ပန်းတိုင်အဆက်
ရှင်အာနန္ဒာ ရှေ့နေလိုက်ပြီး မဟာပဇာပတိဂေါတမီနဲ့ အပေါင်းအပါတွေကို
သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့၊ ဘိက္ခုနီ (ရဟန်းမ) အဖြစ်လက်ခံဘို့
သုံးကြိမ် သုံးခါ လျှောက်တာတောင်
မြတ်စွာဘုရားက ငြင်းပယ်ခဲ့ပါတယ်။
ဒီတော့ ရှင်အာနန္ဒာ စိတ်ရှည်ဟန်မတူတော့ပါဘူး။
အရှင်ဘုရားပြောတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့ဆိုတာ
ယောက်ကျားတွေပဲ ဖြစ်နိုင်တာလား။ မိန်းမသားတွေ မဖြစ်နိုင်တော့ဘူးလား လို့
မေးခွန်းထုတ်ပါတယ်။
ဖြစ်နိုင်ပါတယ် အာနန္ဒာ လို့ မြတ်စွာဘုရားက ပြောတော့
ဒါနဲ့များ အရှင်ဘုရားရယ်။
မိန်းမသားတွေကို သာသနာ့ဘောင်တွင်း ဝင်ဘို့ ခွင့်ပြုသင့်တာပေါ့။
ရဟန်းမ ဝတ်ခွင့်ပြုသင့်တာပေါ့၊
နောက်ပြီး မဟာပဇာပတိဂေါတမီဆိုတာလည်း တခြားလူမှ မဟုတ်တာ၊
အရှင်ဘုရားကို ငယ်စဉ်ကတည်းက
မိရင်းပမာ နို့တိုက်မွေးမြူ စောင့်ရှောက်လာခဲ့သူပဲ။
ဒါတွေကိုလဲ ငဲ့ညှာထောက်ထားအုံးမှပေါ့လို့
ရှင်အာနန္ဒာ ရှေ့နေအလိုက်ကောင်းတော့
မြတ်စွာဘုရားက
အမျိုးသမီးတွေကို သာသနာ့ဘောင်ဝင်ရောက်ခွင့်ပြုလိုက်ပါတယ်။
ဘိက္ခူနီ (ရဟန်းမ) ပြုခွင့် ပေးလိုက်ပါတယ်။
ဒါပေမဲ့ ဝန်ခံဂတိတွေနဲ့။
မြတ်စွာဘုရားက အမျိုးသမီးတွေကို သာသနာ့ဘောင်ဝင်ရောက်ခွင့်
ရဟန်းမ ပြုခွင့်ပေးဘို့ မဟာပဇာပတိဂေါတမီအပါအဝင် အမျိုးသမီးထုထံမှ
ဝန်ခံဂတိ (၈) မျိုး တောင်းဆိုပါတယ်။
ဒီဝန်ခံဂတိ (၈) မျိုးကို အမျိုးသမီးများအနေနဲ့ လိုက်နာနိုင်မှသာ
သာသနာ့ဘောင်ဝင်ရောက်ခွင့် ရဟန်းမ ပြုခွင့်ပေးမယ်လို့ အတိအလင်းပြောဆိုပါတယ်။
အမျိုးသမီးများလိုက်နာရမည့် ဝန်ခံဂတိ (၈) မျိုးကို သာမန်ဖတ်ကြည့်လိုက်ရင်
မြတ်စွာဘုရားရဲ့ မဟာကရုဏာတော်ကိုတောင် သံသယဝင်မိမှာပါ။
ဒါ့အပြင် မြတ်စွဘုရားဝါဒကို (ယောက်ကျားအသာစီးရ) မဟာပုရိသဝါဒသမားကြီးလို့
စွပ်စွဲကောင်းစွပ်စွဲနိုင်ပါတယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်သူ အမေရိကသူတစ်ဦးက သူ့ရဲ့စာအုပ်မှာ ဒီဝန်ခံဂတိ (၈) မျိုးကို
