တစ်ခါတစ်ခါ စိတ်ထဲမှာ နည်းနည်း ယူကျုံးမရ ဖြစ်တာရှိတယ်ဗျာ။ အဲဒါကလည်း နိုင်ငံခြား ခရီးစဉ်တွေသွားပြီး အဲဒီမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့်ပါ။ အဲဒီ အကြောင်းတွေကို ပြောပြလို့ ကျွန်တော့်ကို အမြင်တော့ မကတ် လိုက်ပါနဲ့။ နေရာတကာ လျှောက်ပြောနေတာပဲ ဆိုပြီးတော့လည်း အပြစ်မမြင်ပါနဲ့ဗျာ။ ကျွန်တော့် စိတ်ထဲက ဖြစ်ချင်တဲ့ ဆန္ဒလေးကလည်း ဘယ်လိုမှ တားမရလို့၊ နောက် မိတ်ဆွေ အပေါင်းအသင်းတွေကို တိုက်တွန်းချင်စိတ်ရှိလာလို့ ပြောရတာပါ။ ကျွန်တော် ဆော်ဒီ နိုင်ငံကို ရောက်တုန်းက ဆော်ဒီနိုင်ငံလေဆိပ်ကို ခြေချရင်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ဘင်္ဂါလီစကားကို စကြားရပါတယ်။ အမှိုက်သိမ်း၊ သန့်ရှင်းရေး နဲ့ တောက်တိုမယ်ရ လူတွေအားလုံးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေချည်းပါပဲ။ အိန္ဒိယ၊ ပါကစ်စတန် နိုင်ငံသားတွေကတော့ အနည်းအကျဉ်းရှိပါတယ်။ ဒါက လေဆိပ်မှာပါ။ ကျွန်တော် မြို့တွင်းရောက်ပြီး၊ ဆော်ဒီနိုင်ငံမှာ နေထိုင်စဉ်ကာလ တစ်လျှောက်လုံးမှာ ဘင်္ဂါလီလူမျိုးတွေနဲ့ပဲ များသောအားဖြင့် ဆက်ဆံခဲ့ရပါတယ်။ ဘယ်နေရာရောက်ရောက်၊ ဘယ်နေရာကြည့်ကြည့် ဘင်္ဂါလီစကားတွေပဲကြားရတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပဲ တွေ့ရပါတယ်။ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဘင်္ဂါလီစကား မတတ်ခဲ့တာပါ။ ကြားရပါများလို့ နည်းနည်းပါးပါးတောင် နားလည်ပါတယ်။ ကျွန်တော်သူတို့ကို မေးကြည့်ဖြစ်ပါတယ်။ ဘာလို့ခင်ဗျားတို့ လူမျိုးတွေ ဒီနိုင်ငံမှာ ဒီလောက်များတာလဲလို့။ သူတို့က ပြောပါတယ်။ ပထမတော့ အဆက်အသွယ် တစ်ခုနဲ့ တစ်ယောက်စ၊ နှစ်ယောက်စ ရောက်လာတယ်။ နှစ်နည်းနည်းကြာပြီး အဆင်လည်း ပြေလာတော့ ကျန်တဲ့ကျွန်တော်တို့ နိုင်ငံကလူတွေကို ပထမရောက်နေတဲ့ လူတွေက ဆက်သွယ်ခေါ်ယူတယ်။ အဲဒီလို ဆက်သွယ်ခေါ်ယူ လမ်းပြရင်းနဲ့ ကြာလာတော့ အခုလိုများလာတာပါ ဆိုပြီး ကျွန်တော့်ကို ရှင်းပြပါတယ်။ ဟုတ်ပါတယ်။ တစ်ချို့တစ်ချို့ဆို တစ်မျိုးလုံး တစ်ဆွေလုံး အဲဒီမှာ ရှိနေတာကို ကျွန်တော်တွေ့ရပါတယ်။ ဆော်ဒီမှာ နိုင်ငံခြားလူမျိုး အများဆုံးက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပါ။ နောက်ပြီး ကာတာ၊ ဘာရိန်း တို့လို နိုင်ငံတွေမှာဆို အိနိ္ဒယ၊ ပါကစ္စတန် နိုင်ငံသားတွေက နိုင်ငံခြားသားတွေထဲမှာ အများဆုံးပါ။ သူတို့လည်း အဲဒီလို ပထမလူက နောက်ပေါက်တွေကို ခေါ်ရင်းနဲ့ များလာရတာပါ။ ဟော…. ဒူဘိုင်းမှာဆို အိနိ္ဒယနိုင်ငံသား ကရလာ လူမျိုးတွေက တော့်တော့်ကို များပါတယ်။ နေရာတကာ သူတို့စကားသံတွေပါပဲ။ ပိုစေရှင် ကောင်းတွေမှာ ပေါက်ပေါက်ရောက်ရောက် လူတွေအဖြစ် ရှိသလို တောက်တိုမယ်ရ လူတွေလည်း သူတို့လူမျိုးတွေ ရှိပါတယ်။ အာရဗ်တွေထက်တောင် ဦးရေများမယ်လို့ ထင်ပါတယ်။ သူတို့ဘာသာစကားနဲ့တောင် သတင်းအပါအဝင် တခြားအစီအစဉ်တွေကို ဒူဘိုင်းနိုင်ငံမှာ လွှင့်ပေးပါတယ်။ ကျွန်တော်တို့ ဟော်တယ်မှာလည်း ၈ဝ ရာခိုင်နှုန်းက ကရလာ အလုပ်သမားတွေပါ။ သူဌေးကလည်း ကရလာ လူမျိုးပါပဲ။ ကျွန်တော်တောင် ကံကောင်းလို့ ဗမာတစ်ဦး ပါလာတာပါ။ ကျွန်တော့်အထင် ကရလာ တွေပဲ အလုပ်ခန့်ချင်တယ် ထင်ပါတယ်။ ကျွန်တော် စဉ်းစားကြည့်တော့ …

