မြန်မာတို့ရဲ့ စာအုပ်နီကလေး

introMarch 29, 20111min26915

အမိမြန်မာနိုင်ငံကို သံယောဇဉ် ကြီးလွန်းလို့၊ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်ရမှန်း သိပေမဲ့ ခုချိန်ထိ စာအုပ်နီလေးတွေကို မစွန့်လွှတ်နိုင်ရက်လို့၊ ဒီစာအုပ်နီကလေးကို တန်ဘိုးကြီးကြီး ပေးပြီး ကိုင်နေကြတဲ့သူတွေ အများကြီးပါ။ ကျောင်းသားတွေ၊ အလုပ်သမားတွေက အစ သံဃာတော်များ အဆုံး ဒီစာအုပ်နီလေးတွေကို ကိုင်ထားကြတာ အများကြီးပါ။

ဒီစာအုပ်တန်ဘိုးကလည်း သိကြတဲ့အတိုင်း သေးတာ မဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံကို အလည်အပတ်ပဲ ဖြစ်ဖြစ်၊ အကြောင်းကိစ္စတခုခုနဲ့ပဲ ဖြစ်ဖြစ် ပြန်တော့မယ် ဆိုရင် ဒီစာအုပ်ကလေးတွေက တန်ဘိုးရှိမှန်း သိလာလိမ့်မယ်။

ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ၊ ခွင့်နဲ့ပြန်ကြောင်း ထောက်ခံစာ၊ အလုပ် မလုပ်ကြောင်း ထောက်ခံစာ စသဖြင့် ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိဘူးတဲ့ ထောက်ခံစာ ယူဖို့ သံရုံးကို သွားရပါလိမ့်မယ်။ ဒီအခါမှာ သံရုံးကို နောက်ဆုံးအချိန်ထိ အခွန်ဆောင်ပြီး ဖြစ်ရပါမယ်။ ဒါကြောင့် အဲဒီအချိန်မှာ ဒီစာအုပ်နီလေးတွေ ဘယ်လောက် တန်ဘိုးရှိတယ်ဆိုတာ သိလာကြရတယ်။

ဒီကြားထဲမှာမှ ကိုယ့်စာအုပ်က သက်တမ်းကုန်နေပြီ ဆိုရင် သက်တမ်းတိုးဖို့ကိစ္စက ပိုက်ဆံ ထပ်ထွက်ရဦးမယ်။ ကျွန်တော် ပြောချင်တာက ငွေကုန်တာကို မဟုတ်ပါဘူး။ လုပ်နည်း လုပ်ဟန်တွေကိုပါ။

လောလောလတ်လတ် စာအုပ်က သက်တမ်း ကုန်တော့မှာမို့ သံရုံးကို အဲဒီကိစ္စအတွက် ရောက်ခဲ့ပါတယ်။ သံရုံးရဲ့ စီစဉ်ဆောင်ရွက်ပုံလေးတွေကို ကြည့်ကြရအောင်။

ပထမဆုံး ၁ ရက်က လျှောက်လွှာတင်ဘို့ ရက်ချိန်းယူရပါတယ်။ အဲဒီနေ့မှာ ဘာမှ လုပ်မပေးပါဘူး။ ရက်ချိန်းယူပြီး ပြန်ရုံပါပဲ။ ရက်ချိန်းပေးထားတဲ့နေ့မှာ မနက်ပိုင်းသွားပြီး စာရွက်စာတမ်းတွေကို စိစစ်ဖို့ တန်းစီပြီး တင်ရပါတယ်။

စာရွက်စာတမ်းတွေ စိစစ်ပြီးတော့ ဆက်ပြီး ငွေသွင်းဖို့နဲ့ ဆောင်ရွက်စရာတွေ လုပ်ပေးဘို့ ညနေပိုင်းမှာ တခေါက် ပြန်လာခိုင်းပါလိမ့်မယ်။ မနက်ပိုင်းကနေ ညနေ ၄ နာရီ လောက်အထိ အချိန်ဖြုန်းဘို့ စဉ်းစားထားဖို့ လိုပါတယ်။ အချိန်မဖြုန်းချင်ရင်တော့ လမ်းစားရိတ် အကုန်ခံ၊ အိမ်တခေါက် ပြန်ပြီး ညနေ အချိန်နီးမှ တခေါက်ပြန်လာဘို့ပဲ။