မြတ်စွာဘုရားဟောထားတာ မဖြစ်နိုင်ကြောင်း၊
နောက်ပေါ် ရဟန်းတော်တစ်ပါးပါးက ထည့်သွင်းခဲ့တာ ဖြစ်နိုင်ကြောင်း၊
မြတ်စွာဘုရားအနေနဲ့ကတော့
ဒီလောက်ကြီး မိန်းမ ယောက်ကျားခွဲခွဲခြားခြား ဆက်ဆံမှာ မဟုတ်ကြောင်း
ရေးထားတာကို ဖတ်ဖူးပါတယ်။ သူရေးတဲ့ စာအုပ်အတိအကျ မညွှန်းနိုင်တာကိုတော့
အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်။
ကဲ၊ ဝန်ခံဂတိ (၈) မျိုးကို ဖတ်ကြည့်ရအောင်။
(၁)
ဝါတော်တစ်ရာရပြီးသော အမျိုးသမီးရဟန်းမ (ဘိက္ခုနီ) က
ဒီကနေပဲ ရဟန်းဖြစ်လာတဲ့ ရဟန်းဘောင်ရောက်လာတဲ့ ရဟန်းသစ်ကို ရှိခိုးရမယ်၊ ခရီးဦးကြိုဆိုရမယ်၊ လက်အုပ်ချီ အရိုအသေပြုရမယ် တဲ့။
ဒါကို ထပ်ရှင်းအောင်ပြောရရင် အဖွားအရွယ်လောက်ရှိနေပြီဖြစ်တဲ့ ရဟန်းမကြီးက
ဒီကနေ့ပဲ ရဟန်းဖြစ်လာတဲ့ မြေးအရွယ် ဦးဇင်းငယ်ငယ်လေးကို ရှိခိုးရမယ်တဲ့။
သူလဲ သာသနာတော်တွင်းရောက်နေတဲ့သူ။ ငါလဲ သာသနာတော်တွင်းရောက်နေတဲ့သူ
သူက ဒီနေ့မှ (အခုမှ) ရောက်လာတာ။ ငါကဖြင့် ဝါ (၆၀) တောင် ရှိပြီ။
ဒါကို ငါက သူ့ကို ရှိခိုးရအုံးမတဲ့။ တရားသလား။
အမျိုးသမီး (ရဟန်းမ) ဘက်က စဉ်းစားစရာပါ။
(၂)
(အမျိုးသမီး) ရဟန်းမတွေ (အမျိုးသား) ရဟန်း မရှိတဲ့နေရာမှာ
ဝါဆိုခြင်း၊ ဝါကပ်ခြင်း မလုပ်ရဘူးတဲ့။
ဒါကတော့ ရှင်းပါတယ်။ စောဒကတက်ဖွယ် မရှိပါဘူး။
အဲ့ဒီခေတ် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ဝ ကျော်တုန်းက
ဘုရားရှင်နေခဲ့တဲ့ အိန္ဒိယနိုင်ငံ ဒေသတွေမှာ
ဒီလို ဒီလောက် သာသာယာယာ အိုးနဲ့ အိမ်နဲ့ မနေနိုင်လောက်သေးပါဘူး။
ဘဝလုံခြုံမှု အပြည့်အဝ မရရှိနိုင်သေးပါဘူး။
သားရိုင်းတိရိစ္ဆာန်တွေရဲ့ ရန်နဲ့ လူဆိုးသူခိုးတွေရဲ့ ရန်တွေဟာ ရှိနေမှာ အမှန်ပဲ။
ဒါ့ကြောင့် (အမျိုးသမီး) ရဟန်းမတွေ ဘုန်းကြီးတွေနဲ့ ဝေးတဲ့နေရာမှာ
မနေတာ အကောင်းဆုံးပဲလို့ ဘုရားမြင်မိတာ နေမှာပါ။
(၃)
