“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-၃) (ရေပက်ခံထွက်လို့ မဏ္ဍပ်လည်)
“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-၃)
(ရေပက်ခံထွက်လို့ မဏ္ဍပ်လည်)
“ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်ဟောတရုံဟောနှစ်ရုံပန်းမျုးိစုံတဲ့အပြင်……………………………”
(
တကယ်ပြောရရင် မန်းသင်္ကြန်ဆိုတာက နေ့မှာအရသာတမျိုး
ညမှာအရသာတမျုးိ မတူညီတဲ့ အရသာနှစ်မျိုးကို ခံစားလို့ရတဲ့သင်္ကြန်ပါ။
နေ့မှာရေပက်ကြ ရေကစားကြနဲ့ ညရောက်ပြန်တော့ အလှပြသင်္ကြန်ကားတွေ အကမဏ္ဍပ်တွေနဲ့ သံချပ်တိုင်မယ့်ကားတွေနောက်လိုက်ကြည့်ကြဘို့ပေါ့။
နေ့မှာ ရေပက်မယ် ညမှာအကအလှတွေလိုက်ကြည့်မယ် ဆိုတာမျိုးပါ။
တကယ်တမ်းပြောကြစို့ဆိုရင် မတ်ချ်လ လယ် ရောက်ပြီဆိုတာနဲ့ မန္တလေးမြို့မှာ
သင်္ကြန်အငွေ့အသက်တွေကြွလာပြီး သင်္ကြန်က အသက်စဝင်လာပါတယ်။
ဒီအချိန်ရောက်ပြီဆိုတာနဲ့သင်္ကြန်အတွက် စတင်လို့လှုပ်ယှားကြ ပြင်ဆင်ကြတယ်ဆိုတာကလဲ မန်းလေးတစ်မြု့ိလုံးပါဘဲ။
နန်းရှေ့၊မြောက်ပြင်၊တောင်ပြင်၊ဘုရားကြီးတဝိုက်၊ဈေးချိုတစ်ဝိုက်၊ဘူတာကြီးပါတ်ဝန်းကျင်၊ဆိုင်းတန်း၊ဒါးတန်း၊
အောင်နန်းအရှေ့အနောက်၊မျက်ပါးရပ်၊ပြည်ကြီးကျက်သရေ၊ပုလဲငွေရောင်၊မေဃဂီရိ၊မောရဂီဝါ၊
ပွဲကုန်း၊84လမ်းတစ်လျှောက်၊26ဘီလမ်းအောက်ခြမ်း ၊ကျုံးအနောက်ဘက်ခြမ်းနဲ့တောင်ဘက်ခြမ်း
မန်းလေးမြို့အနှံ့ မဏ္ဍပ်တွေဆောက်ကြတာလဲ တကယ်ကိုအများကြီးပါဘဲ။
အရင်ဆုံးစတာကတော့ မဏ္ဍပ်နေရာရွေးကြပါတယ်။
နေရာရပြီဆိုတာနဲ့ ပေပါခွံတွေချ၊သစ်သားတွေချ ဝါးလုံးတွေချ ပြီး မဏ္ဍပ်စဆောက်ကြပါတော့တယ်။
မဏ္ဍပ်အကြမ်းထည်ပြီးရင် မဏ္ဍပ်အလှဆင်တဲ့ပန်းချီဆရာတွေကို မဏ္ဍပ်မှာပန်းချီဒီဇိုင်းတွေဆွဲဘို့အပ်ပါတော့တယ်။
ကျွန်တော်တို့ကလဲ ညနေစောင်းရောက်တာနဲ့စက်ဘီးကိုယ်စီနဲ့မြို့ပါတ်လို့ သင်္ကြန်သတင်းထောက်လုပ်ပါတော့တယ်။
တနေ့နေ့မြို့ပါတ်လို့ မပြီးသေးတဲ့ မဏ္ဍပ်က ပန်းချီတွေ ဒီဇို်င်းတွေကို ဘယ်လိုအလှဆင်နေတယ်ဆိုတာကို လိုက်ကြည့်ရတာအမောပါဘဲ။
ဒီအရပ်ကမဏ္ဍပ်ကတော့ ပန်းချီဆရာဘယ်သူ ဟို အရပ်ကတော့ပန်းချီဆရာ ဘယ်ဝါဆိုတာကိုစပ်စုရင်း
