လုပ်ငန်းခွင်နောက်ကွယ်က စာမျက်နှာ(၁)

 

(၁)

          စာရေးသူတို့ လုပ်ငန်းခွင်ဝင်လာတာ လေးနှစ်ကျော် ငါးနှစ်ထဲမှာပေါ့။ လုပ်ငန်းခွင်ဝင်လာတာ နှစ်အတော်လေးရလာတဲ့အခါမှာတော့ တွေ့အကြုံလည်း အတော်အသင့်ရခဲ့ပါပြီ။ လူမှုရေးအတွေ့အကြုံတွေ၊ လုပ်ငန်းအတွေ့အကြုံတွေ။ နောက် မြင်ရ ကြားရ သိရတဲ့အတွေ့အကြုံတွေများလှသပေါ့။

လုပ်ငန်းခွင်ဆိုတာကလည်း အများနှင့် အုပ်စုဖွဲ့ပြီး အဖွဲ့အစည်းနှင့်လုပ်ရတော့ စည်းစည်းလုံးလုံးတော့ဖြစ်ပါရဲ့။ အသင်းအဖွဲ့နှင့်လုပ်ရတော့ တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်ကို လက်ကိုင်ထားလို့မရပါဘူး။အတ္တစိတ်နှင့်လုပ်တဲ့အခါ အမှားများတာ၊ လူအများမကြည့်ဖြူတာတွေခံရတတ်ပါတယ်။

ပြင်ပကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်ခါစကတော့ အတွေ့အကြုံအသစ် အဆန်းတွေရတော့မှာပဲဆိုပြီး ရင်တော့ နည်းနည်းခုန်ချင်ပါတယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ထင်သလောက်မပျော်ပါဘူး။ လုပ်ငန်းခွင်ကလူတွေရဲ့ စိတ်နေ စိတ်ထားတွေကို မြင်ရ သိရ ကိုယ်တိုင်ကြုံရတဲ့အခါမှာတော့ စိတ်တောင် နည်းနည်းညစ်ချင်လာပါတယ်။ ဝန်ထမ်းပေါင်း 450-500 နည်းပါးရှိတဲ့ ကုမ္ပဏီမှာ လူတိုင်းနှင့် လိုက်လျော ညီထွေဖြစ်ဖို့ရာကျတော့ အတော်လေးကြိုးစားလိုက်ရပါတယ်။

          လူတိုင်းကို တည့်အောင်ပေါင်းနိုင်ဖို့ဆိုတာကတော့ မလွယ်တဲ့ကိစ္စပါ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ မှန်းဆလို့မရတဲ့ မျက်နှာပြင်အမူရာ နောက်ကွယ်က စိတ်တံခါးလျှို့ဝှက်ချက်တွေကို အလွယ်တကူမြင်နိုင်ဖို့ရာ ခက်ပါတယ်။ လုပ်ငန်းခွင် ဝင်ခါစ လပိုင်းလောက်ကတော့ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နှင့် လုပ်လို့ကိုင်လို့ကောင်းပါတယ်။ အလုပ်မှာတောင် ငြည်းငွေ့မှုဆိုတာ မြူတစ်မှုန်တောင်ရှိခဲ့တာမဟုတ်ပါဘူး။

 နောက်ပိုင်းမှာတော့ လုပ်ငန်းခွင် တိုက်ခိုက်မှုတွေ စတင်ပါတော့တယ်။ အလုပ်လုပ်တယ်ဆိုတာက သူ့အလုပ်ကို လုပ်ပေးရုံသက်သက်၊ တာဝန်ကျေရုံသက်သက် လုပ်နေလို့မရပါဘူး။ ရင်ထဲက အရင်းခံ စေတနာကလည်း အရေးကြီးပါတယ်။  စေတနာနှင့်လုပ်ပေးတော့ စေတနာရောင်ပြန်ဟပ်တယ်ဆိုတာ ဒီနေရာမှာ တာသွားပါတယ်။

စာရေးသူက အလုပ်ကို တာဝန်ကျေရုံသက်သက် မလုပ်ပဲ စေတနာနှင့်လုပ်ပေးတတ်ပါတယ်။ ပြောပြရရင် အသေးစိတ်ဖြစ်နေဦးမှာမို့ ပေရှည်နေပါဦးမယ်။ အလကားနေရမယ့်အချိန်မှာ ကုမ္ပဏီအတွက် အကျိုးရှိမယ့် အရာမျိုးတွေ ကို လုပ်ပေးနေတတ်တာ စာရေးသူရဲ့အကျင့်ပါ။ ကြာတော့ တစ်ရုံးတည်းနေ လုပ်ဖော်ကိုင်ဖက်တွေက ရိုးတိုးရိပ်တိတ်ပြောတာတွေရှိလာပါတယ်.။ ကြားအောင်တစ်မျိုး၊ မကြားအောင်တစ်မျိုးပေါ့။

