“ ကိုပေါက်ပြားသွားခြင်း”

“ ကိုပေါက်ပြားသွားခြင်း”

ပြီးခဲ့တဲ့ဥပုဒ်နေ့က ကိုဝင်းအောင်ရဲ့ သားလေး မင်္ဂလာဆွမ်းကျွေးတာဖိတ်ထားတဲ့
ရွှေကျောင်းကြီးနားလေးက ဘုန်းတော်ကြီးကျောင်းကို အောင်မောင်းနဲ့နှစ်ယောက်သားသွားဖြစ်ခဲ့ကြပါတယ်။
ကိုဝင်းအောင် ချွေးမလောင်းလေး ရဲ့မိဘတွေ သဘောကောင်းပုံကတော့ တကယ်ကိုလေးစားလောက်ပါတယ်။
“ကလေးနှစ်ယောက် အတွက် မင်္ဂလာ ဧည့်ခံပွဲကို သတ်သတ်မလုပ်တော့ဘဲ သံဃာတော်တွေကို မင်္ဂလာဆွမ်းကပ်ရင်း မိတ်ဆွေအပေါင်းအသင်းတွေကို ပါ အသိအမှတ်ပြုတဲ့အနေနဲ့ တစ်ခါတည်းဖိတ်ပြီးဧည့်ခံလိုက်မယ်။
နှစ်ဖက်မိဘကလဲ ချမ်းသာသူတွေ မဟုတ်တဲ့အတွက် မင်္ဂလာဆောင်တာကို ကိုယ့်အိုးနဲ့ဆန်တန်ရုံလောက်ဘဲလုပ်မယ်။
နောက်ပြီး မင်္ဂလာပွဲကျင်းပဘို့ ရာထား ထားတဲ့ငွေတွေကိုု ဘဝအသစ်စမယ့်ကလေးတွေလက်ထဲထည့်ပေးလိုက်ကြရင် ပိုကောင်းမယ် နောက် မင်္ဂလာဆောင်ကြမယ့်ကလေးနှစ်ယောက်လည်း အပိုကုန်တာတွေမလုပ်နဲ့၊
တကယ်လိုတာလောက်ဘဲဝယ် ပကာသနမလိုဘူး “ဆိုတာကို လာပြီးတောင်းရမ်းစဉ်ကတဲက
ပြတ်ပြတ်သားသားပြောထားပါသတဲ့။

အဲဒီမင်္ဂလာပွဲလေးမှာ အေးအေးဆေးဆေး စားကြသောက်ကြ စကားပြောကြရင်း အောင်မောင်းနဲ့ ညနေခင်းမှာဆက်တက်ရအုံးမယ့် မင်္ဂလာပွဲလေးအတွက်ချိန်းလိုက်ကြပါတယ်။
(ဒီမင်္ဂလာဆောင်လေးကလဲ မြန်မာလူမျုးိတွေဆောင်တာဖြစ်ပေမယ့် မိတ်ဆွေတွေကိုညစာစားပွဲနဲ့ဧည့်ခံမှာပါ။
အရင်ကတော့ မင်္ဂလာဆောင်ဆိုရင် ကိုယ့်လူမျိုး ဓလေ့စရိုက်အတိုင်းကျင်းပတတ်ကြပါတယ်။
မြန်မာမှန်ရင် ပထမရက်က အိမ်မှာ မင်္ဂလာဆွမ်းကြွေးမယ်။
နောက်နေ့ မနက်ပိုင်းဖြစ်ဖြစ် ညနေပိုင်းဖြစ်ဖြစ် မင်္ဂလာဧည့်ခံပွဲလုပ်မယ်။
ပိုက်ဆံတတ်နိုင်ပြီးဝါသနာပါသူများက မင်္ဂလာအောင်ပွဲဆိုပြီး အငြိမ့်ငှားလို့ အရပ်ကိုဧည့်ခံမယ်။

တရုပ်လူမျုးိများကတော့ အများအားဖြင့် မနက်ပိုင်းမှာ မိတ်ဆွေများကို လက်ဖက်ရည်ပွဲတည်ခင်းလို့ဧည့်ခံတတ်ပြီး
ညနေပိုင်းမှသာ သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကိုထမင်းစားပွဲနဲ့ဧည့်ခံပါတယ်။
အခုနောက်ပိုင်းမှာတော့ မြန်မာထဲကတတ်နိုင်သူတွေကလည်း မိတ်ဆွေတွေကို ညစာစားပွဲနဲ့ဧည့်ခံကြပါတော့တယ်။
ဘယ်လိုဘဲပြောပြော မိတ်ဆွေတွေကို ဧည့်ခံကျွေးမွေးတယ်ဆိုတာကောင်းသောအလေ့အထပါဘဲ။
ကျွန်တော်ကတော့ ကြိုက်ပါတယ်။
အိမ်မှာစားချင်လို့တောင်ချက်စားလို့ မရတဲ့ဟင်းတွေနဲ့စားရတာကိုးဗျ။
အဲဒါပေမယ့် ထမင်းစားပွဲပါရင် လက်ဖွဲ့ကတော့ ခါတိုင်းထက်ပိုထည့်ရသပေါ့။
အခုမြန်မာတွေမင်္ဂလာဆောင်တယ်ဆိုရင်လဲ မင်္ဂလာမဆောင်ခင်ကတည်းက ဓါတ်ပုံဆိုင်ကိုသွားပြီး
ဗမာလို ဘိုလို တရုပ်လို ကိုရီးယားလို ဂျပန်လို ဝတ်စုံတွေနဲ့ ဓါတ်ပုံတွေရိုက်ကြပါတယ်။
ပြီးရင်အလှဆုံးဆိုတဲ့ပုံကို ပုံကြီးချဲ့လို့ မင်္ဂလာဆောင်ကျင်းပရာ ခန်းမရဲ့အဝင်ဝမှာ ထောင်ထားပါတယ်.။
ဒါပေမယ် အဲဒီပုံမျုးိတွေက အနောက်တိုင်းဝတ်စုံနဲ့သာများပါတယ်။
မြန်မာဝတ်စုံနဲ့ ဝတ်ပြီးရိုက်ထားတယ်ဆိုတာ ခပ်ရှားရှားပါဘဲ။
တစ်ခါက မြန်မာမင်္ဂလာဆောင်တစ်ခုမှာ သတို့သား သတို့သမီးရဲ့ငယ်ငယ်တုန်းကစလို့ လက်ရှိအချိန်ထိ ဓါတ်ပုံတွေကို
သီချင်းထဲမှာ ထည့်ပြီး ပရိုဂျက်တာနဲ့ထိုးပြထားတာကို လဲ ထူးထူးဆန်းဆန်းတွေ့ရပါသေးတယ်။
ဒါလေးက ကြုံလို့တိုက်ဆိုင်တာလေးပြောပြတာပါ။)

မင်္ဂလာဆွမ်းကျွေးကပြန်လာတော့မြောက်ကျုံးလမ်းအတိုင်းအနောက်တည့်တည့်ဆင်း 12လမ်းဒေါင့်ရောက်မှ အနောက်ကျုံးလမ်းအတိုင်းတောင်တည့်တည့် ပြန်လာခဲ့ပါတယ်။
အနောက်ကျုံးလမ်းအတိုင်းလာရင်းကနေ အိမ်ထောင်ကျစက ငှားနေခဲ့တဲ့ရပ်ကွက်ကလေးကိုဖြတ်ပြန်လာတော့ ကိုယ့် ငယ်ဘဝလေးကိုပြန်သတိရပါတယ်။
ဟိုငယ်ငယ် အဖိုးအဖွားတွေလက်ထက်ကတော့ အိမ်ပိုင်ယာပိုင်လေးပေါ့။
နောက် တော့ လဲ လူ့ဘဝအကြောင်းကိုယ်သိပ်မသိသေးခင်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာတော့ မမှတ်မိပါဘူး သိတတ်တဲ့အရွယ်ရောက်တော့အိမ်ငှားနဲ့နေ တစ်အိမ်ကနေ တစ်အိမ်ပြောင်းနေရတာကိုဘဲ မှတ်မိနေပါတော့တယ်။

အိမ်တစ်ခါပြောင်းရင် တစ်ခါဒုက္ခရောက်သလို သိမ်းဆည်းထားဝယ်ထားတဲ့ပစ္စည်းတော်တော်များများကလဲ
ပျောက်လိုပျောက် ပျက်လိုပျက်အမှိုက်ဘဝရောက်လို့ရောက် မသယ်နိုင်လို့ ချန်ထားခဲ့ရတာနဲ့ အလေးမခံနို်င်လို့ သူများကိုပေးခဲ့ရတာနဲ့ တကယ်ကို့နှမျောစရာကောင်းလှပါတယ်။
အဲလိုအိမ်တစ်ခါတစ်ခါပြောင်းရတိုင်းစိတ်ထဲမှာ ကြုံးဝါးထားတာကတော့
” ငါအသက်ကြီးလာရင်ကိုယ်ပိုင်အိမ်နဲ့နေနိုင်အောင်ကြိုးစားမယ်ပေါ့”

