ကျွန်းကြီးလေးကျွန်းနဲ့ ကျုပ်တို့ကမာ္ဘကြီး Super Continent
ဦးဘိုဘိုကျော်ငြိမ်းရေးတဲ့ ဂျပန်ဆူနာမီငလျင်နဲ့ ပက်သက်တဲ့ ဆောင်းပါးတပုဒ် မဇ္ဏျိမသတင်းမှာတွေ့လို့ ကော်ပီကူးတင်လိုက်ပါတယ်။ ပို့စ်အနေနဲ့တင်လိုက်တာ နှစ်ချက်ရှိပါတယ်။ ပထမအချက်က အချက်အလက်စုံပြီး နားလည်ဖို့လွယ်ကူလို့ပါ။ ဒုတိယအချက်နဲ့ တင်လိုက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က လေးပိုက်မြောက်စာပိုဒ်မှာပါတဲ့ အကြောင်းအရာကို စာဖတ်သူများ သိစေချင်လို့ပါ။ ကျွန်းကြီးလေးကျွန်း သီအိုရီနဲ့ ဆိုင်ပါတယ်။ ဟိုတလောက ဒေါ်ပုဒမ္မာလားမသိဘူး ကမာ္ဘသည် ကျွန်းလေးကျွန်းထဲက တကျွန်းဖြစ်တဲ့တောင်ကျွန်းဆိုတာကို အချို့ဆရာတော် များကိုတိုင် လက်မခံတာနဲ့ပက်သက်ပြီး မေးဘူးလို့ပါ။ ဆရာရဲ့ဆောင်းပါးအပေါ်မှာ အဲဒီစာပိုဒ်လေးကို စာဖတ်သူများ အလွယ်တကူမြင်အောင် quote လုပ်ပြီးထပ်တင်ထားလိုက်ပါတယ်။ လက်တွေ့မှလက်တွေ့ဆိုသူများ မျက်မှောက်အခြေအနေကိုကြည့်ပြီး ကောက်ချက်ချ သိပ်မစောကြဖို့ပါ။
(ဆရာ ဦးဘိုဘိုကျော်ငြိမ်းကိုရော၊ mizzima သတင်းဌာနကိုပါ ခွင့်ပြုချက်မတောင်းမိလို့ ဒီနေရာကနေတောင်းပန်ပါတယ်။ မကျေနပ်ရင် ကွန်မန့်မှာဖြစ်ဖြစ် အယ်ဒီတာဆီဖြစ်ဖြစ် အသိပေးလိုက်ပါ။ ချက်ခြင်းဖျက်ပေးပါမယ်)
“ကျနော်တို့ရဲ့ကမ္ဘာကြီးဟာ တကယ်တော့ အသေမဟုတ်ဘူး၊ အရှင်လို့ပြောရလိမ့်မယ်။ ဆိုလိုတာက ကျနော်တို့ ရပ်နေတဲ့ မြေပြင်ကြီးဟာ တကယ်တော့ (ရွေ့)နေတာပါ။ ဥပမာ ရန်ကုန်မြို့အောက်မှာ ကမ္ဘာမြေကြီးရှိတယ်။ ဒီကမ္ဘာမြေကြီးဟာ အမြဲဒီနေရာမှာပဲ တည်တန့်နေမှာ မဟုတ်ဘူး။ ရွေ့နေတာက တနှစ်မှာ ၁ စင်တီမီတာ၊ ၂ စင်တီမီတာ ရွေ့တာဆိုတော့ တိုတောင်းလှတဲ့ လူ့သက်တန်းမှာ ရွေ့တယ်လို့ မထင်ရဘူးပေါ့။ ဒါပေမဲ့ နှစ်ပေါင်း သန်းရာနဲ့ ထောင်နဲ့ချီပြီး ကြာတဲ့ကာလမှာမှ ရွေ့ရှားမှုဟာသိသာလာပါတယ်။ ဥပမာ ကမ္ဘာတည်ပြီးစ တည်ငြိမ်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၃,၁ဝဝ လောက် ကာလမှာ အခုလို ကုန်းတိုက်ကြီး ရ တိုက် မရှိပါ။ ကုန်းမြေတွေအားလုံးဆက်နေတဲ့ တိုက်ကြီးတတိုက်ပဲရှိပြီး၊ ရေတွေ ဝိုင်းရံလျက်ရှိပါတယ်။ Super Continentလို့ ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေက နောက်နှစ်ပေါင်း သန်း ၁,ဝဝဝ ကျော်ရင် တိုက်တွေအားလုံး စုပေါင်းလာပြီး၊ Super Continent ပြန်ဖြစ်မယ်လို့ ကွန်ပြူတာ စင်မြူလေးရှင်းလို့ခေါ်တဲ့ တွက်ချက်နည်းအရ ကြိုတင် ဟောကိန်းထုတ်ထားကြပါတယ်။ လက်ရှိ အိန္ဒိယတိုက်ငယ်ဟာ နှစ်သန်းပေါင်းများစွာက အာဖရိကတိုက်နဲ့ ကပ်လျက်ရှိရာကနေ အခုနေရာဆီ တဖြည်းဖြည်း ရွေ့လာတာပါ။”
ဂျပန်ငလျင်၊ ဆူနာမီနှင့် အနုမြူပြဿနာ
ဘိုဘိုကျော်ငြိမ်း | ကြာသပတေးနေ့၊ မတ်လ ၁ရ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၁ မိနစ်
http://www.mizzimaburmese.com/edop/songpa/7121-2011-03-17-12-26-35.html?sms_ss=blogger&at_xt=4d822a4809b0f984%2C0
မတ်လ ၁၁ ရက်နေ့က လှုပ်သွားတဲ့ ဂျပန်ငလျင်ဟာ ၁၉ဝဝ ခုနှစ် စရင်းစကောက်ချိန်ကစပြီး ပဉ္စမအကြီးဆုံး ငလျင်ကြီးတခု ဖြစ်တယ်။ ဂျပန်ကျွန်းဟာ ၁၂-၁၃ ပေ အရှေ့ဘက်ကို ရွေ့သွားပြီး ကမ္ဘာ့ဝင်ရိုးတောင် ၆.၅ လက်မ ပြောင်းလဲသွားတယ်။ ကမ္ဘာကြီးလည်ပတ်မှုတောင် ၁.၈ မိုက်ခရိုစက္ကန့် (၁ စက္ကန့်= မိုက်ခရိုစက္ကန့် ၁သန်း) နှေးသွားတယ်လို့ နာဆာ ပညာရှင် Richard S Gross ရဲ့ တွက်ချက်မှုအရ သိရတယ်။ ဒါကြောင့် ဒီငလျင်ဟာ ဒုတိယကမ္ဘာ စစ်အပြီး ဂျပန်နိုင်ငံအတွက် အဆိုးဆုံး သဘာဝဘေးဒဏ်ဖြစ်တယ်။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ ရှိတာကြောင့် ငလျင်အတွက် ပြင်ဆင်မှုရှိတယ်။
