AIDS နဲ့ ကုရာနတ္ထိ၊ ဆေးမရှိ

Zaw WonnaDecember 20, 20101min2359


သူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်။ BE ဘွဲ့ရထားသူပါ။ တစ်နေ့တော့ သူနဲ့ကျနော် နိုင်ငံခြားထွက်ဖို့ အတူစီစဉ်ကြပြီး ဆေးသွားစစ်ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းက ဆေးစစ်ပြီး တစ်လကျော်လောက် ကြာတဲ့အထိ ပေါ်မလာတာနဲ့ နယ်က သူ့မိဘအိမ်ကို စုံစမ်းကြည့်တော့ အိမ်ကထွက်သွားပြီ ဖြစ်ကြောင်း၊ နိုင်ငံခြားထွက်ဖို့ လိုအပ်တဲ့ ငွေတွေကိုလည်း ယူသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကျနော့်ဆီကိုလည်း ရောက်မလာ၊ ဘယ်မှာမှလည်း ရှာလို့မရတာကြောင့် အတူဆေးစစ်ခဲ့ကြတဲ့ ဆေးခန်းကို သွားစုံစမ်းကြည့်တော့ သူ့မှာ HIV ဖြစ်နေတာ သိရပါတယ်။ ဒါနဲ့ စိတ်ပူပြီး သူနဲ့ ပတ်သက်သမျှ လူတွေကို စုံစမ်းရင်းနဲ့ နောက်ဆုံး သူ့ကောင်မလေးအိမ် ရောက်တော့မှ အထက်မြန်မာပြည်ဘက်ကို ခိုးပြေးသွားကြောင်း သိရပါတယ်။

ဒီလိုနဲ့ နောက်ခြောက်လလောက်ကြာတော့ အဲဒီမှာပဲ နမိုးနီးယားရောဂါနဲ့ ဆုံးသွားတယ်လို့ သတင်းကြားရပါတယ်။ အဲဒါနဲ့ ကျနော်လည်း သူ့အိမ်ကို အကြောင်းကြားပြီး အဲဒီကိုလိုက်သွား၊ သူငယ်ချင်းကို သဂြုႋဟ်ပြီးတဲ့နောက် သူ့ကောင်မလေးကို ရန်ကုန် ပြန်ခေါ်လာခဲ့ပါတယ်။ နောက်တော့ ဆေးစစ်ဖို့ နားဝင်အောင် ပြောဆိုပြီး ဆေးစစ်ကြည့်ကြတော့ သူ့မှာလည်း HIV ဖြစ်နေပါပြီ။ ကျနော့်သူငယ်ချင်းက ကျောင်းမှာကတည်းက တော်တော်လေး ပွေပါတယ်။ အခုကောင်မလေးကလည်း သူနဲ့ ရည်းစားဖြစ်တာ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ နယ်ကျွံခဲ့ကြပြီဆိုတော့ မထူးဇာတ်ခင်းပြီး ခိုးပြေးသွားခဲ့တာ နေမှာပါ။ ကောင်မလေးခမျာမှာလည်း ဆင်းရဲတဲ့အတွက် ARV ဆေးကို ပုံမှန် ဝယ်စားဖို့ အခက်အခဲ ရှိနေရှာပါတယ်။ အဲဒီတုန်းက ကျနော့်စိတ်ထဲမှာ သွားလေသူကိုသာ မိုက်တွင်းနက်လိုက်တာလို့ အပြစ်တင်မိပါရဲ့။

အမှန်တော့ ဒီဝမ်းနည်းစရာ ဖြစ်ရပ်ရဲ့နောက်ကွယ်မှာ အကြောင်းရင်းတွေက အများကြီးပါ။ ပုံမှန် ဆေးမစစ်ဖြစ်တာ၊ သမီးရည်းစား အခြေအနေမှာ နယ်ကျွံမိတာ၊ အခြေအနေမှန်ကို ရင်မဆိုင်ရဲတာ၊ ကျန်းမာရေး ပြဿနာကို မှန်ကန်စွာ ဖြေရှင်းဖို့ မကြိုးစားပဲ ရှောင်ပြေးတာ။ ဒါပေမဲ့ ကျနော် ပြောချင်တာက ဘာဖြစ်လို့များ လူအတော်များများဟာ ကိုယ့်မှာ ဒီရောဂါ ရှိနေပြီလို့ သိလိုက်တာနဲ့ ကြိုးမိန့်ကျတဲ့ တရားခံလို စိတ်ဓါတ်တွေကျပြီး သွေးရူးသွေးတန်း ဖြစ်သွားရတာလဲ။ တကယ်ဆို ကျနော့်သူငယ်ချင်းမှာ ARV ဆေးကို ပုံမှန် ဝယ်စားနိုင်လောက်တဲ့ စီးပွားရေး အခြေအနေ ရှိပါတယ်။