          စာရေးသူ ဒီလို လုပ်ကိုင်နေတဲ့ အတွက် သူတို့ အနေခက်ကြရပါတယ်။ နောက် လူကြီးတွေရဲ့ ငြိုငြင်ခြင်းကို ခံရနိုင်တယ် ။ စတဲ့ စကားတွေက စာရေး သူပြန်ပြန်ကြားနေရတဲ့ စကားတွေပါ။ နေရာတစ်နေရာရဖို့ရာမလွယ်တော့လည်း သူတို့ နေရာကို ကိုယ်က ဝင်ထိုင်မှာလည်း သူတို့က ကြောက်လာကြပါတယ် ထင်ပါရဲ့ စာရေးသူကို အုပ်စုပြင်ပသို့ မသိမသာ ထုတ်လာတော့ပါတယ်။

 စာရေးသူကတော့ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုကို နေ့စဉ်ပြုနေကြအတိုင်းပဲ ပုံမှန်လုပ်နေပါတယ်။ စာရေးသူက ပညာကိုလိုလား ဆည်းပူးတတ်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ဘာလေးပဲဖြစ်ဖြစ် အမြင်ရော အကြားရော ကို မြင်ရ ကြားရဖို့အတွက် အမြဲ သတိထားနေတတ်သူ တစ်ယောက်ပါ။ စာရေးသူရဲ့ အထက်က လူကြီးတွေနားလည်း မေးမြန်းစူးစမ်းတတ်တာကလည်း ဝါသနာတစ်ခုလိုဖြစ်နေတော့တာပါ။

သူတို့ကတော့ စာရေးသူကို မသိစေချင်တာတွေ မကြားစေချင်တာတွေများလာပါတယ်။ စာရေးသူကတော့ ကိုယ့် တာဝန်ချိန်ကို လစ်ဟာမှုမရှိစေတဲ့အပြင် လူကြီးတွေနှင့်လည်း အဆင်ပြေတော့ သူတို့ မသိစေချင်တာကို ကြိုသိ ကြိုကြားနေရတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို ရှောင်ဖယ်ဖယ်လုပ်နေတာတွေ၊အုပ်စုပြင်ပကို ကော်ထုတ်ချင်နေတာတွေကို သိရတော့ စိတ်မကောင်းတော့ အနည်းအကျဉ်းဖြစ်မိတာ အမှန်ပါ။

          စာရေးသူရဲ့ ကြိုးစားမှုကြောင့် အချိန်တိုတိုအတွင်းမှာ လစာတို့ အလုပ်ပြောင်းခွင့်ရခဲ့ပြန်ပါတယ်။ ဒါကိုလည်း စာရေးသူက စေတနာ အကျိုးပေးလို့ ယုံကြည်ထားပါတယ်။

(၂)

စာရေးသူအလုပ်ဝင်တာကလည်း မိဘတွေနှင့် ခင်မင်ရင်နှီးလို့ အဝင်လွယ်တယ်ဆိုပေမယ့်လည်း ကိုယ့်ကြိုးစားမှုမပါပဲနဲ့တော့ တိုးတက်ရေးလမ်းကြောင်းကို အချိန်တိုတိုတွင်းလျှောက်နိုင် ဖို့ မဖြစ်နိုင်ဘူးလို့ စာရေးသူမြင်မိတယ်။

          နောက်တစ်နေရာပြောင်းတော့လည်း ထိုနည်းလည်းကောင်းပါပဲ။ စာရေးသူတို့ဟာ အလုပ်ကြမ်းလုပ်ဖို့ ဘွဲ့တွေ ၊ ဒီဂရီတွေကို ယူကြတာမဟုတ်ပါဘူး။ ငယ်စဉ်က မိဘတွေရဲ့ ပင်ပန်းဆင်းရဲ့တာတွေကိုမြင်ခဲ့ရတော့ ဘာကြောင့်လဲဆိုတာကို အဖြေရှာခဲ့တယ်။ မိဘတွေကတော့ ကျောင်းထားတယ်ဆိုတာ ပညာတတ်စေချင်လို့၊ အလုပ်ကြမ်းမလုပ်စေချင်လို့ဆိုတဲ့ စကားကို ဆယ်တန်းအောင်တဲ့အထိ နားထဲကို ရိုက်သွင်းခဲ့ကြတာပါ။ ကိုယ်တိုင်ကိုကလည်း ဘောလ်ပန်ကိုင်ပြီး အရိပ်ထဲမှာ လုပ်ရတဲ့ အလုပ်မျိုးတွေကို စိတ်ဝင်စားခဲ့လို့ ဘွဲ့တစ်ခုကို ရအောင်ယူခဲ့တာပါ။