ရဟန်းမတွေ လပြည့် လကွယ် ဥပုသ်နေ့တွေမှာ ရဟန်းတော်တွေထံ သွားပြီး
ဥပုသ်ပြုခြင်းကိစ္စ တောင်းဆို (တောင်းပန်) ရပါမယ်။
ဒီလိုတောင်းဆိုလာရင် ရဟန်းတော်တွေက သွားပြီး ဆုံးမစကားပြောကြားရပါမယ်။
ဒါကလဲ စဉ်းစားစရာ အချက်ပဲ။
ရဟန်းမတွေဘက်က ကြည့်ရင် နစ်နာတယ်။ သူတို့က ဘုန်းကြီးတွေဆီသွားရမယ်။ တောင်းဆိုရမယ်၊ အဆုံးအမ ခံရမယ်။ ဘုန်းကြီးတွေက အသာစီးဘက်ကချည်းပဲ။
ပညာတတ်ပြီး အသိဉာဏ်ကြီးတဲ့သူတွေဆီက ဆုံးမခံရမှာပါ။
ပညာတတ်ပြီး အသိဉာဏ်ကြီးတဲ့သူဆိုတာ
ယောက်ကျားလဲ ဖြစ်နိုင်ပါတယ်။ မိန်းမလဲ ဖြစ်နိုင်ပါတယ်။
(၄)
ဝါကျွတ်လို့ ပဝါရဏာပွဲ လုပ်တဲ့အခါ ရဟန်းမတွေချည်းသက်သက် လုပ်လို့မရဘူးတဲ့။
ရဟန်းတွေပါ ပါမှဖြစ်မယ်တဲ့။
ပဝါရဏာပွဲဆိုတာ ဝါကျွတ်ရင် ကျင်းပရတာ။
ပဝါရဏာရဲ့ အဓိပ္ပါယ်က ဖိတ်မန်ခြင်း။
ဝါကျွတ်တဲ့သီတင်းကျွတ်လပြည့်နေ့မှာ
ရဟန်းတစ်ပါးနဲ့တစ်ပါး အပြစ်ရှိတယ်လို့
မြင်ရင် ကြားရင် သံသယရှိရင် ပြောပါလို့ ဖိတ်ကြားတာ။
ဒီလိုဖိတ်တာကို ပဝါရဏာပွဲလို့ခေါ်တာ။
ဒီပဝါရဏာပွဲကို ရဟန်းတွေကြတော့ ရဟန်းမ မပါပဲ လုပ်လို့ရပြီး
ရဟန်းမ တွေကြတော့ ရဟန်း မပါပဲ လုပ်လို့မရပြန်ဘူး။
(အမျိုးသမီး) ရဟန်းမတွေဘက်က ကြည့်ရင် ဒါကော တရားသလား။
(၅)
ရဟန်းမတွေ အပြစ်ကြီးတစ်ခုခု ကျူးလွန်လို့ ကုစားတဲ့အခါ
ရဟန်းနဲ့ ရဟန်းမတွေရဲ့ ရှေ့ မှာ ကုစားရမယ်တဲ့။
ရဟန်းတွေ အပြစ်ကြီးကျူးလွန်လို့ ကုစားရင်တော့ ရဟန်းမ ပါစရာမလိုဘူး။
ဒါလဲ ရိုးရိုးလေးတွေးရင် ရဟန်းမ တွေဘက်က မကျေနပ်စရာပဲ။
(၆)
(ကိုရင်မ) သာမဏေရီကို သက်ဆိုင်ရာ စည်းကမ်းတွေသင်ကြားပေးပြီးလို့ အချိန်တန်လို့
ရဟန်းမ ဘောင် ဝင်ရောက်ခွင့်ပြုမယ်ဆိုရင် ရဟန်းမ လုပ်ပေးတော့မယ်ဆိုရင်
ရဟန်းမတွေထံမှာလဲ သိမ်ဝင်ရပါမယ်၊ ရဟန်းတော်တွေထံမှာလဲ သိမ်ဝင်ရပါမယ်တဲ့။
ဒါ့ကြောင့် ရဟန်းမ ဖြစ်ဘို့ ရဟန်း၊ ရဟန်းမ ၂ မျိုးလုံး ရှိရပါမယ်တဲ့။
ခုခေတ်မှာ ဘိက္ခုနီ (ရဟန်းမ) တွေ မရှိတော့ဘူး၊
ပြတ်စဲသွားပြီ၊ ကွယ်ပျောက်သွားပြီဖြစ်လို့
