စိုးရိမ်မိတယ်

ashinindakaJanuary 9, 20111min1975

အသောကမင်းကြီးက ဂျိန်းဘာသာဝင်ရှင်ဘုရင်ကြီး။
သူ့နန်းတော်ထဲမှာ အဝတ်မဝတ်တဲ့ ဂျိန်းဘုန်းကြီးတွေကို နေ့စဉ် ပင့်ဖိတ်ပြီး
ဆွမ်းဆက်ကပ်လှူဒါန်းတယ်။

ကိုယ်တုံးလုံးဂျိန်းဘုန်းကြီးတွေ နန်းတော်ထဲမှာ တရုန်းရုန်းနေမှာပေါ့။
ခွက်စွဲတဲ့သူက စွဲ၊ ဟင်းကော်တဲ့သူက ကော်၊
ရုပ်အဆင်းသဏ္ဍာန်ကလဲ မိမွေးတိုင်း ဖမွေးတိုင်း ကိုယ်လုံးပေါ်၊
စဉ်းစားကြည့်ရတာကတော့
နေ့ဆွမ်းဆက်ကပ်တဲ့အချိန် နန်းတွင်းထဲမှာ
မိဖုရား မောင်းမမိဿံတွေနဲ့ ဆူညံပွက်နေမှာပဲ။

ဆွေစဉ်မျိုးဆက်ကိုးကွယ်လာတဲ့ဘာသာမို့သာ ဆက်ကိုးကွယ်နေရတာ။
ဦးဏှောက်ရှိတဲ့အသောကမင်းကြီး ဒီလိုမျိုးဣန္ဒြေမရှိတဲ့ဂျိန်းဘုန်းကြီးတွေကို
သိပ်တော့ ဘဝင်ကျဟန်မတူပါဘူး။

တစ်နေ့သောနံနက်ခင်း နန်းတော် လေသာပြူတင်း ထွက်ထိုင်နေချိန်
ဣန္ဒြေရရ ဆွမ်းခံကြွနေတဲ့ ဗုဒ္ဓဘာသာဝင်ကိုရင်လေးတစ်ပါးကို မြင်လိုက်ရတယ်။
ကိုရင်လေးနာမည်က နိဂြောဓ တဲ့။

ကိုရင်လေးဆွမ်းခံကြွနေတာကလဲ တကယ့်ကို ငြင်ငြင်သာသာ
တည်တည်ကြည်ကြည် ဣန္ဒြေရရ။
ဆိုတော့ သူ့နန်းတော်ထဲ နေ့ဆွမ်းလာစားနေတဲ့ ဂျိန်းဘုန်းကြီးတွေနဲ့
အကွာကြီး ကွာခြားမှန်း ချက်ချင်းသိလိုက်တယ်။

ဒါနဲ့ နန်းတွင်းထဲက လူတစ်ယောက်ကို ကိုရင်လေးနောက် အလိုက်ခိုင်းပြီး
နန်းတွင်းထဲပင့်ခိုင်းလိုက်တယ်။

ကိုရင်လေးနန်းတွင်းထဲရောက်လာတယ်။
အသောကမင်းကြီးက သင့်တော်တဲ့နေရာမှာ ထိုင်ဘို့ ပြောတော့
ကိုရင်လေး ဘေးဘီ ဝှေ့ကြည့်တယ်။
သူ့ထက် သီလ သိက္ခာကြီးသူ ဘယ်သူမှမရှိဘူးဆိုတာကို သိတော့
အသောကမင်းကြီးထိုင်တဲ့ ပလ္လင်ပေါ်တက်ထိုင်လိုက်တယ်။

အသောကမင်းကြီး အတော်အံ့ဩသွားတယ်။
တချိန်တည်းမှာဘဲ ကိုရင်လေးကို အတော်သဘောကျသွားတယ်။
ပြီးတော့ တရားတစ်ပုဒ်ဟောပေးဘို့ လျှောက်တယ်။

ကိုရင်လေးက
ဓမ္မပဒပါဠိတော်မှာပါတဲ့ ဂါထာတစ်ပုဒ်ကို ဟောလိုက်တယ်။

အပ္ပမာဒေါ အမတံပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
မမေ့မလျှော့နေထိုင်ခြင်းဟာ မသေရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်တယ်။
မေ့မေ့လျှော့လျှော့နေထိုင်ခြင်းကတော့ သေခြင်းအကြောင်းတရားဘဲ။
သတိရှိသူတွေကို မသေသူလို့ သတ်မှတ်ရမှာဖြစ်ပြီး
သတိမရှိတဲ့သူတွေကတော့ သေသူတွေနဲ့ ထူးမခြားနားဘဲ။

Heedfulness is the path to the deathless,
Heedlessness is the path to death.
The heedful do not die,
the heedless are like the dead.

