိုင်ရှင်က သူတို့ကို မျက်လုံးဝေ့ကြည့်သည်။ သူတို့ကလည်း သဘောပေါက်ပါ၏။ ထိုလူနောက်သို့ လွင်ဦး ဆိုသည့် ကောင်မလေး ကပ်လိုက်သွားသည်။
“ အစ်ကို ဘာကြည့်ချင်လို့လဲ“
“ အင်း ဟိုဟာလေ“
“ ကြည့်ပါ အစ်ကို “
လွင်ဦးက သူတို့ ဖက်လှည့်ပြီး မျက်စိ မှိတ်ပြသည်။ သူကြည့်ရွိုင်းမည်ပေါ့။
“ ဒါလေ ကဘယ်လောက်လဲ ညီမ“
ထိုလူက စားပွဲတင်နာရီလှလှလေးတစ်လုံးကို ကိုင်ပြီးမေးသည်။
“ အဲဒါလား အစ်ကို 3500 ပါ အစ်ကို “
“ Alarm ပါလားညီမ“
“ ပါတယ် အစ်ကို ညဘက်ကြည့်လို့ရအောင်လို့ မီးပါပါတယ် ဒီမှာလေ ညီမ ပြမယ်“လွင်ဦးက သေသေချာချာပြနေ၏။ သူတို့ကတော့ နားများစွင့်ပြီး အသေအချာ နားထောင်နေကြရသည်။
“ အစ်ကိုယူမလို့လား “
“ အင်းကြိုက်တော့ကြိုက်ပါတ.ယ် ဒါပေမယ့်လု့ိ“
“ ဈေးများနေလို့လား မများပါဘူး အစ်ကိုရဲ့ “
“ မလျှှော့တော့ဘူးလား “
“ အစ်ကိုက ဘယ်လောက်ထားပေးစေချင်လို့လဲ ပြောလေ “
“ 2000 လောက်ရမလား“
မြတ်စွာဘုရား။
“ အစ်ကိုကလည်း မတတ်နိုင်တာလဲမဟုတ်ပဲနဲ့ 500 လျှော့ပေးမယ်လေ အစ်ကိုရဲ့ ညီမလဲ ဒီ့ထက်တော့ လျှော့လို့မဖြစ်တော့ဘူး “
“လျှော့လိုက်ပါညီမရယ်“
“ မလုပ်မနဲ့အစ်ကိုရဲ့ ညီမ လစာထဲကစိုက်နေရလိမ့်မယ်“
“အင်း ဟိုပစ္စည ်းလေး ပြပေးပါဦး“လွင်ဦးက သူတို့ဘက်သို့ မသိမသာကြည့်၏။ သူမရဘူးဆိုသည့်သဘော။ မေသူက သူသွားကြည့်မည်ဟု တိုးတိုးလေးကပ်ပြောသည်။ လွင်ဦးက မျက်ရိပ်ပြပြီးခေါ်သည်။ မေသူနှင့် လွင်ဦးနေရာချင်းချိန်းမည်ပေါ့။ မေသူက ထိုလူအနားသို့ အသာအယာကပ်သွားသည်။
“ အစ်ကို ဘာလေးလဲ ဟိုညီမက အလုပ်ရှိလို့ ညီမကိုပြောလေ ညီမပြပေးမယ်“
“ ဪ ဒါလေးပါ“
ဒိုင်ယာရီစာအုပ်ကလေးကို ပြ၏။ မေသူက-
“ ဪ ဒိုင်ယာရီစာအုပ်လား “
“ ဟုတ်တယ် “
“ အစားစားရှိတယ်အစ်ကိုရယ် ဒီဘက်က အသေးတွေက 800၊ ဒီဘက်က 1000၊ ဒီဘက်က အထူအလတ်ဆိုက်ဒ်တွေကတော့ 1500၊ ဒီအထူကြီးကျတော့ 2500၊ 3000 တွေပေါ့ အစ်ကို က ဘယ.်ထဲကကြိုက်လို့လဲ“
“ ဒီအထူကြီးကရော“
“ ဪ 2500 ပါ အစ်ကို အခုတလောမှ ဝင်လာတာတွေပါ ပြက္ခဒိန်လည်းပါတယ် 2010၊2011၊2012 အထိပါတယ် နောက် Country Codeတွေလည်းပါတယ်“
“ အင်းအင်း ကြိုက်တော့ကြိုက်ပါတယ် ညီမ ဈေးက“
ထိုလူ့စကားတောင်မဆုံးလိုက်
“ လျှော့လို့မရလို့ အစ်ကိုရဲ့ ဒါတွေက အများကြီးမတင်ထားဘူးလေ အစ်ကို“
“အင်း….ဟိုဟာလေးပြပေးပါလား“
မေသူကတော့ လှမ်းကြည့်နေပြီ။ လူလဲမယ်ဆိုသည့်သဘောပင်။ မေသူပြီးတော့ ဝတ်ရည်စိုး။ပြီးနောက် ခိုင်ခိုင်ဦး။ လက်မြောက်အရှုံး ပေးသွားကြပြီ။ နောက်ဆုံး တစ်ဦးတည်းသော ယောကျာ်းလေးအရောင်းစာရေးဖြစ်သူ သူသာလျှင်ကျန်တော့သည်။
“အစ်ကို ဘာကြည့်ချင်လို့လဲ“
“ ညီ အစ်ကို့ကို ဒါလေးပြကြည့်ပါလား“ ကြည့်လိုက်တော့ ရေမွေးပုလင်းလေး။