တစ်ခုရှိတာက ကျနော်တို့ မြန်မာနိုင်ငံမှာ AIDS ရောဂါအတွက် လူထု ပညာပေးတဲ့ အနေနဲ့ ရေးထားတာတွေထဲမှာ “ကုရာနတ္ထိ၊ ဆေးမရှိ” ဆိုတဲ့ စာသား၊ အဲဒါကို ကျနော် အများကြီး သံသယ ဖြစ်မိတယ်။ အဲဒီ စာသားဟာ ကိုယ်တိုင် ဒီရောဂါ ဖြစ်နေပြီလို့ သိလိုက်ရတဲ့ လူတွေအတွက် အားပေးစကား မဖြစ်နိုင်တာ သေချာပါတယ်။ ပိုဆိုးတာက ကုသဖို့ မကြိုးစားကြတော့တာပါ။ ဒီစာသားကြောင့် အချိန်မတိုင်မီ မသေသင့်ပဲ သေခဲ့ရတဲ့ လူတွေ ဘယ်လောက်များခဲ့ပြီလဲ။ တကယ်ဆိုရင် လူတွေအတွက် ဆင်ခြင်စရာ ဖြစ်စေသလို ရောဂါဖြစ်နေတဲ့ လူတွေအတွက်လည်း အားပေးနှစ်သိမ့်ရာရောက်တဲ့ စာသားမျိုးကို ရွေးချယ် သုံးစွဲသင့်တယ်လို့ ထင်ပါတယ်။

9 comments

  • bigcat

    December 20, 2010 at 6:56 am

    လူမိုက်တဲ့၊ လူဆိုးတဲ့၊ လူယုတ်မာတဲ့။ အဲဒီအထဲမှာ ခင်ဗျားရဲ့ သွားလေသူဘော်ဒါ ဘယ်အထဲပါမလဲ စဉ်းစားသာကြည့်ပေတော့။

  • moethidasoe

    December 20, 2010 at 10:58 am

    ကိုကြောင်ကြီးရယ် .. ဒေါသ မကြီးပါနဲ့ကွယ် .. ဇဝန ပြောတာ မှန်ပါတယ် .. စကားလုံးကြီးက ကြားရတဲ့လူကို .. အကြောက်တရားတွေပဲ ပေးနေတယ် ..
    အမှန်က ပထမဆုံး .. ရောဂါကို ကြောက်စေချင်တာပါ .. ကြောက်မှ ရှောင်ကြစေဖို့ပါ ..
    ဒါပေမယ့် လူတွေက ရောဂါကို မကြောက်ကြဘူး .. ဘာလို့ဆို လတ်တလော ဘာမှ မဖြစ်တာကိုး ..
    ကိုယ်ထဲဝင်ပြီး နောက် နှစ်နဲ့ချီမှ ပေါ်လာတာ .. သွေးစစ်တာတောင်မှ အနည်းဆုံး ၄ လ က ၆ လ လောက် ကြာမှ ပေါ်တာ ဆိုတော့ ကြောက်ရမယ့်ဟာတွေ မကြောက်ကြတော့ဘူး .. ရှောင်ပါ ဆိုတာတွေ မရှောင်ကြတော့ မဖြစ်ချင်တာတွေ ဖြစ်လာကြ .. ပြီးမှ နောက်တ တရားတွေနဲ့ ကြောက်ကြ .. ကြောက်ရာကနေ အနှိမ်ခံရမှာစိုးလို့ ဖုံးကွယ်ကြ .. ပြီးတော့လဲ နည်းမှန် လမ်းမှန် အကြံပေးမယ့် နေရာကို ရှောင်ကြပြန်တော့ .. နောက်ထပ် သူများတွေကို ဒုက္ခပေးသလို ဖြစ်လာတာ ..
    အဓိက က ရောဂါကို ကြောက်စေချင်လို့ .. နောက်ပြီး ရောဂါရဲ့ လက်ရှိ သဘာဝတရားအရ ကုစရာ ဆေး မရှိသေးတာကို သိစေချင်လို့ ကုရာနတ္ထိ လို့ ဆိုတာပါ .. စကားလုံးကို ကြမ်းကြမ်း သုံးထားတာတောင် မကြောက်ကြရင် ချိုချိုသာသာ ရေးခဲ့မယ် ဆို .. အံမလေး .. တွေးတောင် မတွေးရဲပါဘူးကွယ် ..
    ကိုကြောင်ကြီးကလဲ တစ်ချက် သတိထား စေချင်တာက ဇဝန ရေးပြလို့သာ ဒီဇာတ်လမ်း သိတာလေ .. ဇာတ်လမ်းကို မသိခဲ့ရင် .. လော်မာလို့ ဖြစ်တာလား .. မဖြစ်ချင်ပဲ ဖြစ်ရတာလား (ဥပမာ ဆိုရင် ကောင်မလေးပေါ့) .. ဒါကြောင့် အေအိုင်ဒီအက်စ် နဲ့ ပတ်သက်လို့ .. Stigma ဆိုတဲ့ ဝိုင်း ကျင်ကြတာ မလုပ်ကြဖို့ မရှုံ့ချကြဖို့ .. မနှစ်ကနဲ့ ဒီနှစ် ဆောင်ပုဒ်က ဆိုထားတယ် ..
    မပြောကောင်း မဆိုကောင်း .. ကိုကြောင်ကြီး .. ခေါင်းကွဲလို့ နယ်က ဆေးရုံကို ရောက်တယ် ဆိုပါတော့ .. သွေးထွက်လွန်လို့ .. တအား .. အားနည်းသွားပြီး သွေးသွင်းဖို့ လိုနေတဲ့ အချိန် .. သွေးစစ်စရာ ပစ္စည်းလဲ မရှိလို့ လှူတဲ့ သွေးကို သွင်းလိုက်ရတယ် ဆိုပါတော့ .. အဲဒီသွေးမှာများ ရောဂါပိုး ပါလာလို့ (မပြောကောင်း မဆိုကောင်းလို့ ရေးထားပြီးသားနော် ဖြစ်ရမယ် လို့ မဆိုလိုဘူး) .. ရောဂါကူးစက်ခံရရင် ဘယ်လို ခံစားရမှာလဲ .. နော်နော်နော် ..