ကျွန်တော် အိမ်ထောင်ကျတော့ 1983ခုနှစ်ပါ။
သာမန်ဝန်ထမ်းတစ်ယောက်ဘေးပေါက်မရှိတဲ့ ဌာနက ဝန်ထမ်းဖြစ်တဲ့အပြင် အပိုဝင်ငွေကိုရှာလဲမရှာတတ်တဲ့မိဘဖြစ်သူက သားသမီးကို အမြင့်ဆုံးပညာတတ်အောင်သင်ပေးနိုင်တာကလွဲပြီး ငွေကြေးဥစ္စာဓနဆိုတဲ့ အမွေတွေဘယ်လိုလုပ်ပေးနိုင်
အိမ်တွေဘာတွေဝယ်ပေးနိုင်ပါမလဲနော်။
ဒီတော့လဲကျွန်တော်အိမ်ထောင်ကျတဲ့အခါ ထုံးစံအတိုင်းအိမ်ငှားနေရတာပေါ့။

အိမ်ထောင်ကျကျခြင်းဆိုတော့ ကျွန်တော်ကလဲ လခစားဝန်ထမ်း၊ မဒမ်ပေါက်ကတော့ မှီခိုသူ၊
အဲဒီအချိန်မှာ ကျွန်တော်က ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှာလုပ်ပါတယ်။
ရတဲ့လခက လေးရာငါးဆယ်။
အိမ်လခက တစ်လ 75ကျပ်။
(12ပေပါတ်လည် မြေစိုက်တဲလေး၊လျှပ်စစ်မီးကတော့ ရပ်ကွက်ဓမ္မာရုံကိုအလှူငွေထည့်ပြီး မီးတစ်ပွင့်ဆွဲပေးထားတယ်။
မီးထွန်းရုံသက်သက်ပေါ့။)

လက်ဖက်ရည်တစ်ခွက်တစ်ကျပ် ထပ်တစ်ရာ ပလာတာတစ်ခုတစ်ကျပ် မုန့်ဟင်းခါးငါးမတ်ဆီချက်ခေါက်ဆွဲ မြီးရှည် နှစ်ကျပ်
ဆိုရင် ခုခေတ်ကလေးတွေရီကြမလားမသိဘူးနော်။
ဘယ်လိုဘဲပြောပြော စစ်စစ် စီစီနေ တပါတ်မှာ တစ်ခါရုပ်ရှင်ကြည့် ညဆို တစ်ရက် တစ်မတ်တန် မဂ္ဂဇင်းအဟောင်းကို ငှားဖတ် သိပ်မပြည့် စုံပေမယ့် စိတ်အေးလက်အေးဆိုတော့ ဘဝက နေပျော်ပါတယ်။
ဒါပေမယ့်လဲ တစ်ခါတစ်လေ လမကုန်ခင်ငွေကုန်တော့ နည်းနည်းပါးပါးတော့ ဆွဲရတာပေါ့။

အိ်မ်ထောင်ကျပြီး လေးလလောက်ကြာတော့ လူကြီးများရဲ့ ကူညီစောင့်ရှောက်မှု့နဲ့မဒမ်ပေါက်က
အစိုးရဝန်ထမ်းဖြစ်သွားပါတယ်။
အဲတော့ အရင်လို မကသီဘဲအဆင်ပြေပြီး နည်းနည်းလေးပိုသုံးနိုင်လာတာပေါ့။
ဒါပေမယ့် (2)နှစ်တစ်ကြိမ် အိမ်ငှားဘို့ စပေါ်တင်ဘို့အတွက် ခေါင်းထဲအမြဲထည့်ထားရတာကလဲအလုပ်တစ်ခု။
တစ်ခါစပေါ်တင်ထားရင် အိမ်လခကို အဲဒီစပေါ်ထဲကဘဲ နှိမ်နှိမ်သွားတာကိုး။
ဒီတော့ အိမ်ရှင်က တစ်ခါထပ်ငှားဘို့ စာချုပ်ရင် တစ်ခါဈေးတက်ပြီး စပေါ်တစ်ခါတိုးတောင်းပါတယ်။
(အခုတော့ အိမ်ငှားတဲ့ ပုံစံတွေပြောင်းကုန်ပါတယ်။ကျွန်တော်တို့တုံးကလိုစပေါ်တင်စရာမလိုဘူး။
တစ်လဘယ်လောက်ဆိုတာ သတ်မှတ် ပြီ း (6)လစာဆို (6)လစာ တစ်နှစ်ဆို တစ်နှစ်စာ အပြတ်ပေးရပါသတဲ့။
အကြာကြီး မငှားတော့ ပါဘူး တဲ့၊
နှစ်စေ့ရင် ဘဲဖြစ်ဖြစ် အိမ်ရှင်ကအိမ်ရောင်းချင်တယ်ဆိုရင်ဘဲဖြစ်ဖြစ် အိမ်ငှားတွေက ဆင်းမပေးဘူးဆိုတဲ့ပြဿနာကင်းအောင်ပါတဲ့)။
အိမ်ငှားနေရတာစိတ်ညစ်စရာအကောင်းဆုံးအချိန်ကတော့ နောက်တစ်ကြိမ်စာချုပ် ချုပ်ခါနီးပေါ့။
အဲဒီတုံးက ကျွန်တော့် အိမ်ရှင်က (2)နှစ်တစ်ကြိမ်စာချုပ်ချုပ်ပါတယ်။
နှစ်စေ့လိုစာချုပ် ချုပ်ခါနီးပြီဆိုရင် အိမ်ရှင်က အိမ်လခတိုးတောင်းခြင်တဲ့အတွက် အသံတွေပေးပါတယ်။
(နောက်နှစ်ဆက်မငှားတော့ ဘူးတို့ ကုန်ဈေးနူန်းတွေက တစ်နေ့တစ်ခြားတက်နေတယ်တို့ပေါ့)
ကျွန်တော်ကလဲ သူတောင်းတဲ့စပေါ်ပေးနိုင်ဘို့ငွေရှာထားရပါတယ်။
အိမ်လခ တစ်လတစ်ရာဆိုရင် (2)နှစ်တွက်ဆိုတော့ 2400ကျပ်ပေါ့။
အဲဒါကို စပေါ်က 4000ကျပ်လောက်တင်ရထားရပါတယ်။
အိမ်လခကို အဲဒီစပေါ်ထဲက နူတ်သွားပေါ့။
နောက်ဆက်ငှားလို့ စာချုပ်ရင် သူတောင်းတဲ့စပေါ်ပေးတဲ့အခအရင်နှစ်ကကျန်တဲ့ငွေထဲကို လိုငွေဖြည့်ပေးပေါ့။

အဲဒီအိမ်လေးကသိပ်မကျယ်ပေမယ့်လဲ လင်မယားနှစ်ယောက်အတွက်အဆင်ပြေပါတယ်။
မနက်ထ ထမင်းချိုင့်ကိုယ်စီနဲ့အလုပ်သွား ညနေပြန်လာ။
ထမင်းစား သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်မှာ လင်မယားနှစ်ယောက်ထိုင်။
မိုးချုပ်မှအိမ်ပြန် ဆိုတော့ ဒီအိမ်လေးက ညအိပ်ရုံလောက်ဘဲနေဖြစ်ပါတယ်။
(မှတ်မှတ်ရရ ပြောရရင် 84လမ်းနဲ့32လမ်းဒေါင့်က ပွဲထိုင်ကိတ်မုန့်တိုက်က လက်ဖက်ရည်ဆိုင်လေးဖွင့်သေးတယ်။
ညပိုင်းဆိုရင် ကျွန်တော်တို့အုပ်စုက ဗန္ဒာပင်အောက်က ခုံမှာထိုင်ပြီး လေပေါတတ်ကြ ငြင်းကြ ရီစရာတွေတဟား
ဟားနဲ့ပြောတတ်ကြပါတယ်။အခုတော့ အဲဒီဆိုင်လေးက မရှိတော့ပါဘူး။
ပိုင်ရှင်တွေက သတိရ မရတော့ မသိဘူး ကျွန်တော်ကတော့ အဲဒီတုံးက ညလက်ဖက်ရည်ဝို်င်းလေးကိုသတိရနေတုန်းပါ)။

ကျွန်တော်အဲဒီအိမ်လေးကို သုံးကြိမ်မြောက်ဆက်ငှားဘို့လုပ်တဲ့အချိန်မှာ အိမ်ရှင်က ဆက်မငှားဘူး ရောင်းမယ်ပြောပါတယ်။
ဈေးကကျပ်တစ်သောင်းပါတဲ့။
ဒါပေမယ့် ကျွန်တော့်လက်ထဲမှာအဲလောက် မရှိသလို ထုတ်ချေးပေးမယ့်သူလဲမရှိပါဘူး။
ငွေချေးတယ်ဆိုတာကလဲ ပြန်ပေးနိုင်မယ်လို့ယုံကြည်သူကိုသာ ချေးကြတာကိုး။
ပေးတောင်မှ ကိုယ် ကိုတိုင်ကလဲမယူရဲပါဘူး။
လခစားဆိုတော့ ငွေကိုတွက်ချက်ပြီးသုံးရတာကိုးဗျ။