မသိမမြင်ရသေးတဲ့လူတွေကို လိုက်ကြွယ်ပါတယ်။
သင်္ကြန်ရောက်တာနဲ့ မန်းလေးမြို့က ပိုစတာဆွဲတဲ့ပန်းချီဆရာမှန်သမျှအလုပ်တွေများကြပါတယ်။
ရပ်ကွက်တစ်ခုနဲ့တစ်ခု ဌာနတစ်ဌာန နဲ့တစ်ဌာန သူ့ထက်ငါသာအောင်ကောင်းပေ့ဆိုတာ နာမယ်ကြီး
ပန်းချီဆရာ ပိုစတာ ဆရာတွေကို အလှဆင်ဘို့အတွက် အပြိုင်အဆိုင်ငှားကြပါတယ်။
မတတ်နို်င်တဲ့အရပ်တွေရယ် နောက်ကျလို့ မရသူတွေရယ်ကတော့ အရပ်ထဲမှာရှိတဲ့ ဝါသနာရှင်ရွက်ပုန်းသီးလေးတွေကို လက်စွမ်းပြခွင့်ပေးပါတော့တယ်။
အားကိုးတကြီးနဲ့လာငှားထားတဲ့သူတွေက ပူပြီဆိုတော့ တာဝန်ယူထားရတဲ့ပန်းချီဆရာမှာလဲ
အတော်လေးကို ခေါင်းစားရပါတယ်။
ပင်ပန်းတယ်ဆိုတာ ထည့်တွက်လို့ကို မရတာပါ။
ကိုယ့်လက်ရာ ညံ့တယ်အပြောခံရမှာ မှတ်ကျောက်အတင်မခံရမှစိုးတာရယ် အချိန်မီမပြီးမှာစိုးတာ
ရယ်ကြောင့် သင်္ကြန်မပြီးမချင်း ပန်းချီနဲ့သက်ဆိုင်တဲ့တဖွဲ့လုံး မဏ္ဍပ်ကိုသာအိ်မ်လုပ်လို့ နေရတာကလဲ နှစ်စဉ်နှစ်တိုင်းဝတ္တရားမပျက်ပါဘဲ။
“ကမယ်ဆိုတီးပါမယ် ရှက်လို့မနေနဲ့ကွယ်…………………….”
သင်္ကြန်မတိုင်ခင်ကတည်းက ကြိုမောရတဲ့အလုပ်တစ်ခုကတော့ သင်္ကြန်မဏ္ဍပ်မှာကဘို့လူရွေးရတာပါ။
အရပ်ထဲက အပျိုတွေကလဲ သင်္ကြန်ယိမ်းမှာပါဝင်ဆင်နွဲရဘို့ ကရဘို့ အတော်လေးကိုမျှော်လင့်ထားကြပါတယ်။
အရင်ခေတ်က အပျိုလေးတွေနဲ့အခုခေတ်အပျိုလေးတွေမှာသိသိသာသာကွာခြားသွားတဲ့အချက်ကတော့ လွတ်လပ်စွာသွားလာနိုင်မှု့ပါဘဲ။
ဒီတော့လဲအရပ်ထဲက မိန်းကလေးများမှာ တစ်နှစ်တစ်ခါ သင်္ကြန်မဏ္ဍပ်မှာပါဝင်ကပြဘို့ အခွင့်အရေးကိုတစ်နှစ်လုံးမျှော်ကြရပါတယ်။ ရပ်ကွက်ကနေ အကမဏ္ဍပ်လုပ်မယ်ဆိုတာနဲ့အရင်ဆုံး
ကမယ့်အပျိုတွေစာရင်းကောက်ရပါတော့တယ်။
ပြီးတာနဲ့ဒီအချိန်ဆိုရင် အလိုလိုရှေ့တန်းကိုရောက်လာမယ့် “မာမီ”များက သင်္ကြန်ယိမ်းအတွက်လူရွေး
တယ်ဆိုတော့ ဘယ်လိုဘဲပြောပြော အတော်လေးကို “မာမီ” တွေမျက်နှာပွင့်ကြပါတယ်။
လူရွေးပြီးရင်တီးဝိုင်းရွေး သီချင်းရွေးကြရပါတော့တယ်။
အများအားဖြင့်ရပ်ကွက်တွေကတော့ ကိုယ့်အရပ်ထဲက ဝါသနာရှင်တွေနဲ့ သီချင်းအသစ်တွေလဲစပ်၊
အပြင်မှာနာမယ်ကြီးနေတဲ့သီချင်းတွေကိုလဲယူသုံးလို့အက တိုက်ကြပါတော့တယ်။