အလုပ်ကနေ မနက်ပိုင်း ခဏလောက် ပြောပြီး ထွက်လာဖို့တို့၊ နေ့ဝက်ခွင့်တင်ပြီး နေ့လယ် အလုပ်ပြန်သွားဖို့တော့ မစဉ်းစားနဲ့။ သံရုံးကလည်း အဲဒီကိစ္စ မစဉ်းစားဘူး။ အားလုံးကို အားနေတဲ့သူတွေလို့ပဲ ယူဆထားပုံရတယ်။ ညနေပိုင်း သွားတဲ့အခါကျတော့ မနက်က တွက်ထားပေးတဲ့ အခွန်ငွေကို ပေးပြီး ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုး စတဲ့ ကိစ္စတွေ လုပ်ရပါတယ်။

ဒီနေရာမှာလည်း အခွန်ငွေ ပေးဆောင်ပြီးကြောင်း စာရွက်ထုတ်ပေးရင်းနဲ့ အဲဒီစာရွက်ကို မိတ္ထူ ၁ စောင်ကူးပြီး ပတ်စ်ပို့ စာအုပ်သစ်အတွက် စာရွက်စာတမ်းတွေ တင်ရင် အတူ တင်ပေးဖို့ မှာပါတယ်။ ဒီတော့ စာရွက်ရတဲ့သူက ရုံးထဲမှာရှိတဲ့ ကော်ပီကူးစက်ကနေ မိတ္တူ ကူးကြရတာပေါ့။ ဒီလိုကူးတော့လည်း တချို့က မလုပ်တတ်လို့၊ တချို့ကျတော့လည်း အကြွေစေ့မရှိလို့ မေးရ၊ ရှာကြရနဲ့ အလုပ်များကြရပြန်ရော။ အဲဒါပြီးတော့ တခါ စာအုပ်သစ်လုပ်ဖို့ စာရွက်စာတမ်းတွေ စိစစ်ဖို့နဲ့ လက်ဗွေနှိပ်ဖို့ တခေါက် တန်းစီရပြန်ရော။

(ဒီနေရာမှာ စဉ်းစားမိတာက ဘာလို့ ဒီမိတ္တူကို သံရုံးက ကူးမပေးတာလဲ၊ အဲဒီလို ကူးပေးပြီး မိတ္တူကူးခကို ၅ဝါး (သို့) ၁ိ/- ယူရင်လည်း ပေးကြမှာပါပဲ။ ဘာဖြစ်လို့ လူတွေကို အလုပ်ရှုပ်အောင် ကူးခိုင်းရတာလဲ လို့။)

ဓာတ်ပုံရိုက်တုန်းက ပေးထားတဲ့ ဖြတ်ပိုင်းလေးပေါ်မှာ ဘယ်နေ့ စာအုပ်လာပြန်ရွေးရမယ်ဆိုတဲ့ နေ့စွဲကို ရေးပေးထားပါလိမ့်မယ်။ (အဲဒီဖြတ်ပိုင်းလေးက စာအုပ်သစ်ထုတ်ရင် ပြရမှာ တဲ့) အဲဒီနေ့မှာ စာအုပ်သစ် လာထုတ်ပေါ့။ အဲဒီလိုဆိုတော့ ငါ ဒီနေ့အဖို့ လာတဲ့ကိစ္စပြီးပြီ၊ အဲဒီနေ့ ကြိုက်တဲ့အချိန်ပြန်လာပြီး စာအုပ်ထုတ်ရုံပဲလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။