ပြဿနာက ငလျင်ကြောင့်ဖြစ်လာတဲ့ ဆူနာမီပဲ။ ဆူနာမီ ဆိုတာကလည်း ဂျပန်စကားပါပဲ။ တိုက်တွေလောက်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ကမ်းပေါ်ကို ရောက်လာပြီး၊ ကမ်းခြေမှာရှိတဲ့ အိမ်ခြေ မြို့ရွာတွေကို တိုက်စားသွားနိုင်တဲ့ လှိုင်းကြီးတွေကို ဆူနာမီလို့ခေါ်တာပါ။
ပိုရှင်းသွားအောင် ဘာကြောင့် ငလျင်လှုပ်တာလဲ၊ ငလျင်ကြောင့် ဆူနာမီဘယ်လို ဖြစ်ရတာလဲဆိုတာကို ကြည့်ကြရအောင်။
ကျနော်တို့ရဲ့ကမ္ဘာကြီးဟာ တကယ်တော့ အသေမဟုတ်ဘူး၊ အရှင်လို့ပြောရလိမ့်မယ်။ ဆိုလိုတာက ကျနော်တို့ ရပ်နေတဲ့ မြေပြင်ကြီးဟာ တကယ်တော့ (ရွေ့)နေတာပါ။ ဥပမာ ရန်ကုန်မြို့အောက်မှာ ကမ္ဘာမြေကြီးရှိတယ်။ ဒီကမ္ဘာမြေကြီးဟာ အမြဲဒီနေရာမှာပဲ တည်တန့်နေမှာ မဟုတ်ဘူး။ ရွေ့နေတာက တနှစ်မှာ ၁ စင်တီမီတာ၊ ၂ စင်တီမီတာ ရွေ့တာဆိုတော့ တိုတောင်းလှတဲ့ လူ့သက်တန်းမှာ ရွေ့တယ်လို့ မထင်ရဘူးပေါ့။ ဒါပေမဲ့ နှစ်ပေါင်း သန်းရာနဲ့ ထောင်နဲ့ချီပြီး ကြာတဲ့ကာလမှာမှ ရွေ့ရှားမှုဟာသိသာလာပါတယ်။ ဥပမာ ကမ္ဘာတည်ပြီးစ တည်ငြိမ်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၃,၁ဝဝ လောက် ကာလမှာ အခုလို ကုန်းတိုက်ကြီး ရ တိုက် မရှိပါ။ ကုန်းမြေတွေအားလုံးဆက်နေတဲ့ တိုက်ကြီးတတိုက်ပဲရှိပြီး၊ ရေတွေ ဝိုင်းရံလျက်ရှိပါတယ်။ Super Continentလို့ ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေက နောက်နှစ်ပေါင်း သန်း ၁,ဝဝဝ ကျော်ရင် တိုက်တွေအားလုံး စုပေါင်းလာပြီး၊ Super Continent ပြန်ဖြစ်မယ်လို့ ကွန်ပြူတာ စင်မြူလေးရှင်းလို့ခေါ်တဲ့ တွက်ချက်နည်းအရ ကြိုတင် ဟောကိန်းထုတ်ထားကြပါတယ်။ လက်ရှိ အိန္ဒိယတိုက်ငယ်ဟာ နှစ်သန်းပေါင်းများစွာက အာဖရိကတိုက်နဲ့ ကပ်လျက်ရှိရာကနေ အခုနေရာဆီ တဖြည်းဖြည်း ရွေ့လာတာပါ။
တိုက်ကြီးတွေနဲ့ သမုဒ္ဒရာတွေအောက်မှာ တက်တောနစ်ပလိပ် Tectonic Plates လို့ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာထုကြီးတွေ ရှိပါတယ်။ စက်ရုံတွေမှာ တွေ့လေ့တွေ့ထရှိတဲ့ သံမဏိအပြား Iron Plates ဒါမှမဟုတ် Iron Sheets တွေကို ပြေးမြင်ကြည့်ပါ။ ဘေဆော့ basalt နဲ့ ဂရင်နိုက် granite လို့ ခေါ်ကြပြီး၊ ၅ မိုင်ကနေ မိုင် ၃ဝ အထိ ထူပါတယ်။ ဒီကျောက်လွှာထုတွေအောက်မှာ တဝက်တပျက် အရည်ပျော်နေတဲ့ စီးကပ်ကျောက်အရည် Viscous semi-molten rocks တွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ကမ္ဘာ့ကျောက်လွှာထုကြီး Tectonic Plates တွေဟာ ရွေ့လျားနေကြပါတယ်။
ဒီ Tectonic Plates တွေဟာ တခုနဲ့တခု ထိတွေ့တဲ့ နေရာမှာ အစဉ်တွန်းလျက် အားပြိုင်နေကြပါတယ်။ Tectonic Plate တွေ ထိတွေ့ဆက်စပ် တွန်းအားပြိုင်ရာ လမ်းကြောင်းတွေကို Fault Line ငလျင်အကြောလို့ ခေါ်ကြပါတယ်။ စာဖတ်သူတို့ ကျွဲ ၂ နှစ်ကောင် ခေါင်းချင်းဝှေ့နေတာကို ပြေးမြင်ကြည့်ပါဦး။ အားချင်းမျှနေလို့ ကျွဲနှစ်ကောင် ရွေ့တယ်လို့ မထင်ရပေမယ့် ကျွဲနှစ်ကောင်ရဲ့ တွန်းအားဟာ ထိတွေ့တဲ့နေရာမှာ အားတွေ စုနေပါတယ်။ တချက်လှုပ်ခါသွားမှ အားလွတ်ထွက်ပြီး၊ အားနဲ့ရွေ့လျားသွားတတ်ပါတယ်။ အဲဒီနည်းတူစွာ Tectonic Plates တွေဟာ သူတို့ထိတွေ့ရာမှာ တခုနဲ့တခု အတင်းတွန်းနေပါတယ်။ ဒီတွန်းအားတွေကြောင့် စွမ်းအင် Energy ဟာ အဲဒီဆုံမှတ်နေရာမှာ (စု) နေပါတယ်။ အဲဒီအင်အားတွေ လျှပ်တပြက် အတင်းတုန်ခါ လွတ်မြောက်သွားရင် ငလျင်အကြော Fault Line အတိုင်း ငလျင်လှုပ်တာ ဖြစ်ပါတယ်။
