အသိသာကြီး

ashinindakaMarch 8, 20111min1604

အမျိုးသမီးတွေ သာသနာ့ဘောင်ဝင်ရောက်ဘို့ ရဟန်းမ ပြုဘို့ (ဘိက္ခုနီလုပ်ဘို့)
မြတ်စွာဘုရားက သုံးကြိမ်သုံးခါ ငြင်းဆန်ခဲ့ပေမဲ့
မိထွေးတော် မဟာပဇာပတိဂေါတမီ ဇွဲမလျှော့ပါဘူး။

ယောက်ကျားတို့ဇွဲ သေခါမှ လျှော့မယ် အဆိုရှိပေမဲ့ သူကတော့
မိန်းမတို့ဇွဲ သေခါမှ လျှော့မယ်လို့ နှလုံးသွင်းထားပုံပေါက်ပါတယ်။

မြတ်စွာဘုရား ဝေသာလီမှာ နေခိုက်
မဟာပဇာပတိဂေါတမီဟာ ရဟန်းမလုပ်ဘို့ စိတ်ပါတဲ့အမျိုးသမီးအချို့ကို ခေါ်ပြီး
ဝေသာလီကို လိုက်သွားပါတယ်။
ဝေသာလီနဲ့ မဟာပဇာပတိဂေါတမီတို့နေတဲ့ ကပိလဝတ္ထုက
မိုင်ပေါင်း ၁၅ဝ လောက်ဝေးပါတယ်။

ဒီလောက်ဝေးကွာတဲ့ခရီးကို
လေယာဉ်နဲ့သွားတာလည်း မဟုတ်ပါဘူး။ ရထားနဲ့သွားတာလည်း မဟုတ်ပါဘူး။
ရှင်ဘုရင်ရဲ့ မိဖုရားဖြစ်လို့ မာစီဒီး (သို့) BMW နောက်ဆုံးပေါ်ကြီးစီးပြီး သွားတယ်လို့လည်း
မထင်လိုက်ပါနဲ့။ ကုန်းကြောင်းလျှောက်သွားကြတာပါ။
လမ်းလျှောက်သွားကြတာပါ။ On foot ပါ။

ဒီလောက်ဝေးကွာတဲ့ခရီး မိန်းမသားတွေ လမ်းလျှောက်ကြရတာဆိုတော့
အဝတ်အစားကလည်း သယ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ခါးဝတ်ခါးစားပဲ ပါမှာ။
ကိုယ်ကိုယ်တိုင် ဝင်ခံစားပြီး စဉ်းစားသာကြည့်ပေတော့။
မိုင် ၁၅ဝ ခရီးဆိုတော့ ဘယ်နှရက်လောက် ကြာကြာ လျှောက်ခဲ့ရမယ်မသိဘူး။
လမ်းခရီးမှာ မိုးဒဏ် လေဒဏ် နေဒဏ်တွေနဲ့ဆိုတော့
သူတို့အဝတ်အစားတွေ ညစ်ပတ်ပေရေနေမှာ သေချာတယ်။
နန်းတွင်းသူတွေဆိုတော့ လမ်းလည်း ရှည်ရှည်ဝေးဝေး လျှောက်ဖူးမယ်မထင်ဘူး။
ဆန္ဒပြင်းပြလို့သာ လာကြတာ။

ခရီးရှည် ခရီးကြမ်းကြီးသွားလိုက်ရတော့
မိန်းမသားကလည်းဖြစ်ပြန် နန်းတွင်းသူတွေကလည်းဖြစ်ပြန်ဆိုတော့
သူတို့ ခြေဖဝါးလေးတွေ ပေါက်ပြဲ ဖူးယောင်ကုန်တာပေါ့။

သူတို့ ဝေသာလီပြည် မြတ်စွာဘုရားနေတဲ့ ကျောင်းရောက်တော့
ပထမဆုံးတွေ့လိုက်ရတာက ရှင်အာနန္ဒာ။
သူတို့တစ်တွေကို မြင်လိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်သွားမှာပဲ။
သန့်ပြန့်ကြော့ရှင်းနူးညံ့နေတဲ့နန်းတွင်းသူတွေကို ကြည့်ပြီး
စာနာစိတ်၊ နားလည်စိတ်တွေ ရင်ထဲမှာ ပြည့်နေတဲ့ရှင်အာနန္ဒာ
ဒီမြင်ကွင်းကို မြင်ကွင်းအတိုင်း ချက်ချင်း မြတ်စွာဘုရားထံ သတင်းပို့တယ်။

တချိန်းတည်းမှာပဲ သူတို့တစ်တွေကို
သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့ ရဟန်းမအဖြစ်လက်ခံဘို့ လျှောက်တယ်။
မြတ်စွာဘုရား ငြင်းဆိုပါတယ်။
ဒုတိယအကြိမ် ဆက်လျှောက်တယ်။
ပယ်ချတယ်။
တတိယအကြိမ်။
ပယ်ချတာပါပဲ။ ခွင့်မပြုပါဘူး။

အော်၊ မြတ်စွာဘုရားနှယ်၊ သာသနာ့ဘောင်ဝင်ရောက်ချင်လွန်လို့ ရဟန်းမ ဖြစ်ချင်လွန်လို့
ဘိက္ခုနီလုပ်ချင်လွန်းလို့ အပင်ပန်းခံပြီး မိုင် ၁၅ဝ ဝေးကွာတဲ့နေရာက တကူးတကလာရတာ၊ ကိုယ်ချင်းမစာတတ်လိုက်တာလို့ အပြစ်တင်မစောလိုက်ပါနဲ့။