ခုန ပေးလိုက်တဲ့ ဖြတ်ပိုင်းလေးကို သေချာ ဖတ်ကြည့်လိုက်တော့မှ အဲဒီနေ့ မနက်ပိုင်းမှာ စာအုပ်ဟောင်း ပြန်လာအပ်ပြီး၊ ညနေပိုင်းမှာ စာအုပ်သစ် လာထုတ်ပါလို့ ရေးထားတာ တွေ့ရလိမ့်မယ်။ ဒီတော့မှ အဲဒီနေ့ကျရင်လည်း သံရုံးကို ၁ ရက်ထဲ ၂ ခေါက် သွားရဦးမှာပါလားလို့ သဘောပေါက်သွားလိမ့်မယ်။ သံရုံးက သူ့နိုင်ငံသားတွေကို မကြာမကြာ တွေ့ချင်ပုံရတယ်။ အခွန်ထမ်းတွေမှာ ဒီတနေ့လုံး သံရုံးကို မနက်တခေါက် ညနေတခေါက် အခေါက်ခေါက်လာရလို့ ဒုက္ခ များကြမှာပဲ၊ တခေါက်ထဲနဲ့ အဆင်ပြေအောင် ဘယ်လို လုပ်ပေးရမလဲလို့ မစဉ်းစားမိကြဘူးလား မသိဘူး။ အေးလေ၊ ဒါက သူတို့ကိစ္စမှ မဟုတ်တာ။ ပြောမှာပေါ့။ အဆင်ပြေအောင် အဲဒီလို မလာချင်ရင် ပွဲစားတွေနဲ့ လုပ်ခွင့်ပေးထားသားပဲလို့။

သံရုံးရဲ့ အခက်အခဲတွေကြီးပဲ ပြောပြီး ကောင်းတာလေးတွေလည်း ပြောမှတရားမှာပေါ့။ သံရုံးမှာ လက်ရှိ ရှေ့ကကောင်တာတွေမှာ ထိုင်တဲ့ ဝန်ထမ်းတွေကတော့ အရင်ဝန်ထမ်းတွေနဲ့မတူ၊ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ ဆက်ဆံတာကတော့ သံရုံးရဲ့ တိုးတက်မှုတခုပါပဲ။

နောက်တခု ကြားသိခဲ့ရတဲ့ သတင်းကလည်း နတ်လူ သာဓုခေါ်ရမှာပါပဲ။ စလုံးမှာ အခွန်ဆောင်နေတဲ့သူတွေ အသက် ၆ဝ နှစ်ကျော်ရင် အခွန် ကင်းလွတ်ခွင့်ပြုပါတယ် တဲ့။

ပါတ်စ်ပို့စာအုပ်သစ် ထုတ်ယူရမည့်အစီအစဉ်

အစီအစဉ်ကတော့ အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း မနက်ဖက်တခေါက် စာအုပ်ဟောင်း လာအပ်၊ ညနေတခေါက် စာအုပ်သစ် လာထုတ်ပေါ့။

အဲဒီမှာ ပြောစရာလေးတွေ ထပ်ကြုံရပြန်ရော။ ဒီမှာ တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ၃ နှစ်က စာအုပ်သက်တမ်း တိုးတုန်းမှာ ကြုံခဲ့ရတဲ့ အဖြစ်ကလေးပါ။ အဲဒီတုန်းက သံရုံးက အခုလက်ရှိ အဖွဲ့မဟုတ်ဘူး။ အရင်အဖွဲ့ပါ။ အဲဒီတုန်းက သံရုံးမှာ ရှေ့ပိုင်းက လုပ်စရာတွေပေးစရာတွေ ပေးပြီးလို့ စာအုပ်ထုတ်ဖို့ ရက်ချိန်းလိုက်ပါတယ်။ မှတ်မှတ်ရရ အဲဒါသောကြာနေ့ပါ။