တကယ်တော့ ငလျင်လှုပ်တယ်ဆိုတာက ပလိပ် Plate တွေ တိုက်ပြီး၊ စုနေတဲ့ စွမ်းအင်၊အင်အားတွေ လွတ်ထွက်သွားတာပါ။ ငလျင်လှုပ်ရင် ဘေးတိုက်လှုပ်တာ ရှိသလို၊ အပေါ်အောက်လှုပ်တာ ရှိပါတယ်။ ကံဆိုးတာက ဂျပန်နိုင်ငံဟာ Tectonic Plates ၄ ခု ဆုံရာ ငလျင်ကြောတွေပေါ်မှာ တည်ရှိနေတာပါ။ ဒါကြောင့် ငလျင် ခဏခဏ အလှုပ်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီနည်းတူ အမေရိကန် အနောက်ဘက်ကမ်း တခုလုံးဟာလည်း ငလျင်ကြောတွေအပေါ် တည်ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ငလျင် ခဏခဏ အလှုပ်ခံရပါတယ်။
ဂျပန်ဟာ မြောက်အမေရိကား၊ ပစိဖိတ်၊ ယူရိုအာရှ Eurasian နဲ့ ဖိလစ်ပိုင် Plates တွေ လာ(စုံ)ရာ ဖြစ်ပါတယ်။ ဂျပန်မြောက်ပိုင်းဟာ မြောက်အမေရိကား Plate ရဲ့ အနောက်အစွန်းဖျားမှာ တည်ရှိပြီး၊ ဂျပန်တောင်ပိုင်းက ယူရိုအာရှ Plate အပေါ် တည်ရှိပါတယ်။
အခုလှုပ်သွားတဲ့ ငလျင်မှာ တိုကျိုမြို့ကနေ အရှေ့မြောက် ၂၃၁ မိုင်နဲ့ ဟွန်ရှူးကျွန်း စင်ဒိုင်မြို့ အရှေ့ဘက် မိုင် ၈ဝ ပစိဖိတ်သမုဒ္ဒရာအောက် Japan Trench အနီး ဖြစ်ပွားတာပါ။ ဒီနေရာမှာ ပစိဖိတ် ပလိပ်ဟာ မြောက်အမေရိကား ပလိပ်နဲ့ အားချင်းပြိုင် ထိပ်တိုက်တွန်းကြရာကနေ ပစိဖိတ်ပလိပ်ဟာ မြောက်အမေရိကား ပလိပ်အောက်ထဲ တဖြည်းဖြည်း ထိုးဆင်းသွားခြင်းပါ။ ဒီလိုနေရာကို Seduction zone (Trench) လို့ ခေါ်ကြပါတယ်။ တချိန်မှာ (အား) တွေ စုစည်းနေရာကနေ လွတ်ထွက်ပြီး၊ အပြင်းအထန် လှုပ်ရှားတာလည်း ဖြစ်တန်ပြန်ပါတယ်။ အပေါ်အောက် လှုပ်ရှားခြင်းပါ။ အဲဒီလို ပစိဖိတ် Plate က အောက်ထဲ လျှိုဝင်အဖိခံခြင်းကနေ ရုန်းထွက်ပြီး၊ အပေါ်ကို ပြန်ဦးမော့လာတာကြောင့် သမုဒ္ဒရာအောက် မြေကြီးဟာ အပေါ်ကိုမြင့်တက်လာကာ အရှေ့ဘက်ဆီ ၁၂-၁၃ ပေလောက် ရွေ့သွားပါတယ်။ ဗဟိုချက်မဟာ သမုဒ္ဒရာအောက် ၁၅.၂ မိုင်မှာ ဖြစ်ပွားတာကြောင့် တိမ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို သမုဒ္ဒရာအောက် ကမ္ဘာမြေကြီး ပြောင်းလဲမှုကြောင့် အရှိန်နဲ့ဖယ်ရှားခံရတဲ့ ပင်လယ်ရေတွေဟာ အရပ်လေးမျက်နှာဆီ လှိုင်းနှစ်ခုသဏ္ဍာန် ရွေ့လျားသွားကြပါတယ်။ တနာရီမှာ မိုင် ၅ဝဝ နှုန်းနဲ့ ရွေ့လျားတယ်လို့ တွက်ချက်လို့ ရပါတယ်။
လှိုင်းတွေဟာ သမုဒ္ဒရာရေကြောကို ဖြတ်သန်းရာမှာ အတိုက်ခံမရှိလို့ မကြီးမားပေမယ့် ကမ်းခြေနဲ့ နီးလာတာနဲ့အမျှ အနောက်က ပါလာတဲ့ အရှိန်နဲ့၊ အရှေ့က ကာဆီးထားမှုကြောင့် လှိုင်းလုံးကြီးတွေဟာ ကမ်းခြေနဲ့ နီးလေကြီးလာလေ ဖြစ်ပါတယ်။ ဆူနာမီဆိုတာက လှိုင်းတခုထဲ မဟုတ်ပါဘူး။ အရှိန်ကြီးရင် ကြီးသလို လှိုင်းလုံးကြီးတွေ ဆက်တိုက် လိုက်လာပြီး၊ Plates တွေ နှစ်ပေါင်းများစွာ ထိပ်တိုက်တွန်းကြရင်း စုပြုံနေတဲ့ စွမ်းအားတွေဟာ လှိုင်းအရှိန်အဖြစ် ပြောင်းလဲသွားတာကြောင့် ဒီလှိုင်းတွေရဲ့ အင်အားဟာ အလွန်ပဲ ကြီးမားလှပါတယ်။ ငလျင်လှုပ်ရာ ဗဟိုနဲ့နီးလေ အင်အားကြီးမားလေ ဖြစ်ပါတယ်။ အခုလှုပ်တဲ့ ဗဟိုဟာ ဂျပန်ကျွန်းနဲ့ မိုင် ၈ဝ ပဲဝေးတာမို့၊ ထွက်ပြေးဖို့လည်း သိပ်အချိန်မရ၊ လှိုင်းအရှိန်ကလည်း ကြီးမားလှပါတယ်။ ဒါကြောင့် တနေရာမှာ အတွင်းပိုင်းထဲ ၆ မိုင်အထိ ရေတွေဝင်လာကြပါတယ်။ အလွန်အင်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေဟာ အိမ်တွေ၊ ကားတွေကို အရုပ်လေးတွေလိုပဲ ဖယ်ရှားသယ်ဆောင်သွားနိုင်တာ ဖြစ်ပါတယ်။ လှိုင်းအမြင့်က ပေ ၂ဝ အထိ မြင့်တယ်လို့ ဆိုကြပါတယ်။
ဒီငလျင်ကြီး ပြီးသွားတဲ့အခါ Plate နှစ်ခုဟာ ဆက်တွန်းနေကြပြန်ပြီ။ နောင်နှစ်ပေါင်း ၅ဝဝ-၁ဝဝဝ လောက်မှ တခါ ငလျှင်ကြီး ထပ်လှုပ်ပါမယ်။ တချို့ပညာရှင်တွေက ဒီငလျင်မျိုးဟာ နှစ် ၅ဝဝ မှာမှ တခါလှုပ်တတ်တယ်လို့ ဆိုသလို၊ တချို့က ၁၇ဝဝ ခုနှစ် လောက်တုန်းက တခါလှုပ်ဖူးကြောင်း ရာဇဝင်မှာ မှတ်တမ်းရှိတယ်လို့ ထောက်ပြကြပါတယ်။
