ရတနာ (၃)

ashinindakaMarch 28, 20111min1672

နံပါတ် (၃) ခုမြောက်ကတော့
ဘုရားရှင်ရဲ့ တရားတော်တွေကို ဟောပြပေးနေပေမဲ့
နားလည်သဘောပေါက်တဲ့သူကိုလည်း တွေ့ရခဲတယ်တဲ့။
ဟုတ်တယ်။
တခါတရံ ဘုန်းကြီးက တရားဟောပလ္လင်ပေါ်ကနေပြီး
အာပေါင်းအာရင်းသန်သန်နဲ့ ဟောကြားပေးနေပေမဲ့
တရားနာပရိသတ်ထဲက နားလည်တဲ့သူ နည်းတယ်။
ဘုန်းကြီးက သတည်း… ဆိုပြီး အသံရှည်စွဲလိုက်လို့သာ
သာဓုခေါ်လိုက်ရတယ်။ ဘာပြောသွားမှန်း ဘာဟောသွားမှန်း မသိလိုက်ဘူး။
တရားနာပရိသတ်ထောင်ချီရှိပေမဲ့ ဘုန်းကြီးဟောသွားတဲ့တရားတော်ကို
နားလည်တဲ့သူက ဆယ်ဂဏန်း၊ အလွန်ဆုံးရှိလှ ရာဂဏန်းလောက်ပဲ ရှိမယ်။
တချို့က လူကသာ တရားဟောမဏ္ဍပ် (ဓမ္မာရုံ) ထဲရောက်နေတာ၊
စိတ်က အိမ်ပြန်ရောက်ချင်ရောက်နေကြတာ။
ဒီလိုစိတ်တွေက ပျံ့လွှင့်နေတော့ ဘုန်းကြီးဟောလိုက်တဲ့တရားတော်ကို
အပြည့်အဝ နားမလည်တော့ဘူးပေါ့။
ဒါ့ကြောင့် တရားတော်ကို နားလည်တဲ့သူကလည်း တွေ့ရခဲတယ်တဲ့။
ဒါက အပေါ်ယံနားလည်မှုကိုပြောတာပါ။
ဒီထက်နက်နက်နဲနဲပြောရရင်တော့
မိမိတို့ရဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေရဲ့
မမြဲမှု အနိစ္စ၊ ဆင်းရဲမှု ဒုက္ခ၊ အစိုးမရမှု အနတ္တသဘောဆိုတဲ့
လက္ခဏာရေးသုံးမျိုးကို သိတဲ့သူ နားလည်တဲ့သူ တွေ့ရခဲတယ်ပေါ။
ထား။

နံပါတ် (၄) က တရားတော်တွေကို ဟောပြပေးမည့်သူလည်း ရှိတယ်။
ဟောလည်း ဟောပြပေးတယ်။
တရားနာတဲ့သူက နားလည်း နားလည်တယ်။ သိလည်း သိတယ်။
သို့တစေ
နားလည်တဲ့အတိုင်း သိတဲ့အတိုင်း
လိုက်နာကျင့်သုံးတဲ့သူကိုလည်း ဒီလောကကြီးထဲမှာ တွေ့ရခဲတယ်တဲ့။
ဟုတ်တယ်။
တချို့ နားလည်ကြပါတယ်၊ သိကြပါတယ်။
နားလည်တဲ့အတိုင်း သိတဲ့အတိုင်း လိုက်နာကျင့်သုံးမှုတော့ မရှိကြဘူး။
ဗုဒ္ဓစာပေမှာ ဒီလိုလာပါတယ်။
(၁) သူတစ်ပါး အသက်ကို သတ်ဖြတ်ခဲ့သူများသည် အသက်တိုခြင်း ၊
(၂) သူတစ်ပါးကို နှိပ်စက် ညှဉ်းဆဲခဲ့သူများသည် ရောဂါများ ဖြစ်တတ်ခြင်း ၊
(၃) ဒေါသအမျက် ကြီးသူများသည် ရုပ်ဆိုးအကျည်းတန်ခြင်း ၊
(၄) မိမိထက် စည်းစိမ်ဥစ္စာ ရာထူး စသည် သာသူများအပေါ် မနာလိုစိတ် မွေးကြသူများသည် ချစ်ခင် နှစ်သက်ဝန်းရံသူ အခြွေအရံ မရှိနည်းပါးခြင်း၊
(၅) ပစ္စည်းဥစ္စာများကို တွန့်တိုနှမျောသဖြင့်
စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း မပြုခဲ့သူများသည် ဆင်းရဲချို့တဲ့ခြင်း ၊
(၆) မာနကြီးပြီး ဂါရဝတရား (ရိုသေထိုက်သူကို ရိုသေခြင်း) ၊
နိဝါတ တရား (မိမိကိုယ်ကို နှိမ့်ချခြင်း) မရှိသူများသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရခြင်း ၊
(၇) မိမိ မသိမတတ်သည်များကို ပညာရှိများထံ ချဉ်းကပ်မေးမြန်း၍ ဘဝအဆက်ဆက်
ပညာပါရမီ ဖြည့်ဆည်းခဲ့ခြင်း မရှိသူများသည် ဉာဏ်ထိုင်း အသိပညာနည်းခြင်း ဖြစ်တတ်တယ်တဲ့။
ဒီသဘောတွေကို ဘုန်းကြီးတွေ ပြောပြ ဟောပြလေ့ရှိပါတယ်။
လူတွေကလည်း နာယူမှတ်သားလေ့ ရှိပါတယ်။
နားလည်း လည်ကြပါတယ်။
ဒါပေမဲ့
ခန္ဓာကိုယ်ပေါ် ခြင်လားနား ရိုက်လိုက်တာပဲ။
အရက်ဝိုင်းတွေ့ သောက်လိုက်တာပဲ။
ဖဲဝိုင်းတွေ့ ရိုက်လိုက်တာပဲ။
နားလည်ပေမဲ့ သိပေမဲ့ မလိုက်နာ မကျင့်သုံးကြဘူး။
ဒါ့ကြောင့် နားလည်ပေမဲ့ သိပေမဲ့ နားလည်သည့်အတိုင်း သိသည့်အတိုင်း
လိုက်နာကျင့်သုံးတဲ့သူကို တွေ့ရခဲတယ်လို့ ဘုရားရှင်က ဟောကြားခဲ့တာပါ။
နားလည်သည့်အတိုင်း လိုက်နာကျင့်သုံးတဲ့သူ ရှားတယ်လို့ ဆိုလိုတယ်ပေါ့။

2 comments

  • ငှက်ကြီး

    March 28, 2011 at 2:04 pm

    အသိခေါက်ခက် အဝင်နက်….တွေပါဘုရား။
    ပိုးဖလံမျိုး မီးကိုတိုး…ဆိုသလို မိုက်နေကြဆဲပါပဲဘုရား။

  • nature

    March 28, 2011 at 2:27 pm

    ပုထုဇဉ်တွေဟာ အသိနှင့်အကျင့်တထပ်တည်းမကျနိုင်ပါဘုရား။

Leave a Reply