အဲဒီတုန်းက ကောင်တာမှာ တာဝန်ကျတဲ့ ခပ်ဝဝ အမျိုးသမီးက အဲဒီနေ့မှာ မနက်ပိုင်းက သံရုံးမှာ အလုပ်များတတ်လို့ နေ့လယ်ဘက်မှ လာရွေးဘို့ သေချာမှာလိုက်တယ်။ အဲဒီနေ့ နေ့လယ်ပိုင်း စာအုပ်ထုတ်ဖို့ သွားတော့ သံရုံးလည်း ရောက်ရော သံရုံးက သံတံခါးကြီးက ပိတ်ထားပြီး၊ စာ ကပ်ထားတယ်။ အဲဒီနေ့ သောကြာက စပြီး ကောင်စစ် အလုပ်တွေကို သောကြာနေ့လည်ပိုင်းမှာ ဆောင်ရွက်ပေးမှာ မဟုတ်ဘူး ဆိုပြီး ရေးထားတယ်။

တကယ်ဆိုရင် အဲဒီနေ့က နေ့လယ်ပိုင်းလာဖို့ သူတို့ ချိန်းထားတဲ့ သူတွေကိုတော့ ကြိုတင် အကြောင်းမကြားနိုင်တောင် ဘယ်နေ့ထပ်လာကြပါ ဆိုတဲ့အကြောင်းလေးတော့ စာလေး ကပ်ထားပြီး အသိပေးမထားသင့်ဘူးလားဗျာ။

ခုတော့ အလုပ်ထဲကနေ ဒီအကြောင်းပြချက်နဲ့ ထွက်လာခဲ့ပြီး၊ ဒီရောက်တော့ စာအုပ်လည်း မရ၊ ဘယ်တော့ပြန်လာရမယ် ဆိုတာလည်း မသိရနဲ့ ဘယ်လောက် စိတ်တိုစရာ ကောင်းသလဲ စဉ်းစားကြည့်ကြပါ။

နောက်ပိုင်း သတင်းကြားရတာက၊ အဲဒီအချိန်က စာမေးပွဲအချိန် ဖြစ်နေလို့ သံရုံးဝန်ထမ်းတွေက စာမေးပွဲစောင့်ဖို့ သွားကြရလို့ ဆိုတာပဲ။

ဒီတခါတော့ တနေ့ကို ၂ ခေါက်လာရတာကလွဲရင် လုပ်ထားတဲ့ အစီအစဉ်က သိပ်မဆိုးလှတော့ ချိန်းတဲ့နေ့ကျရင်တော့ စာအုပ်ရမှာပဲလို့ တွေးထားမိတာ၊ အဲဒီနေ့ မနက် စာအုပ်အပ်ဘို့ သွားတဲ့အခါမှပဲ မှားပါတယ်လို့ သိလိုက်ရတယ်။

စာအုပ်လာအပ်ကျတဲ့အခါကျတော့ တဦးချင်း သူတို့စာရင်းတွေနဲ့ တိုက်ပြီး စစ်ဆေးရသေးတယ်။ အစက စာအုပ်ပြန်အပ်ပြီး ကိစ္စပြီးပြီ မကြာဘူးလို့ ထင်ထားတာအခုတော့ စစ်ဆေးနေတာစောင့်ရုံပေါ့။

ကိုယ့်အလှည့်လည်းရောက်ရော စာရွက်စာတမ်းတွေ ပြန်စစ်ဆေးပြီးတော့ စာအုပ်မလောက်လို့ WP,EP,SPass တွေကို ဦးစားပေးရလို့ ဒီနေ့မရနိုင်ဘူးလို့ ပြန်ပြောတယ်။ ဘယ်လောက် ကျွဲမြီးတိုသွားမယ်ဆိုတာ ကိုယ်ချင်းစာကြည့်မိကြမှာပါ။

ဒါကြောင့် ဒီနေ့လာပါ ဆိုတာ သံရုံးက ချိန်းတာပါ၊ ကိုယ့်ဘက်က ဘယ်နေ့ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုထားတာမဟုတ်ဘဲနဲ့ ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ စောဒက တက်ကြည့်တော့ ကောင်တာက ဝန်ထမ်းက သူတို့ နောက်ထပ်ရက် ချိန်းပေးပါ့မယ်၊ အဲဒါသဘောမတူရင် လူကြီးနဲ့ တွေ့ပြီး ပြောပါလို့ ပြောပါတယ်။