ငလျင်ကို လေ့လာကြတဲ့ သိပ္ပံရဲ့ ပြဿနာမှာ နောက်တခါလှုပ်ဖို့ အချိန်တန်ပြီလို့ ပြောနိုင်ပေမယ့် ဘယ်အချိန်မှာ ဒီစွမ်းအင် အင်အားတွေ လွှတ်ထွက်မှာကို မသိနိုင်ကြသေးပါ။ ဥပမာ ငလျင်လှုပ်မှု အချိန်ဇယားကို ကြည့်ပြီး၊ အနှစ် ၁ဝဝ မှာ တခါလှုပ်တယ်၊ အနှစ် ၂ဝဝ မှာ တခါလှုပ်မယ်လို့ ခန့်မှန်းခြေ ပြောနိုင်ပေမယ့် အတိအကျ ဘယ်တော့လှုပ်မယ်လို့ ပြောနိုင်လောက်အောင် သိပ္ပံက မထွန်းကားသေးပါ။ ကမ္ဘာမြေပြင်ပေါ်မှာပင် ကိရိယာတွေ မြှုပ်နှံပြီး၊ tremor လို့ ခေါ်တဲ့ တုန်ခါမှု အသေးတွေကို တိုင်းထွာခန့်မှန်းနိုင်ပေမယ့် Plate အဆင့်အထိ ဖြစ်စဉ်ကို မတိုင်းနိုင်ကြသေးပါ။
ဒါကြောင့် ဒီ ၂ဝ၁၁ ခု ဂျပန်ငလျင်မှာ ဆူနာမီက ငလျင်ထက် ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေပါတယ်။ ဆူနာမီ ဖျက်စီးမှု နောက်ဆက်တွဲမှာ အနုမြူဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲမှုကြောင့် Radiation အနုမြူရောင်ခြည် ပျံ့နှံ့မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
ကမ္ဘာမှာ စွမ်းအင်အသုံးဆုံး ၂ နေရာ ရှိပါတယ်။ လျှပ်စစ်နဲ့ ကား၊ လေယာဉ်၊ ရထားတွေ မောင်းနှင်ဖို့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ လူနေအိမ်တွေ မီးရဖို့ လျှပ်စစ်ထုတ်လုပ်ရပါတယ်။ ဒီနေ့ခေတ်မှာ လျှပ်စစ်အပေါ် အားလုံး မီခိုနေကြရရာ လျှပ်စစ်မရှိရင် မည်ရွေ့မည်မျှ ဒုက္ခရောက်ကြောင်း မြန်မာနိုင်ငံသားတွေ အသိဆုံးပါ။ လျှပ်စစ်ထုတ်လုပ်ဖို့ လျှပ်စစ်တာဘိုင် စက်ကြီးတွေကို လည်စေရပါတယ်။ ရေအားဖြင့်သော်လည်းကောင်း၊ အပူအားဖြင့်သော်လည်းကောင်း၊ လေအားဖြင့်သော်လည်းကောင်း ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည်တို့ကို မီးရှို့ခြင်းဖြင့်သော်လည်းကောင်း ဒီ လျှပ်စစ် တာဘိုင်တွေကို လည်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ရပါတယ်။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စတာတွေကို မီးရှို့တဲ့အခါ ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထွက်ကာ၊ ဒီဓာတ်ငွေ့ဟာ လေထုကို ညစ်ညမ်းစေပြီး၊ နေမှ အပူဓာတ်ကို စုပ်ယူထားတာကြောင့် Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေပါတယ်။
သိပ္ပံညာရှင် အိုင်စတိုင်းရဲ့ ကမ္ဘာကျော် ဖော်မြူလာ ရှိပါတယ်, E=mc2 ။ Mass ဒြပ်ထုနဲ့ စွမ်းအင် Energy ရဲ့ ဆက်စပ်မှုကို ဖော်ထုတ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အနုမြူဗုံးဟာ အနုမြူတွေ ခွဲထုတ်ပြီး၊ ဆက်တိုက်ပြိုကွဲစေပြီး ထွက်ပေါ်လာတဲ့စွမ်းအင်ကို လက်နက်အဖြစ် သုံးတာပါ။ အဲဒီနည်းတူ အနုမြူစွမ်းအင်ကို ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ အကျိုးရှိရှိသုံးနိုင်ပြန်ပါတယ်။ လွယ်လွယ်နားလည်အောင် ပြောရရင် သဘာဝအရ မတည်ငြိမ်တဲ့ ယူရေနီယမ် ၂၃၈ ဟာ ပိုပေါ့ပါးတဲ့ ယူရေနီယမ် ၂၃၄ ဘဝဆီ ကူပြောင်းစဉ် စွမ်းအင်အဖြစ် ဂန္မာရောင်ခြည် (Gamma Rays) တွေ ထွက်ပြီး၊ နြူထရွန် neutron တွေ ထွက်ကျလာပါတယ်။ သဘာဝအရ ဒီဖြစ်စဉ်ဟာ နှစ်ပေါင်း သန်းပေါင်းများစွာ ကြာပါတယ်။ ဒါကြောင့် ထွက်ကျလာတဲ့ နြူထရွန်တွေကို တခြား ယူရေနီယမ် နြူကလီးယပ်စ်နဲ့ တိုက်စေရာမှာ နြူထရွန်တွေ ထွက်ကျစေတာကို ဆက်တိုက်ပြိုကွဲစေပြီး Chain Reaction လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကနေ (အပူ) ဓာတ်ထွက်ပါတယ်။ ဒီအပူဓာတ်ကိုသုံးပြီး ရေကို (ဆူ) စေကာ၊ ရလာတဲ့ (ရေနွေးငွေ့) ရဲ့ စွမ်းအားနဲ့ လျှပ်စစ် တာဗိုင်တွေကို လည်စေကာ လျှပ်စစ်ထုတ်ပါတယ်။
ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ယူရေနီယမ် ၂၃၄ ဟာ အနုမြူရောင်ခြည်လို့ခေါ်တဲ့ Radiation ကို ထုတ်လွင့်ပြီး၊ ဒီရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်တွေကို ဖျက်ဆီးနိုင်တာကြောင့် လူသားတွေအတွက် အလွန်အန္တရာယ် ကြီးမားလှပါတယ်။ ဒါကြောင့် Radiation ကို ထုတ်လွင့်နေတဲ့ ယူရေနီယမ် ၂၃၄ တွေ အပြင်ဘက် ပြန့်မထွက်ဖို့ အလွန်ထူတဲ့ သံမဏိသံပေါင်းဖိုတွေမှာထားပြီး၊ ထပ်ဆင့်အလွန်ထူတဲ့ ကွန်ကရစ်အကာ အဆောက်အအုံတွေထဲ ထားရပါတယ်။
ထပ်တူအရေးကြီးတာက အပူလွန်ပြီး ပေါက်ကွဲမှုမဖြစ်စေဖို့၊ လျှပ်စစ်တာဘိုင်တွေကို လည်စေတဲ့ ရေနွေးငွေ့တွေကို ရေကန်ထဲဖြတ်စေကာ အပူကို လျော့ချစေရပါတယ်။ ဒီရေကန်ထဲဆီ ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့ ရေစုပ်စက်တွေမှ ပိုက်တွေကတဆင့် (ရေ) တွေကို ပို့ပေးရပါတယ်။ တချိန်ထဲမှာ သံမဏိ သံပေါင်းဖိုတွေကို ရေလှည့်ပတ်မှုနဲ့ အပူမလွန်ဖို့ ထိန်းပေးထားရပါတယ်။
ဒီအနုမြူဓာတ်ပေါင်းဖို ဒီဇိုင်းမှာ ၁၉၇ဝ ခေတ်ကဖြစ်ပြီး၊ နှစ် ၄ဝ ကျော်ပါပြီ။ ခေတ်ပေါ် ဒီဇိုင်းတွေမှာ ရေကိုသုံးပြီး၊ အအေးခံတဲ့ စနစ်ကို မသုံးကြတော့ပါ။ ဂျပန်ရဲ့ ပြဿနာမှာ တာဝန်ရှိသူတွေဟာ ငလျင်ရန်ကို စိုးရိမ်ကြလို့ ငလျင်ဖြစ်တာနဲ့ အလိုလျောက် ရပ်ဆိုင်းခြင်း Automatic Shutdown ကို အလေးပေးခဲ့ကြပေမယ့် ဆူနာမီရန်ရဲ့ အန္တရာယ်ကို အလေးမပေးမိကြ။ ဒါ့အပြင် နားလည်သူတွေက သတိပေးတဲ့ကြားက ဒီဇယ် ရေစုပ်စက်တွေကို နေရာမရွှေ့မိခဲ့ကြ။ ဒီအနုမြူဓာတ်ပေါင်းဖို ၆ ခုကို တနေရာတည်းမှာ စုပြုံထားမိတာကလည်း တဒုက္ခ။
ပြဿနာမှာ ဆူနာမီကြောင့် အရန်အပို မီးပေးစနစ် Backup electricity system ပျက်သွားပြီး လျှပ်စစ်မရှိလို့ ရေစုပ်စက်တွေ မလည်နိုင်။ ဒါ့ကြောင့် ရေပြတ်သွားတာကြောင့် ဒီအနုမြူဓာတ်ပေါင်းဖိုတွေ အပူလွန်ကာ ပြဿနာတက်ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်ထုတ်လုပ်တဲ့ ဒီအနုမြူဓာတ်ပေါင်းဖိုမှာ လျှပ်စစ်ပြတ်သွားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး အပူလွန်ပြီး အဆောက်အအုံတွေ ပေါက်ကွဲကာ Radiation တွေ လေထဲလွင့်သွားပါရင်၊ ကမ္ဘာ့လေကြောင်းတွေမှတဆင့် တခြားနိုင်ငံတွေဆီ ပျံ့နှံ့ကုန်ပါရင် လူတွေအတွက် အန္တရာယ်ရှိပါတယ်။ Radiation ပျံ့နှံ့မှုများရင်သော်လည်းကောင်း၊ အနီးကပ်ဖြစ်ရင်သော်လည်းကောင်း၊ အန္တရာယ် ပိုကြီးပြီး၊ Radiation နည်းနည်း လေထဲမှ ရှူမိရင် ရေရှည်မှာ ကင်ဆာဖြစ်နိုင်တာကြောင့် လူတွေ စိုးရိမ်ကြခြင်း ဖြစ်ပါတယ်။
ပြဿနာမှာ Radioactive ဖြစ်နေတဲ့ အရာဝတ္ထုတွေ လေမှတဆင့် မိုးရေနဲ့ ရောသွားပါရင် Radiation Rain ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အက်စစ်မိုး Acid Rain နဲ့ ဘာမှမဆိုင်ပါ။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို မီးရှို့ပြီး၊ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ စီအိုတူးလို့ခေါ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့တွေကို လေထဲမှုတ်ထုတ်ကြပါတယ်။ အဲဒီနည်းတူ အကြီးစားစက်မှုလက်မှု စက်ရုံတွေဟာလည်း ဆာလ်ဗါဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်တွေကို လေထုထဲ စွန့်ထုတ်ပါတယ်။ အလားတူပင် သန်းပေါင်းများစွာသော ကားတွေကနေ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို မှုတ်ထုတ်ကြကာ လေထုထဲ ပျံ့နှံ့စေပါတယ်။
ဒီဓာတ်ငွေ့တွေဟာ မိုးရေနဲ့ ပေါင်းမိတဲ့အခါ အက်ဆစ်တွေအဖြစ် ပြောင်းလဲကာ မိုးထဲမှာ အက်ဆစ်တွေ ပါလာတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဥပမာ အက်ဆစ်ကြောင့် သစ်ပင်တွေ၊ ပန်းပင်တွေ သေစေနိုင်ပါတယ်။ အဆောက်အအုံတွေ သံချေးတက်နိုင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်မှာ လေထုထဲကို ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေ မှုတ်ထုတ်မှုကို အသေအချာ သုတေသနပြုပြီးမှ ဥပဒေနဲ့ တားမြစ်လာရပါတယ်။ ဒါပေမဲ့ Radiation နဲ့ အက်ဆစ်မိုးနဲ့က ဘာမှ မဆိုင်ပါ။