ရောင်းတဲ့အိမ်ရှင်ကလဲ စေတနာကောင်းနဲ့ရောင်းတာမဟုတ်ပါဘူး။
ကျွန်တော်တို့ ငှားနေတဲ့ဝင်းကြီးရဲ့အနောက်ဘက်ဒေါင့်ကခြံထဲမှာ အုတ်ဂူကြီးတစ်လုံးရှိပါတယ်။
ဘာအမှတ်အသားမှမပါတော့ ဘယ်သူ သေလို့ မြုပ်ထားခဲ့တယ်ဆိုတာလဲဘယ်သူမှ တိတိကျကျမသိပါဘူး။
(အဲဒီဂူကြီးက ရှေးက မင်းညီမင်းသားတစ်ပါးကွယ်လွန်လို့ သူပိုင်အိမ်ဝင်းထဲမှာမြုပ်ထားခဲ့တာကို
သူ့ရဲ့ကျန်ခဲ့တဲ့ အနွယ်တော်တွေက ပြောလို့ ရှေးဟောင်းသုတေသနဌာနက ပြန်ထိန်းသိမ်းပြီးစောင့်ရှောက်မှာလို့သတင်းတွေထွက်လာတာပါ။
တကယ်ဟုတ်မဟုတ်တော့မသိပါဘူး။)
တကယ်လို့များ ကောလဟာလထွက်ကလာသလို ဒီဝင်းကြီးကို ပြန်သိမ်းမယ်ဆိုရင် အားလုံးဖယ်ပေးရမှာကသေချာသလောက်ပါဘဲ။
ဒီတော့လဲရသလောက်နဲ့ အနိုင်ပိုင်းပြီးရောင်းတဲ့သဘောပါဘဲ။
(ဒါပေမယ့် အခုအချိန်ထိ ဘယ်သူက မှမသိမ်းပါဘူး ။
လက်သွက်ခြေသွက်ရှိတဲ့ တစ်ယောက်က အဲဒီအုတ်ဂူရှိတဲ့ခြံကြီးကို သူလိုချင်တဲ့ဈေးနဲ့ဆစ်ဝယ်ပြီး
အုတ်ဂူကြီးကို မြေကော်စက်နဲ့ထုးိပြီးဖျက်လိုက်ပါတယ်။
ဒီတော့ ရှေးဟောင်းပစ္စည်းဆိုတာ ဘာလက်စလက်နမကျန်ခဲ့တော့ ဘယ်သူကမှလဲ လာမသိမ်းတော့ဘူးလေ။)

ကျွန်တော်မဝယ်ဘူးဆိုတော့ သူသမီးကို ဒီအိမ်ကို အမွေပေးမယ်လုပ်ပြန်ရော။
ကျွန်တော်ဆက်နေချင်တယ်ဆိုရင်တော့ သူတို့အိမ်မကြီးရဲ့နောက်မှာ ခြေတံရှည်အိ်မ်လေးဆောက်ပေးမယ်
အိမ်စပေါ်ကို ခြောက်ထောင် တင်ရမယ်ဆိုတော့ ကျွန်တော့်မှာ ပိုက်ပိုက်ထပ် ရှာရပြန်တယ်။
ဒါနဲ့ဘဲအိမ်အသစ်လေးဆောက်ဖြစ်ပါတယ်။
အစကပြောတော့ ကျွန်တော်တို့အတွက်တစ်ခန်းထဲဘဲဆောက်မယ်ပြောပေမယ့်
တကယ်ဆောက်တဲ့အခါ နှစ်ခန်းတွဲဖြစ်နေပါတယ်။
ကျွန်တော်ကလဲ သူများနဲ့တွဲမနေချင်ဘူးဆိုတာကို အစကတည်းကပြောပြီးသား ဆိုတော့ စကားတွေပြောရတော့တာပေါ့။
အိမ်ရှင်က တစ်ခန်းထဲယူရင်တစ်လ 125ကျပ်နဲ့ယူ နှစ်ခန်းလုံးဆိုရင် တော့ 150ကျပ် စပေါ်က 7000ကျပ် ပေးလို့ပြောပြန်
ပါတယ်။ခက်တာက ကျွန်တော်က အိမ်လခ ကို အစိတ်တိုးပေးပြီး နှစ်ခန်းယူနိုင်ပါတယ်။
သူထပ်တောင်းတဲ့စပေါ်ငွေ တစ်ထောင်မပြောနဲ့ တစ်ရာကို တိုးပေးဖို့ ပိုက်ဆံမရှိတော့တာ။

နောက်တော့ ကျွန်တော်ကလဲအခန်းပိုကို မငှားနိုင်ဘူးလို့ပြတ်ပြတ်သားသားပြောတော့မှ
သူတို့ကလဲ နောက်ထပ်လူငှားမတင်ပါဘူးလို့ ကတိပေးပါတယ်။
အစတော့ အဆင်ပြေလို့ပေါ့။
နောက် ကိုးလ ဆယ်လ လောက် လကြာတော့ သူတို့ရဲ့အမျုးိတစ်ယောက်ဖွင့်ထားတဲ့ ဝပ်ရှော့မှာ ခေါ်ထားတဲ့နယ်ကလာတဲ့ကလေးတွေကိုကျွန်တော်တို့မယူလိုက်တဲ့ အခန်းမှာလာထားပါတော့တယ်။
သူတို့က ဝိနည်းလွတ်ပေါ့။
အငှားထားတာမဟုတ်ပါဘူး သူတို့အမျိုးကို ကူညီတာပါပေါ့။
ခက်တာက အဲဒီကလေးတွေက ညည ကျတော့ မအိပ်ဘဲဆော့ကြ စကားတွေများကြ ရန်တွေဖြစ်ကြနဲ့ဆိုတော့ နေရတာ
အတော်လေးကို စိတ်ညစ်ရပါတယ်။
ဒီလိုနဲ့ဘဲ နှစ်စေ့လို့ နောက်တစ်ခါစာချုပ်ချုပ်ခါနီးတော့ သူတို့က ဆက်မငှားဘူူးတို့ဈေးတက်မယ်တို့ဆိုပြီး လေသံတွေထွက်
လာပြန်ပါလေရော။
ဖြစ်ချင်တော့ မဒမ်ပေါက်ကလဲ အလုပ်က ရာထူးတက်ပြီးနယ်ပြောင်းရမယ်ဆိုဖြစ်လာတော့ အလုပ်ကထွက်လိုက်ပါတယ်။
အဲတော့ မဒမ်ပေါက်က အိမ်မှာအမြဲနေရသလိုဖြစ်နေတော့ အရင်က အိမ်မှာအမြဲမနေတော့ မသိရတဲ့ဒုက္ခတွေကို သိလာရပြန်ပါတယ်။
ကျွန်တော်တို့နေတဲ့အောက်တဲ့တဲ့မှာ သူတို့ထမင်းဟင်းချက်တဲ့မီးဖိုကို ထားပါတယ်။
အဲတော့ ထင်းသုံးပြီး သူတို့ထမင်းဟင်းချက်ရင် ထွက်လာတဲ့မီးခိုးတွေက အိမ်အပေါ်ထပ်မှာလူနေလို့မရအောင်လုံးတက်
လာတာပါ။အသက်ရှုလို့မရအောင်ကို ပါဘဲ။
ပြောပြန်တော့လဲ “မတတ်နို်င်ဘူး”ဆိုတဲ့ပုံစံဘဲပြောတော့ မပြောင်းနိုင်မကင်းနိုင်သေးတော့ အောင့်အီးနေရတာပေါ့။
ဖြစ်ချင်တော့ ကျွန်တော်နောက်ပြောင်းလိုက်တဲ့အလုပ်က အလုပ်သမားတွေအတွက်ဆောက်ထားတဲ့အခန်းအပိုရှိတယ်
လာနေရင်ရတယ်ဆိုတာနဲ့ အဲဒီနေရာကိုပြောင်းလိုက်ပါတယ်။
(အိမ်ပြောင်းတဲ့နေ့မှာ ကျန်နေတဲ့အိမ်စပေါ်ကို မနည်းပြန်တောင်းယူရပါတယ်။
အဲဒီအချိန်က 1996 ခုနှစ်ပါ။
အဲဒီအိမ်ပိုင်ရှင်ဆီမှာကျွန်တော် 12နှစ်တိတိငှားနေခဲ့ရပါတယ်။ )
အဲဒီအိမ်ကပြောင်းချိန်မှာ ကျွန်တော် တစ်လကို လခ သုံးထောင်ကျပ်ရပါတယ်။
လက်ဖက်ရည်တစ်ခွက် ငါးကျပ်ဖြစ်သွားပါပြီ။

ဒီတန်းလျားမှာ နေနေတုံးမှာဘဲမြို့သစ်ထဲမှာနေတဲ့သူငယ်ချင်းတစ်ယောက်က သူ့ဘေးအိမ်ကရောင်းမယ်။
ထုံးစံအတိုင်းပေလေးဆယ်ခြောက်ဆယ်ရေမီတာ မီးမီတာပါတယ်။
အိမ်ကတော့ မကောင်းဘူး ပြန်ဆောက်မှရမယ်။
ဆိုဈေး ကျပ် တစ်သိန်း ပါတဲ့။
တေ့တေ့ဆိုင်ဆိုင်ဆစ်မယ်ဆိုရင် ဒီထက်ရော့နိုင်ပါသတဲ့။
အဲဒါက 1990 ခုနှစ်ပါတ်ဝန်းကျင်လောက်ကပေါ့နော်။
73လမ်း လမ်းကြမ်းပေါ်က မနောဟရီလမ်းမရောက်ခင်မြောက်ဘက်တစ်ပြမှာရှိတာပါ။
ပြန်ရောင်းချင်တဲ့သူက အဲဒီမြေလေးကို ခြောက်ထောင်နဲ့ဆွဲထားတာပါတဲ့။
1986ခုနှစ်လောက်က ဝယ်ထားတယ်လို့တော့ မရေမရာပြောဘူးပါတယ်။
ဒါပေမယ့်ကျွန်တော့်မှာ ဒီမြေကွက်ကို ဝယ်နိုင်လောက်တဲ့ ပိုက်ဆံမရှိတော့တန်လို်က်တာနော်ဆိုတာကလွဲပြီး
ဘာမှ မတတ်နိုင်ခဲ့တာလဲအမှန်ပါ။