အစကတော့ တော်တော် စိတ်တိုသွားခဲ့ပေမဲ့ နောက်တော့ ပြန်စဉ်းစားကြည့်တော့ သူလည်း ဝန်ထမ်း ဆိုတော့ အထက်က ပြောတဲ့အတိုင်း လုပ်ရတာပဲလေ။ သူနဲ့ ရန်ဖြစ်နေလည်း အကြောင်းထူးမှာ မဟုတ်ဘူးဆိုပြီး ပေးတဲ့ရက်ချိန်းကို ယူပြီးတော့ အဲဒီနေ့တော့ ရမှာပါနော်လို့ သေချာအောင် မေးရသေးတယ်။ မေးသာ မေးတာ၊ အဲဒီနေ့ကျမှ မရသေးဘူး ဆိုလည်း စိတ်တိုရမှာကလွဲပြီး ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။

ဒီမှာလည်း စဉ်းစားကြည့်ကြရအောင်။ သံရုံးက ဒီနေ့လာပါလို့ ချိန်းထားပြီး၊ အဲဒီနေ့မှာ မဆောင်ရွက်ပေးနိုင်မှန်းသိရင် အဲဒီသူကို ကြိုတင် အကြောင်းမကြားသင့်ဘူးလား။ ဒါဆို အချိန်ကုန်၊ အလုပ်ပျက်ခံ၊ လမ်းစားရိတ် ကုန်ခံရမဲ့ ဒုက္ခ မငြိမ်းဘူးလား။ အခုတော့ အခွန်ထမ်းတွေကို အမြဲတမ်း အားနေတဲ့လူတွေလို့ သဘောထားလို့လား။ ဒါမှမဟုတ် ဒါ သူတို့ပြဿနာ ငါတို့နဲ့မဆိုင်ဘူးလို့ပဲ သဘောထားလို့လား။ နောက်တခေါက် ချိန်းတဲ့ရက်က အရင်ရက်ထက် ၃ ပတ်လောက် ကွာပါတယ်။

တကယ်တော့ ကျွန်တော့ ပတ်စ်ပို့ သက်တမ်းက ကုန်လုနေပါပြီ။ ဒါကို ဘာပြောလဲ ဆိုတော့၊ ဒီရက်မှာ ခရီးသွားစရာမရှိဘူး မဟုတ်လား၊ PR က သက်တမ်းကျော်သွားလဲ ကိစ္စမရှိပါဘူး တဲ့။ ခရီးထွက်တာ မထွက်တာက ဘယ်လို သေချာပေါက်ပြောမလဲ။ ဒီကြားထဲ အရေးပေါ် ခရီးထွက်ဖို့ ကြုံလာရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ဒါတွေ လျှောက်ရှည်နေရင် ကိုယ်ပဲ ပို စိတ်တိုရ၊ ဒေါသ ထွက်ရဖြစ်မှာမို့ နောင်ခါလာနောင်ခါဈေးပဲ ဆိုပြီး ချိန်းတဲ့ရက်ပဲ ယူလာခဲ့တော့တယ်။

ချိန်းတဲ့နေ့ ရောက်ခါနီးတော့မှ သတိထားမိတာက အဲဒီနေ့ ၁ဝ တန်း စာမေးပွဲတွေ စစ်တဲ့အချိန် ဖြစ်နေတယ်။ ဒီတော့ လွန်ခဲ့တဲ့ ၃ နှစ်က အတွေ့အကြုံကို သတိရမိပြီး အခုတခေါက်ရော ဒီလိုများ ကြုံရဦးမှာလားလို့ တွေးပူမိတယ်။