          အလုပ်ဝင်ကာစကတည်းက အလုပ်ကြမ်းဆိုတာကိုလည်း မလုပ်ခဲ့ရပါဘူး။ ဖြစ်ချင်တော့ စာရေးသူကျတဲ့ နေရာမှာ အလုပ်က စာရေးသူ နှစ်လလောက်ပဲလုပ်ရပြီး ခေတ္တနားထားပါတယ်။ ဒါကြောင့် စာရေးသူမှာ အိပ်လိုက် စားလိုက်နှင့် နေရာကျနေတော့တာပါ။ ဒါကို မကြည့်ရက်နိုင်သူတွေက တိုင်လားတောလားတွေလုပ်ကြပါတယ်။ ဒါပေမယ့် စာရေးသူဘာမှမဖြစ်ပါဘူး။ အထက်ကအရေးလည်းမယူပါဘူး။ ဘာကြောင့်လဲဆိုတော့ စာရေးသူကျတဲ့နေရာမှာ အလုပ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စာရေးသူနှင့်သာ ဆိုင်တာမို့ပါ။

          လောကမှာ အတင်းပြောတယ်ဆိုတာကို စာရေးသူက မိန်းကလေးတွေသာပြောကြတယ်မှတ်တာပါ။( ထိခိုက်မိသွားတယ်ဆိုရင် တောင်းပန်ပါတယ် အမိတို့။ စော်ကားလိုစိတ်နှင့်ရေးတာမဟုတ်ပါ)။ ပြောမယုံ ကြုံဖူးမှသိဆိုတဲ့ စကားအတိုင်းပဲ စာရေးသူတို့လုပ်ငန်းခွင်မှာ မဟာပုရိသ ယောကျာ်းစစ်စစ်ကြီးတွေ ဖြစ်နေပါလျှက်နှင့် အတင်းအဖျင်းတွေကို မြိန်မြိန်ကြီးပြောကြဆိုနေကြတာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

မိန်းမတို့ပြောတော့ အတင်း။ ယောကျာ်းတွေပြောတော့ သတင်းလို့ဆိုကြပါသေးတယ်။ ဘယ်လိုပြောပြော သူ့အတွင်းရေးကို ရိုက်ပုတ်စော်ကားပြောဆိုနေကတည်းက အတင်းဖြစ်နေပါပြီ။ စာရေးသူကတော့ မှန်တယ်ထင်ရင် ဘယ်သူ့မှဂရုမစိုက် ဆိုတဲ့ စကားကို အစွဲယူထားလိုက်ရပါတယ်။

          နောက်ပြီး နေရာဆိုတာ တည်မြဲခြင်းမှာ အမြဲမရှိနိုင်မှန်း သူတို့တွေ မသိကြပါဘူး။ ဒါ ငါ့နေရာ ၊ ငါ့ရာထူး ဆိုတာကို ငါစွဲအတ္တနဲ့ လက်ကိုင်ပြု စွဲယူနေကြပါသေးတယ်။ နောက်လူရောက်လာရင် ငါတို့နေရာတော့ လုတော့မှာပဲ၊ ငါတို့တော့ နေရာဖယ်ပေးရတော့မှာပဲဆိုတဲ့ စုးိရိမ်စိတ်တွေနဲ့ လုပ်မိလုပ်ရာလုပ်နေကြတာတွေကို မြင်ရပြန်တော့ စိတ်မချမ်းသာပြန်ပါဘူး။