1997ခုနှစ်ရောက်တဲ့အခါမှာ
အရင်က ကန်စွန်းခင်းတွေနဲ့ရေကန်ကြီးဘဲရှိနေပြီး လမ်းတောင်ကောင်းကောင်းမပေါက်သေးတဲ့ အခုမန္တလေးကန်တော်ကြီး ဖြစ်လာမယ့်(တက်သိမ်းအင်း)နေရာမှာ တဲပေါ်ကလူ တိုက်ပေါ်ရောက်ရေးဆိုတဲ့စီမံချက်ပေါ်လာပြီး
လူနေတိုက်ခန်းတွေဆောက်လာပါတော့တယ်။
အဲဒီတုန်းက ကန်တော်ကြီး စီမံကိန်းအကောင်အထည်ဖော်မယ့် ဧရိယာထဲမှာမလွတ်သူတွေရော
တိုက်ခန်းဆောက်တဲ့နေရာကို ပိုင်တဲ့ မြေပိုင်ရှင်တွေကိုရော
ကျပ်တစ်သိန်းခွဲ ငွေသွင်းခိုင်းပြီး တိုက်ခန်းတစ်ခန်းအစားပြန်ပေးပါတယ။်
တိုက်ခန်းက ဆယ်ခန်းတွဲ၊သုံးထပ်ဆိုတော့တိုက်ခန်းတွဲတစ်တွဲမှာ အခန်းသုံးဆယ်ပါ ပါတယ်။
တိုက်ခန်းဖွဲ့တည်ပုံကတော့ အရှေဘက်လှည့် နဲ့အနောက်ဖက်လှည့် ကျောချင်းကပ်ရက်က နှစ်တွဲ၊
တောင်ဖက်လှည့်နဲ့ မြောက်ဘက်ကပ်ရက် ကျောချင်းကပ် က နှစ်တွဲ ဆိုတော့ စုစုပေါင်းအခန်းတွဲ(8)တွဲရှိပါတယ်။
တစ်ခန်းစီမှာ ရေပေးရေးက ရေမီတာ လျှပ်စစ်မီးမီတာ သီးသန့်စီဖြစ်ပါတယ်။
မန်းလေးမြို့စည်ပင်သာယာက တည်ဆောက်ထားတဲ့ စည်ပင်ပိုင်တိုက်ခန်းတွေပါ။
အဲဒီမှာ တိုက်ခန်းရတဲ့သူတွေက ပြန်ရောင်းကြပါတယ်။
ပြီးတော့ နေရာလွတ်နေသေးတဲ့ ကန်တော်ကြီးအနောက်ဘက်ခြမ်းက တာရိုးနားမှာကျူးကျော်တဲတွေထိုးပြီး
နေတဲ့သူကနေ မြောက်ဘက်ရပ်ကွက် ဒေါနခြံထဲက အိမ်ငှားခသက်သာတဲ့အိမ်တွေမှာ ပြန်ငှားနေကြပါတယ်။
အပေါ်ဆုံးထပ် သုံးသိန်း အလယ်ထပ် ငါးသိန်း အောက်ဆုံးထပ် ခုနှစ်သိန်းဖြစ်ပါတယ်။
အဲဒီတုန်းကလဲ ကြားသာကြားရတာ မဝယ်နိုင်သေးပါဘူး။
အဲဒီအချိန်မှာ ကျနော်တစ်လကို လခ ရှစ်ထောင်ကျပ်ရနေပါပြီ။
ဒါပေမယ့်လက်ဖက်ရည်တစ်ခွက် 25ကျပ်ခေတ်ကိုတော့ရောက်နေပါပြီ။

နောက်အဲဒီအလုပ်သမားတန်းလျားမှာ နေတာ (2)နှစ်လောက်ကြာလာတဲ့အခါမှာ လုပ်ငန်းကအလုပ်သမားတွေတိုးလာတော့သူတို့အတွက်နေရာဖယ်ပေးဘို့ဖြစ်လာတာရယ် နေလို့ထိုင်လို့ အဆင်မပြေစရာလေးတွေကြုံလာတာကြောင့် ဒီအလကားနေရတဲ့အခန်းဖယ်ပေးရမယ်ဖြစ်လာပါတယ်။

ကံကောင်းခြင်တော့ ဒီလို ဖြစ်နေချိန် အဖေ့ဘက် ကတော်တဲ့ ဦးလေးတစ်ယောက်က မြို့သစ်ထဲမှာ သူ ငါးသိန်းနဲ့ဝယ်ထားတဲ့
ခြံနှစ်ကွက်တွဲရှိတယ်။
အစက အိမ်ငှားတွေတင်ထားတာ အခုတော့ ဆက်မငှားတော့ ဘူး။
လူမနေရင်ပျက်စီးမှာစိုးလို့သွားနေပေးပါဘို့ပြောလာပါတယ်။
ကျွန်တော်ကလည်းတန်းလျားမှာနေဘို့ အဆင်မပြေဖြစ်နေချိန်ဆိုတော့ မြို့သစ်ကိုပြောင်းနေဖြစ်ပါတယ်။
63လမ်း ခိုင်ရွှေဝါလမ်းနားမှာပေါ့။
အဲဒီမှာနေရင်းကျွန်တော် ပိုက်ဆံနည်းနည်းစုမိလာပါတယ်။
ဘာလိုလဲ့ဆိုတော့ 1995ကနေစပြီး အလကားရတဲ့အိမ်တွေမှာလိုက်နေတော့ အိမ်လခသက်သာတာရယ်
လုပ်ငန်းမှာနည်းနည်းလေးတာဝန်ပိုယူရတော့ လခလဲတက်လာတာရယ် နောက်အဲဒီတုန်းကလုပ်နေတဲ့
အလုပ်က နှစ်ကုန်တယ်ဆိုရင် ဘောနပ်ပေးတာက သိန်းဂဏန်းရတယ်ဆိုတော့လက်ထဲမှာငွေနည်းနည်းစုမိပါတယ်။
အဲဒီအချိန်မှာ လက်ဖက်ရည်တစ်ခွက် တစ်ရာကျပ်ဖြစ်နေသလို ကျွန်တော်ရတဲ့လခကလဲ သောင်းဂဏန်းတော့ဖြစ်လာပါပြီ။

အဲဒီမြို့သစ်မှာနေလို့ အဆင်ပြေခါစရှိသေးတယ် အိမ်ပိုင်ရှင်ဦးလေးနဲ့သဘောကွဲလွဲဘို့ဖြစ်လာပါတယ်။
သက္ကရာဇ် 2000ပြည့်နှစ်ပါတ်ဝန်းကျင်မှာ မြိုသစ်ကမြေဈေးတွေက တက်ရိပ်ပြသလို ပွဲစားတွေကလည်း
အိမ်ပေါက်စေ့လိုက်ပြီးရောင်းမလား ရောင်းမလားလို့မေးနေချိန်ပေါ့။
နဂိုရ်ဝယ်ထားတဲ့ သောင်းဂဏန်း သိန်းဂဏန်းလေး လောက်ကနေ သိန်းဆယ်ဂဏန်းရောက်လာတဲ့အခါမှာ
ရောင်းချင်သူတွေများလာပါတယ်။
ကျွန်တော်ကလဲ ဘာရယ်မဟုတ်ဘူး အိ်မ်လာလာကြည့်တဲ့ပွဲစားတွေကို မျက်စေ့နောက်တာနဲ့ “အိမ်မရောင်းပါ”
လို့စာချိတ်ထားလို်က်ပါတယ်။
အဲဒီအချိန်မှာ လောကထုံးစံအတိုင်း အခြားမြို့မှာနေတဲ့ ကျွန်တော့်ဦးလေးကို ကျွန်တော်ကဘဲဒီအိ်မ်ကိုအပိုင်သိမ်းဘို့
ကြံစည်နေတဲ့ပုံစံနဲ့သွားပြောတဲ့သူရှိတော့ ဦးလေးက ကျွန်တော်ကိုမတိုင်ပင်ဘဲအိမ်ကိုရောင်းလိုက်ပါတယ်။