အသောကမင်းကြီး ဒီဂါထာလေးတစ်ပုဒ်နာကြားခွင့်ရလိုက်တာကို
အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာတယ်။

ဒီကိုရင်လေးနဲ့ အသောကမင်းကြီးအကြောင်းဖတ်ရင်း
စဉ်းစားမိတာတွေ အများကြီးပဲ။

အရင်ပို့စ်တစ်ခုမှာ ပြောခဲ့သလို သာသနာဝင်ရဟန်းတော်များ
Expression ကောင်းဘို့ အပြကောင်းဘို့ အင်မတန်အရေးကြီးပါတယ်။
အခု အသောကမင်းကြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာတာလဲ
ကိုရင်လေးရဲ့ အပြကောင်းမှုကြောင့်သာဖြစ်တယ်။

ကိုရင်လေးအပြကောင်းတယ်ဆိုတာလဲ တမင်တကာ လုပ်ပြီး
အပြကောင်းနေတာတော့ မဟုတ်ပါဘူး။
ဘုရားရှင်ပြဌာန်းခဲ့တဲ့ ဟောကြားခဲ့တဲ့အတိုင်းလိုက်နာကျင့်သုံးလိုက်တာပါဘဲ။

ဘုရားရှင်က မြို့တွင်း ရွာတွင်းသွားတဲ့အခါ
သင်္ကန်းကို သပ်သပ်ယပ်ယပ် ညီညီညာညာဝတ်သွားရမယ်။
သင်္ကန်းကို ရုံသွားရမယ်။
(ကျောင်းမှာလို ပခုံးကြီးတစ်ဖက်ဖော်ပြီး မြို့ထဲ ရွာထဲမသွားရဘူး။)
လက်တွေ ခန္ဓာကိုယ်တွေကို လှုပ်ခါရမ်းပြီး မသွားရဘူးစသဖြင့်
ဘုရားရှင်ညွှန်ကြားခဲ့တဲ့ မြို့ထဲ ရွာထဲ သွားနည်းလမ်းညွှန်ချက်တွေ ရှိပြီးသားပါ။

အဲ့ဒီလမ်းညွှန်ချက်အတိုင်းလိုက်နာရင် ကြည့်ကောင်းတာပါဘဲ။
အပြကောင်းတော့တာပါဘဲ။

ဒါ့ကြောင့် သာသနာဝန်ထမ်းရှင်ရဟန်းများ
အပြကောင်းအောင် ကျင့်ကြံနေထိုင်သင့်ပါတယ်။
အပြကောင်းအောင် ကျင့်ကြံနေထိုင်ရပါမယ်။
ကိုရင်လေးဘဝကတည်းက သွားတတ်လာတတ် စားတတ်သောက်တတ်
နေတတ်ထိုင်တတ်အောင် (ဝါ) အပြကောင်းအောင် သင်ပေးသင့်ပါတယ်။

ကိုရင်လေးတွေဆိုတော့
အသက်အရွယ်အားဖြင့် ငယ်သေးတော့
သင်ပေးတဲ့ဆရာကောင်း သမားကောင်းရှိဘို့လိုပါတယ်။
ကိုရင်လေးတွေ ဆရာကောင်းသမားကောင်းကိုများ မတွေ့ရဘူးဆိုရင်
သူတို့လေးတွေ ဖြစ်ချင်တိုင်းဖြစ်နေတော့တာ အားလုံးအသိပါ။

ဖြစ်သလိုနေထိုင် သွားလာပြီး ဆွမ်းခံထွက်နေတဲ့
ကိုရင်လေးတွေကို တွေ့ဘူးတဲ့ ဒကာကြီးတစ်ယောက်က လျှောက်ဘူးတယ်။

သူ ကမ္ဘာအေးဘုရားဘက်ကနေပြီး စွယ်တော်ဘုရားဘက်ကိုအပြန်
လမ်းပေါ်မှာ ကိုရင်လေးအုပ်စုကို တွေ့တယ်တဲ့။
သပိတ်တွေနဲ့ ဆွမ်းခံပြန်လာပုံရတယ်တဲ့။
အချိန်ကလဲ ၁၂ နာရီတောင် ကျော်နေပြီဆိုပဲ။
သူကားမောင်းလာတာကို ကားလမ်းပေါ်ပိတ်ပြီး ဝိုင်းတားကြတယ်တဲ့။
ဒါနဲ့ ခဏရပ်လိုက်တာ သူ့ကားပေါ် အကုန်ဝိုင်းတက်ကြတော့တာပဲတဲ့။

အဲ့ဒကာနဲ့တွေ့တုန်းက အဲ့ဒကာ ဒီလိုလျှောက်တော့
အင်း……
လို့သာ သက်ပျင်းရှည်ကြီးချနိုင်ခဲ့တယ်။
ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။