    • bigcat

      December 21, 2010 at 5:00 am

      ဒေါက်တာရယ် ကျနော်က အဲဒီသဘောပြောတာ မဟုတ်ပါဘူး။ စာထဲမှာ သူ့အသိက အေပိုးကိုက်မှန်းသိလို့ နိုင်ငံခြားထွက်မဲ့ငွေတွေနဲ့ သူ့ရည်းစား သူများသမီးကို ခိုးပြေးသွားတာကို ပြောတာပါ။ အနောက်နိုင်ငံတွေမှာ ဒီလိုသိသိနဲ့လုပ်ရင် (တဖက်သားကိုအသိမပေးဘဲနဲ့) ထောင်ချလို့ရပါတယ်။
      ကျနော်ကခါင်းကွဲလို့ သွင်းတဲ့သွေးကမသန့်ရင် ဆရာဝန်ကို လိုင်စင်သိမ်းခိုင်းမယ်၊ ဆေးရုံကို လျော်ကြေးတောင်း ဒါမှမဟုတ် ပိတ်ခိုင်းရမှာပေါ့နော် ….

  • Thaw Zin Loikaw

    December 20, 2010 at 3:16 pm

    မှန်လိုက်တာZawanaရေ ခုက HIV,AIDSဖြစ်နေပြီလို့ သိလိုက်ရတာနဲ့တင် ရောဂါခံစားနေရတဲ့သူက စိတ်ကျရောဂါကို အရင်ခံစားပြီး တအိအိပြိုဆင်းရတော့တာပါ ကိုZAWANAပြောသလိုပဲ“ကုရာနတ္ထိ၊ ဆေးမရှိ” ဆိုတဲ့ စာသားဟာ ခုချိန်မှာတော့ အံမဝင်တော့ဘူးလို့ ကျနော်ထင်ပါတယ်…..။

  • လင်းဝေကျော်

    December 21, 2010 at 3:40 am

    ခေါင်းစဉ်ကိုပြင်လိုက်ပါလား။
    အဲဒီခေါင်းစဉ်ကိုတွေ့လို့ဖတ်ဖြစ်တာ။
    ARV ဆေးမှန်မှန်သောက်ရင် ကောင်းကောင်းမွန်မွန်နေလို့ရနေပြီပဲ။
    ဆေးဖိုးက တစ်လ သုံးသောင်းလောက်ပဲကုန်တာပါ။
    တစ်ချို့ သာမန်ဝန်ထမ်းတွေတောင်တစ်လ အရက်ဖိုး ဘီယာဖိုးတောင် သုံးလေးသောင်းကုန်နေသေးတာပဲ။
    အလုပ်လုပ် ဆေးဝယ်သောက်ရတာပါပဲ။