ဒီခြံလောက် နေရာအနေအထားမကောင်းတဲ့ဒူး ကြားလမ်းထဲကအိမ်လေးကိုတောင် သိန်းလေးဆယ်ရပါတယ်။
အိ်မ်ကလဲ အမိုးအကာပါတယ်ဆိုရုံလေး လျှပ်စစ်မီတာတော့ ရှိတယ် ။
ဒါပေမယ့်ရေမီတာမပါဘူး။
ကျွန်တော်က မရောင်းဘူးလို့ပြောလိုက်တော့ ကျွန်တော့်ဦးလေး နေတဲ့မြို့ထိပွဲစားတွေက လိုက်သွားပြီး သိန်းသုံးဆယ်နဲ့ဝယ်သွားပါတယ်။
အဲတော့ ဖုန်းထဲမှာကျွန်တော်နဲ့ ဦးလေး စကားတွေများကြတာပေါ့။
သူကကျွန်တော့်ကိုအိမ်ရောင်းလိုက်ပြီ 15ရက်အတွင်းဖယ်ရမယ်ပြောပါတယ်။
ကျွန်တော်ကိုမတိုင်ပင်ဘဲလုပ်ရမလားဆိုတော့ သူပုံစံက ကျွန်တော်က ဖယ်မပေးချင်လို့ပြောတယ်လို့ထင်ပါတယ်။
ကျွန်တော်ကလဲ နောက်ဒီထက်ဈေးတက်လာတော့မှာ မရောင်းရင်လဲရသေးတယ်လို့ တွေးတာကိုး။
ဒါနဲ့ဘဲကျွန်တော်အိ်မ်အရှာထွက်ရပါတယ်။
အငှားတော့ မနေချင်တော့ဘူးလို့ စိတ်ဆုံးဖြတ်ပေမယ့် မန်းလေးလိုမြို့ကြီးမှာ (2)ပါတ်အတွင်းအိ်မ်ငှားဘို့ဝယ်ဘို့က
သိပ်လွယ်ကူတဲ့ကိစ္စတော့လဲမဟုတ်ပြန်ဘူး။
ဖြစ်ချင်တော့ အသိတစ်ယောက်က ပိုက်ဆံပိုတယ်ဆိုရင် မြေတွေတိုက်ခန်းတွေ အပိုဆောင်းဝယ်ထားတတ်တဲ့လူတစ်ယောက်နဲ့
မိတ်ဆက်ပေးပါတယ်။
ဒီတော့လဲသူဝယ်ထားတယ်ဆိုတဲ့နေရာတွေကိုလိုက်ကြည့်ပါတော့တယ်။
ပထမဆုံးသွားကြည့်တဲ့နေရာက ဧရာဝတီမြစ်ကန်ပါတ်လမ်းဘက်က ဧရာထွန်းဆိုတဲ့တိုက်တန်းလျားကြီး မှာပါ။
သူ့အိမ်က နှစ်ခန်းတွဲကြီးပါ။
အပေါ်ဆုံးထပ် အနောက်ဘက်လှည့်။
အဲဒီဧရာထွန်းတိုက်ခန်းတွေက အပေါ်ဆုံးထက်ကမှ လမ်းနဲ့အညီ ၊အောက်ထပ်တွေက လမ်းမရဲ့အောက်ချိုင့်ထဲမှာ။
လမ်းမပေါ်မှာကားဖြတ်သွားရင် ဖုံတွေက အိမ်ထဲဝင်လာပါသတဲ့။
ဒီတိုက်ခန်းတွေကလဲ တဲပေါ်ကလူ တိုက်ပေါ်ရောက်ရေးစီမံကိန်းထဲက တိုက်ခန်းတွေပါဘဲ။
သာတော့သာယာပါတယ်ဒါပေမယ့် ကျွန်တော့်အတွက်အဆင်မပြေပါဘူး။
ဈေးကတော့သင့်ပါတယ် ငါးသိန်းပါတဲ့။

ကျွန်တော့်အလုပ်ကညဆိုရင် ရှစ်နာရီကျော်ကျော်လောက်မှပြီးပါတယ်။
နောက်အဲဒီဘက်က ညဆိုလူပြတ်ပါတယ်။
နေ့ဆိုပြန်တော့လဲတိုက်ခန်းတွေမှာက အိမ်နေသူကလွဲပြီးလူမရှိတတ်ပြန်ပါဘူး။
ကျွန်တော့်အလုပ်ရှိတာက မြို့ထဲ တိုက်ခန်းကမြို့အနောက်ဖက်ဆုံးဆိုတော့အဆင်မပြေပါဘူး။
နောက်ကျွန်တော်မကြိုက်တဲ့တချက်ကလဲ အဲဒီဘက်က တိုက်ခန်းဝရံတာတွေက တစ်ဆက်ထဲဖြစ်နေတာပါ။
ဒါနဲ့ဘဲဒီနေရာက်ို မယူဘူးဆိုပြီးငြင်းလိုက်ပါတယ်။

နောက်တစ်နေရာကတော့ အခုတက်သိမ်းအင်းကန်တော်ကြီးဘက်က တိုက်ခန်းရှိတယ်လို့ပြောတာနဲ့သွားကြည့်တော့
ကြိုက်ပါတယ်။
တိုက်ခန်းကတော့ ဆယ်လုံးတတွဲ သုံးထပ်ပါ။
သူဝယ်ထားတဲ့အခန်းက မြေညီထပ်ဖြစ်နေတာရယ် ဘုရားကြီးအနောက်ဘက်ကျောက်ဆစ်တန်းကိုကွေ့လိုက်တာနဲ့ဒီတိုက်ခန်းတွေကိုရောက်သွားလို့ပါ။
မြို့ထဲနဲ့လဲနီး ဆိုင်ကယ်နဲ့သွားရင် ဆယ်ငါးမိနစ်ဆိုရောက်ပါတယ်။
ပါတ်ဝန်းကျင်မှာက သစ်ပင်လေးတွေစိမ်းစိမ်းစိုစိုနဲ့ဆိုတော့ နေရာလေးကလဲအေးချမ်းပါတယ်။
(နောက်နေပြီးမှသိရတာကတော့ ဧရာဝတီမြစ်ရေကြီးတဲ့နှစ်မှာဆို ကန်တော်ကြီးကလျှံကျလာတဲ့ရေတွေက
တိုက်ခန်းတွေဘက်မှာလာပြီး နေကြတာ မိုးမကုန်မချင်းပါဘဲ)
ဈေးကတော့ ဆယ့်ငါးသိန်းဆိုတော့ စိတ်တော့လေသွားပါတယ်။
လက်ထဲမှာပိုက်ဆံကအဲဒီလောက်မရှိတာကိုတွေးမိလို့ပါ။

သူကမြို့သစ်ထဲမှာတစ်အိ်မ်ရှိသေးတယ်ဆိုလို့လိုက်ကြည့်ပါသေးတယ်။
20×30 ဆိုတော့ ပုံမှန်ကွက်ရဲ့တစ်ဝက်ပေါ့။
ရေမီတာ မီး မီတာ သူများနဲ့တွဲသုံးရမယ်။
ဈေးကတော့ဆယ်သိန်း။
ကိုယ်ဝယ်မယ်ဆိုရင် ဝယ်နိုင်အောင်ငွေမှီတယ်ပေါ့။
ဒါပေမယ့် မြို့သစ်ထဲကိုမနေချင်တော့ဘူး ။
အဲဒီတုန်းကမြို့သစ်ကလမ်းတွေကကျဉ်း မိုးရွာရင်ရေဝင်ရွှံ့မြေတွေကစေး မြို့ထဲနဲ့လဲဝေးကိုးဗျ။
ခက်တာက ကန်ုတော်ကြီးတိုက်ခန်းကိုလိုချင်ပေမယ့်ပိုက်ဆံ့ မပြည့်ဘူးဖြစ်နေတယ်။
ဒီကိစ္စကိုအလုပ်ရှင်နဲ့တိုင်ပင်တော့ လိုတဲ့ငွေသူခဏစိုက်ထားပေးမယ်ဆိုတာနဲ့ဘဲ ယူဖြစ်လိုက်ပါတယ်။
စိတ်ထဲမှာအတော်လေးကိုဝမ်းသာတာပါဗျာ။
ငယ်ကတည်းက မက်ခဲ့တဲ့အိမ်မက်အကောင်အထည်ပေါ်ပြီလို့ပေါ့။
တကယ်လဲဝယ်ဖြစ်သွားတော့ ခြံနဲ့ဝင်းနဲ့ သီးသန့်နေရတဲ့ အိမ်မဟုတ်တောင်ကျောခင်းစရာတစ်နေကို
ငါ့နေရာလို့ပိုင်ပိုင်နိုင်နိုင်ပြောနိုင်တဲ့ဘဝကို ပိုင်ဆိုင်တေ့ာမယ်ဆိုတဲ့အတွေးနဲ့ပျော်ရတာပါ။

ကံကောင်းတယ်ဆိုရမလားဘဲကျွန်တော်ပြောင်းလာပြီးမကြာခင်မှာ ဒီတိုက်ခန်းတွေကိုပါတ်ပြီး ကန်တော်ကြီးနဲ့ဆက်သွားတဲ့မြေလမ်းတွေကိုကတ္တရာလမ်းခင်းလိုက်တာရယ် ငွေကြေးဖောင်းပွမူ့ကြောင့်ရယ်တိုက်ခန်းဈေးတွေ ထုးိတက်သွားပါတယ်။ကန်တော်ကြီးဘက်ကလဲ တော်တော်လေးကိုစည်ကားတဲ့အရပ်ကလေးဖြစ်သွားပါတယ်။
မြေညီထပ် သိန်းခြောက်ဆယ် ဒုတိယထပ်သိန်းလေးဆယ် အပေါ်ဆုံးထပ် သိန်းသုံးဆယ်။
စိတ်ထဲမှာကိုယ်ဝယ်ထားတာလေးက လေးဆလောက်တက်သွားတော့ပျော်တာပေါ့။
ကိုယ်ပိုင်အခန်းလေးနဲ့လဲနေရတယ် ဈေးကလဲတက်တယ် လခစားတစ်ယောက်ဖြစ်တဲ့အတွက် အခုအချိန်မှဝယ်မယ်ဆိုရင်
ဘယ်လိုမှ အနားမကပ်နိုင်ဘူးဆိုတော့ ကိုယ့်လုပ်ရပ်အပေါ်ကိုယ်ကျေနပ်မိသလို မတိုင်ပင်ဘဲအိ်မ်ရောင်းလိုက်တဲ့ဦးလေးကို
တောင် ညတိုင်းရှိခိုးလို့အိပ်ပါတယ် ကျေးဇူးရှင်စာရင်းထဲသွင်းလို့ပေါ့။
သူသာ သူ့ခြံကိုမရောင်းရင် ကျွန်တော်လဲ ဒီတိုက်ခန်းကိုဝယ်ဖြစ်မှာမဟုတ်တာ ရာနူန်းပြည့်ပါဘဲ။
အခုလက်ရှိ2010အလွန်မှာတော့ ငွေကြေးဖောင်းပွမှု့ကတော့ လတ်တလောမှာရပ်သွားတယ်ဆိုနို်င်ပါပြီ။
လက်ဖက်ရည်တစ်ခွက် နှစ်ရာ ပလာတာထပ်တစ်ရာ ကြိုက်တာစား 250။
ခေါက်ဆွဲတစ်ပွဲ(ခြောက်ရာ မြီးရှည်( ငါးရာ) မုန့်ဟင်းခါး(လေးရာ )အကြော်တစ်ခုငါးဆယ်မှာရပ်နေတာကြာသွားပါပြီ။
မကြာသေးခင်လေးကမှ
ကျွန်တော်နေတဲ့အခန်းရဲ့အစွန်ဆုံးဘက်က အခန်းတစ်ဆယ် 145သိန်း (အစွန်ဆုံးကအခန်းတွေက သူ့ဘေးနားကမြေကွက်လပ်ကို ခြံကာပြီးယူကြတော့ ပိုကျယ်တယ်ဈေးပိုရတယ်ပေါ့)ဒုတိယထပ် သိန်း 90 နဲ့ အရောင်းအဝယ် တည့်သွားကြတာ ကြားရတာအားရစရာကြီးပါဘဲ။