နောက် မိုးလေဝသပညာအရ ကမ္ဘာ့လေကြောတွေဟာ နာရီပတ်တံနဲ့ ပြောင်းပြန် (လက်ဝဲရစ်) လည်ပတ်ပါတယ်။ ဒါကြောင့် ဂျပန်၊ တရုတ်ပြည်မှ လေတွေဟာ မြန်မာနိုင်ငံဆီ တိုက်ခတ်မလာပါ။ အမေရိကန် နိုင်ငံဘက်သာ သွားနိုင်တယ်။ အိန္ဒိယ သို့မဟုတ် မြန်မာရဲ့ အရှေ့မှာရှိတဲ့ နိုင်ငံတွေ (အီရန်လိုနိုင်ငံမျိုး) ဖြစ်ခဲ့ရင် အန္တရာယ် ရှိနိုင်ပါတယ်။ ကျနော် ဉာဏ်မီသလောက် တင်ပြခြင်းပါ။
အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အနုမြူ ကောလာဟလတွေကိုယုံပြီး၊ မြန်မာပြည်သူတွေ စိုးရိမ်စိတ် များနေမှာကို စိုးလို့ ဒီဆောင်ပါး ရေးရခြင်းပါ။ မကြာခင် ဟိုက်ထရိုဂျင်ခေတ်ဆီ ရောက်လာရမှာက မော်တော်ကားတွေဟာ ရေနံမှဖြစ်တဲ့ ဓာတ်ဆီအစား ဟိုက်ထရိုဂျင်ကို လောင်စာအဇြစ်သုံးပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်အစား ရေသာ ထွက်လာကာ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မယ်။
အခုအသုုံးပြုနေတဲ့ အနုမြူနိဿရမှာ ဖစ်ရှင် Fission လို့ ခေါ်ပါတယ်။ နေမင်းကြီးမှာ သဘာဝအလျောက် စွမ်းအင်ထုတ်လုပ်တဲ့ နည်းမှာ ဖြူရှင် Fusion လို့ ခေါ်ပါတယ်။ ဖြူရှင် Fusion ဟာ ဖစ်ရှင် Fission ရဲ့ ပြောင်းပြန်ဖြစ်တယ်။ ဖစ်ရှင် Fission ဟာ ပိုကြီးတဲ့ အနုမြူကို ခွဲပြီး၊ ပိုငယ်တဲ့ အနုမြူကို ဖော်ထုတ်ခြင်းပါ။ ဖြူရှင် Fusion မှာ ပိုငယ်တဲ့ အနုမြူ နှစ်ခုကို ပေါင်းစပ်ပြီး၊ ပိုကြီးတဲ့ အနုမြူကို ဖော်ထုတ်တာပါ။ ဒါပေမဲ့ စွမ်းအင်ထုတ်လုပ်မှုမှာ ဖြူရှင် Fusion က ဖစ်ရှင် Fission ထက် ၃ – ၄ ဆ ပိုထုတ်နိုင်ပါတယ်။
အနုမြူဗုံး (Atomic Bomb) ထက် အစွမ်းထက်တဲ့ ဟိုက်ထရိုဂျင်ဗုံး ဆိုတာက ဖစ်ရှင် Fission ကို သုံးပြီး၊ ဖြူရှင် Fusion ဖြစ်စဉ် Reaction ရအောင် လုပ်ကာ လက်နက်အဖြစ် သုံးခြင်းပါ။ ဖြူရှင် Fusion ဖြစ်ဖို့ ဖိအားနဲ့ အပူလိုတယ်။ သိပ္ပံပညာရှင်တွေ ဖြူရှင် Fusion အနုမြူဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ သုတေသန လုပ်နေတာ နှစ်ပေါင်း ၅ဝ ကျော်ပြီ။ မအောင်မြင်သေးပါ။ သုံးရတဲ့ စွမ်းအင်က ထွက်လာတဲ့ စွမ်းအင်ထက် များနေလို့ပါ။ ဖြူရှင် Fusion ရဲ့ အားသာချက်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ radioactive particles အနုမြူရောင်ခြည်လွှမ်းအရာတွေ များများစားစား မဖော်ထုတ်ခြင်းဖြစ်ပြီး၊ ပိုအသုံးဝင်တဲ့ သိပ္ပံနည်းပညာ ဖြစ်ပါတယ်။
လောလောဆယ် အနုမြူအတတ်ပညာမှာလည်း သုံးပြီးသား ယူရေနီယမ် အချောင်းတွေကို လောင်စာအဖြစ် အသုံးပြုတဲ့ Breeder Reactor ဆိုတာ ပေါ်နေပါပြီ။ ဒါ့ကြောင့် Radioactive ဖြစ်တဲ့ လောင်စာတွေကို မြေကြီးအောက်မှာ မြှုပ်ပြီး စွန့်လွှတ်စရာ မလိုတော့ပါ။
ဒီမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဂျပန်တွေကို အတုယူသင့်တာတွေ ရှိပါတယ်။ ဂျပန်တွေဟာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့စိတ် အင်မတန် ပြင်းထန်တယ်။ ဂျပန်ထုတ်ပစ္စည်းမှ ကောင်းတယ်။ ဂျပန်ဆန်ကမှ တကယ့် ဆန်ဆိုပြီး ဂျပန်မှ ဂျပန်စိတ် ရှိပါတယ်။ စည်းကမ်းရှိတဲ့ နေရာမှာလည်း စံယူသင့်ပါတယ်။ သဘာဝ ဘေးဒုက္ခ ရောက်တာတောင် ခိုးဝှက်မယ့်သူတွေ မရှိတာကြည့်ပြီး ကမ္ဘာက ချီးကျူးရတယ်။ ဟေတီမှာ ငလျင်လှုပ်တော့ ခိုးလိုက်ကြတာ သောက်သောက်လဲ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သူခိုးတွေ။