“ ရေမွေးတွေက အများကြီးအစ်ကိုရဲ့ ဘယ်တံဆိပ်ထဲကကြည့်ချင်တာလဲ အစ်ကို ကျနော်ပြပေးမယ်လေ“
“ Charlie လေးပြကြည့်ပါလား ညီ“
ရေမွေးပုလင်းကို ထုတ်ပြလိုက်သည်။
“ ဘယ်လောက်လဲ ညီ“
“ 11000 ပါ အစ်ကို “
“ ဒီတစ်မျိုးပဲရှိတာလား“
“ ရှိသေးတယ် ဒါက Charile၊ Silver ပါ ဒါက Charlie၊ Whiteပါ ဈေးကတော့ အတူတူပဲ အနံ့ကတော့ တစ်မျိုးစီပေါ့“
“ ပုလင်းဖုံးဖွင့်ကြည့်လို့ရလား “
“ရတာပေါ့အစ်ကို ရှူကြည့်လေ“
ထိုလူက Charlieရေမွေး ပုလင်းဖုံးကိုဖွင့်လိုက်သည်။ ထိုစဉ်မှာပင် မထင်မှတ်သောအဖြစ်ပျက်ကလေးဖြစ်သွားသည်။ ထိုလူ့လက်ထဲမှ ရေမွှေးပုလင်းလေးလွှတ်ကျသွားလေသည်။
“ ခွမ်း“
“ဟာ“
တစ်ဆိုင်လုံးလှည့်ကြည့်ကြသည်။ ဆိုင်ရှင် အစ်ကိုကြီးကတော့ ဘာမှမပြော ဆက်ကြည့်နေသည်။
“ ဟာ ဘယ်လိုလုပ်မလဲ ညီလေး“
“ အင်း အစ်ကိုလက်ထဲက လွှတ်ကျသွားတာဆိုတော့ အစ်ကိုလျှော်ပေးရမယ်ထင်တယ်“
“ အစ်ကိုမှ မဝယ်ရသေးတာ“
“ ရေမွှေး အစ်ကို ပုလင်းဖွင့်ကြည့်ချင်တယ်ဆိုလို့ ကျနော်ပေးဖွင့်လိုက်တာလေ..“
ထိုလူ ခေါင်းကုပ်ပြီး မျက်နှာပျက်နေပြီ။ တစ်ဆိုင်လုံးလည်း ရေမွှေးနံ့တွေ မွန်ထူကုန်ပြီ။ ထို့အတူ ထိုလူသည်လည်း မွန်ထူနေပြီ။
“ အာ ညီကလဲ လုပ်ပါဦး ဆိုင်ရှင်ခေါ်ပေးဦး အစ်ကို ညှိကြည့်မယ်“
သူလည်းဆိုင်ရှင်အစ်ကိုကြီးကို ခေါ်ပေးလိုက်သည်။
“ အစ်ကို ကျနော် တမင်သတ်သတ်တော့ မလုပ်ပါဘူး လျှော့ပါဦး“
သူကတော့ ဘေးကနေသာ ကြည့်နေလိုက်သည်။ နောက်ဆုံးတော့ မလျှော်ချင် လျှော်ချင်နှင့် ရေမွှေးပုလင်းတစ်ဝက်ဖိုးကိုလျှော်သွားသည်။ ဒါတောင်ဆိုင်ရှင်က တစ်ဝက်ပဲယူလို့။
သေချာသည်ကတော့ ထိုလူ နောက်ဆို သူတို့ဆိုင်ကိုလာတော့မည်မဟုတ်။သည်လိုပြောတော့ ဆိုင်ရှင်က မလာလည်း မင်းတို့ အလုပ်ရှုပ်သက်သာတာပေါ့ကွာဟုပြောသည်။ သူတို့လည်း ဘာဘောက်ဆူးမှမရတော့။
သူတို့မရောင်းရပါပဲ သူ့အလိုလို ရေမွှေးဝယ်သလိုဖြစ်သွားရသည်မဟုတ်လား။ သူတို့ အရောင်းစာရေးတွေကတော့ ဝမ်းမသာစကောင်း အရှုပ်ထုတ်တစ်ယောက်လျှော့သွား၍ ပျော်နေမိသည်ကတော့ အသေအချာပင်ဖြစ်နေတော့သည်။
သော်
9 comments
MaMa
December 15, 2010 at 2:47 am
အဲဒီလိုကြီးလား။ ဝယ်သူနဲ့ရောင်းသူ တစ်ယောက်ယောက်တော့ မှားနေပြီ။ တစ်ဖက်သက် ဆုံးဖြတ်လို့တော့ မရဘူး။
moethidasoe
December 15, 2010 at 4:52 am
သော်ဇင်ရယ် .. သူက အရောင်း မိန်းကလေး တစ်ယောက်ယောက်ကိုများ ကြိုက်နေလို့ လာနေတာ ဖြစ်မှာ .. ဒါပေမယ့် သူ မဖွင့်ပြောရဲတာကို အဲဒီလို လုပ်လိုက်တော့ .. အဲဒီမိန်းကလေး အတွက် နစ်နာသွားပြီထင်တယ် .. ဒါပေမယ့်လဲ အဲဒီ မိန်းကလေး ကိုယ်တိုင်က သိမှာ မဟုတ်ဘူး ..