ကျွန်တော်ဒီအခန်းဝယ်စက အောက်ထပ်ငှားက တစ်လသုံးသောင်းအလယ်ထပ်နှစ်သောင်းအပေါ်ထပ်တစ်သောင်း။
အခုလက်ရှိအောက်ထပ် 7သောင်းအလယ်ထပ်ငါးသောင်း အပေါ်ဆုံးထပ် လေးသောင်း။
ကိုယ်များဝယ်မထားမိရင် ကိုယ်တစ်လရှာတဲ့ ပိုက်ဆံ အိမ်ငှားခနဲ့တင်ကုန်ရချည့်ရဲ့လို့တွေးရင်း
ကိုယ်ဝယ်ထားမိခဲ့တဲ့တိုက်ခန်းအတွက် စိတ်ထဲမှာကျိတ်လို့ ကျေနပ်မိဂုဏ်ယူမိတာကလဲအမှန်ပါဘဲ။
ဒီလိုတွေးနေရင်းနဲ့ဘဲအိမ်ပြန်ရောက်လာပါတယ်။
(လူ့စိတ်များသွားချင်တယ်ဆိုရင် နှစ်ပေါင်းများစွာကို နာရီပိုင်းစက္ကန့်ပိုင်းနဲ့ပြန်ရောက်သွားနိုင်တာ ဆန်းတယ်ပြောရမှာဘဲနော်။)

အိုရီယင်တယ်ဟောက်စ်မှာ ကျင်းပမယ့် မင်္ဂလာဆောင်ကို ညနေစောင်းရောက်တော့ ကိုအောင်မောင်းနဲ့နှစ်ယောက်သားသွားကြ
ပါတယ်၊ဟိုရောက်တော့ မင်္ဂလာဆောင်မှာလူတော်တော်များများကရောက်နေပါပြီ။
အဲတော့အသိမိတ်ဆွေတွေကို လိုက်ရှာမနေတော့ဘဲနှစ်ယောက်စာနေရာရှိတဲ့ဝိုင်းကိုလိုက်ရှာပြီးထိုင်လိုက်ရပါတယ်။
ခဏနေတော့ ဘီယာပုလင်းတွေအရက်တွေရောက်လာတော့ သောက်တတ်သူကသောက်ပေါ့။
ပုလင်းတွေရောက်မှဘဲ အစက ခပ်တည်တည်ထိုင်နေကြတဲ့လူတွေက အကိုသောက် ညီလေးသောက်ဆိုပြီးခဏအတွင်းမှာ
တသက်လုံးပေါင်းခဲ့တဲ့သူများလို ရင်းနှီးကုန်ပါတယ်။
ကျွန်တော်တို့ထိုင်နေတဲ့ဝိုင်းကလူတွေက ပြောရင်းနဲ့သိလာတာက အိမ်မြေပွဲစားတွေရယ် ကျောက်သမားတွေရယ်ဖြစ်နေပါတယ်။
သူတို့တစ်တွေက အစကတော့ နည်းနည်းပါးပါးဘဲစကားတွေပြောနေကြပေမယ့် အရည်လေးများလဲဝင်လာရော စကားတွေ
ဖောင်ဖွဲ့ကြပါတော့တယ်။
ထုံးစံအတိုင်းပေါ့ ပွဲစားများဆိုတော့လဲ ဘယ်အကွက်ကဘယ်လိုပေါက်ပြီး ဘယ်သူကဘယ်လိုဈေးရသွားတယ်တို့
ဘယ်ကျောက်က ဘယ်လောက်ဆိုတာ ဘယ်လောက်နဲ့ပွဲတိုက်ပြီး ခွဲချလိုက်တာ ဘယ်လောက်အောင်သွားတယ်ဆိုတာတွေပေါ့။
ဖြစ်ချင်တော့ အဲဒီအထဲမှာ မြိုသစ်တုံးက ကျွန်တော်နဲ့ နည်းနည်းမျက်မှန်းတန်းမိတဲ့သူတစ်ယောက်လည်းပါလာပါတယ်။
“ အကိုရာ အကိုတို့နေသွားတဲ့အကွက် ကိုရောင်းတာနည်းနည်းစောသွားတယ်။ အကို့နောက်ဝယ်တဲ့သူက (2)နှစ်လောက်
နေတော့ ခြောက်ဆယ့်ငါးနဲထုသွားတယ်။နောက်ဝယ်တဲ့သူက ကိုးဆယ်ရတော့မြတ်ပြီဆိုပြီးလက်လွှတ်လိုက်တယ်။
သိပ်မကြာသေးဘူးနောက်ဆုံးလူက 150ရလို့ဆိုပြီးရောင်းပြီး ရဲမွန်ဘက်ပြောင်းသွားတယ်၊ကြားထဲမှာဆယ်နှစ်လောက်ဘဲကြာတာလေ။ အကိုတို့နာတာဘဲ”လို့ပြောတော့
ကျွန်တော်က 150ဆိုတော့ သိပ်တော့မကွာသေးပါဘူး 5ဆလောက်ဘဲတက်တာပါလို့ပြောလဲပြောရော အဲဒီလူက ကျွန်တော့်ကို
တီဗွီကြော်ငြာမှာ လာလာနေတဲ့ ဟဲဗီးဖြုးိကလေးပြောနေကြ “တယ်ပိန်းတာဘဲ”လို့ သဘောမျုးိရတဲ့ အကြည့်တစ်ချက်ကျွန်တော့်
ဆီလွှတ်လိုက်ပါတယ်။
အဲဒီတော့ မှဘေးနားက ထိုင်နေတဲ့တစ်ယောက်က “မဟုတ်ဘူးလေးလေးရ ကိုလွင်ပြောတဲ့ 65ဆိုတာ သိန်း650 90ဆယ်ဆိုတာ သိန်း900 150ဆိုတာ သိန်းထောင့်ငါးရာကို ပြောတာ။ လေးငါးဆဘယ်ကမလဲ အများကြီးကိုတက်သွားတာပါ”
လို့ပြောလိုက်တော့ ကျွန်တော့စားလက်စ ဝက်နံကင်က လည်ပင်းမှာ နုင်သွားသလိုပါဘဲ။