နောက် သတိပြုစေချင်တာက အနုမြူပညာဆိုတာ လူတွေ သေကြေဖို့ ဗုံးအဖြစ် သုံးနိုင်သလို ထိန်းချုပ်နိုင်တဲ့ ပတ်ဝန်းကျင်မှာ လူတွေကို အလင်းပေးတဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်ထုတ်လုပ်ရာမှာလည်း အသုံးချနိုင်ပါတယ်။ စစ်တပ်ဆိုတာလည်း ထိုနည်းတူပါပဲ။ စိတ်ထားမှန်ရင် တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုနိုင်တဲ့ ကဏ္ဍကနေ ရပ်တည်နိုင်ပါတယ်။
မြန်မာပြည်ကြီး တိုးတက်ချမ်းသာပါစေ။
စာဖတ်သူတို့ အသိကြွယ်၍ စိတ်အေးမှု ရပါစေ။
(မှတ်ချက်။ စာရေးသူသည် အင်ဂျင်နီယာဖြစ်၍ သိပ္ပံပညာကို ဝါသနာပါသဖြင့် တသက်လုံး လေ့လာဖတ်ရှုခဲ့ရာ တသက်လုံး စုဆောင်းလာသည့် အသိကြောင့် သိပ္ပံအကြောင်းအရာများကို နားလည်လွယ်လာပါသည်။ ဤဆောင်းပါးအတွက် အသုံးပြုရသည့် ဆောင်းပါးနှင့် စာစောင်များမှာလည်း များပြားလွန်းပါသဖြင့် အညွှန်းကို မဖော်ပြတော့ပါ။ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံး များသဖြင့် နားလည်မလွဲရန် မူလ အင်္ဂလိပ် အခေါ်အဝေါ်များကို မလွှဲမရှောင်သာ အသုံးပြုရသည်ကိုလည်း ခွင့်လွှတ်စေချင်ပါသည်။)
ဘိုဘိုကျော်ငြိမ်း
==
မှတ်ချက်။ ။ အယ်ဒီတာမှ ဘေးမှပုံ (Continental Drift – တိုက်ကြီးများမြေနေရာေရွှေ ့ပြောင်းပုံ)ကို ထည့်ပေးထားပါသည်။
7 comments
kai
March 19, 2011 at 8:22 am
ကိုရင်ကြောင်ကြီး စာထဲ.. ပုံလေးထည့်ပေးထားပါတယ်နော..။(သိသာအောင်လို့ပါ)
အဲဒီမှာ .. လွန်ခဲ့တဲ့နှစ်သန်း ၈၀ဝ ကနေ..အခုထိ ..အာရှ၊ ဥရောပ၊အာဖရိက စတဲ့တိုက်ကြီးတွေ ဘယ်လိုရွေ ့မြောလာတယ်ပြထားတယ်..။
တကယ်တော့ ဟိမဝန္တာတောင်တန်းဆိုတာ .. အိနိ္ဒယတိုက်ငယ်က ..အာရှတိုက်ကို ဝင်တိုက်ပြီးဖြစ်လာတာပါ..။
အဲဒီအကြောင်းအသေးစိတ်ကို ဒစ်ကာဗာရီမှာ ပြဖူးတယ်..။ အဲဒီ ဟိမဝန္တာတောင်တန်း( ဧဝရက်တောင်အပါအဝင်) တွေဟာ … မြေပြင်၂ခုတိုက်တွန်းတဲ့အရှိန်နဲ့ ဆက်မြင့်တက်နေတုံးပါပဲ..။
ထားပါတော့..
ပြောချင်တာက.. ကျွန်းးကြီး၄ကျွန်းတို့.. တောင်ကျွန်း မြောက်ကျွန်းတို့ ဆိုတာ .. ရှေးကသချာင်္မတွက်တတ်သူ..။ သိပ္ပံနားမလည်သူ.. ဘူမိဗေဒမသိသူတွေ ..မှန်းရမ်းပြောတာတွေပါပဲ..။ အဲဒီရှေးက မြေပုံတခုကိုတောင်… သိမ်းထားဖူးတယ်.။ လွန်ခဲ့တဲ့နှစ် ထောင်ဂဏန်းလောက်က ဟိန္ဒူတွေဆွဲထားခဲံတဲ့မြေပုံတဲ့..။
မြင့်မိုရ်တောင်နဲ့..ဂင်္ဂါမြစ်. ဒီကမ္ဘာအပြားကြီးပေါ်မှာရှိတဲ့ပုံ..။ အဲဒီမှာ..တောင်ကျွန်း..မြောက်ကျွန်းအကုန်ပါတယ်..။
မြင့်မိုရ်တောင်ပေါ်က… နတ်ပြည်နေရာတွေတောင်ပါသေး..။
အမှန်တကယ်ဘာဖြစ်ခဲ့သလည်း.. ခတ်ကြမ်းကြမ်းလေးသိချင်ရင် .. အပေါ်က လှုပ်နေတဲ့ပုံမှာကြည့်ပေါ့နော..။ နည်းနည်းတိကျပါတယ်..။
တိကျဆို..မြေတွေအလွှာလိုက် သက်တန်းနဲ့.. အမျိုးအစားတွေ.. တေ့ဆိုင်စစ်ဆေးပြီးဆွဲထားတဲ့ မြေပုံအခြေခံထားတာမို ့ပါ..။
အတိအကျကို.. လေ့လာသိချင်လွန်းရင်တော့ ..ဝိကီမှာကြည့်ပါ..။
http://en.wikipedia.org/wiki/Plate_tectonics
http://pubs.usgs.gov/gip/dynamic/historical.html
ဒဏ္ဍာရီတွေ… သမိုင်းမှာထားခဲ့ကြပါတော့.. ၂၁ရာစုရောက်နေပါပြီ..။.။ ဒါမှမဟုတ်..အပြင်းပြေပြောကြဖို့ပေါ့..။
ငလျှင်လှုပ်တယ်ဆိုတာ..နဂါးကြီးဘာဘာညာညာတို့..။ မြွေကြီး ကွိကွိကွကွတို့.။
မိုးကြိုးပစ်တယ်ဆိုတာ…သိကြားမင်းဝရဇိန်နဲ့..ပစ်တာတို့..။ မြေမြို တယ်ဆိုတာ… မိဘစော်ကားလို့တို့..။
ကားမှောက်တယ်ဆိုတာ.. လူ၉ယောက်ကားစီးလို့တို့..။
အဲ..လုပ်တတ်ရင်တော့ ..သေသေချာချာ..ဝတ္တုလေးရေးပြီး..ဟောလိဝုဒ်ကိုပြကြည့်..စိတ်ဝင်စားလို့ သူတို့ရုပ်ရှင်ရိုက်ရင်… ဒေါ်လာ သိန်းသန်းချီရနိုင်တယ်…။ ရတဲ့ငွေနဲ့.. မြင့်မိုရ်တောင်ကြည့်မျှော်စင်ကို.. ပုပ္ပားတောင်ပေါ်မှာ ဆောက်ပေါ့..။