    • zawana

      December 21, 2010 at 1:57 pm

      ဟုုတ်ပါတယ်ဗျာ … ကျနော်လည်း ဒီခေါင်းစဉ်ကို မသုံးချင်ပါဘူး …. ဒါပေမဲ့ စဉ်းစားလို့ရသမျှ ခေါင်းစဉ်တွေက စိတ်တိုင်းမကျတာနဲ့ ဒါကိုပဲ ပြန်သုံးလိုက်မိတာ … ကျနော် against လုပ်ချင်တာကလည်း ဒီစာသားပဲ မို့ပါ။

  • Danny

    December 21, 2010 at 9:16 am

    Awareness Raising တွေ အများကြီး လုပ်ဖို့ လိုအပ်နေသေးတယ်လို့ မြင်မိပါတယ်။ လွဲမှားတဲ့ အသိအမြင်ကြောင့်၊ နည်းပါးတဲ့ တွေးခေါ်မြော်မြင်မှုတွေကြောင့်၊ နိမ့်ကျတဲ့ ဝင်ငွေကြောင့်၊ ကြောင့်၊ ကြောင့် .. အချိန်မတန်ပဲ ကြွေခဲ့ရတဲ့ အသက်တွေအစား ဝမ်းနည်းမိပါတယ်။ မြန်မာလူမျိုးတွေ အလုပ်အများကြီး လုပ်ရအုန်းမှာပါ။

    • zawana

      December 21, 2010 at 2:02 pm

      ဟုတ်တယ်ဗျာ …. ကိုလင်းဝေကျော် ပြောသလိုပါပဲ …. (ARV ဆေးမှန်မှန်သောက်ရင် ကောင်းကောင်းမွန်မွန်နေလို့ရနေပြီပဲ။
      ဆေးဖိုးက တစ်လ သုံးသောင်းလောက်ပဲကုန်တာပါ။
      တစ်ချို့ သာမန်ဝန်ထမ်းတွေတောင်တစ်လ အရက်ဖိုး ဘီယာဖိုးတောင် သုံးလေးသောင်းကုန်နေသေးတာပဲ။
      အလုပ်လုပ် ဆေးဝယ်သောက်ရတာပါပဲ။)
      ဆိုတာ မှန်ပါတယ်ဗျ။
      ခက်တာက နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ ရောဂါသည်တွေက အဲဒီလောက်တောင်မှ မသိကြသေးတာ ခက်တယ်။ ဒီမှာ အဖြစ်များနေတာကလည်း အခြေခံ ဗဟုသုတတောင် မရှိတဲ့ ကျေးရွာနေလူတွေပါ။ ကျနော်တို့ နယ်ဘက်က ရွာတွေမှာဆို ရောဂါသည်တွေ များမှများပဲဗျို့။

  • kai

    December 21, 2010 at 9:28 am

    ကုရာနတ္ထိ၊ ဆေးမရှိဆိုပြီး .. ဘဝပျက်အောင် ပိတ်ပြောတာဖြစ်ပြီး ..အဲဒါက .. “ငရဲနဲ့ခြောက် ဘုံနဲ့မြှောက်”လမ်းကြီးပဲ..။
    ဆေးက .. ဒီကနေ့သာ မရှိတာ..။ မနက်ဖြန်အသစ်တွေ့ပြီး … ပေါ်ချင်ပေါ်လာမှာလေ..။
    အဲဒီအတွက် လူတွေထောင်သောင်းချီ အလုပ်လုပ်နေကြတာပဲ..မဟုတ်လား..။
    ငွေတွေလည်း ..ဘီလီယန်ချီသုံးနေတာပဲ..။

    ပြီးခဲ့တဲ့တပါတ်ကတင်.. HIV ပျောက်သွားတဲ့ လူအကြောင်း သတင်းတွေ့လိုက်သေးတယ်..။
    ဂျာမဏီမှာ…။
    http://www.thenewamerican.com/index.php/world-mainmenu-26/europe-mainmenu-35/5570-researchers-claim-hiv-cure-using-stem-cell-therapy

    ဆိုတော့..
    HIV သည် ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။ သို့သော်.. ဆေးများဈေးကြီးနိုင်ပါသဖြင့် (သင့်ကိုတာ မလျှော့စေရန်)သင့်ဆီမှ တဆင့်ကူးစက် ပြန့်ပွားခြင်းမဖြစ်ပါစေနှင့် …
    လုပ်ရမှာ… 🙂

Leave a Reply