အန္တရာယ်တွေနဲ့ အပျက်အဆီးပုံကြားမှ ဂျပန်တွေရဲ့ တည်ကြည်ခိုင်မာတဲ့ စိတ်

mGMarch 20, 20111min791

သောကြာနေ့မှာ ဖြစ်ခဲ့တဲ့ ငလျင်နဲ့ ဆုနာမီ က ဂျပန် အရှေ့မြောက် ကမ်းရိုးတမ်း ကီလိုမီတာ ရာပေါင်းများစွာရဲ့ မြို့ရွာတွေကို အပျက်အဆီး အပိုင်းပိုင်းအစစနဲ့ ထားခဲ့ပြီး နောက် အခု ကြောက်မက်ဖွယ် နျူကလီးယား

ဘေးဆိုးကြီးကို ဂျပန်လူထု ထပ်ရင်ဆိုင်နေကြရသည်။

ဖူကီရှိမာ နျူကလီးယား စက်ရုံမှ တတိယမြောက် ဓာတ်ပေါင်းဖိုရဲ့ ရေဒီယိုသတိ္တကြွတွေ ပွင့်ထွက်ဖို့ တဲတဲဖြစ်နေသည်။ အဲဒီ ဓာတ်ပေါင်းဖိုကို ပိုင်တဲ့ တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ (Tepco) က ပင်လယ်ရေနဲ့ ဝိုင်းပက်ဖျန်း အအေးပေးဖို့ ကြိုးစားပေးမဲ့ အန္တရာယ်က ပိုနီးကပ်လာနေသည်။

သို့သော် ကြီးမားတဲ့ ကပ်ဘေးဆိုးတွေကြားမှာပဲ အပြုသဘောဆောင်တဲ့ မြင်ကွင်းတွေ တွေ့ကြရသည်။ ကြောက်မက်ဖွယ် အန္တရာယ်နဲ့ စိန်ခေါ်မှုတွေကို ဂျပန်အစိုးရ ဘယ်လို တုံ့ပြန်သလဲ။ ဂျပန်စစ်သားတွေ ဘယ်လို အလုပ်လုပ်ကြသလဲ။ အရှုံးပေးဖို့ မွေးလာတာမဟုတ်တဲ့ ဂျပန်လူထုတွေ ဘယ်လိုကြံကြံခံ တွန်းလှန်နေကြသလဲ။

၁၉၉၅ ကိုဘေး မြေငလျင်တုန်းက ဂျပန်အစိုးရ မပြတ်မသား ချီတုံချတုံ ဖြစ်ခဲ့သည်။ ယခုဖြစ်ရပ်မှာတော့ တပ်သား တစ်သိန်းငါးသောင်းကို အန္တရာယ်နဲ့ အပျက်အစီးပုံတွေကြားမှာ ရှာဖွေကယ်ဆယ်ရေးအတွက် အမြန်လွှတ်ခဲ့သည်။ ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်သွားတဲ့အတွက် လွယ်လွယ်ကူကူတော့ မဟုတ်။ ကယ်တင်ထားတဲ့ လူ ၄၅၀,၀၀ဝ အတွက် လေကြောင်းကနေ အစားအစာနဲ့ သောက်ရေ အမြန် ပို့ပေးနိုင်ခဲ့သည်။ ကိုဘေး ငလျင်တုန်းက လူ ၆၅၀ဝ ကျော် သေခဲ့ပေမဲ့ အခု ငလျင်ကြီးနဲ့ ဆူနာမီအောက်မှာ သေဆုံးသူ တစ်ထောင်မပြည့်။

ဂျပန်အတွက် အကြီးမားဆုံး စွမ်းအင်ထုတ်ပေးတဲ့ ဖူကူရှိမာ နျူကလီယား ဓာတ်ပေါင်းဖို အမှတ် (၁) က တနင်္လာနေ့အထိ ဆက်ဒုက္ခပေးပေမဲ့ အန္တရာယ်ကို အတော်အတန် ကိုင်တွယ်နိုင်ပုံရသည်။ ဒါပေမဲ့ တတိယ ဓာတ်ပေါင်းဖိုက အလားတူ ထပေါက်ပြန်သည်။ အခုထိတော့ ရေနွေးငွေ့ ဘွိုင်လာအိုးတွေ ပေါက်တာဖြစ်ပြီး ရေဒီယိုသတိ္တကြွ ဓာတ်ငွေ့တွေအထိ မရောက်သေး။

