“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းတစ်)
“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းတစ်)
“တိုက်ဆိုင်မူ့ဆိုတာတစ်ခါတစ်လေမှာတော့ အတော်ထူးဆန်းတာဗျ။
သေချာဖြစ်အောင်လုပ်မယ်ဆိုရင်တောင်မှ စိတ်ကူးထဲမှာတောင်ဖြစ်မလာနိုင်တာမျုးိပေါ့။
ကျွန်တော်လက်ထပ်တဲ့နေ့ တစ်နှစ်တိတိပြည့်တဲ့နေ့မှာ ကျနော်အဖွားဆုံးတာဗျာ။
ဘယ်လောက်များတိုက်ဆိုင်လိုက်သလဲလို့။
အဲဒီနေ့က ကျွန်တော်ကနေ့ချင်းပြန်ခရီးသွားနေတော့အဖွားဆုံးတာ ညနေစောင်းမှသိတာ။
ဆုံးဆုံးချင်းနေ့ကတော့စိတ်ထဲမှာ ဝမ်းနည်းတာကလွဲပြီးဘာမှ သိပ်မဖြစ်ဘူး။
ဒါပေမယ့် ဆုံးပြီးတစ်လလောက်ကြာတော့ မှတ်မှတ်ရရ တပေါင်းလထဲမှာပေါ့။
ငယ်ငယ်တုန်းက အဖွားနဲ့အလုံနတ်ပွဲကိုသွားတာကစပြီးသတိရလိုက်တာ
အဖွားနဲ့ နေခဲ့ထိုင်ခဲ့တာတွေကစိတ်ထဲမှာရုပ်ရှင်ပြသလို ပေါ်လာပါလေရောဗျာ။
ဆက်တွေးရင်းတွေးရင်းနဲ့ စိတ်ထဲမှာ ဝမ်းနည်းလာပြီး ကလေးတစ်ယောက်လို
ရှိုက်ကြီးတငင်ငိုမိတယ်ဗျာ”
ကျွန်တော့်ကိုပြန်ပြောပြနေတဲ့ “ကိုစိုးခိုင် “ကတကယ့်ကိုခံစားချက်အပြည့်နဲ့ပြောနေတာပါ။
သူဒီလိုသူ့အဖွားအကြောင်းကိုပြောလွန်းလို့ ကျွန်တော်အလွတ်တောင်ရနေပါပြီ။
အခုပြန်ပြောနေတာတောင် သူ့မှာ မျက်ရည်တွေသီသီလေးဝေ့နေသလိုပါဘဲ။
ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ခံစားမူ့ကိုနားမလည်ဘူးဆိုရင်တော့ ယောက်ျားတန်မဲ့
အဖွားကိုလွမ်းရသလား မျက်ရည်ကျရသလားလို့ အပြစ်တင်မိမှာအမှန်ပါဘဲ။
ကျွန်တော့်တို့ မြန်မာလူမျိုးတွေပြောလေ့ရှိကြတဲ့ “သားအချစ်မြေးအနှစ်”ဆိုတဲ့စကားလေး
တစ်ခွန်းကတော့အင်မတန်ကိုလှပတဲ့မေတ္တာတွေနဲ့ မွှမ်းထုံနေတဲ့စကားလေးဆိုရင်လဲမမှားပါဘူး။
ဒီစကားလေးရဲ့ဆိုလိုရင်းကတော့ “ကိုယ်မွေးထားတဲ့သားသမီးကိုလည်းချစ်လိုက်ရတာတုံလို့။
ဟောသူတို့ကထပ်မွေးထားတဲ့ မြေးလေးတွေကျတော့ပိုလို့တောင် ချစ်ရပါသေးတယ်”လို့ဆိုလိုတာပါ။
ကျွန်တော်တို့အားလုံးမှာ အဖေ့ဘက်ကနဲ့အမေ့ဘက်က နှစ်ဖက်ပေါင်းရင်ကျွန်တော်တို့ကို အလိုလိုက်မယ့်
အဖိုးအဖွားပေါင်းလေးယောက်တိတိရှိပါတယ်။
သူတို့တစ်တွေ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အဆင်ပြေသည်ဖြစ်စေ အဆင်မပြေသည်ဖြစ်စေ
သူတို့ရဲ့အနှစ်ဖြစ်တဲ့မြေးလေးတွေကိုတော့ ချစ်ကြ အလိုလိုက်ကြတာအမှန်ပါဘဲ။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့လောကသဘာဝအရအကြောင်းအမျုးိမျုးိကြောင့် မြေးတွေကို မချစ်တဲ့