အရပ်ထဲက မျက်စေ့နောက်ခံနိုင်သူ ဝါသနာပိုးရှိသူ ပိုက်ဆံလဲတတ်နို်င်နေရာလဲကျယ်ပြန့်တဲ့အိမ်က
လက်ခံတယ်ဆိုရင်တော့ အဲဒီအိမ်မှာအကတိုက်ကြပေမယ့် အဆင်မပြေဘူးဆိုရင်တော့ အရပ်နဲ့နီးတဲ့စာသင်ကျောင်းကို အကူညီတောင်းလို့အကတိုက်ကြရပါတယ်။
ဒိုးတီးတဲ့လူက တူးပို့…………တူးပို့တီး
မာမီတွေကရှေ့ကနေ သူတို့ထွင်ထားတဲ့ကကွက်တွေကို ဟန်ပါပါနဲ့ ကပြ
နောက်က ယိမ်းအဖွဲ့ကလူတွေက လဲ မာမီရှေ့ က ကသလို လှတပတ ကသူလဲရှိ၊
သူများလိုသာပါချင်တာ ခါးတောင်မချိုးတတ်တော့ တောင့်တောင့်ကြီးကသူက”က”
လက်မချိုးတတ် ချေမထိုးတတ်နဲ့ ဗျိုင်းပျံသလိုကိုးရိုးကားယားနဲ့ကလသူလဲရှိ။
သူများကဘယ်ဆို ကိုယ်ကညာ ယောင်နန နဲ့ကသူက က
ဒါမျုးိတွေရင် နောက်ကလိုက်ကြည့်နေတဲ့ မာမီရဲ့လက်ထောက်က “တဟဲ့ဟဲ့”နဲ့ အော်၊
မကတတ် ကတတ်နဲ့ ကလို့ ကိုယ့်ရိုးကားယားဖြစ်နေတာကို ပွဲကြည့်ပရိသတ်က တဝါးဝါးတဟားဟားနဲ့မှတ်ချက်တွေပေးလို့အားပေး
အတော်လေးကိုပျော်စရာကောင်းပါတယ်။
ဒီလို အကတိုက်ပြီဆိုရင် အကတိုက်တဲ့အိမ်နား ကျောင်းနားမှာတော့ယာယီပွဲဈေးတန်းလေးဖြစ်လို့ တကယ့်ပွဲကြည့်သလိုကိုတစ်ရပ်ကွက်လုံးနီးပါးလောက်လာကြည့်တတ်ကြပါတယ်။
(ကြည့်ဆိုအဲဒီခေတ်တုံးက အခုခေတ်လို့ MRTV-4 လဲမရှိ SKY NETလဲမရှိ မြဝတီလဲမရှိ၊
ကိုရီးယားကားအခန်းဆက်ကားလဲမရှိ ပရီးမီးယားလိဂ် ဘာလိဂ်ညာလိဂ်လဲမရှိ၊
ညဆိုရင် ကြည့်စရာကဒါဘဲရှိတယ်လေ။)
အစပိုင်းအကတိုက်စမှာတော့ကို့ရိုးကားယား ဒါပေမယ့် သင်္ကြန်နီးလေး
ညီညာလို့ ကြည့်ရတာ လှလာလေပါဘဲ။
အကတိုက်လို့ပြီးကြပြီဆိုရင်တော့ ပါဝင်သူတွေကလဲ ကနေတုံးက မှားတာတွေက
အချင်းချင်း ပြန်ပြောရင်းရီကြ၊ပွဲကြည့်ပရိတ်သတ်ကလဲ ကိုယ့်အမြင်သူ့အမြင်တွေဖလှယ်ကြ
အကသင်ပေးတဲ့မာမီများကလဲ ချွေးတွေသီးနေတဲ့ကြားက သူတို့ကို အလေးထားနေရာပေး
ဆက်ဆံတာကို ပီတိဖြစ်နေတဲ့မျက်နှာတွေနဲ့ ပဲတွေပေးကြ အိမ်ရှင်တွေကလဲ ဒီလို တအုံးအုံးတ
ရုန်းရုန်းနဲ့ဖြစ်နေတာကိုကြည့်ပြီးသူတို့ကိုယ်တိုင်ကလဲ သဘောတွေကျလို့ တစ်ခါတစ်ရံကသိကအောက်
ဖြစ်စရာနည်းနည်းပါးပါးကလွဲရင် အင်မတန်မှကို မင်္ဂလာရှိတဲ့သင်္ကြန်အကြိုရက်ကလေးတွေကို