ဘိက္ခုနီ (ရဟန်းမ) ဝတ်လို့ မရတော့ဘူးလို့ ပြောကြတယ်။
ဘိက္ခုနီ (ရဟန်းမ) တွေ ကွယ်ပျောက်ရတာဟာ
နိုင်ငံရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခြေခံတွေကြောင့်လို့ ယေဘုယျဆိုနိုင်ပါတယ်။
နိုင်ငံရေးမတည်ငြိမ်လို့ ပြည်တွင်းမှာသံဃာတွေ
စာပေပို့ချတရားအားထုတ်ပြီး ငြိမ်းချမ်းစွာမနေနိုင်တဲ့အတွက်
ကျောင်းတိုက်ကြီးတွေ ဖရိုဖရဲဖြစ်ရတာ၊
ဒကာဒကာမတွေနဲ့ ရဟန်းသံဃာတော်တွေရဲ့ထောက်ပံ့မှု အားနည်းတာ၊
ဝိနည်းသိက္ခာပုဒ်တွေ တင်းကျပ်လွန်းတာ၊
တစ်ချိန်တည်းမှာ ဘာသာခြားတွေရဲ့
ထိုးနှက်မှု ခံရတာတွေကြောင့်လို့ အဓိပ္ပာယ်ဖော်နိုင်ပါတယ်။
သီရိလင်္ကာဘုရင် ပဉ္စမ ကဿပမင်း (အေဒီ၉၂၉-၉၃၉)ရဲ့ မိဖုရား ဝဇိရာဒေဝီက
ထေရဝါဒ ဘိက္ခုနီ (ရဟန်းမ) တွေကို ကျောင်းတိုက်ဆောက်လုပ်လှူဒါန်းတဲ့
မှတ်တမ်း (မဟာဝံသ ၅၂း၆၃) အရ အေဒီ ၁ဝ ရာစုလောက်ထိ
ဘိက္ခုနီတွေ တည်ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
မဟိန္ဒမင်းလက်ထက် (အေဒီ ၁၀၁၇) အိန္ဒိယတောင်ပိုင်းက တမီလ်လူမျိုးတို့
သီရိလင်္ကာကို ဝင်ရောက်တိုက်ခိုက်တဲ့အခါ ဗုဒ္ဓသာသနာ အကြီးအကျယ်ဖျက်ဆီးခံရလို့
(မဟာဝံသ ၅၅း၂၀-၂၃) ဘိက္ခုနီ (ရဟန်းမ) တွေရှားပါးသွားရာကနေ
အေဒီ ၁၁ ရာစု နောက်ပိုင်းမှာ ဘိက္ခုနီ (ရဟန်းမ) အဆက်ပြတ်သွားခဲ့ပုံပါပဲ။
အေဒီ ၁၁ ရာစုဆိုတော့ ပုဂံခေတ် သာသနာစတင်ထွန်းကားချိန်၊
စည်ပင်ချိန်၊ ပြန့်ပွါးချိန်ပေါ့။
အဲဒီအချိန်လောက်ကတည်းက ရဟန်းမတွေ မရှိကြတော့ပါဘူး။
ဒီ နံပါတ် (၆) ဝန်ခံဂတိအရဆိုရင် အခုခေတ် ဘယ်လိုနည်းနဲ့မှ
ရဟန်းမ ဝတ်လို့ မရတော့ပါဘူး။
သို့သော်လည်း အခုခေတ်မှာ ရဟန်းမ ပြန်ဝတ်ဖို့ ပြန်လည်ရှင်သန်ဘို့အတွက်
နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြတယ်ဆိုတာ သိရပါတယ်။
ဒါနဲ့စပ်လို့ ၁၉၉၉-၂၀၀ဝ – ခုနစ် သီရိလင်္ကာနိုင်ငံ၊ မဟာဝိဇ္ဇာတန်းတုန်းက
အတူတူ တက်ခဲ့တဲ့ မြန်မာပြည်က သီလရှင်ကို သတိရမိတယ်။