char too lan
December 15, 2010 at 7:56 am
ဒေါက်ဒေါက်နော် ခုတလောဘာတွေတွေးနေလဲတိဝူး ဟွန်း! 😛
etone
December 15, 2010 at 8:07 am
အကြောင်းတစ်ခုခုရှိလိုဖြစ်မှာပါ မဟုတ်ရင် အလကားအချိန်ကုန်ခံပြီး လျှောက်မမေးပါဘူး … .. အပေါ်က အမပြောသလိုတာဖြစ်နိုင်သလို သူလည်း ဒီလိုဆိုင်မျိုးဖွင့်ထားပြီး ဈေးလာလေ့လာတာလည်းဖြစ်နိုင်တယ် … ။
အာဖျံ ကွီး
December 15, 2010 at 8:23 am
ဘာကြောင့်လာတာပဲဖြစ်ဖြစ် အဲဒီလူက အလိုက်ကန်းဆိုးမသိတဲ့သူပဲ ဖြစ်ရမရ်။ သူများစိတ်အနှောင့်အယှက်ဖြစ်အောင် ကိုယ်လုပ်မိနေမှန်းလဲမသိဘူး။ အမြင်ကတ်စရာကြီး။။။ 🙁
honeylatt
December 15, 2010 at 9:24 am
သမီး တို့ ကတော့ marketing အကြောင်းဘာမှမသိ.. ဒါပေမယ့် ဒီလိုကြိးစိတ်အနှောင့် အယှက်ပေးတာတော့ဘယ်ကောင်းမလဲနော့…
intro
December 17, 2010 at 11:18 am
ဒါက ရောင်းရတာ မဟုတ်ဘူး၊ အလျော်ရတာ လို့ ခေါ်တယ်ဗျ… 😛
thethtet87
December 17, 2010 at 11:37 am
ကျွန်တော်စာအုပ်တစ်အုပ်ဖတ်ဖူးတယ်။ဇာတ်ကောင်ကသေမယ်ရက်ကိုသိတော့
အိမ်ရောင်းပြီးနောက်ဆုံအခြေအနေမှာဟော်တယ်တစ်ခုမှာဇိမ်ကောင်းကောင်း
ခံသွားတယ်လေ။အရမ်းဂျီကျတာပေါ့ဝန်ထမ်းတွေကစိတ်တအားညစ်တာ။
မန်နေဂျာကပြောတာတော့ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုမထိခိုက်တဲ့ဘယ်လိုဝန်ဆောင်
မှုမျိုးကိုမဆိုပေးနိုင်ရမယ်တဲ့လေ။
ဒါဆိုရင်သူဝယ်တာမဝယ်တာအပထား။ဈေးဆိုင်ထဲကဝန်ထမ်းတွေကများများ
ဝယ်မဲ့လူကိုဂရုစိုက်ပြီးတော့။နည်းနည်းသယ်တဲ့လူကိုဂရိုမစိုက်တော့ဘူးပေါ့။
သူမှာလည်းအကြောင်းကြောင်းတစ်ခုခုရှိလိမ့်မယ်။အကြောင်းမရှိရင်တော့
သူလူကြီးလူကောင်းမဆန်တာပေါ့။ဒါသူအပိုင်းပါ။ဝန်ဆောင်မှုပေးဖို့ကဝန်ထမ်း
တာဝန်ဘဲလေ။သူရဲ့ main duty လေ။
naywoonni
December 17, 2010 at 1:59 pm
အလစ်သုတ်ဖို့ လာ လာချောင်းနေတာ မှန်းမှမသိ………. 😛