ချိန်းတဲ့နေ့ရောက်လို့ ခပ်လန့်လန့်နဲ့ပဲ မနက်ပိုင်း စာအုပ်သွားအပ်တော့၊ ညနေ ၅ ကျော်မှာ ပြန်လာပြီး စာအုပ်ထုတ်ဖို့ ပြောတယ်။ ဒီတော့မှ ဒီနေ့တော့ သေချာပြီလို့ စိတ်အေးရတော့တယ်။ ညနေ စာအုပ်ထုတ်ပေးတော့ ၅ နာရီခွဲ လောက်ရှိနေပါပြီ။ သံရုံးမှာ လူတွေကတော့ မစဲသေးပါဘူး။ သံရုံးဝန်ထမ်းတွေလည်း တော်တော် အလုပ် လုပ်ကြရပါတယ်။ ကျွန်တော်ပြန်တဲ့ အချိန် ၆ နာရီလောက်အထိ အလုပ်များနေကြတုန်းပဲ။

စာအုပ်တွေ ပြန်ပေးတော့ နာမည်ခေါ်ပြီး ပေးပါတယ်။ ကိုယ်ကတော့ ငါ့နာမည်ခေါ်ပြီး စာအုပ်ရရင် ပြန်လို့ရပြီလို့ ထင်နေတာ၊ ရှေ့က မိန်းကလေးတယောက် စာအုပ်ရပြီးမှ ပြန်တန်းစီနေတာ တွေ့တော့ မေးကြည့်မိတယ်။ အဲဒီတော့မှ register စာအုပ်ထဲမှာ ဖြည့်ဖို့ တန်းစီရတာလို့ သိရတယ်။

ဒီတော့ စာအုပ်ထုတ်ပြီးတော့ အဲဒါလုပ်ဖို့ တခါ တန်းစီရပြန်တာပေါ့။ အဲဒီ register စာအုပ်ထဲမှာ ဘာတွေ ဖြည့်ရသလဲဆိုတော့ နာမည်၊ PP အဟောင်းနံပါတ်၊ PP အသစ်နံပါတ်၊ ဒါပါပဲ။ ဒီတခါလည်း ပြောစရာက တွေ့ပြန်ရော။ ဒီအချက်အလက်တွေကို Database ထဲမှာ မှတ်မထားဘူးလား။ အခုစာအုပ်ထဲမှာပဲ မှတ်တယ်ဆိုရင် ပြန်ရှာချင်ရင် ဘယ်လိုရှာမလဲ။

နာမည်တွေ နံပါတ်တွေ ရေးထည့်ထားတာ အက္ခရာစဉ်လိုက်လည်း မဟုတ်၊ နံပါတ်စဉ်လိုက်လည်း မဟုတ် ဘယ်လိုရှာကြမလဲ။ နောက်မှ ဒါ ငါ့ပြဿနာမှမဟုတ်တာ ဆိုပြီး ခေါင်းရှုပ်ခံမနေတော့ဘဲ ကိုယ့်စာအုပ်ကလေး ကိုယ်ယူပြီး ပြန်ခဲ့ပါတော့တယ်။

သံရုံးက အခွန်ငွေတွေ တိုးတက် ပွားများလာသလို အခွန်ထမ်းတွေ အတွက်လည်း ဒီထက် လွယ်ကူချောမွေ့တဲ့၊ ပိုမိုသက်သာ ကောင်းမွန်တဲ့ အစီအစဉ်တွေု ဆောင်ရွက်ပေးနိုင်ကြပါစေ။ PP သက်တမ်းကိုလည်း နိုင်ငံတကာစံနှုန်းအတိုင်း ၁ဝ နှစ်လောက်ထိ တိုးပြီး ပေးနိုင်ပါစေ။