ငါ့နေရာကို လာယူမယ့်လူကိုတော့ ဘယ်လိုလုပ်လိုက်မယ် ။ ဘယ်လို  ပ..ထုတ်လိုက်မယ်လို့ အမြဲလိုလို ကြံစည်တတ်သူတွေမှာ ဘယ.်မှာ စိတ်ကောင်းရှိနိုင်ပါတော့မလဲလို့ တွေးမိရပါသေးတယ်။ ရေမပြည့်သောအိုး ဘောင်ဘင်ခတ်၏။ ဆိုတာ ဒါတွေများလားလို့ ထင်မြင်မိရပါတယ်။ ကိုယ့်ရေအိုး  ရေပြည့်ဖို့ ကိုယ်တိုင်ခပ်ထည့်ပါမှ ပြည့်နိုင်မှာပါ။ ကိုယ့်ရေအိုးရေအပြည့်မရှိတာ ကိုယ်ကိုယ်တိုင်အသိဆုံးပါ။ စာရေးသူကတော့ ကိုယ်ထက်သာ မနာလိုဖြစ်နေမယ့်အစား မုဒိတာ တရားလေး ပွားများစေချင်တာပါ။

ဘယ်သူကဖြင့် လစာတိုးသွားပြီ။ဘယ်သူကဖြင့် ရာထူးတိုးသွားပြီ ဆိုတာကို နောက်မှလည်းလာသေးတယ် လစာကလည်း တိုးတာမြန်လိုက်တာ အထက်ကို အဖားကောင်းလို့နေမှာပေါ့အစား ကိုယ်ကတောင် အားကျအတုယူရမှာပါ။ သူ့ရဲ့အကျင့်စရိုက်ကိုကြည့်ပြီး ကောင်းတာလေးတွေကို ဖဲ့ယူသင့်ယူရမှာပါ။

          ဝမ်းသာပီတိဖြစ်ဖို့ရာကျတော့ ကိုယ်ကိုယ်၌က ကိုယ့်စိတ်ကို  စင်ကြယ်နေအောင်အရင်လုပ်ထားဖို့လိုပါတယ်။ ပီတိစားရတဲ့ အရသာဟာ ဟင်းကောင်းတကာထက်ပိုချိုတယ်လို့ဆိုကြပါတယ်။ ကိုယ့်ထက်သာရင် မနာလိုတာတွေကိုလျှော့ပြီး မုဒိတာပွားကြစို့လားလို့ ပြောချင်တာကတော့ စာရေးသူရဲ့ စိတ်ထဲက ဖြစ်စေချင်တာတွေပါလို့။

သော်

11 comments

  • fatty

    December 16, 2010 at 2:14 pm

    private company မှာ ဖားလို့မရဘူးလေ။ အစိုးရဌာနနဲ့လဲမတူပါဘူး။ရာထူးအဆင့်တိုးချင်းအတွက် company အကြီးတွေ မှာသာ စည်းကမ်း စည်းမျဉ်း ထားတာပိုများပါတယ်။ ရာထူးတိုးဘို့အတွက်ဘယ်လိုဘဲ စည်းမျဉ်းတွေထား
    ထား ရာထူးမတိုးဘဲ ကိုယ့်ထက်လစာ(သို့)အခြားခံစားငွေရနေသူတွေလဲရျိတတ်တယ်လေ ။ ပိုင်ရှင်များလုပ်ချင်သလိုလုပ်လို့ရနေတာဘဲ ..။ကိုယ့်ဘက်ကသာ အစွမ်းကုန် ကြိုးစားဘို့လိုတယ် ။ကြိုးစားဆိုတဲ့နေ
    ရာမှာလဲ အလုပ်ဖြစ်အောင် လုပ်ပြဖို့လိုတယ်။ကြိုးစားနေတာဘဲ အလုပ်မဖြစ်သေးလို့ပါ ဆိုတာမျိုးလဲသိပ်ရှိမှာမဟုတ်
    ဘူး .. အရွေ့ရှိရမယ်လို့ပြောတာပါ။ ကျနော်တခါက ကျိုင်းတုံဟိုတယ်(မူလ)မှာ GM လုပ်ခဲ့ဘူးတယ်။ ၄ တန်းလောက်
    အောင်တဲ့ ကလေး ရဲ့ပြောစကားနားထောင်နေခဲ့ရတယ်။သဌေးကခိုင်းစရာရှိရင် ဖုန်းနဲ့ ကျနော့ကိုတိုက်ရိုက်မပြောဘူး ကလေး(သူ့လူယုံ)ကိုဘဲပြောပြီး ကျနော့ကိုပြောပြလိုက်ဆိုပြီးလုပ်တယ်။ အဲတော့
    ကျနော်က ကလေးပြောသမျှသူဌေးစကားဘဲဆိုပြီးနားထောင်နေရတာပေါ့ .. အဲဒါ delegation မှားတယ်လို့ခေါ်ပါတယ်။ လူများတဲ့company တွေမှာ အုပ်စုဖွဲ့တာမျိုးတော့ရှိတတ်တယ် .. ဒါက သူဌေးရဲ့အစီအစဉ်လဲဖြစ်တတ်ပါတယ် ..။

