ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (2) by May Aye Oo

padonmarFebruary 22, 20111min1150

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (2)
by May Aye Oo on Wednesday, September 22, 2010 at 3:27pm

သည်ကလေးကိုုစတွေ့ခဲ့တာတော့ Nargis အပြီး.. နောက်ဆက်တွဲ ပညာရေး အကူအညီပေးနေတဲ့ အချိန်ပေါ့..

အဲဒီနေ့က .. ၃ဝ နိုဝင်ဘာလ ၂၀၀၈ …။

သူက ၁ဝ တန်းကို ၂၀၀ရ မှာ အောင်ခဲ့တာပါ။ ဂုဏ်ထူး ၃ ဘာသာနဲ့ပေါ့။ ရန်ကုန်၊ မြောက်ဥကလာ ဆေး (၂) မှာ တက်နေတာပေါ့။ တစ်ဦးတည်းသောသားပါ။ မိဘများက သူတို့မြို့ရဲ့ ဈေးကလေးထဲ မှာ ထမင်းဆိုင် ဖွင့်ထား တယ် လေ။ ဆင်းရဲ ပေမဲ့ ရိုးရိုးကုတ်ကုတ်နဲ့ သားကလေးရဲ့ ပညာရေးအတွက်ကြိုးစားကြတဲ့သူတွေပါ။ အဲဒီထမင်းဆိုင်ကလေး ကဘဲသူတို့ရဲ့ အိမ်ပေါ့။ စားလဲဒီမှာ၊ အိပ်လဲ ဒီမှာ၊ ဈေးရောင်းလဲ ဒီမှာ.. ပေါ့..။

သူ ဒုတိယနှစ်ကို ရောက်တဲ့အချိန်မှာ မေလ (၂) ရက်နေ့ ၂၀၀၈ မှာ Nargis မုန်တိုင်းက.. မြန်မာပြည် ကမ်းရိုးတမ်း တစ်လျှောက်ကို ရက်ရက်စက်စက် မွှေသွားပါရော… သူတို့ရဲ့မြို့ကလေးမှာ ရေက ၈ ပေလောက် တက်သွားတာ.။ သူတို့ရဲ့ထမင်းဆိုင်ကလေးကလဲ .. မြစ်ကမ်းနဘေးနားမှာမို့ .. ဘာမှမကျန်ခဲ့တော့ဘူးပေါ့။

အဲဒီမှာတင်.. သူကျောင်းဆက်တက်ဘို့ အဆင်မပြေ စ ဖြစ်တော့တာဘဲ။ ဆေးကျောင်းသားတစ်ယောက်ရဲ့ စားရိတ်ဟာ တစ်လကို အနည်းဆုံး တစ်သိန်းတော့ကုန်တာဘဲလေ..။

အဆောင်က တစ်လကို ၂၀၀၀၀

ထမင်းဝယ်စားရတာ.. မနက်၊ ည ပေါင်း ၁၅၀ဝ ဘဲထား၊ တစ်လကို ၄၅၀၀ဝ သွားပြီ..

စာအုပ်ဘိုး၊ စာရွက်စာတမ်းဘိုး၊ နဲ့ တခြားစားရိတ်တွေ မပါသေးဘူး..

အဆောင်နေရတာမို့.. အဆောင်လခ၊ ထမင်းစားရိတ်၊ ကျောင်းစားရိတ်၊ နဲ့ မီးပျက်ရင် အဆောင်ပိုင်ရှင်က စာကျက်ဘို့ မီးစက်မောင်းပေး ရလို့ မီးစက်ဘိုး ထပ်ပေးရသေးတယ်..။

အဲဒီလိုနဲ့ သူ ကျမဆီရောက်လာတော့တာ…

သူ့အိမ်ကို သွားကြည့်တော့ မိဘတွေက တကယ့်ကို ရိုးရိုးကြီးရယ်..

“ဆရာမရယ်.. အိမ်ရော၊ ဆိုင်ရော ကုန်သွားပြီး ဆိုင်လေးကို ဖြစ်သလို တဲကလေး ပြန်ဆောက်ထားရတယ်၊ အဲဒါ လူကြီးလာမှာမို့လို့တဲ့ သွပ်မိုး မိုးရမယ်.. သွပ်မမိုးထားတဲ့ဆိုင်တွေကိုပြန်သိမ်းမယ်ဆိုလို့ အကြွေး နဲ့ ဝယ်ပြီး မိုးထားရတာ.“ “ဆိုင်ပြန်ထွက်တယ်ဆိုပေမဲ့လည်း မရောင်းရဘူးဆရာမရယ်၊ လူတွေက စီးပွားရေး မကောင်းကြ ဘူးကိုး .. ဒါကြောင့် ကလေးပညာရေး အတွက် နဲနဲလောက် ကူညီပါအုံးဆရာမရယ်..“ တဲ့.. ..