ခဏနေတော့ ကြည့်လိုက်တာနဲ့တင်လောကကြီးဟာသူတို့အတွက်သာယာနေတယ်ဆိုတာ တန်းသိ နိုင်တဲ့လူငါးယောက်
ဝင်လာပါတယ်။အသားဖြူဖြူ လူဝဝ ငါးယောက်ပါ။
သူတို့လဲဝင်လာတာမြင်တာနဲ့ သတို့သားဘက်ကလူတွေ လှုပ်လှုပ်ယှားယှား ဖြစ်သွားသလို အူယားဖားယား
အပြေးအလွှားကြိုကြတာကိုမြင်ရပါတယ်။
ကျွန်တော်တို့သာထိုင်စရာနေရာရှာရတာပါ သူတို့အတွက် က သီးသန့်ချန်ထားပြီးသားပါ။
သူတို့ကိုမြင်တော့ ကျွန်တော်တို့နဲ့အတူထိုင်နေတဲ့ပွဲစားတွေလဲ ပါးစပ်တပြင်ပြင်ဖြစ်နေပါတယ်။
ပြောစရာတွေရှိတယ်ထင်ပါရဲ့။
ငါးယောက်ထဲက တစ်ယောက်က ကျွန်တော်တို့ဝိုင်းဘက်ကိုလှည့်ပြီး ပြုံးပြုံးကြီးနဲ့ လှမ်းလက်ပြပါတော့
ကျွန်တော်နဲ့မျက်နှာခြင်းဆိုင်မှာထို်င်နေတဲ့ညမှာတောင် နေကာမျက်မှန်ကိုမချွတ်တဲ့တစ်ယောက်ကလဲပြန်ပြုံးပြရင်းက လက်ပြန်ပြပါတယ်။ပြီးမှ ထိုင်နေတဲ့ကျွန်တော်တို့ကို တစ်ချက်ဝေ့ကြည့်ပြီး
“ဘောစိအစစ်တွေလေ ပြီးခဲ့တဲ့တစ်ပါတ်က 65လမ်း ပေါ်က တကွက် သိန်းပေါင်းနှစ်သောင်းနဲ့သူအောင်သွားတာ”
မျက်မှန်ကိုကိုကပြောလိုက်တော့
“အဲဒီသူယူလိုက်တဲ့အကွက်ရဲ့တောင်ဘက် ငါးအိမ်ကျော်ကအကွက်ကလဲ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကထင်တယ်
မြို့သစ်မြေကွက်ဈေး အမြင့်ဆုံးကစံချိန်တင် သိန်းသုံးထောင်နဲ့ရသွားတာလေ၊အခုအောင်သွားတဲ့အကွက်နဲ့တစ်တန်းထဲဘဲ”
လို့ထပ်ဖြည့်ပြီးပြောတော့ ကျွန်တော့ဘေးနားမှာထိုင်နေတဲ့ ခပ်ဝဝ ထိပ်ပြောင်နေတဲ့လူကလဲ
“အခု 73လမ်းက ခင်းပြီးသွားတော့ ရှင်ပင်အုံးအင်နားကအကွက်တွေတောင် ထောင်ဂဏန်းရတယ်။
နိုင်ငံတကာဘောလုံးကွင်းဆောက်မယ်ဆိုတော့ အရင်က မြက်တောတွေက ဈေးတွေထခေါ်ကုန်ရော”လို့ဝင်ဖြည့်ပေးပါတယ်။
“လမ်း80ကခင်ဗျားတို့လိုက်နေတဲ့ နေရာတောင်မနေ့က တည့်သွားပြီ ။မျက်နှာဖွင့်တစ်ပေပါတ်လည်ကို သိန်းတစ်ထောင နီးနီးဆိုတော့ သိန်းသုံးသောင်းလောက်နဲ့တဲ့သွားတယ်ပြောတာပဲ။နောက်သူနဲ့မျက်နှာခြင်းဆိုင်ဝင်းကလဲတည့်သွားပြီ သုံးသောင်းခြောက်ထောင်တဲ့ “လို့ ခပ်ပိန်ပိန်လူက ပြောတဲ့အခါ။
“ဈေးတွေမြောက်တာကတော့ လက်လန်တယ်။အခု လမ်းမတန်းမပြောနဲ့ မြို့လယ်ဧရိယာ 84လမ်းအောက်ပိုင်း 30-35 ဒူးကြားလမ်းက မြေကွက်တောင် တကွက်ဘယ်လောက်ဆိုတာမပြောတော့ တစ်ပေပါတ်လည်ကို 7ကျပ်ခွဲနဲ့အရောင်းအဝယ်ဖြစ်တာ။
ပြီးခဲ့တဲ့ ဆယ်ငါးရက်လောက်က အဲဒီဒူးကြားလမ်းက (မျက်နှာဖွင့် 15အရှည်45)ကို တပေ-ငါးကျပ်ခွဲနဲ့ဆွဲထားတာ
အဲဒါကိုမှလိုချင်ပါတယ်ဆိုတဲ့လူက ခွန်နှစ်ကျပ်ခွဲပေးပြီးဇွတ်ယူသွားတယ်”လို့ လဲ မစားရဝခမန်းပြောလိုက်ပါသေးတယ်။
ဒီတစ်ခါတော့ကျွန်တော်မအတော့ပါဘူး။သူပြောတဲ့ ခွန်နှစ်ကျပ်ခွဲဆိုတာ 75သိန်းကိုဆိုလိုတယ်ဆိုတာပါ။
အခုခေတ်မှာမြေဈေးက တကွက်လုံးဈေးမပြောတော့ဘဲတစ်ပေပါတ်လည်ဈေးဘဲပြောတယ်ဆိုတာကို သူတို့ပြောမှသိရတာပါ။
သူတို့ကတော့ဆက်ပြောနေလိုက်ကြတာ သိန်းသန်းကုဋေ တန်တဲ့အကြောင်းတွေပါဘဲ။
ဘယ်နားကဘယ်လောက် ဘယ်သူကဘယ်လိုအောင်ပြီး ဘယ်သူကတော့ ပွဲခဘယ်လိုရလိုက်တာဆိုတာတွေပေါ့။
အဲဒီအချိန်မင်္ဂလာပွဲကလဲစလို့ ဟင်းပွဲတွေလာချနေပါပြီ။
ဘေးနားကအတူထိုင်တဲ့လူတွေက ကျွန်တော်နဲ့အောင်မောင်းကို “လေးလေးစား “ဆိုပြီ း ဟင်းတွေထည့်ထည့်ပေးနေကြပါတယ်။
ပါးစပ်ကသာ ကျွေးတာတွေကို စားသာစားနေတာ စိတ်ထဲမှာတော့ ဘယ်လိုလူတွေကများ ဘယ်လိုငွေရအောင်ရှာပြီး
ဝယ်ကြပါလိမ့်ဆိုတာရယ် အဲဒီမြေတွေကိုရောင်းလိုက်တဲ့ နဂိုရ်ပိုင်ရှင် မန်းလေးသားတွေက ရတဲ့ငွေကို(မိဘအမွေအနှစ်ပေါ့လေ)
မောင်နှမဘယ်နှစ်ယောက်ခွဲပြီး ဘယ်ကိုပြောင်းကြသလဲဆိုတာရယ် မြို့ထဲကနေမြို့သစ်ပြောင်း မြို့သစ်ကမြေကိုဈေးရတော့
ထပ်ရောင်းလို့ ထပ်ပြောင်းကြတဲ့မန်းလေးသားတွေရော နောင်သူတို့မွေးလာတဲ့ကလေးတွေ မြေးတွေလက်ထက်ကျရင်
“ မန်းလေးသူ မန်းလေးသား”လို့ အမည်မှခံနိုင်ကြပါတော့မလားလို့ တွေးမိတော့ ပါးစပ်ထဲမှာစားနေဝါးနေတာတွေက
စားသာစားနေတာ ဘိုက်ထဲရောက်အောင်မကျဘဲ လည်ချောင်းဝမှာ ဆိုု့ဆို့လာသလိုပါဘဲ။
သူတို့ပြောတာတွေကို နားထောင်နေရင်းကျွန်တော့်ကိုယ်ကျွန်တော် တဖြည်းဖြည်းပြားပြားသွားသလိုခံစားရပါတယ်။

နောက်ဆက်ပြီး မန္တလေးသားတွေကဘာဖြစ်လို့များမြို့ပြင်ကို အလွယ်တကူရောက်သွားကြသလဲ?
ဆိုတာကို ပြန်စဉ်းစားမိတော့ငယ်ငယ်တုန်းက သီချင်းလေးတပုဒ်ထဲကလိုဘဲ ”အဖြေမရှိလှတဲ့ပုစ္ဆာလိုဘဲ အကြွင်းသုညသာဖြစ်ပေါ်နိုင်ပေ”ဆိုတဲ့ဘယ်သူရေးလို့ ဘယ်သူဆိုခဲ့မှန်းမသိတဲ့
စာသားလေးက ရင်ကိုလာမှန်သလိုပါဘဲ။
ကျွန်တော်ကို အိမ်ရောင်းလိုက်တဲ့အခန်းရှင်က
“ခင်ဗျားတို့လူမျုးိတွေက ရောင့်ရဲတင်းတိမ်တယ်ဆိုတဲ့စကားလုံးကို အလွဲသုံးနေကြတယ်လို့ ကျနော်ကတော့ထင်တယ်။
အရေးရယ်အကြောင်းရယ်ဆိုရင် လက်ထဲရှိတာကို ချရောင်းပြီးဖြေရှင်းဘို့ကြိုးစားကြတော့ မတန်တဆနဲ့လက်လွှတ်လိုက်ရတာများတယ်ဗျ။
နောက်ခင်ဗျားတို့ရဲ့အခက်အခဲတော့ ကျနော် မသိဘူးဗျာ။
ဒါပေမယ့်ခင်ဗျားတု့ိက လက်ထဲရှိတာက အရင်ကဝယ်ထားတာထက် နည်းနည်းလေးမြတ်တယ်ဆိုရောင်းချင်နေကြတာ။
နောင်ဖြစ်လာမှာ တိုးလာမှာကိုသိပ်မစဉ်းစားဘူးထင်ပါတယ်။
ဒီတော့ ခင်ဗျားတို့ ပိုင်ဆို်င်မှု့ကသေးသေးသွားတာပေါ့”လို့ပြောနေတဲ့အချိန်မှာ
အန်းကုန်းကြီးကို ပူဇော်ထားတဲ့ အမွှေးတိုင်နံ့က အခန်းထဲမှာ သင်းပျံ့လို့နေတာလေးကိုတောင် သတိရမိပါသေးတယ်။
မင်္ဂလာဆောင်ပွဲပြီးတော့ အတူထိုင်တဲ့လူတွေကိုနုတ်ဆက်လို့ ကျွန်တော်နဲ့ ကိုအောင်မောင်းပြန်လာကြပါတယ်။
အရင်က တွေ့တာနဲ့ပြောမကုန်အောင်ရှိတဲ့အောင်မောင်းနဲ့ကျွန်တော်တို့နှစ်ယောက် ပြောစရာစကားမကျန်သလိုနုတ်ဆိတ်လို့ပါ။
တောင်ဘက်ကျုံးလမ်း 26ဘီလမ်းအတိုင်း အရှေ့ကနေ အနောက်ကိုဆင်းလာရင်း ဆိုင်ကယ်ကလဲအရှိန်နဲ့
တလိ်မ့်လိမ့် စိတ်အတွေးတွေကလဲတစိမ့်စိမ့်ပေါ့။
မနက်က အပြန်အနောက်ကျုံးလမ်းမှာတွေးမိတာက ကိုယ်အိမ်ငှားကနေ အိမ်ပိုင်ဖြစ်လာ ဝယ်ထားတာကဈေးတွေတက်
ဆိုတော့ စိတ်ထဲမှာ “ငါကွ”ဆိုတဲ့အတွေးနဲ့ ပီတိစိတ်တွေက အမြင့်ကိုတက်လို့ပေ့ါ။
အခုညအပြန်မှာပြန်လမ်းမှာတော့ ဒီမြေကတော့ ဒီမြေပါဘဲ နေသူတွေက အရင်လူမဟုတ်တော့ဘူးဆိုတာသိလာရသလို
အရင်က မန္တလေးမြို့ကြီးကို ငုံ့ကြည့်နေတယ်ဆိုတဲ့နေရာသုံးခုရှိပါတယ် မန္တလေးတောင်ရယ် 29လမ်းက မီးသတ်မျှော်စင်ရယ်ဈေးချိုနာရီစင်ကြီးရယ် ပေါ့။
လက်ရှိအခြေအနေမှာ မန္တလေးတောင်ကြီးကတော့ နေမြဲပါဘဲ။
မီးသတ်မျှော်စင်ရယ် နာရီစင်ရယ်ကတော့
သူတို့ထက်မြင့်တဲ့ တိုက်အထပ်တွေပေါ်လာတော့ သူတို့ကပြန်မော့ကြည့်ရတော့ ပု ပုသွားတယ်လို့
တွေးနေမိရင်း26ဘီလမ်းအရှေ့ဘက်ကနေ အနောက်ဘက်ကို ဆင်းလာနေတဲ့ လမ်းက အရင်ကထက်စာရင် နိမ့်ဆင်းသွားသလိုခံစားရမိပြန်ပါတယ်။
အဲတော့ ကိုပေါက်တစ်ယောက်ကတော့ “ပြား”သွားပြီလို့ဆိုရင် မလွန်ဘူးလို့ထင်ပါရဲ့နော်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(12-3-2011)