  • ဆူး

    December 16, 2010 at 5:13 pm

    လုပ်ငန်းခွင်မှာ အချိန်တိုလေး အတွင်းမှာ အရှေ့လူထက် တော်သွားပြန်ရင်လည်း တော်တော် ကြီးမားတဲ့ ပြသနာဘဲ.. ဒီမှာ တင်ဘူးတယ် တချိန်က ဆောင်းရာသီ ဆိုတဲ့ ပိုစ်တွေ.. ဘဝမှာ ကြုံခဲ့ရတဲ့ အခက်အခဲ တခုဆိုပါတော့.. လူတိုင်း မုဒိတာ ပွားတဲ့ စိတ်ကလေးသာ ရှိမယ် ဆိုရင် လောကကြီး တော်တော် အေးချမ်းမယ်

  • MaMa

    December 17, 2010 at 12:08 am

    တို့ကတော့ လုပ်ငန်းရှင်ဘက်က စဉ်းစားမယ်။ ဝန်ထမ်းတိုင်းကို လုပ်ငန်းကြီးရင် အဆင့်ဆင့် အုပ်ချုပ်တာဘဲဖြစ်ဖြစ်၊ လုပ်ငန်းသေးလို့ ပိုင်ရှင်က တိုက်ရိုက်အုပ်ချုပ်တာဘဲဖြစ်ဖြစ် လူတော်လူကောင်းကိုဘဲ လိုချင်မှာဘဲလေ။ ကိုယ်က တော်အောင် ကောင်းအောင်ကြိုးစားရင် နေရာရဖို့ဆိုတာ မခဲယဉ်းပါဘူး။ အချိန်အခါတော့ စောင့်ရမှာပေ့ါ။ ဘေးကတွန်းတိုက်တိုင်း မရွေ့အောင်တော့ကြိုးစားပေါ့။ အချိန်တန်ရင် နွားပိန်ကန်လိမ့်မယ်။

  • winkyawaung

    December 17, 2010 at 3:11 am

    အမြဲ အားပေးနေပါတယ်။ တဆင့်ကူးယူပြီး ဖော်ပြခွင့်ပေးပါနော်။

  • etone

    December 17, 2010 at 4:47 am

    စာရေးသူရဲ့ စိတ်ကို ကျမအပြည့်အဝနားလည်ပါတယ် ကျမလည်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေတာ အခုဆိုရင် ငါးနှစ်ရှိပါပြီ … ။ ကိုယ်ပိုင်လုပ်ငန်းလိုပဲ အင်တိုက်အားတိုက်လုပ်ပေမဲ့ … သိပ်ပြီး ထူးထူးခြားခြားပြောင်းလဲတာမျိုးမရှိပါဘူး … ကိုယ်လုပ်တဲ့အလုပ်လေးအပေါ် (ကိုယ်တာဝန်ယူရတဲ့အပိုင်းအပေါ် ) ပိုင်နိုင်စွာနဲ့ လုပ်ကိုင်နိုင်ခဲ့တဲ့အတွက် အဲ့ဒီအလုပ်အပေါ် အပြည့်အဝတာဝန်ပေးခြင်းခံရသော်လည်း မသိတတ်တဲ့အလုပ်ရှင်က လစာ အသိသာတိုးပေးခြင်းမရှိဘူးလေ ။အလုပ် သံယောဇဉ် ကြောင့်လုပ်နေတာ အခုထိပဲ ။ တခြားလူတွေ အလုပ်ခုန်တော့ ကိုယ့်ထက်တောင် ပိုမိုက်နေကြသေးတယ် … ကားမောင်းတဲ့လူကမောင်းနေပြီ .. ကြုံရင် ကြွားခံရသေးတယ် ဘာရာထူးရောက်ပြီဘာညာနဲ့ … အလုပ်ရှင်တွေသိတတ်ရင်ကောင်းမယ်နော်