ဒါနဲ့ ကျမလည်း လစဉ် အဆောင်စားရိတ် (only accommodation) ၂၀၀၀ဝ နဲ့ လစဉ်သုံးစားရိတ် ၃၅၀၀ဝ ကျပ် စပြီးထောက်ပံ့ခဲ့တယ်.. ။ အခုတော့ လစဉ် စားရိတ် ကို တတိယနှစ် ရောက်တော့ ၄၀၀၀ဝ ကျပ် ထိ တိုးပေး လိုက် တယ်။ လိုတဲ့ ဟာကို တော့ မိဘတွေကဖြည့်ပေါ့လေ.. ။

ကျမတကယ်ပြောချင်တဲ့ အကြောင်းအရာက အခုမှလာမှာ…

ကလေးတွေအတွက် ထောက်ပံ့ငွေကို အလှူရှင်တွေ က ကျမဆီပို့ထား၊ ကလေးတွေက လတိုင်းကျမဆီမှာ လက်မှတ်ထိုးပြီး လာထုတ်ကြရတာ..

အဲဒီတော့ သူတို့နဲ့ ကျမနဲ့ စကားတွေပြောဖြစ်ကြတာပေါ့လေ..

စကားပြောရင်း သူတို့ကိုလဲ encourage လုပ်.. သူတို့ရဲ့ အခြေအနေကိုလဲ အကဲခတ်ပေါ့လေ..

(ဆေး-၂ က ကျမရဲ့ volunteer ဆရာဝန် ဆရာမလေးတွေနဲ့လဲ အပ်ထားတာပေါ့ )

ဒီ ၂၀၁ဝ မတ်လမှာ.. ကျမ ဘိုကလေးမြို့နယ် ၊ ကမကလူ ရွာမှာ ကလေးယဉ်ကျေးလိမ္မာ သင်တန်းရယ်၊ အခမဲ့ဆေးခန်းရယ် သွားဖွင့်ပေးတုန်းက သူ့လိုဘဲ ၂၀၀ရ မှာ ၁ဝတန်းအောင်ထားပြီး မကွေး ဆေးကျောင်း မှာတက်နေတဲ့ ကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲဒီ ကလေးက Nargis အပြီးမှာ မိဘတွေက ကျောင်း ဆက်မထားနိုင်တော့လို့ ဒုတိယနှစ်နဲ့ ကျောင်းနားထားသတဲ့။ ရွာကလူတွေက..

“ဆရာမရယ်.. ကျမတို့ရွာမှာ တစ်ခါမှ ဒီလိုထူးချွန်တဲ့ကလေးမျိုး မရှိခဲ့ ပါဘူး။ ဒီကလေးတစ်ယောက်ထဲရယ်.. ဒါပေမဲ့ အခုကျောင်းနားထားရတယ်..“

လို့ပြောကြတော့.. ဒါဆိုရင် အဲဒီကလေးနဲ့ ကျမတွေ့ချင်တယ်.. ဆိုပြီး ကလေးရော၊ မိဘရော.. သူ့အိမ်မှာ သွားတွေ့ ခဲ့ပြီး လာမယ့်စာသင်နှစ် ၂၀၁ဝ ဒီဇင်ဘာလ မှာ ကျောင်းပြန်တက်နိုင်အောင် ကြိုးစားပေးတာ၊ အခုဆို အလှူရှင် ရသွားပြီလေ..

ကျမက ကမကလူရွာက ကလေးအကြောင်းကို စကားစပ်ရင်းပြောမိလိုက်တာ..

ပြီးခဲ့တဲ့ အပါတ်က .. အဲဒီ တတိယနှစ်ကလေးက ကျမအိမ်ကိုဖုန်းဆက်တယ်..