Credit: Forward Mail

15 comments

  • လင်းဝေကျော်

    March 29, 2011 at 10:04 am

    ၁။ စာအုပ်သက်တမ်းကို ၁ဝနှစ်တိုးပေးလိုက်ရင် သေးတောင် လှည့်ပေါက်ဖော်ရမှာမဟုတ်ဘူး။
    ဒီတော့ စာအုပ်လုပ်တာနဲ့ စားနေရတဲ့ ဝန်ထမ်းတွေ ဝင်ငွေနည်းသွားမှာပေါ့။ ကိုယ်ချင်းစာပါ။
    ၂။ ဒီလို တိကျတဲ့ လုပ်ထုံးလုပ်နည်းတွေ ချို့တဲ့နွမ်းပါးပြီး ငထုံလဒူ 6 Sigma နည်းနဲ့သွားနေတာ ဒီနေရာ
    မှာတင်မဟုတ်ဘူး။ သည်းခံ စကားမများနဲ့။ အားလုံးသည်းခံနေတာကို ထပြီး စိတ်တိုရင် အရူးပဲ။
    ၃။ အခွန်ထမ်းပြည်သူဆိုတာ ဘာလဲ။ နွားလား ကျွဲလား လို့ အဲဒီ အစိုးရဝန်ထမ်း(ပြည်သူ့ဝန်ထမ်းမဟုတ်)
    တွေကို မေးကြည့်ဖူးလား။
    ၄။ နောင်ကို သူလည်း ဝန်ထမ်းပဲဆိုပြီး နားလည်ပေးရင် အဲဒီ လုပ်ထုံးလုပ်နည်းတွေကို လုပ်ပြီး ချပေးနေတာ
    လည်း ဝန်ထမ်းတွေပဲမို့ အားလုံးကို နားလည်ပေးပါ။ ကွက်ပြီး နားမလည်နဲ့။
    ၅။ တာဝန်ယူမှု Accountablity ဆိုတာကို ဝီကီပေါ်ကနေကူးပြီး ဘာသာပြန်လို့ အဲဒီဝန်ထမ်းတွေကို အစ်မကြီး ဖတ်ဖို့ ညီလေးဖတ်ဖို့ ဆိုပြီးပေးခဲ့ရတယ်။ အရှက်တရားဆိုတာဘာလဲ၊ တာဝန်ယူမှုကင်းမဲ့ရင်လည်း ရှက်စရာလို့ပါ ပြောပြဆုံးမခဲ့ပါ။

  • bigcat

    March 30, 2011 at 1:26 am

    (ဒီနေရာမှာ စဉ်းစားမိတာက ဘာလို့ ဒီမိတ္တူကို သံရုံးက ကူးမပေးတာလဲ၊ အဲဒီလို ကူးပေးပြီး မိတ္တူကူးခကို ၅ဝါး (သို့) ၁ိ/- ယူရင်လည်း ပေးကြမှာပါပဲ။ ဘာဖြစ်လို့ လူတွေကို အလုပ်ရှုပ်အောင် ကူးခိုင်းရတာလဲ လို့။)
    အထက်က စာသားကို သံရုံးအရာရှိဖတ်ပြီး ဒီလောက်တန်ဖိုးရှိတဲ့စာအုပ်ကို မိတ္တူကူးခ ၂ဝိ/- ၃ဝိ/- ဘာကြောင့် မေတောင်းရမှာလည်းလို့ ကြွေးကြော်နေတယ်။

  • MaMa

    March 30, 2011 at 3:40 am

    စင်္ကာပူသွားလည်ရင်းနဲ့ တကမာ္ဘလုံးမှာ မြန်မာစာအုပ်နီလေးက Visa မကာအို တစ်နိုင်ငံပဲရှိတယ်ဆိုလို့ သွားလည်တယ်။ လေယာဉ်တစ်စီးလုံးက လူတွေထွက်သွားပြီ။ စာအုပ်နီလေးနှစ်ယောက်ပဲ လေယာဉ်ကွင်းထဲမှာ ညအိပ်ရမယ့်အဖြစ်မျိုး ကြုံခဲ့ဘူးတယ်။

  • MaMa

    March 30, 2011 at 3:45 am

    စာရေးတာလိုသွားလို့ (စာအုပ်နီလေးက Visa မလိုတာ တစ်ကမာ္ဘလုံးမှာ မကာအို တစ်နိုင်ငံပဲ ရှိတယ်) လို့ ပြင်ဖတ်ပေးကြပါ။