တကယ်တော့ ဒါဟာ တကယ့်ကို မဖြစ်သင့်တဲ့ကိစ္စပါ။
ဒီလိုခေတ်ကြီးထဲမှာ ဆရာသမားတွေက မဆုံးမဘဲ
ဖြစ်ချင်သလိုဖြစ်ဆိုပြီး ပစ်ထားတဲ့ ဒီလိုကိုရင်လေးတွေနဲ့သာ
ရေရှည် စခန်းသွားနေရရင်ဖြင့်
အသောကမင်းကြီးလို ဗုဒ္ဓဘာသာကို ကူးပြောင်းဘို့ နေနေသာသာ၊
ဗုဒ္ဓဘာသာက တခြားဘာသာကို ကူးပြောင်းသွားမှာတောင် စိုးရိမ်မိသေးတယ်။

5 comments

  • bigcat

    January 9, 2011 at 6:04 am

    ဆရာတော်စာထဲက ကိုရင်လေးများဟာ နာဂလှိုင်ဂူ နယ်စပ်ဒေသ တိုင်းရင်းသားပရိယတ္တိ သာသနာပြုကျောင်းက ဖြစ်ပါလိမ့်မည်။ တပည့်တော် အဲဒီဖက်ပိုင်းမှာ ရိပ်သာစခန်းဝင်ဖူးလို့ ဆွမ်းခံကိုရင်များကို တွေ့ဖူးပါသည်။ သူတို့ကျောင်းနဲ့ ဆွမ်းခံပြီးစီးလာတဲ့ ဘတ်စ်ကားရပ်တဲ့ လမ်းမကြီးပေါ်ကမှတ်တိုင် ဝေးကွာပါသည်။ ခလေးတွေဖြစ်တာကြောင့်တကြောင်း၊ နေပြင်းတာကတကြောင်း၊ ဘုရားထဲကိုဝင်လာတဲ့ ပစ်ကပ်ထရပ်ကားတိုင်းလိုလိုသည် ကျေကျေနပ်နပ် စီးခွင့်ပြုတာများလို့ တပျော်တပါးစီးကြပုံပေါ်ပါသည်။ စည်းကမ်းပိုင်းအရကြည့်လျင်တော့ မကောင်းတာအမှန်ဖြစ်သော်လည်း မြင်တတ်လျင် ကြည်နူးခွင့်လွှတ်စရာဖြစ်ပါလိမ့်မည်။ ဆရာတော်ကိုလျောက်သော ဒကာသည် ရံဖန်ရံခါလာသော ဘုရားဖူးဖြစ်မည်ဟု ထင်ပါသည်။

  • weiwei

    January 9, 2011 at 6:19 am

    တပည့်တော်ကတော့ ဦးဇင်းပဲဖြစ်ဖြစ် ကိုရင်ပဲဖြစ်ဖြစ် သာ့သနာဘောင်ဝင်ထားသူတိုင်းကို ဘုရားသားတော်အဖြစ် ကြည်ညိုပါတယ်ဘုရား … မနက်ပိုင်းဆွမ်းလောင်းတိုင်း သံဃာ့တဒေးမ ပါဘုရားလို့ စိတ်ထဲကနေ သံဃာတွေကိုရည်ညွှန်းပြီး ကုသိုလ်စိတ်ကိုယူပါတယ် … အဲဒီထက်ပိုပြီးမတွေးပါဘုရား …

    • ashinindaka

      January 9, 2011 at 8:00 am

      ဒီလိုစိတ်ထားတတ်တဲ့ဒကာတွေ ဒကာမတွေ တွေ့တော့လဲ အင်မတန်ဝမ်းသာမိတယ်။ ဒီလိုဒကာမျိုးတွေကလဲ အခုခေတ်မှာ ရှားလာပြီမို့လား။ ကမ္ဘာကြီးက ပွင့်လင်းလာတော့ ဘာသာပေါင်းစုံက လူမျိုးပေါင်းစုံကိုလဲ ထည့်တွက်ရတော့မယ်။

  • ဆူး

    January 9, 2011 at 1:45 pm

    ဒီပိုစ်လေး ကောင်းပါတယ်။ ဆင်ခြင်ဖို့အတွက် ရေးတာ ဆိုတော့.. ကာယကံရှင် ရဟန်းတွေ ဖတ်မဖတ် မသိဘူး နော်။ ဆူး အနေနဲ့ကတော့ ရဟန်းကို ရဟန်းလို့ဘဲ မြင်ပါတယ်။ အနေအထိုင် ဝိနည်း မနေနိုင်လို့ အကုသိုလ်ဖြစ်တာ သူဘက်က ကိုယ်ဘက်က ကုသိုလ်စိတ်ဖြစ်အောင် တတ်နိုင်သလောက် နေပါတယ်။

  • naywoonni

    January 9, 2011 at 3:36 pm

    စဉ်းစား ဆင်ဆင်စရာတွေ အများကြီးပေါ်လာပြီ

Leave a Reply