မျှော်စင်ကို ကိုယ့်မျက်နှာနဲ့ နတ်ရုပ်ထုထားပြီး.. ရွှေပါချထားလိုက်..။ ကိုယ့်မကတော့တဲ့..လူတွေကိုမှတ်ထားပြီး ..အနီးကဟော်တယ်မှာ.. နိုက်ထရင်ဂျင်ပါရောက်ဆိုက်လွှတ်ပေး..။
အင်း… ဟောလိဝုဒ်လည်း.. ရောမခေတ်က..ဒဏ္ဍာရီတွေပြတာကုန်တော့… ဘာလုပ်ရမှန်းမသိဖြစ်ပြီး.. အာဗတာလို..တခြားဂြိုလ်တောင် သွားနေရတာလေ…။ 🙂
bigcat
March 19, 2011 at 10:06 pm
စာအတိုင်းလိုက်တွေးရင် ကမာ္ဘသည် ပြောထားသလို ရေတွေဝန်းရံနေတဲ့ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း၊ အလားတူတခြား သုံးကျွန်းနဲ့အတူ မြင့်မိုရ်တောင်ရဲ့ အရပ်မျက်နှာ တဖက်ဆီမှာ ရှိတယ်ဗျို့။ အဲဒီတောင်ကြီးကို ဘာလို့မမြင်ရသလဲဆိုရင် ကျွန်းတည်နေရာနဲ့ အရမ်းဝေးလွန်းလို့။ ကမာ္ဘ့အမြင့်ဆုံး ဧဝရက်တောင်ကို မြန်မာပြည်ကနေ လှမ်းကြည့်ရင် မြင်လို့ရလို့လား။ ဟိမဝနာ္တတောင်ကြီးကိုလည်း ဒီအတိုင်းပဲ မမြင်ရဘူးဗျို့။ အဲဒါကို သွားမကြည့်နိုင်တဲ့ တောရွာလေးတခုကသဂျီးတယောက်ကို ရှင်းပြရမယ်ဆိုရင် တော်တော်ခက်မယ်ထင်၏။
စကားစပ်လို့ အာကာသထဲမှာ ဆွဲအားမဲ့လို့ အာကာသယဉ်မှူးလောင်တွေကို အလေ့အကျင့်ရအောင် ရေအောက်မီတာအတော်နက်တဲ့ ရေကူးကန်ထဲမှာ အာကာသဝတ်စုံတွေနဲ့ လေ့ကျင့်ပေးရတယ်။ ရေထဲသွားလာလှုပ်ရှားတာနဲ့ အာကာသထဲသွားပုံလာပုံ ဆင်တူလို့ပါ။ အခုလောက်ဆို ကျွန်းလေးကျွန်းသဘောကို လက်မခံနိုင်တောင် ပေါက်တတ်ကရလို့ ပြောတာထက် လက်တွေ့မြင်ခြင်းရဲ့ ပြည့်စုံမှုမရှိတဲ့သဘောကို ရိပ်စားမိလောက်မယ် ထင်ပါတယ်။
အဲဒါမှ တားမရလည်း သဂျီးရေ သောက် သောက်……
kai
March 19, 2011 at 10:15 pm
မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သိတာမသိတာ..လက်ခံတာမခံတာက ..သူ့အပိုင်း..ကိုယ့်အပိုင်းကတော့ .. အမှန်အတိုင်းဖြစ်နေတာကို အမှန်အတိုင်းသိလာတဲ့အခါမှာ … အမှန်အတိုင်းပြောပြဖို့ပါပဲ..။ နိုင်ငံရေးစကားဆိုရင်တော့.. နိုင်ငံရေးသမားရော.။ဘာသာရေးသမားရော..မီဒီယာသမားရော.. ကိုယ့်လူတွေအပေါ် ထရန်ပက်ရေစီ ရှိရမယ်ပေါ့..။
သိသိကြီးကို ..နှိုင်းပြုလိမ်ခြင်း မလုပ်ရဖူးပေါ့..။ 🙂
အဲဒီလို…အဲဒီလို..။ သီလလုံအောင်စောင့်တာပါ..။ 🙂
မိုက်ကယ်ဂျော်နီအောင်ပု
March 19, 2011 at 9:25 am
ဘယ်သူတွေ ဘာပြောကြပါစေဗျို ့
ခုလောလောဆယ်တော့
အန္တာတိက တိုက်မှာ ရေခဲတွေအရည်ပျော်ပြီး ကုန်းမြေတွေထွန်းကားနေတယ်ဆိုတော့
ဘယ်သူမှ မဦးခင် ကိုယ်က အလျှင်ဦးရအောင်
မြန်မြန်သွားပြီး ခြံကာထားမှ ဖြစ်မယ်
တော်နေ သစ်ပင်တွေ ပေါက်ပြီးကြီးလာရင်
တောပါခုတ်ရမှာဆိုတော့ လူငှားရရင်မချောင်ဘူးဗျို ့
အောင်ပုတို ့ အဘိုးတွေတုန်းကလည်း
တောင်ပေါ်ခြံတွေကို ဒီလိုဘဲ ခုတ်ထွင်ရှင်းလင်းပြီး
နောင်လာနောင်သားတွေတွက် ခြံမြေ အမွေတွေ ပေးခဲ့ကြတာဘဲဂလား
လောလောဆယ် ဆန်ခြောက်တင်းနဲ ့
ပီပါခွံ 10 လုံးရထားပြီ
အောင်နှစ် မိုးကုန်တာနဲ ့ပီပါဖောင်ဖွဲ ့ပြီးတော့ အန္တာတိက တိုက်ကို ရွက်လွှင့်တော့မယ်
လာမယ့်သက္ကရာဇ်တွေမှာ ခြံမြေ ဈေးတက်ဘို ့ရှိတယ်ဆိုတော့
ဘောလုံးကွင်း အကွက် ရှစ်ဆယ်စာလောက် တော့ မဖြစ်မနေ ခြံခတ်ထားရလိမ့်မယ်ဗျို ့
ရွာထဲက မြေကွက်လပ်ကြီးတွေ ဟုတ်ပါဘူး ယောင်လို ့..
အပျိုကြီးတွေ လိုက်ခြင်တော့ ဓာတ်ပုံပို ့ပေးပါ
လူရွေးပြီးခေါ်သွားမယ်
juttue.gyi
March 19, 2011 at 9:55 am
မိုက်တယ်ဗျာ ကိုအောင်ပုတို့ကတော့ ကျတော်လည်း လိုက်မယ်ဗျို့ သွားရင်ခေါ်အုန်းနော် ဟဲဟဲ။
hmee
March 19, 2011 at 2:58 pm
ကောင်းလိုက်တဲ့ ဆောင်းပါးလေး။ တကယ်ကို ဗဟုသုတ ရတာပါ။
nigimi77
March 20, 2011 at 4:03 pm
ငှက်ကြီးနဲ ့ကြောင်ကြီး ဘယ်ကြီးက ပိုပြီး အတ္တကြီးသလဲ ? ကျုပ်တော့ သဂျီးနဲ ့
လေသံ အတူတူပဲဗျို ့။