    • eros

      December 17, 2010 at 9:01 am

      အိတုံတို့ လိုအလုပ်က သူဋ္ဌေးတွေက မြန်မာပြည်မှာ အားလုံးနီးပါးပါ။ လုပ်၊ သေအောင်လုပ် လစာခံစားခွင့်တိုးပေးဖို့ မစဉ်းစားဘူးလေ။ လစာတိုးဖို့ပြောတာနဲ့ အမျိုးမျိုး အကြောင်းပြမယ်။ ပြဿနာရှာမယ်။ မကျေနပ်ရင်မလုပ်နဲ့ နောက်လူတွေတပုံကြီးပဲ။ သူတို့တွေတော့ သိန်းနဲ့ချီကုန်နေတဲ့ ညစာစားပွဲတို့၊ ကေတီဗီတို့ ခဏခဏ သွားမယ်။ လစာလေး ၃-ရ သောင်း လောက်ပဲရတဲ့ဝန်ထမ်းကျတော့ လစာ ၁သောင်းလောက်ပဲ တိုးဖို့ အရေး အောင်မလေး သေရချေရဲ့ တဲ့။ ကိုယ်တွေ့ ကိုယ်တွေ့။ မြန်မာပြည် တိုးတက်ဖို့ စီးပွားတိုးဖို့ မြန်မာသူဋ္ဌေးတွေစိတ်ဓာတ်တွေ အရင်ပြင်ရမယ်။ဝန်ထမ်းတွေကလုပ်သလောက် ရတာကနည်းနည်းလေး၊ မသုံးစွဲနိုင်၊ ငွေလည်ပတ်မှုကမရှိ၊ မရှိတော့ ပြည်တွင်းစီးပွားရေးတိုးတက်သင့်သလောက်မတိုးတက်၊ ဝန်ထမ်းတွေက ကြာလာတော့လုပ်ချင်စိတ်ကုန်ခန်း၊ အလုပ်ကမတိုးတက်၊ ဒီကြားထဲတကယ်တော်၊လုပ်နိုင်တဲ့သူတွေကနိုင်ငံခြားသွား၊ အဆိုးသံသရာလည်နေတာပဲ။

  • ဆူး

    December 17, 2010 at 7:09 am

    အီးတုံးရဲ့ ရင်ဖွင့်စာကိုု သူဌေးရုံးခန်းကို စာအိတ်နဲ့ ပို့လိုက်.. ဖတ်ပြီး တိုးပေးသွားအောင်.. ဟီးဟီး.. နောက်တာနော်။
    စေတနာ ဆိုတာ ရောင်ပြန်ဟပ်တတ်ပါတယ်။ သူဌေးကြည့်ရပြန်တော့.. အဆင့်တူ ဝန်ထမ်း အချင်းချင်း နလန်မထူအောင် လုပ်တဲ့ ဖြစ်ရပ်မျိုးတွေ အများကြိး ကိုယ်ထက်သာ မနာလိုလူတေပေါ့.. လောကကြီးမှာ ရှင်သန်နေထိုင်ရတာက အရုန်းသာ မလှုပ်သာ အခြေအနေမျိုးတွေ အများကြီးပါဘဲ။