ကိုယ်နဲ့သူနဲ့က မဟာဝိဇ္ဖာတန်းကို အတူတူ တက်ရတာ။
အဆက်အဆံတော့ သိပ်မရှိပါဘူး။
အတူတူအောင်ကြတယ်။
ကိုယ်လဲ ဂုဏ်ထူးနဲ့။ သူလဲ ဂုဏ်ထူးနဲ့ အောင်တာပါ။
ဂုဏ်ထူးနဲ့အောင်တာဆိုတော့ ဂုဏ်မထူးဘဲ အောင်တာနဲ့စာရင်
တော်တယ်လို့ပဲ ပြောရမှာပေါ့။
(မှတ်ချက်။ ကိုယ်တော်တာ ပြောချင်တာမဟုတ်။ သီလရှင်တော်တာပြောချင်တာ။)
ကိုယ်ကတော့ သီရိလင်္ကာက မဟာဝိဇ္ဇာအောင်ပြီးတာနဲ့
အိန္ဒိယနိုင်ငံ၊ ဘုံဘေ (Now Mumbai) မှာ PhD ဆက်တက်ဖြစ်တယ်။
သူကတော့ မဟာဒဿနိကတန်း (M.Phil) သီရိလင်္ကာမှာပဲ
ဆက်တက်မယ်ဆိုပြီး ကျန်နေခဲ့ပါတယ်။
အိန္ဒိယရောက်နေပေမဲ့ သီရိလင်္ကာက သတင်းတွေတော့ ကြားနေရဆဲပဲ။
တစ်ခုသော သတင်းက ထိုသီလရှင်တစ်ယောက် ဘိက္ခုနီ (ရဟန်းမ) လုပ်သွားပြီဆိုတာပဲ။
ဆက်ကြားရတဲ့သတင်းက
ရဟန်းမ လုပ်သွားပြီး မြန်မာပြည်ပြန်၊
မြန်မာပြည်က သံဃာ့အဖွဲ့အစည်းက
ရဟန်းမ (ဘိက္ခုနီ) လုပ်တဲ့ဟာကို ဝိနည်းနဲ့မညီဘူး ဆိုပြီး လက်မခံ။
ပြဿနာတွေတက်။ ဆုံးဖြတ်ချက်တွေချ။
နောက်နိုင်ငံခြားပြန်ထွက်။ အမေရိကရောက်၊
နောက်ဆုံးသူ့သတင်းကြားရတာကတော့
အမေရိကမှာ အိမ်ထောင်ကျသွားပြီဆိုတာပါပဲ။
ဒါတွေ ပြောပြရတာက
အခုနေနေတဲ့ နိုင်ငံမှာ တခြားနိုင်ငံက သံဃာတွေနဲ့ဆုံရင်
ရဟန်းမ (ဘိက္ခုနီ) ပြန်လည် ဝတ်ပေးခြင်းကိစ္စအပေါ်
မြန်မာရဟန်းတော်တစ်ပါးအနေနဲ့ ဘယ်လိုမြင်သလဲ လို့ မကြာမကြာ အမေးခံရလို့ပါပဲ။
ကိုယ့်အဖြေကတော့
သီလရှင်ပဲ ဝတ်ဝတ်၊ ရဟန်းမပဲ ဝတ်ဝတ်၊ ကိစ္စမရှိပါဘူး။
အဓိကကတော့ အလုပ်လုပ်ဖို့ပဲ။
သီလရှင်အနေအထားထက် ရဟန်းမ အနေအထားနဲ့က သာသနာပြုတဲ့နေရာမှာ
ပိုခရီးရောက်တယ်ဆိုရင် ရဟန်းမ ဝတ်ပါ၊ လုပ်ပါ။
သီလရှင်ဝတ်နဲ့လဲ ဒီလောက်ပဲ သာသနာပြုနိုင်တယ်၊
ရဟန်းမဝတ်နဲ့လဲ ဒီလောက်ပဲ သာသနာပြုနိုင်တယ်ဆိုရင်
ဘာပြုလို့ ရဟန်းမ ဝတ်နေမှာလဲ။
သာသနာကို စွမ်းစွမ်းတမံ ထိထိရောက်ရောက် အဆင့်အတန်းမြင့်မြင့် ပြုချင်လို့
ရဟန်းမ (ဘိက္ခုနီ) လုပ်ရပါတယ်ဆိုရင်တော့ လက်ခံလို့ရသေး။
အိမ်ထောင်ပြုမှာများဗျာ……..
