ရဲဝံ့သော မျှော်လင့်ခြင်း

လင်းဝေJanuary 17, 20111min1541

တန်ဖိုးထားမှုများ

ကျွန်တော်ပထမဦးဆုံး အိမ်ဖြူတော်ကို မြင်ဖူးတာ ၁၉၈၄ ခုနှစ်မှာပါ။ ဘွဲ့ရပြီးကာစ နယူးယောက်စီးတီးကောလိပ် ဟာလန်ကျောင်းမှ ထွက်ပြီး ရက်ကွက်စည်းရုံးရေးမှူးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သမ္မတ ရေဂင်က အဲဒီ့အချိန်မှာ ကျောင်းသားများထောက်ပံ့ငွေကို ဖြတ်တောက်ဖို့ အဆိုပြုလာတယ်။ ဒါကြောင့် ကျွန်တော်ဟာ ကျောင်းသားခေါင်းဆောင် အုပ်စု နဲ့ အတူဒီလိုဖြတ်တောက်မှုကို ဆန့်ကျင်ကြောင်း ပန်ကြားလွှာကို ကို ကောက်ခံဖို့ စုရုံးပြီး အလုပ်တွဲလုပ်ခဲ့တယ်။ သူတို့ထဲက အများစုက လူမည်း ဒါမှမဟုတ် ကာရစ်ဘီယံကျွန်းသားများ၊ အရှေ့ဥရောပ မိသားစုတွေ ကဆင်း သက်လာသူများ ဖြစ်ပါတယ်။ အများအားဖြင့် သူတို့ဟာ သူတို့ မိသားစုထဲ မှာ ပထမဆုံး တက္ကသိုလ် တက်နိုင်သူတွေဖြစ်ကြပါတယ်။ အဲဒီနောက် ကျွန်တော်တို့တွေဟာ နယူးယော့ခ် လွှတ်တော်ကိုယ်စားလှယ် ထံပို့ခဲ့ပါတယ်။

အဲဒီခရီးကတိုတောင်းတဲ့ခရီးတစ်ခုပါပဲ။ ရေဘန်အဆောက်အအုံရဲ့ အဆုုံးမရှိတဲ့ကော်ရစ်ဒါတွေမှာ လမ်းညွှန်အတိုင်း လျှောက်သွားနေတာ၊ အဲဒီတုန်းကကျွန်တော့်အသက်လောက်တောင်မှ မရှိသေးတဲ့ ယဉ်ကျေးပေ မယ့် ပြီးစလွယ်နိုင်တဲ့ လွှတ်တော်ဝန်ထမ်းများနဲ့တွေ့တာတွေပါပဲ။

နေ့ကုန်ခါနီးမှာတော့ ကျောင်းသားတွေနဲ့ ကျွန်တော် မောလ်နဲ့ ဝါရှင်တန် အထိန်းအမှတ် အဆောက်အအုံဆီကို သွားဖို့ အချိန်နည်းနည်းယူပြီး လျှောက်သွားခဲ့ကြတယ်။ အဲ့ဒီနောက် အိမ်ဖြူတော်ကို မိနစ်အနည်းငယ် ငေးကြည့်ကြတယ်။ မရိန်းအစောင့်စစ်သားတွေရဲ့နေရာရှိတဲ့ပင်မဝင်ပေါက် နဲ့ မလှမ်းမကမ်း ပင်ဆလ်ဗေးနီးယားရိပ်သာလမ်း ပေါ်မှာ ရပ်ပြီးကြည့်နေတုန်း လမ်းလျှောက်သွားသူတွေက ကျွန်တော်တို့ကို ရှောင်ကွင်းလို့ ကားတွေက ကျွန်တော်တို့နောက်မှာ တဝီဝီဖြတ်လို့ပေါ့လေ။ ကျွန်တော် အိမ်ဖြူတော်ရဲ့ ခမ်းနားသေသပ်မှုထက် မြို့တော်ရဲ့  ပျားပန်းခတ်ရှုပ်ထွေးနေမှုကြားမှာ ပေါ်လွင်လွန်းလှတာကို အံ့ဩနေမိတာ ပါပဲ။ ကျွန်တော်တို့ ဟာ ဂိတ်ပေါက်တံခါး အထိကပ်သွားကြည့်ကြတယ်။ နောက်ပြီး ဘေးကနေ တစ်ပါတ်ပါတ်လို့ တစ်ဘက်ခြမ်းက နှင်းဆီဥယျာဉ် နဲ့ နေက်ဘက်ပိုင်း ကိုသွားကြည့်ခဲ့ကြတယ်။ ဒီလိုမျိုး အိမ်ဖြူတော်ကို အနားထိ လွပ်လပ်စွာအနီးကပ်ကြည့်ခွင့်ရှိခြင်းဟာ ဒီမိုကရေစီ နဲ့ ပါတ်သက်ပြီး ကျွန်တော်တို့ တိုင်းပြည်ရဲ့ ယုံကြည်မှုရှိခြင်းကို တစ်နည်းပြသနေတာပဲလို့ ထင်မိတယ်။ ကျွန်တော်တို့ ရဲ့ခေါင်းဆောင်များဟာ ကျွန်တော်တို့လိုပဲ ဥပဒေရဲ့လွှမ်းမိုးမှုအောက်မှာရှိပြီး အများရဲ့ဆန္ဒကို လေးစားလိုက်နာရမယ် ဆိုတာတဲ့ အယူအဆကို သိမြင်လာစေတယ်။