  • blackchaw

    December 17, 2010 at 10:36 am

    ဒီစာကိုဖတ်ပြီးကိုယ်ချင်းစာစိတ်ဝင်မိပါတယ်။ လုပ်ငန်းခွင်အခက်အခဲကတော့ ပုဂ္ဂလိက ကုမ္ပဏီမှာလုပ်တဲ့ ဝန်ထမ်းတိုင်းရှောင်လို့မရပါဘူး။ ကျွန်တော်ဆိုရင် ကျောင်းပြီးလို့စလုပ်တဲ့ ကုမ္ပဏီက မိသားစုဝင်မောင်နှမခြောက်ယောက်လောက်ရှိတဲ့ မိသားစုကုမ္ပဏီမှာပါ။ မောင်နှမခြောက်ယောက်လုံးကိုအရိုအသေပေးရတဲ့အပြင် သူတို့ကမွေးတဲ့ သားတွေသမီးတွေလာရင်လည်း ပြုံးပြရတာအမောပေါ့။ အဆိုးဆုံးက အစ်ကိုအကြီးဆုံးကခိုင်းထားတုန်းမှာ ညီကထပ်ခိုင်းတယ်။ အဲဒီမှာ အရင်ခိုင်းလို့ အရင်လုပ်ပေးပေမယ့် နောက်ခိုင်းတဲ့လူကမကြည်တော့ဘူး။ ကလေးကျောင်းလွှတ်ချိန်ဆိုလည်း ကားမောင်းတတ်တဲ့လူက ယဉ်မောင်းမဟုတ်ပါပဲ ကျောင်းသွားကြိုပေးရသေးတယ်။ အဲဒီကတည်းက ကုမ္ပဏီလုပ်တော့မယ်ဆိုရင် မိသားစုကုမ္ပဏီဆိုရင်ဝေးဝေးကရှောင်ပါတယ်။ ကုမ္ပဏီကြီးကြီးမှာ ဝန်ထမ်းများများနဲ့လည်းလုပ်ခဲ့ဘူးပါတယ်။ အဲဒီမှာ အတွေ့အကြုံအရ ပြန်ဝေမျှခြင်တာက ကုမ္ပဏီတွင်းနိုင်ငံရေးကို အနီးစပ်ဆုံးအကဲခတ်တတ်တဲ့လူတွေက နေရာရနေကြပြန်ရော။ အရည်အချင်းရှိနေရုံနဲ့မရဘူးနော်။ ကိုယ့်ကိုပေးတဲ့တာဝန်ကို ကျေပွန်နေရုံနဲ့မရဘူးနော်။ ကြော်ငြာလည်းထိုးတတ်ဘို့လိုပါတယ်။ တစ်ချို့က တစ်ဆယ်ဘိုးလောက်ပဲလုပ်တယ်။ ဒါပေမယ့် ကြော်ငြာကောင်းတော့ လူကြီးစိတ်ထဲမှာ တစ်ထောင်ဘိုးလောက်လုပ်တယ်ထင်သွားရော။ တစ်ချို့က တစ်ရာဘိုးလောက်လုပ်ပေမယ့် ကြော်ငြာမထိုးတတ်တော့ တစ်ဆယ်ဘိုးလုပ်တဲ့လူလောက်တောင်လူကြီးက အသိအမှတ်မပြုဘူး။ လုပ်ငန်းခွင်အခက်အခဲတွေရေးမယ်ဆိုရင်တော့ စာတစ်အုပ်စာနဲ့တောင်ပြီးမှာမဟုတ်ဘူး။ လိုရင်းကတော့ ကုမ္ပဏီတိုင်းမှာ အကျင့်စရိုက်တူရာ၊ စိတ်ဝင်စားမှုတူရာ၊ အုပ်စုဖွဲ့မှုတွေကရှိနေကြတာပါပဲ။ လုပ်သက်ရင့်လာရင် ကုမ္ပဏီတွင်း နိုင်ငံရေးဆိုတဲ့ စကားကို သော်ဇင်နားလည်လာမှာပါ။

  • thethtet87

    December 17, 2010 at 11:00 am

    ကျွန်တော်ဒီစာပုဒ်လေးကိုဖတ်မိတော့စိတ်လည်းမကောင်းပါဘူး။ကိုယ်ချင်းလည်းစာမိပါတယ်။ကိုယ်လည်ဒီလိုဘဲအပြင်လုပ်ငန်းတွေမှာအခုထက်ထိဖြတ်သန်းနေရတုန်းပါဘဲ။ကိုယ်တွေလည်းခံစားမိပါတယ်။ကျွန်တော်ကိုယ်တိုင်ကော။ကိုယ်အောက်ကဝန်ထမ်းတွေကိုပါတစ်ခုပြောပြဘူးပါတယ်။အလုပ်ကိုကြိုးစားလုပ်တာအလုပ်အတွက်ပါသလိုကိုယ်အတွက်လည်းပါပါတယ်။(၁)ကျပ်ဘဲရလို့(၁)ကျပ်ဖိုးလောက်ဘဲလုပ်ရင်(၁၀)ကျပ်လောက်တန်တဲ့အလုပ်ကျရင်အခက်အခဲဖြစ်နေမယ်ဆိုတာဘဲ။ကိုယ်အလုပ်ကိုကိုယ်ကောင်းအောင်လုပ်အောင်မြင်အောင်လုပ်ဖု့ိတော့လိုမယ်ထင်တယ်။အောင်မြင်ဖို့အတွက်အားလုံးကိုလဲစိန်ခေါ်ရဲရမယ်။အောင်မြင်တယ်၊မှန်ကန်မှုရှိတယ်ဆိုရင်ကိုယ်ကအလုပ်ခွင်မှာအသုံးoင်ပြီပေါ့ဒါဆိုရင်ဘယ်သူဌေးမဆိုသဘောကျမှာပါဘဲ။သူမှမလုပ်ရဘဲလုပ်ငန်းအောင်မြင်တာကို၊သူအကျိုးအမြတ်ရှိတယ်လေ။ဒီလိုဝန်ထမ်းတစ်ယောက်ကိုဘယ်လောက်ဘဲအနေအထားရောက်နေပါစေသူလက်မလွှတ်နိုင်လောက်ဘူးထင်တယ်။ဒါဆိုရင် ခံစားခွင့်တို့အကျိုးအမြတ်တို့ဆိုတာနောက်ကတွဲပါလာမှာပါ။မပါလာလည်းကိစ္စမရှိပါဘူး။ကိုယ်အရည်အသွေးထက်မြက်လာလိမ့်မယ်။ဘယ်နေရာမှာမဆိုကိုယ်ရပ်တည်နိုင်လိမ့်မယ်။ကျွန်တော်ခံယူချက်ပါ။လူတိုင်းအကြိုက်လိုက်လုပ်နေရင်တော့ ကျရှုံးသွားမှာဘဲ။အလုပ်အကျိုးရှိအောင်တော့လုပ်နိုင်ရမယ်။