အဖိုးအဖွားလဲ ရှိနိုင်ပါတယ်။ဒါကတော့လူနည်းစုဘဲဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့ငယ်ငယ်ကတော့ အဖေအမေကများ ဆူရင် အဖိုးအဖွားရင်ခွင်ကိုပြေးဝင်လိုက်တာပါဘဲ။
အဖုးိအဖွားတွေက “ ကလေးကို ဘာလို့ ဒီလောက်ဆူရတာလဲ“လို့ဟန့်လိုက်ရင် အဖေအမေတွေက
ဆူတာရပ်လို့သွားအခါ ကျွန်တော်တို့မှာ ကျေနပ်လို့ပါ။
ရိုက်များရိုက်မယ်ဆိုရင် ဘာပြောကောင်းမလဲ ငိုလို့ မဆုံးတော့ပါဘူး။
အဖိုးအဖွားတွေက ချော့မှ စိတ်ပြေလို့ အငိုတိတ်ပါတယ်။
ဒီလိုအဖိုးအဖွားတွေက အလိုလိုက်လို့ ကျွန်တော်တို့ကလဲ အမိုက်စော်ကားတဲ့ပုံစံမျုးိမချုးိပါဘူး။
အဖိုးအဖွားရဲ့အကာအကွယ်ကို ယာယီခိုလှုံတဲ့သဘောပါဘဲ။
ကျွန်တော်တို့ ညီအကိုတွေက အဖေ့ဘက်ရော အမေ့ဘက်ရော နှစ်ဖက်လုံးမှာနေဘုူးပါတယ်။
နှစ်ဖက်လုံးက အဖိုးအဖွားမှန်သမျှက ကျနော်တို့ကလေးတွေကို အငိုမခံပါဘူး။
အထူးသဖြင့်အဖေ့ရဲ့အမေက “ငိုသံ”ဆိုဘာငိုသံမှိလုံးဝကိုမကြားချင်တာပါတဲ့။
အိမ်မှာကလေးကို ငိုအောင်လုပ်ရင်လဲအရမ်းကိုစိတ်ဆိုးပါတယ်။
ကလေးကိုငိုအောင်စတာတို့၊ကလေးအငိုခံပြီး လိုချင်တာမပေးတာမျုးိတွေကိုလဲ
လုံးဝမကြိုက်ပါဘူး။
အဖွားသဘောက တော့ အရွယ်မရောက်လို့ မသိတတ်သေးတဲ့ကလေးကို စိတ်ဆင်းရဲအောင်
အလိုမကျအောင်မလုပ်ရဘူး။
သိတတ်တဲ့အရွယ်ရောက်မှ နားလည်အောင်သွန်သင်ဆုံးမရင်လဲရတာဘဲ။
ကလေးကို သွန်သင်ဆုံးမတယ်ဆိုတဲ့နေရာမှာလည်း သူအရွယ်နဲ့သူ သိသင့်သလောက်
သူလက်ခံနိုင်သလောက် သူနားလည်နိုင်သလောက်ကိုဘဲပြောပြရမယ်။
အများကြီးပြောရင်လဲ အကြောင်းမထူးဘူး ဟုန်သွားမယ်လို့ပြောဘူးပါတယ်။
ကလေးကို စိတ်အနာတရဖြစ်အောင်မလုပ်ရဘူး၊သူလိုချင်တာ ပေးလိုက်ကြွေးလိုက်လို့လဲ
ဘာမှ ဖြစ်မသွားဘူး ဘာမဟုတ်တာလေးနဲ့ကလေးကို ငိုအောင် စိတ်ရှုပ်ထွေးအောင်
စိတ်အနာတရဖြစ်အောင်မလုပ်ရဘူးလို့ အမြဲပြောပါတယ်။
နောက်ကလေးကို အရမ်းနာကျင်အောင်ရိုက်တာလဲ လုံးဝမကြိုက်ပါဘူး။
လုံးဝမရိုက်ရဘူးတော့မဆိုလိုပါဘူး။
အမှားကျုးလွန်ခဲ့ရင်လဲ တင်ပါးတို့ ခြေသလုံးတို့လို့ အသားများတဲ့နေရာလေးကို
အရမ်းမနာကျင်အောင် သတိပေးတဲ့အနေနဲ့ဘဲရိုက်ရမယ်လို့ပြောတတ်ပါတယ်။
သူတို့ဘာကြောင့်အရိုက်ခံရတယ်ဆိုတာကိုလဲသေသေချာချာပြောပြီးမှ
ရိုက်ရမယ်လို့ပြောတတ်ပါသေးတယ်။
ကလေးရိုက်တာနဲ့ပါတ်သက်ပြီး ကျွန်တော် အဒေါ် “တင်တင်” နဲ့အဖွား
ခဏခဏ ပြဿနာတက်ခဲ့ကြတာလေးကို မှတ်မိနေပါသေးတယ်။
“တင်တင်” ကသူ့ကလေးတွေကို ရိုက်ခဲပါတယ်။
ဒါပေမယ့် သူများတွေက “တင်တင်ရေ ညည်းသားတွေက…………” လို့များအစချီ