သူတို့တွေဟာ နိုင်ငံခြားမှာ လမ်းတစ်ခုပွင့်လို့ အဆက်အသွယ် ကောင်း တစ်ခုရပြီ ဆိုရင် သူတို့ နိုင်ငံက လူမျိုးတွေကို လက်တွဲခေါ်ယူပါတယ်။ အလုပ်အကိုင်တွေ ရှာပေးပါတယ်။ လမ်းပြပါတယ်။ ကူညီပါတယ်။ ဒီလိုနဲ့ သူတို့တွေ အချင်းချင်း ညီညွတ်ပြီး နိုင်ငံခြားနိုင်ငံတွေမှာ သူတို့လူမျိုးတွေ များပြားလာရပါတယ်။ ကျွန်တော်တို့ မြန်မာတွေလည်း နိုင်ငံခြား နိုင်ငံတွေမှာ အသီးသီး ရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမှာမှ မြန်မာလူမျိုးတွေ တော်တော်များများ ရှိတယ်၊ အုပ်စိုးထားတယ် ဆိုပြီး မကြားမိပါဘူး။ မလေးရှားမှာတော့ ရှိပါတယ်။ ဒါကလည်း နယ်စပ်က ခိုးသွားပြီ အိုဗာစတေးနဲ့ ဟိုပြေးဒီပြေး နေနေရတဲ့ သူတွေလောက်သာ ရှိတာပါ။ နိုင်ငံကြီး နိုင်ငံကောင်းတွေမှာ စောစောစီးစီ ရောက်ပြီး အဆင်ပြေ လမ်းပွင့်နေတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ နောက်ပေါက် လူတွေကို ခေါ်ယူလမ်းပြဖို့ ကြောက်ရွံ့ကြပါတယ်။ တစိမ်းကို ခဏထား၊ ကိုယ့်ဆွေမျိုးသားချင်းကို တောင် ခေါ်ဖို့ တော်တော့်ကို ဝန်လေးပါတယ်။ ဒါ ကျွန်တော်တို့ ဗမာတွေပါ။ ဒီလိုဆို ကျွန်တော်တို့တွေ ဘယ်လိုတိုးတက်မလဲ။ ဘယ်လို နိုင်ငံခြား အတွေ့အကြုံတွေ တိုးပွားမလဲ။ သူများတွေကို ဘယ်လို ကျော်တက်မလဲ။ ဒါဟာ စဉ်းစားစရာပါ။ ကျွန်တော်လည်း စဉ်းစားနေပါတယ်။ အစ်ကိုတို့ အစ်မတို့လဲ စဉ်းစားပေးကြပါ။

About zoxnet

zox net has written 63 post in this Website..

I am WordPresser.