(၇)
ရဟန်းမသည် ရဟန်းတော်ကို မည့်သို့သော အကြောင်း ပရိယာယ်နဲ့မှ မဆဲရေး၊ မစွပ်စွဲရ။
ဆဲဆိုလေ့ရှိတဲ့ အမျိုးသမီးတဖြစ်လဲ ရဟန်းမဆိုတော့
ရဟန်းတော်တွေကို ဆဲရေးမိမှာ စိုးရိမ်ပုံပေါက်တယ်။
(၈)
ရဟန်းမ စဖြစ်တဲ့အချိန်ကစ၍ ရဟန်းတို့အပေါ်၌
ပြောဆိုခွင့်၊ ဆုံးမခွင့်ကို တားမြစ်ပိတ်ပင်တယ်။
ဒါပေမဲ့ ရဟန်းမတို့အပေါ်၌ ရဟန်းတို့ရဲ့ ပြောဆိုခွင့်၊ ဆုံးမခွင့်ရှိတယ်တဲ့။
ဒါကလဲ အမျိုးသမီးရဟန်းမတွေဘက်က ကြည့်ရင် သဘာဝတော့ သိပ်မကျပါဘူး။
ဘယ်လိုပဲဖြစ်စေ၊
မြတ်စွာဘုရားက အရှင်အာနန္ဒာကြီးကို ဒီအချက် ၈ ချက်ကို မဟာပဇာပတိဂေါတမီတို့ထံ သွားရှင်းပြခိုင်းတယ်။ လိုက်နာဘို့တောင်းဆိုတယ်။
မဟာပဇာပတိဂေါတမီတို့အဖွဲ့ကလဲ ယုံကြည်မှုသဒ္ဓါတရား ထက်သန်နေတဲ့သူတွေဆိုတော့ ကြည်ကြည်ဖြူဖြူပဲ ဝန်ခံဂတိ (၈) ချက်ကို လိုက်နာပါမည်အကြောင်း လျှောက်ထားလိုက်ပါတယ်။
နောက်ဆုံးတော့ မဟာပဇာပတိဂေါတမီတို့အဖွဲ ရဟန်းမတွေ ဖြစ်ကုန်ပါတယ်။
အဲ့အချိန်ကစပြီး မြတ်စွာဘုရားသာသနာတော်မှာ
ရဟန်း၊ ရဟန်းမ၊ ဥပသက၊ ဥပါသိကာဆိုပြီး ပရိသတ် (၄)ပါးစုံညီလာပါတယ်
ရဟန်းမပရိသတ် မြတ်စွာဘုရားမှာ ရရှိလာခြင်းဟာ
ရှင်အာနန္ဒာကြီးကြောင့်လို့ပြောရင် မှားမယ်မထင်ပါဘူး။
အကယ်၍သာ ရှင်အာနန္ဒာကြီး အလျှောက်မကောင်းခဲ့ရင်
ရဟန်းမ ဆိုတာဖြစ်လာမှာ မဟုတ်ဘူး။
မြတ်စွာဘုရားမှာလဲ ပရိသတ် (၃) ပါးထဲ ရှိတော့မှာ။
ဒါ့ကြောင့် မြတ်စွာဘုရားသာသနာမှာ ပရိသတ် ၄ ပါးပြည့်စုံဘို့အတွက်
ရှင်အာနန္ဒာကြီးက အဓိကနေရာက ပါဝင်ခဲ့ပါတယ်။
တကယ့်သမိုင်းဝင်ပုဂ္ဂို်လ်ထူးကြီးပါ။
ရည်ညွှန်း၊ စူဠဝဂ္ဂပါဠိ စာ – ၄၄၂-၄၄၇
ဆရာတော်ဦးကေလာသ အမေးအဖြေ (Burmeseclassic)
4 comments
bigcat
March 12, 2011 at 2:31 am