ပြီးလာမတိုင်လိုက်နဲ့ “မိဘမျက်နှာအိုးမဲသုတ်တယ်” ဆိုပြီး ဘာဖြစ်သလဲမမေးဘဲနဲ့
အသေအလဲဆော်တော့ တာပါဘဲ။
အဲဒီအခါများမှာ အဖွားကလဲ “ကိုယ့်ကလေးကို ကျွဲရိုက်နွားရိုက် ရိုက်ရအောင်
မွေးထားတာ တိရိစာ္ဆန်မဟုတ်ဘူး”ဆိုပြီး သူ့မြေးတွေကို ဝင်ဆွဲတော့တာပါဘဲ။
ပြီးတာနဲ့ငိုနေတဲ့မြေးလေးတွေကို သူရင်ခွင်ထဲထားအငိုတိတ်အောင်ချော့ရင်း
ပါးစပ်ကလဲ ပွစိပွစိနဲ့ကလေးရိုက်တာမကျေနပ်ကြောင်းကြေငြာချက်တွေ
ထုတ်တော့တာပါဘဲ။အဖွားက”တင်တင်” ကိုမေးခွန်းတွေထုတ်ပါသေးတယ်။
“ညည်းတို့ ဒီအရွယ်ရောက်တဲ့အထိက ဘယ်နှစ်ခါများဒီလိုအရိုက်ခံရဘူးသလဲ “ပေါ့။
ကြားထဲမှာရှေးဟောင်းနှောင်းဖြစ်ပုံတိုပတ်စနဲ့ပြောလိုက်တာ အရှည်ကြီး ရယ်။
နောက်ဆုံးမေတော့ “ကိုယ်ချင်းစာတရားကို မရှိဘူး “ဆိုတာနဲ့အဆုံးသတ်ပါတယ်။
ဒါကတော့ “တင်တင်” က သူ့ကလေးတွေကိုသူများလာတိုင်လို့ ရိုက်တိုင်းဖြစ်နေကြပေါ့။
နောက်ကျွန်တော်တို့ငယ်ငယ်က အဖေ့ရဲ့ “သရီးဝမ်နိမ်”ဆိုတဲ့သုံးကြိမ်သတိပေးစံနစ်
နဲ့ကြီးပြင်းလာခဲ့ရတာပါ။
ကျွန်တော်တို့အဖေရဲ့ သရီးဝမ်နိ်မ်က သူမကြိုက်တာ ကျွန်တော်တို့ မလုပ်ရမယ့်ဟာတွေကိုအရင်ဆုံးပြောပြထားပါတယ်။
ဥပမာ ညနေထမင်းစားချိန်ရောက်ရင် မိသားစုအားလုံး အတူစားရမယ်ဆိုတာမျိုးပေါ့။
တကယ်လို့များ အဖေမကြိုက်တာကို လုပ်မိတယ်ဆိုရင် ပထမတစ်ခါ ကောင်းကောင်းမွန်မွန်ပြောပါတယ်။
နောက်တစ်ခါထပ်လုပ်ရင် တော့ မာမာတင်းတင်းပြောပါတယ်။
ပြောတာထပ်မလုပ်ဘဲများ ဆက်လုပ်နေရင်တော့ ကြိမ်လုံးနဲ့ဆော်ပါတယ်။
အဲဒီအခါမျုးိမှာ အဖွားနဲ့အဖေ စကားတွေပြောရပါတော့တယ်။
အဖွားက “မင်းဒီလိုဝမ်နိမ်ပြည့်လို့ရိုက်တိုင်းသာလိမ္မာလာမယ်ဆိုရင် မင်းတို့ငယ်ငယ်ကဒီလိုဆုံးမခဲ့ပါတယ်”
ဆိုပြီး ပြောလေ့ရှိပါတယ်။
ကျနော်တို့ ညီအကိုတစ်တွေကလဲ စိတ်ကူးပေါက်ရာလုပ်စမြဲ ဦးလေးတွေ အဒေါ်တွေ
အဖေတွေအမေတွေကလဲ သူတို့စိတ်နဲ့မတွေ့ရင် ဆူမြဲရိုက်မြဲ ။
အဲဒီအချိန်မှာ ကျွန်တော်တို့ကလဲ အဖုးိအဖွားကို အားကိုးမြဲ။
အဖွားကလည်းကျွန်တော်တို့ဘက်က ရပ်တည်မြဲ။
ဒီလိုနဲ့ဘဲသံသရာလည်လို့ မေတ္တာတွေနဲ့ထုံမွှမ်းနေတဲ့ငယ်ဘဝလေးကို ဖြတ်သန်းခဲ့ရပါတယ်။
ကျွန်တော့် ဦးလေးအငယ်အိမ်ထောင်ကျလို့ သူကလေးရတဲ့အချိန်မှာ ပြဿနာလေးတစ်ခုစလာပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)
One comment
naywoonni
January 22, 2011 at 10:50 am
ကလေးတွေ ကို ရိုက်နှက်ပြီး ဆိုဆုံးမတယ်ဆိုတာလည်း မြန်ပြည်မှာပဲ ရှိလိမ့်မယ် ထင်တယ်ဗျ ဘယ်မှာကြားဖူးသေးလဲ မြေးဦးဆိုရင်အဘိုးအဘွားတွေအတွက်အရူးအမူးပါ