အခုလိုအနှစ်ဆယ်လောက်ကြာတဲ့အခါမှာတော့ အိမ်ဖြူတော်နားကို ကပ်ကြည့်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်တော့ပါဘူး။ စစ်ဆေးရေးဂိတ်၊ လက်နက်ကိုင်အစောင့်၊လုံခြုံရေးကား၊ကားအောက်ပိုင်းကိုကြည့်တဲ့ မှန်၊ ခွေးတွေ၊ အတားအဆီးတွေချထားတာ နဲ့ အိမ်ဖြူတော် ဝန်းကျင် လမ်းဖြတ်နှစ်ခုလောက်ကို ပိတ်ဆို့တားဆီးထားလိုက်ပါပြီ။ ခွင့်ပြုချက်မရှိတဲ့ ကားတွေဟာ ပင်ဆလ်ဗေးနီးယား ရိပ်သာလမ်းပေါ်မှာ မောင်းလို့ မရတော့ပါဘူး။ ကျွန်တော် ဆီးနိတ်တာအဖြစ် ကျမ်းမကျိန်မီတစ်ရက်အလို ဇန်နဝါရီလထဲမှာ နေ့ခင်းဘက် ကျွန့်တော့်ကားက အိမ်ဖြူတော်ရှေ့က အတားအဆီးတွေကို ရှောင်ကွင်းမောင်းသွားနေတုန်း ကျွန်တော် ငေးကြည့်ရင်း ဆုံးရှုံးသွားတဲ့ ပွင့်လင်းလွပ်လပ်မှုအတွက် ဝမ်းနည်း နေမိတယ်။

အိမ်ဖြူတော်ရဲ့အတွင်းပိုင်းမှာတော့ ခင်ဗျားရုပ်ရှင်တွေထဲတွေ့ရသလိုမျိုး တောက်ပနေတဲ့လက္ခဏာတွေ မရှိပါဘူး။ နွမ်းနေပေမယ့် ကောင်းကောင်းထိန်းသိမ်းထားပုံရှိပါတယ်။ အေးလှတဲ့ ဆောင်းညတွေမှာ ဆို လေစိမ်းတွေတိုးနေမယ့် အိမ်အိုကြီးလိုပါပဲ။ ကျွန်တော် အဝင်ခန်းမမှာ ရပ်နေတုန်း ကော်ရစ်ဒါတလျှောက် မျက်စိကစားကြည့်မိရင်း ဒီနေရာမှာ ဖြစ်ပျက်သွားခဲ့တာတွေကို မမေ့နိုင်အောင် ဖြစ်မိပါတယ်။ ဂျွန်နဲ့ ဘော်ဘီကနေဒီတို့ ကျူးဘားအရေးအတွက် ခေါင်းချင်းရိုက်နေကြတာ၊ ဖရန့်ကလင်း ဒီလန်ဒို ရုစဗဲ့က ရေဒီယိုမိန့်ခွန်းအတွက် နောက်ဆုံး ပြင်ဆင်နေတာ၊ လင်ကွန်းတစ်ယောက်တည်း ခန်းမထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး နိုင်ငံအရေး တာဝန်ယူဆောင်ရွက် နေတာတွေဟာ မမေ့နိုင်စရာပါပဲ။ (နောက်လ အနည်းငယ်အကြာမှာတော့ လင်ကွန်းရဲ့ အိမ်ခန်း ကို ကြည့်ခွင့်ရပါတယ်။ ရှေးဟောင်းပရိဘောဂတွေနဲ့ အရိုးရှင်းဆုံးနေရာပါပဲ။ ဂတ်တီစဘာ့ဂ် မိန့်ခွန်း မူရင်းစာရွက် ကို မှန်အောက်မှာ သပ်သပ်ရပ်ရပ်ထည့်ထားတယ်။ )