  • rabbit

    March 30, 2011 at 4:27 am

    လေဆိပ်တွေမှာဆိုလည်း စာအုပ်နီဆိုရင် နှိမ်ကြတယ် 🙁

  • etone

    March 30, 2011 at 5:18 am

    ဟွန့်… ဒါကြောင့် အီးတုံးတောင် စာအုပ်ထုတ်ရေး မထုတ်ရေး စဉ်းစားတာ တစ်နှစ်ကျော်သွားတယ် … ဟီးဟီး … process တွေ အကုန်ပြီးပီ … 17/ 19 လုပ်ရမှာ ပျင်းတာရယ်… လဝကရုံးသွားရမှာ ပျင်းတာရယ်နဲ့ ဖင်ရွှေ့ ခေါင်းရွှေ့လုပ်နေတာ … သတ်မှတ်ရက်ထက် 1 နှစ် တောင် ကျော်ပီ … အရေးတကြီး ထွက်ဖို့ကလည်း cancle ဖြစ်တော့… အေးဆေး မထုတ်ပဲ ထားသေးတယ် 😀

  • nigimi77

    March 30, 2011 at 5:50 am

    အီးတုံး အရေးတကြီး ထွက်စရာရှိရင် ကြိုပြောနော်။

    • etone

      March 30, 2011 at 10:18 am

      အရေးတကြီး ဘယ်တော့မှ မထွက်ဘူးမှတ် … စိတ်ချလက်ချမှ ထွက်မယ် 😀 😀

  • zaw min

    March 30, 2011 at 8:15 am

    သံရုံးဝန်ထမ်းဆိုတာ မြန်မာပြည်ကလာတဲ့ ဝန်ထမ်းတွေပဲလေ….သည်းခံလော့…သည်းခံလော့…

  • PEACEMAKER

    March 30, 2011 at 11:38 am

    စာရေးတာလိုသွားလို့ (စာအုပ်နီလေးက Visa မလိုတာ တစ်ကမာ္ဘလုံးမှာ မကာအို တစ်နိုင်ငံပဲ ရှိတယ်) လို့ ပြင်ဖတ်ပေးကြပါ။

    အဲဒါမဟုတ်ပါဘူး။ မြန်မာနိုင်ငံကလူ ဖိလစ်ပင်းကိုသွားရင် ဗီဇာမလိုပါဘူး။ တစ်ခြား ကိုယ်မသိသေးတဲ့နိုင်ငံတွေလည်း ရှိဦးမလားပဲ။

  • nozomi

    March 30, 2011 at 11:43 am

    လစ်ဗျား၊အာဖဂန်နစ္စတန်၊အီရတ် နိုင်ငံတွေကလည်း ၆ လဗီဇာကင်းလွတ်ခွင့် ပြုထားပါတယ် း) း)

  • intro

    March 30, 2011 at 12:04 pm

    မြန်မာက သွားရင် ဗီဇာမလိုတဲ့ နိုင်ငံလေးတွေ တတ်နိုင်သလောက် ပြောပြပေးကြပါဦးဗျာ…

    • kai

      March 30, 2011 at 4:34 pm

      ၁) နတ်ပြည်
      ၂) ငရဲပြည်
      ၃) ၃၁ဘုံမှ ကျန်ဘုံများ..

      အဲဒါတွေက.. မြန်မာတွေကပြောတာပဲ.. မြန်မာတွေသွားရင်ဗီဇာမလိုဘူးတဲ့..။

  • nature

    March 30, 2011 at 3:09 pm

    ပိုမိုသက်သာကောင်မွန်မြန်ဆန်တဲ့ အစီအစဉ်တွေ ဖြစ်လာဘို့ တန်းစီတိုးစားတဲ့စနစ်ကြီးပပျောက်ဖို့အအတွက် လွှတ်တော်မှာ တင်ပြီးဆွေးနွေးကြည့်ပါလား၊ ဒီမိုကရေစီရနေပြီဘဲ။

  • windtalker

    June 4, 2011 at 5:44 am

    mg ထဲ က ရွာသူ ရွာသား တွေ ထဲ မှာ ဆိုင်ရာ ဌာန များမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများ ရှိခဲ့မယ် ဆိုရင်
    mg ရွာသူရွာသား အချင်းချင်း ကူညီပေးလိုက်ရင် ပို မလွယ်ဘူးလား ဗျို ့

Leave a Reply