လွမ်းမိပါတယ်။(ခုခေတ်မှာတော့ ဒီလို့ လူ့အစုအဝေးလိုက်ကြီးတစ်ပျော်တစ်ပါးဆိုတာကြီးက မရှိသလောက်
ဖြစ်သွားပြီလို့ ထင်ပါတယ်။)
ကျွန်တော်လူငယ်တွေကလည်း သင်္ကြန်အကတိုက်နေတဲ့ရပ်ကွက်မှန်သမျှကိုအုပ်စုလိုက်ကြီးချီတက်လို့ တရပ်ကွက် ဝင် တရပ်ကွက်ထွက်ပြီးအားပေးပါတယ်။
အဓိကအချက်ကတော့ သင်္ကြန်မှအပြင်ထွက်လာတဲ့အိမ်တွင်းပုန်းရွက်ပုန်းသီးလေးတွေကို သွားရှိုးတာပါ။
စကတည်းက သတင်းရပြီးသား လှတယ်လို့ နာမယ်ရပြီးသား ကောင်မလေးတွေရှိတဲ့နေရာကိုလဲသွားတယ်
မမြင်မတွေ့ဘူးတဲ့မျက်နှာသစ်ကလေးတွေကိုလဲရှာတယ်။
လိုက်ကြည့်တယ် ဇာတ်လမ်းတွေစဘို့ အကွက်တွေဆင်တယ်လူလုံးပြတယ် ။
ပြန်တွေးကြည့်ရင် ရီစရာတောင်ကောင်းပါသေးတယ်။
ကျွန်တော်တို့ဒီလိုလိုက်ကြည့်တာကို သိနေတဲ့အရပ်ထဲကလူကြီးတွေက
ဘယ်အရပ်က ဘယ်သူတွေနဲ့တီးလုံးတိုက်တယ် ဘာသီချင်းတွေဆိုတယ်လို့များ
မေးရင် ကျွန်တော်တို့မှာ အခက်တွေ့ရပါတယ်။
ကျွန်တော်တို့က အဲဒါတွေစိတ်ဝင်စားလို့သွားတာမှမဟုတ်တာကိုးဗျ။
ဒီတော့လဲ ပါးစပ်ထဲရှိတာကို ခပ်တည်တည်နဲ့လျှောက်ဖြေရပါတော့တယ်။
အမှတ်တရအဖြစ်ဆုံးသင်္ကြန်ကတော့ ကျွန်တော်တို့ဆယ်တန်းနှစ်ကပါဘဲ။
အဲဒီနှစ်က ခဏခဏကျောင်းပိတ်ရတော့ စာမေးပွဲရက်တွေလဲနောက်ဆုတ်ကုန်ပါတယ်။
ဆယ်တန်းစာမေးပွဲကမဖြေရသေး အကတိုက်တဲ့နေရာတွေကထွက်လာတဲ့
သင်္ကြန်ဒိုးသံတွေကလဲ မြူးမြူးကြွကြွ သင်္ကြန်ရောက်တော့မယ်ဆိုတဲ့အတွေးကလဲ
ရင်ထဲမှလှုပ်လှုပ်ရွရွ။
စာကသာကျက်နေရာတာ စိတ်တွေက မရိုးမရွ။
အတွေးတွေက မကြာခင်ရောက်လာတော့မယ် သင်္ကြန်ထဲမှာ။
အဲဒီနှစ်က စာမေးပွဲလဲဒီနေ့ပြီးနောက်နေ့ရောက်တော့ သင်္ကြန်။
ရင်ထဲမှာသိမ်းဆည်းထားခဲ့ရတဲ့ ပူပန်မှု့တွေ စာမေးပွဲအတွက်တင်းနေခဲ့ရတဲ့စိတ်တွေ
အားလုံးသင်္ကြန်ရေထဲမှာ အားရပါးရမျှောချလိုက်ပါတယ်။
အတော်ကိုပျော်စရာကောင်းခဲ့တဲ့သင်္ကြန်လေးပါဘဲ။
(ဆက်လက်ဖော်ပြပါမည်)
(ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး)
8 comments
ငှက်ကြီး
March 28, 2011 at 2:19 pm
ကိုပေါက်ရေးတာကိုဖက်ပြီး ဟိုးတုန်းက သင်္ကြန်ကို လွမ်းလိုက်တာ………….