  • thethtet87

    December 17, 2010 at 11:11 am

    ှSorry ကျွန်တော်ကရိုက်နေမကျလို့ပြန်ရိုက်လိုက်တာ။
    ကျွန်တော်ဒီစာလေးကိုဖတ်ရတော့စိတ်မကောင်းဘူး။ကိုယ်ချင်းလည်းစာတယ်။
    ကျွန်တော်လည်းအပြင်အလုပ်ကသူများဝန်ထမ်းကို
    ကိုယ်တွေ့လည်းကြုံဘူးပါတယ်။ကျွန်တော်လက်ခံယုံကြည်ထားတဲ့သဘောတရား
    လေးတစ်ခုတော့ပြောချင်တယ်။(၁-ကျပ်)ရလို့(၁-ကျပ်)ဖိုးလောက်ဘဲလုပ်ရင်
    ကိုယ့်ကိုတန်ဖိုးဖြတ်သလိုဖြစ်မှာပေါ့။(၁၀-ကျပ်)လောက်ရရင်အလုပ်အတွက်
    အခက်အခဲဖြစ်တတ်တယ်။ဒါကြောင့်အလုပ်ကိုအောင်မြင်အောင်လုပ်တတ်
    ဖို့တော့လိုလိမ့်မယ်လေ။အောင်မြင်တယ်ဆိုတာအကျိုးအမြတ်ရှိဖို့ပါ။
    အောင်မြင်ဖို့အတွက်ဘယ်စိန်ခေါ်မှုမျိုးကိုမဆိုရင်ဆိုင်ရဲရမယ်။ဒါဆိုရင်လုပ်ငန်း
    အောင်မြင်မှာပါ။အောင်မြင်ပြီးအကျိုးရှိရင်ဘယ်လူမျိုးသူဌေးမဆိုသဘောကျ
    လိမ့်မယ်ထင်တယ်။သူမလုပ်ဘဲအကျိုးအမြတ်ရတာကို။ဒီလိုဝန်ထမ်းတစ်ယောက်
    ကိုသူလည်းဘယ်လက်လွှတ်လိမ့်မလဲ။သူလက်လွှတ်ရင်လည်းကိုယ်ကြောက်
    စရာမလိုဘူးလေ။ကိုယ်မှာအရည်အချင်းတွေတိုးတက်လာပြီလေ။
    နေရာမရှားပါဘူး။အောင်မြင်ဖို့ဆိုတာ ကိုယ်ကဲအကြီးအကဲဆိုရင်ကိုယ့်လက်
    အောက်ကအုပ်စုကြီးကို drive လုပ်နိုင်ရမယ်။ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရမယ်
    ကိုယ်ခံစားချက်ကိုသိပ်မဖော်ပြဖို့တော့လိုလိုက်မယ်ထင်တယ်။လူတိုင်းအကြိုက်
    လိုက်ဖို့ပြောတာတော့မဟုတ်ဘူး။ထိန်းသိမ်းနိုင်စွမ်းကိုပြောတာနော်။
    လူတိုင်းအကြိုက်လိုက်လုပ်နေရင်တော့ကိုယ်ကျရှုံးလိမ့်ထင်တယ်။

  • jarnuu

    December 17, 2010 at 5:18 pm

    ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာပါလိမ့်မယ်
    အကျင့်စာရိတ္တသည် သင်၏ကံကြမ္မာပင်ဖြစ်သည်။

Leave a Reply