အဲ့ခေတ် အဲ့အခါက အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမျိုးသမီးဆိုတာ
မီးဖိုချောင်ထဲမှာပဲ နေရတဲ့သက်ရှိသတ္တဝါတစ်မျိုးလို့ မှတ်ယူထားကြတာ။
မြတ်စွာဘုရားက အဲ့သက်ရှိသတ္တဝါကို
မီးဖိုးချောင်ထဲက ဆွဲထုတ်ပြီး သင်္ကန်းဝတ်ပေးပြီး
ထိပ်တည့်တည့်က ထိုင်ခိုင်းလိုက်ရင်
ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ကြည့်ရသေးတယ်။
ဒါ ဒေသကို ကြည့်တာလို့ ဆိုရမယ်။
နောက်ပြီး ကာလ ဆိုတဲ့ အချိန်ဆိုတာကိုလည့် ထည့်တွက်ရတယ်။
အချိန်တန်ပြီလား။ မတန်သေးဘူးလားဆိုတာ။

ဒီ Time and Space ဆိုတဲ့ ချိန်ခွင်ညှာကို ညှိနိုင်မှသာ
ကိုယ်တည်ထောင်လိုက်တဲ့လုပ်ငန်း အောင်မြင်မယ်ဆိုတာ
မြတ်စွာဘုရားသိနေလို့သာ ရှင်အာနန္ဒာရဲ့ လျှောက်ထားတောင်းပန်ချက်တွေကို
ငြင်းဆိုနေတာဖြစ်မယ်။
မိန်းမတွေကို ခွဲခြားဆက်ဆံနေတာ မဟုတ်ပါဘူး။

မြတ်စွာဘုရားဟောတာကို ကြည့်ပါလား။
(မနုဿတ္တဘာဝ ဒုလ္လဘ) လူ့အဖြစ်ကို ရခဲတယ် လို့သာ ဟောခဲ့တာ။
ယောက်ကျားအဖြစ်ကို ရခဲတယ်၊ မိန်းမအဖြစ်ကို ရခဲတယ်လို့ မဟောခဲ့ပေါင်။
လူ့ဘဝရောက်လာ လူ့အဖြစ်ကို ရရှိလာမှတော့
ယောက်ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
ရခဲတဲ့ဘဝကို ရရှိခဲ့ကြလို့ အကုန် ကံကောင်းသူတွေချည်းပါပဲ။
ဒါပေမဲ့ ယောက်ကျားနဲ့ မိန်းမ မတူဘူးဆိုတာကိုတော့ လက်ခံရမှာပဲ။
တူမှ မတူပဲဟာကိုး။

အခုခေတ်အော်နေတဲ့ ယောက်ကျားမိန်းမ တန်းတူညီမျှအခွင့်အရေးဆိုတာတွေလည်း
ရာနှုန်းပြည့်တော့ ဘယ်ခေတ်ကာလကိုရောက်ရောက် ရနိုင်မယ်မထင်ပါဘူး။

တချို့အမျိုးသမီးတွေကလည်း စီးပွါးရေးရှုဒေါင့်က ကြည့်ပြီး
သူတို့လည်း ငွေရှာနိုင်တော့ သူတို့ ယောက်ကျားတွေနဲ့ ခြေရာချင်း တိုင်းချင်ကြတယ်။
ခြေရာချင်း မတူနိုင်ပါဘူး။ ယောက်ကျားခြေထောက်နဲ့ မိန်းမခြေထောက် မတူလို့ပါ။

မြန်မာစကားမှာရှိတဲ့ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာကိုက
ယောက်ကျားတွေက အိမ်ထောင်မှုဝန်ကို ပိုထမ်းနေရကြောင်း သိသာပါတယ်။

ဟုတ်တယ်လေ၊ ယောက်ကျားတစ်ထမ်းနဲ့ မိန်းမ တစ်ရွက်
ဘယ်သူက ဝန်ကို ပိုထမ်းရလဲ၊ ပိုထမ်းနိုင်သလဲ။ ပိုသယ်ရသလဲ။
အသိသာကြီးပါ။

4 comments

  • baby

    March 8, 2011 at 2:06 pm

    ဪ အရှင်ဘုရားပြောမှသတိရမိတယ် ဟိုစကားပုံလေးလေ ဘာတဲ့ မတူရင်မတု့နဲနောက်ထွက်သွားမယ်တဲ့
    ကြာဘူးတယ်မို့လား

    • ashinindaka

      March 8, 2011 at 2:14 pm

      ဒို့ပြောတာမဟုတ်ဘူးနော်။ အမျိုးသမီးများနေ့တဲ့။ ဆွမ်းငတ်မှာလဲ စိုးရသေးတယ်။

  • unclegyi1974

    March 8, 2011 at 4:41 pm

    ဘုန်းဘုန်ပြောလို့ဘုန်းကြီးရယ်ဒကာမတွေရယ်
    လှေကြိီးရယ်ကိုသတိရမိတယ်
    ပြောသာပြောတာပါဘုန်းဘုန်းရယ်
    ဒကာမတွေရဲ့တာဝန်ကလည်းမသေးပါဖူး

Leave a Reply