11 comments

  • bigcat

    March 14, 2011 at 2:58 am

    အမယ်လေးလေး ကိုပေါက်ပြားသွားတာကို ပွဲစား အဲယောင်လို့ အကျိုးဆောင်တွေ (သဂျီးကပွဲစားလို့သုံးရင်မကြိုက်ဘူးဗျ) သိသွားရင် ပေါက်ဖော်ကြီးတွေကို သွားသတင်းပေးနေအုံးမယ်။

    (လက်သွက်ခြေသွက်ရှိတဲ့ တစ်ယောက်က အဲဒီအုတ်ဂူရှိတဲ့ခြံကြီးကို သူလိုချင်တဲ့ဈေးနဲ့ဆစ်ဝယ်ပြီး
    အုတ်ဂူကြီးကို မြေကော်စက်နဲ့ထုးိပြီးဖျက်လိုက်ပါတယ်။
    ဒီတော့ ရှေးဟောင်းပစ္စည်းဆိုတာ ဘာလက်စလက်နမကျန်ခဲ့တော့ ဘယ်သူကမှလဲ လာမသိမ်းတော့ဘူးလေ။) တိန်..

  • white

    March 14, 2011 at 4:48 am

    ကျွန်တော်တို့ပြောချင်ပြီး မပြောတတ်တာတွေ ကိုပေါက်ကြီး ပြောသွားတာပဲ
    ဓါတ်ပုံလဲများများရိုက် ဒါမျိုးလေးတွေလဲ များများရေးပေးပါဦး ကျေးဇူးတင်ပါတယ်

  • etone

    March 14, 2011 at 4:58 am

    ဖတ်လို့လည်း အရမ်းကောင်းပါတယ် ..။
    ကာလတွေ ပြောင်းလာတာနဲ့ တရိပ်ရိပ် တက်လာတဲ့ ကုန်ဈေးနှုန်းကိုလည်း လူ့သက်တန်းတစ်ခုနဲ့ နှိုင်းပြထားသလို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရပါတယ် ။

  • ဆူး

    March 14, 2011 at 12:00 pm

    အနားက အိမ်တွေတောင် ၂၀၀ဝ လောက်တုန်းက ဝယ်ထားတဲ့ သူက ပြောတယ် ၂၀ဝ တန်ပါတယ်တဲ့ အခု ၂၀၁၁ မှာတော့ ၃၀၀ဝ ခေါ်တာ ၂၅၀ဝ ပြေးပြီး လာပေးလို့ ဈေးမကြိုက်လို့ အင်တင်တင်။

  • manawphyulay

    March 14, 2011 at 2:22 pm

    ဖိတ်မှာစိုးလို့ ဦးပေါက် ကြိုပြားထားတယ်ထင်တယ်…….. ရဘူး ပြားလည်း ဖိတ်မှာပဲ ဟဟ

    • ဆူး

      March 14, 2011 at 4:10 pm

      အန်တီက အပျိုကြီး မလုပ်တော့ဘူးလား။
      ဟယ်… အံ့ဩစရာဘဲ.. ယောကျား မကောင်းတဲ့ ဒီကာတွေ ဒီလောက် ဖွဲ့ပြီး ပိုစ်တွေ တင်တာ တခုပြီး တခု ဒါကြောင့် တသက်လုံး အပျိုကြီး လုပ်တော့မယ် ထင်နေတာ။ ထူးဆန်းလိုက်တာ ဟယ်။

  • တညင်သား

    March 14, 2011 at 3:05 pm

    မန္တလေး ရောက် ရှောက်သွား မျက်စိ လည်ရင် ၂၉ လမ်း က မီးသတ်မျှော် စဉ်ကြီး ကြည့်ရတာ ဘူတာကြီးကို သွားဖို့လေ အခု တော့…. ကို ပေါက် ဖုန်းနံပါတ် ပဲ တောင်းထားရတော့မယ်……

  • shweminthar

    March 14, 2011 at 3:14 pm

    ဝ တို့ က ဝ တို့ မန်းလေးကို အရမ်းချစ်တာ။
    ဝ တို့ မန္တလေး အကြောင်းလေး ရေးပေးတဲ့ ကိုပေါက်ကိုလဲ ဝ အရမ်း ကျေးကျူးတင်ပါတယ်။
    ဂေဇက် ဝိုင်းတော်သားများလဲ ဝ တို့ မန်းလေးကို လာလည်ကြပါလို့ ဖိတ်ခေါ်ပါတယ်။
    ဝ တို့မန်းလေးသားတွေရဲ့ နန်းတွင်း၊ ဝ တို့ရဲ့ မန်းလေးတောင် တို့ ၊ တောင်တမန် ကန်တို့ အားလုံး ဝလိုက်ပို့ ပေးမယ်။

  • unclegyi1974

    March 14, 2011 at 4:13 pm

    အခုမြေရူးနေကြတာဘယ်လို်ပြောရမှန်းမသိအောင်
    ပါပဲ ဒါပေမဲ့အရူးကအမြဲတမူးသာနေတယ်
    စဉ်းစားကြည့်ဖို့တခုပြောပြမယ်
    မြို့သစ်မြေဈေးကောင်းနေတုန်းက
    မြေတကွက်လာရောင်းတယ် မြေနေရာချပေးတဲ့
    စာရွက်ကလေးပဲပါတယ် ငွေသွင်းချလံ မြေဂရံ
    ပိုင်ရှင် ကလွှဲတဲ့ဂျီပီ ဘာမှမပါဖူး ကဲဘယ်သူဝယ်ရဲလဲ
    ဒါပေမဲ့ဝယ်တဲ့သူရှိပါတယ်ဗျာ ဝယ်ပြီး ၃လ လောက်
    နေတော့သူပြန်ရောင်းတော့လည်း ဝယ်သူရှိတယ်
    ဗျာ သူတို့ကအမြတ်ပိုက်ပြီးထွက်သွားကြတာပဲ
    နောက်ဘယ်သူရှုပ်ရှုပ်လေ လောလောဆယ်
    အမြတ်ကသူတို့အိတ်ထဲဝင်သွားပြီ
    မဝယ်ရဲတဲ့ကျွန်တော်တို့ကငတ်ပေါ့ဗျာ

  • ကျွန်တော်က ကိုပေါက်နဲ့ကျွန်တော် ရွယ်တူတွေလောက်ထင်တာ။ အခုမှ ကိုပေါက်က အများကြီးအသက်ကြီးမှန်းသိတယ်။ စာက ဖတ်လို့သိပ်ကောင်းတယ်ဗျာ။
    လေးပေါက်စာဖတ်ပြီးမှ အဖေ့ကျေးဇူးကို ပိုသတိရတယ်။ အဖေကလည်း ရှိသမျှထုခွဲပြီး ကျွန်တော်တို့အတွက် ရန်ကုန် နေရာကောင်းမှာ မြေဧကဝက် ဝယ်ပေးထားခဲ့တယ်။ အဲဒီမြေကွက်ကို ကိုယ်ပိုင်အရည်အချင်းနဲ့ဝယ်ဆို ကျွန်တော်လိုကောင် တစ်သက်လုံးမဝယ်နိုင်ဘူး။

  • anewgenerationbone

    March 14, 2011 at 6:33 pm

    ကျွန်တော်တို ့
    ဒေသခံတွေ ခြံမြေလယ်ယာတွေ အသိမ်းစည်းခံရတာတွေကိုများသိကြပါလေစ
    🙁 🙁 🙁

Leave a Reply