ကျွန်တော့်ကို အိမ်ဖြူတော်ရဲ့ဥပဒေပြုဝန်ထမ်းများက ချက်ချင်းလာရောက် နှုတ်ဆက်ပြီး အောက်လွှတ်တော်နဲ့ ဆီးနိတ်အဖွဲ့ဝင် အသစ်များ ရောက်နှင့်နေတဲ့ ရွှေရောင် ခန်းမကို ခေါ်သွားပါတယ်။ လေးနာရီအတိမှာ သမ္မတ ဘုရှ် ရောက်ရှိလာပြီ ဖြစ်ကြောင်းကြေငြာပါတယ်။  အားမာန်အပြည့်နဲ့ တက်ကြွပုံ ပေါက်ပြီး အစီအစဉ်တွေအရ လုပ်ဆောင်နေရတဲ့သူတယောက် လမ်းလျှောက်ပုံအတိုင်း ခပ်မြူးမြူးနဲ့ ခိုင်ခိုင်မာမာလမ်းလျှောက်ဟန်ဖြင့် သမ္မတဟာ စင်မြင့်ပေါ်ကို တက်လာခဲ့တယ်။ သူကြည့်ရတာ အချိန်အနည်းငယ်အတွင်း ပြီးစီးစေချင် ပုံပေါက်ပါတယ်။ အိမ်ဖြူတော်အခြားတစ်ဖက်မှာ ပြင်ဆင်ထားတဲ့ စားသောက်ဖွယ်ရာ များဆီသို့ ကျွန်တော်တို့ကို မခေါ်သွားခင် ဟာသအနည်းငယ်နဲ့ တိုင်းပြည်အတွက် အတူတကွ အလုပ်လုပ်ဖို့တို့ ဆယ်မိနစ်စာလောက် စကား ပြောပါတယ်။ ပြီးတော့ သမ္မတနဲ့ သမ္မတကတော်တို့အတူ ဓာတ်ပုံရိုက်ကြတယ်။

အခြားဥပဒေပြုအမတ်များဟာ ဓာတ်ပုံရိုက်ဖို့ တန်းဆီနေချိန်မှာ ကျွန်တော်ဆာလာသလို ခံစားလာမိတယ်။ ဒါနဲ့ ဘူဖေးစားပွဲဝိုင်းဆီကို ကျွန်တော်ဦးတည်လိုက်တယ်။ ကျွန်တော်ဟာမုန့်ကို မြုံ့ရင်း အောက် လွှတ်တော်အမတ်အနည်းငယ်နဲ့ စကားပြောပြီး ဟိုအရင်က သမ္မတနဲ့ နှစ်ခါဆုံဖူးတာကို ပြန်တွေးနေမိတယ်။ ပထမတစ်ခါက ရွေးကောက်ပွဲပြီးလို့ ဝမ်းမြောက်ကြောင်း ခေါ်ယူတွေ့ဆုံမှုနဲ့ ဒုတိယအကြိမ်ကတော့ အခြားဆီးနိတ်တာအသစ်များနဲ့ကျွန်တော်တို့ကို အိမ်ဖြူတော်နံနက်စာစားဖို့ ဖိတ်ကြားမှု တို့ဖြစ်ပါတယ်။ နှစ်ကြိမ်လုံး သမ္မတနဲ့ တွေ့ဆုံမှုမှာ သမ္မတဟာ နှစ်သက်စရာကောင်းတဲ့ လူတစ်ယောက၊် ရွေးကောက်ပွဲကို နှစ်ခါအနိုင်ရအောင် ကူညီပေးခဲ့တဲ့ ရိုးသားအမူအရာ ဒါပေမယ့် လိမ္မာပါးနပ်ပြီး စည်းစနစ်ကျတဲ့အမူအရာရှိသော လူတစ်ယောက်လို့ ကျွန်တော် မြင်မိတယ်။ ခင်ဗျားအနေနဲ့ သူ့ကို ဒေသခံကားကိုယ်စားလှယ် ရထားတဲ့ပုံ၊ အသင်းတစ်ခုကို နည်းပြလုပ်နေတဲ့ပုံ၊ သူ့ခြံဝင်းနောက်ဖက်မှာ အသားကင်နေတဲ့ပုံမျိုး အလွယ်တကူ မြင်ယောင်ကြည့်လို့ရပါတယ်။ ကလေးတွေအကြောင်း၊ အားကစားအကြောင်းအရာလောက်သာပါ ပါတဲ့ စကားဝိုင်းအဖြစ်နဲ့ ကြာရှည်စကားပြောဖော်ကောင်းဖြစ်နိုင်တဲ့ လူမျိုးပါပဲ။

(ဆက်ပါဦးမည်။)

One comment

  • လင်းဝေကျော်

    January 17, 2011 at 10:43 am

    Obama ရဲ့ စာအုပ်ထဲက အခန်းတစ်ခုကို ဘာသာပြန်ထားတာပါ။

Leave a Reply