တပည့်တော်ကတော့ သီလ သမာဓိ ပညာသုံးပါးနဲ့ ပြည့်စုံရင် လူဖြစ်ဖြစ် သီလရှင်ဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် သံဃာထိုက်တယ်လို့ ယူဆပါတယ်။ ရတနသုတ်မှာလည်း သံဃာဂုဏ်ကို အဲသလိုပဲဖွင့်တယ်လို့ တွေ့ပါတယ်။ ပရမတ်သံဃာမည်ဖို့ သောတာပန်အနိမ့်ဆုံးထိုက်ရပါမယ်။ ဘယ်သူဘယ်ဝှာဆိုတာ သိရန်အလွန်ခက်လို့ ပညတ်သံဃာများ သက်သာရာရတယ်လို့ ပွင့်ပွင့်လင်းလင်း လျှောက်တင်ပါရစေ။
ashinindaka
March 12, 2011 at 2:37 am
ဟုတ်ပါတယ် ဒကာကြောင်ကြီး။ သောတာပန်ဖြစ်ရင် လူပဲဖြစ်ဖြစ် ဘုန်းကြီးပဲဖြစ်ဖြစ် ကျားပဲဖြစ်ဖြစ် မပဲဖြစ်ဖြစ် သံဃာ့စာရင်းဝင်သွားတော့တာပဲ။ ဒကာကြောင် ရဘူးတဲ့ သံဃာ့ဂုဏ်တော် ကိုးပါးထဲက သာဝကသံဃော – သာဝကသံဃာ ဖြစ်သွားတော့တာပဲ။ သာဝက ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က နားထောင်တတ်သူ – ပါ။ ဘုရားရှင်စကားကို နားထောင်တတ်သူပါ။ သံဃော ဆိုတာက အစုအဖွဲ့လို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတော့ ဘုရားရှင်စကားကို နားထောင်တတ်သူ အစုအဖွဲ့ဆိုရင် ကျားမ လူ ဘုန်းကြီး အကုန်လုံး သာဝကသံဃာတွေချည်းပါပဲ။ နားမထောင်ရင်တော့ အပြန်အားဖြင့် သိပေါ့။ ဆက်စဉ်းစားပေတော့ဒကာကြောင်။
bigcat
March 12, 2011 at 2:48 am
တခုကျန်သွားလို့ လျောက်ပါရစေ။ ဘိက္ခုနီသာသနာကြောင့် နောက်ဆက်တွဲ သာသနာအနှစ်၅၀၀၊ သာသနာအနှစ်၁၀၀ဝ နဲ့ လက်ရှိအများပြော သာသနာနှစ်၅၀၀ဝ တို့အပေါ် အရှင်ဘုရားအမြင်နဲ့ သံဃာ့လက္ခဏာအသွင်အပြင် ပြောင်းလဲလာပုံတို့ကို ပို့စ်တပုဒ်အနေနဲ့ အဆင်ပြေရင် တင်ပေးစေ လိုပါသည်။
ashinindaka
March 12, 2011 at 2:53 am
တင်ပေးဘို့အစီအစဉ်ရှိပါတယ်။ သာသနာနှစ်နဲ့ပတ်သက်ပြီး ပါဠိတော်မှာကိုပဲ နှစ်နေရာတွေ့တယ်။ တိုက်ဆိုင်ကြည့်တော့ သာသနာတည်တန့်နိုင်မဲ့နှစ် မကိုက်ညီတာကို စာမေးပွဲတွေဖြတ်သန်းစဉ်က အချင်းချင်းဆွေးနွေးဘူးတယ်။ အဖြေတော့ မထွက်ဘူး။ ပြန်ကြည့်ရအုံးမယ်။