“ဆရာမ.. ကျနော် အခု ဆရာမ ရဲ့ အိမ်အောက်မှာ ရောက်နေပါတယ် ၊ ဆရာမနဲ့တွေ့ချင်လို့ပါ။ ကျနော့်အဖေလဲ ပါတယ် ဆရာမ..“

“အေး .. လာခဲ့လေ..“

လို့ပြောလိုက်ပေမဲ့ ကျမဆက်ပြီးစဉ်းစားနေမိတာက.. ဒီကလေးက ဒီလအတွက် ပိုက်ဆံလဲ ထုတ်ပြီးသွားပြီ.. အခု သူ့အဖေကိုလဲခေါ်လာတယ်ဆိုတော့ ဘာများပြဿနာရှိလဲပေါ့နော်..။

သူတို့ သားအဖ ရောက်လာကြတော့၊ အရင်ဆုံးကျမကို ကန်တော့ကြတယ်.. ထုံးစံအတိုင်း ..တားမရဘဲ..၊ အဖေကပါ ထိုင်ကန်တော့ပါရော.။ ကလေး ကန်တော့တာ ရှိစေတော့၊ အဖေတော့ မကန်တော့ပါနဲ့ လို့ တားလဲ မရ..။

ပြီးတော့မှ၊ ကဲ.. ပြော… ဆိူတော့မှ..

သူ့အဖေက..

“သားက ဒီတစ်ခါ ပြန်လာတော့၊ အဖေရေ.. သားတို့ ပညာသင်ထောက်ပံ့ကြေးယူနေတာ.. ၂နှစ်ရှိပြီ..။ အဖေတို့စီးပွားရေး လဲ နဲနဲ အဆင်ပြေလာပြီဆိုရင်.. ကျနော်ရနေတဲ့ထောက်ပံ့ငွေကို.. ဘိုကလေး၊ ကမကလူရွာ က ကျောင်းသားကို လွှဲပေးချင်တယ်လို့ ပြောလို့၊ အဖေတို့ကြိုးစားပြီးသားကိုထားမယ်.. သားလဲကြိုးစားပြီး ချွေတာ ပေါ့.. ဆိုပြီး ရနေတဲ့ ထောက်ပံ့ငွေ ကို လွှဲပေးဖို့လာပြောတာပါ.. တဲ့..။

အဆင်ပြေလွန်းလို့တော့ မဟုတ်ပါဘူးဆရာမရယ်.. ဒါပေမဲ့.. အဲဒီကျောင်းသားအတွက် စိတ်မကောင်းလို့ပါ.. တဲ့ ကျနော်က အဲဒီအချိန်တုံးက ဆရာမနဲ့တွေ့ပြီး အလှူရှင်တွေက ထောက်ပံ့လို့ကျောင်းဆက်တက်ခွင့်ရခဲ့တယ်။ ဒါပေမယ့် သူကတော့ ဒီလိုအခွင့်အရေး မရခဲ့ဘူး၊ ဒါကြောင့် သူ့ကို ကျောင်းပြန်တက်ရစေချင်လို့ပါ.. တဲ့..။

ကျမရင်ထဲမှာ .. လှိုက်သွားတယ်..

အော်.. ကိုယ်ချင်းစာတရား..

သိပ်လှတဲ့ တရားလေးပါ လား ..

သိပ်လှတဲ့ scene လေးတစ်ခုပါလား ..

ကျနော်က လာမယ့်စာသင်နှစ်ဆိုရင် Final Part 1 တက်ရမှာ.. သူက 2nd year ဘဲပြန်တက် ရတော့မှာ.. သူ့ကို ကျောင်းပြန်တက်ရ စေချင်လို့ပါ.. ဆရာမရယ်.. တဲ့..

ဒါနဲ့ဘဲ ကျမက အဲဒီကလေးအတွက်.. အလှူရှင်ရပြီးဖြစ်တဲ့ အကြောင်း၊ မင်းရဲ့ ထောက်ပံ့ငွေကိုလဲဆက်ယူထား ပါ၊ နောက်နှစ်ဆိုရင် မင်းတို့ field ဆင်းရမှာနဲ့ ကုန်ကျစားရိတ်များလာတဲ့အခါ၊ မိဘတွေလဲ ငွေပိုကုန်အုံးမှာ.. လို့.. ပြောလိုက်ရပါတယ်.. ။

ခက်ခဲတဲ့ ကလေးတိုင်းကို ကူညီနိုင်ချင်ပါတယ်.. ..

ကူညီကြတဲ့ အလှူရှင်တွေကိုလည်း..ကျေးဇူးအထူးပါ.. ..

ထပ်လဲ.. တတ်နိုင်သရွေ့ကူညီကြပါအုံး… ..

တောင်းခံသူတိုင်းကို. . ကူညီနှိင်သောသူ.. ဖြစ်ချင်ပါတယ်… ..

ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.