ဂျပန်မှာက ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာ မရှိတာမို့ နျူကလီယားစွမ်းအင် သုံးပုံတစ်ပုံကျော်ကို အသုံးပြုရသည်။ ယခု အကျပ်အတည်းကြောင့် နျူကလီးယား စွမ်းအင် ပေါ်လစီကို ပြန်စဉ်းစားဖို့ ဖြစ်လာသည်။ နျူကလီးယား စွမ်းအင်ကို အသုံးပြုရတဲ့ လျှပ်စစ်ရထားတွေ ကုန်ထုတ်စက်ရုံတွေရဲ့ ကိစ္စပါ စဉ်းစားလာရသည်။

ဝန်ကြီးချုပ် နာအိုတိုခန် က ဒုတိယကမ္ဘာစစ်အပြီး ၆၅ နှစ်အတွင်း အဆိုးရွားဆုံး ဘေးအန္တရာယ်ကို ရင်ဆိုင်နေကြရတယ်ဟု ဆိုသည်။ ရန်လိုတဲ့ အန္တရာယ် ကပ်ဘေးဆိုးတွေက ဂျပန်ပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်နေသည်။ ဆူပါ မားကက်တွေမှာ အစားအစာပြတ်ကုန်သည်။ မိုင်ချီ အိမ်ပြန်ရောက်ဖို့ ဓာတ်ဆီဆိုင်တွေမှာ ကားတွေ တန်းစီနေရ သည်။ ဓာတ်ရောင်ခြည် အန္တရာယ် ကာကွယ်ဖို့ အိုင်အိုဒင်းတွေ အလုအယက်ဝယ်တာကြောင့် ဆေးဆိုင်တွေမှာ ပြတ်ကုန်သည်။

သို့သော် လူထုက တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီနေကြသည်။ တိုကျိုမှ ဗော်လန်တီယာ အများအပြားက ကပ်ဘေးဒဏ် ခံရတဲ့ မြောက်ပိုင်းကို သွားရောက်ကူညီနေကြသည်။ အားလုံးက သတိရှိရှိဖြင့် နောက်ထပ် ရောက်လာမယ့် အိပ်မက်ဆိုးတွေ အတွက် ပြင်ဆင်နေကြသည်။ နျူကလီးယား အန္တရာယ် ထပ်လာမလား၊ ငလျင်ထပ်လှုပ်ဦး မလား။

မောက္ခ နိုင်ငံတကာသတင်း

(အထပ်ဖော်ပြပါ Post ကိုတော့ ကျွန်တော့ရဲ့မေးလ်ထဲကနေ ကူးယူတင်ပြခြင်းဖြစ်ပါသည်။)

One comment

  • moethidasoe

    March 21, 2011 at 4:39 am

    ဂျပန်အစိုးရရဲ့ သူတို့ပြည်သူပြည်သားတွေ အပေါ်မှာ တုန့်ပြန် ကယ်ဆယ်ကူညီတွေတာ တွေ့ရတော့ နာဂစ်မှာ ပစ်ပယ်ခံရတာ .. နိုင်ငံခြား အကူအညီကို ယူစရာ မလိုဘူးရယ်လို့ တစ်ယူသန်ခဲ့တဲ့လူတွေ .. နာဂစ်ထက် အခြေခံဥပဒေ အတည်ဖြစ်ဖို့ အရေးကြီးတယ်ရယ်လို့ ဆုံးဖြတ် လုပ်ဆောင်ခဲ့တဲ့လူတွေကို ယှဉ်ပြီး စဉ်းစားကြည့်တာ .. ရင်ထဲမှာ တစ်မျိုးကြီးပဲ ..
    အခုထိ NHK ကိုကြည့်နေတာ .. ပေါက်ကွဲတော့မယ့် ဆဲဆဲ ဓါတ်ပေါင်းဖိုကို ပြန်လည် ထိန်းသိမ်းနိုင်ဖို့ လုပ်သား ၁၈ဝ က အလုပ်ခွင် ပြန်ဝင်ကြတယ် ဆိုတာ နည်းတဲ့ သတ္တိမှ မဟုတ်တာ အဆင်မသင့်ရင် သေနိုင်တယ်လေ ..

Leave a Reply