တညင်သား
March 28, 2011 at 3:31 pm
မဒန်ပေါက်ကို သင်္ကြန်မှာပဲရှာတွေ့သွားတာလား..ဟဲဟဲ ကျွန်တော်လဲ ရှာလိုက်အုံးမယ် ကိုပေါက်ရေ..
kopauk mandalay
March 28, 2011 at 4:36 pm
မဒမ်ပေါက်ကို ရှာဖွေတွေ့ရှိခြင်းက တပုဒ်ရေးမှပြည့်စုံမှာလေ။
MaMa
March 29, 2011 at 12:13 am
ကိုပေါက်ရေးတဲ့ (သူများလိုသာပါချင်တာ ခါးတောင်မချိုးတတ်တော့ တောင့်တောင့်ကြီးကသူက”က”
လက်မချိုးတတ် ချေမထိုးတတ်နဲ့ ဗျိုင်းပျံသလိုကိုးရိုးကားယားနဲ့ကလသူလဲရှိ။) ဆိုတာကို သဘောကျတယ်။ ငယ်ငယ်က အကဝါသနာပါလို့ အကသွားသင်ပြီး မှန်ကြည့်ကပြီးနောက်ပိုင်း ဝင်ကို မကဖြစ်တော့ဘူး။ အများပြည်သူ မျက်စေ့နောက် သက်သာသွားတာပေါ့။
bigcat
March 29, 2011 at 3:46 am
ဦပေါက် သင်္ကြန်မှာ ဝင်ဖူးတဲ့ ရိပ်သာအတွေ့အကြုံလည်း ရေးပါအုံးဗျ။ ကိုယ်တော်ရမဲ့ ဦးလေးအကြောင်း အစုံအလင် သိချင်လို့ပါ။ (ဦးပေါက်ရေးတဲ့စာတွေဖတ်ပြီး တူတော်ချင်လို့ ကျနော်အဒေါ်နဲ့စပ်ပေးရရင် ကောင်းမှာလို့ တွေးမိသဗျ၊ ဒါပေမဲ့ ကြီးဒေါ်ဆုံးတာ ၁ဝနှစ်လောက်ရှိပြီဆိုတော့….ဘာပဲဖြစ်ဖြစ် ရအောင်တော့ ဆွေမျိုးတော်မယ်ဗျာ)
kopauk mandalay
March 29, 2011 at 11:47 am
အပွင့်လင်းဆုံးပြောရရင် ကျွန်တော်တစ်ခါမှရိပ်သာမဝင်ဘူး ဘူးဗျာ။
ကလေးတွေမဏ္ဍပ်မှာသွားရေဆော့ရင် သူတို့ကိုစိုးရိမ်လို့လိုက်စောင့်ရတယ်ဗျာ.
ဟော.ကားနဲ့လည်ကြပြန်တော့လည်း လမ်းမှာရန်ဖြစ်မှာစိုးလို့ သူတို့နဲ့လိုက်ပြီး လည်ရပြန်ရော။
ဒါနဲ့ဘဲ ရိပ်သာမဝင်ဖြစ်ပါဘူးဗျာ.
အဲဒီသင်္ကြန်ရိပ်သာဝင်တဲ့အကြောင်းတော့ မနောဖြူလေးကိုရေးခိုင်းရင်ကောင်းမယ်ထင်တာဘဲနော်။
unclegyi1974
March 29, 2011 at 4:34 pm
ကိုပေါက်ပြောမှဟိုတုန်းကရပ်ကွက်တွေမှာသင်္ကြန်
အကတိုက်တာတွေသတိရတယ်
အခုတော့အကတိုက်တာတော်နည်းသွားတယ်လို့
ထင်ပါတယ်
ကိုကြောင်က ကိုပေါက်ကိုအဒေါ်ပေးချင်တာ
သေသွားတယ်ဆိုပေမဲ့ကျွန်တော့်အဒေါ်တယောက်
ကျန်ပါသေးတယ် ကိုကြောင်ကြီးလည်းစိတ်ဝင်စား
ရင်ဆက်သွယ်နိုင်ပါတယ်
ကိုပေါက်တို့ကိုကြောင်တို့ဘာပြောပြောပြန်မပြော
စေရဖူး
ထားရာနေစေရာသွားဖို့လုံးဝအာမခံပါတယ်
အနေအေးပုံများ စိတ်ဝင်စားရင်ပြောကြနော်
MaMa
March 30, 2011 at 1:24 am
အန်ကယ်ကြီး အာမခံတဲ့အတိုင်းဆိုရင် ဘာပြောပြောပြန်မပြောစေရဘူး=စကားမပြောတတ်သူ ဖြစ်ရမယ်။
ထားရာနေ စေရာသွားဖို့ လုံးဝအာမခံတယ်=လမ်းမလျှောက်နိုင်သူဖြစ်ရမယ်။ ဟုတ်တယ်ဟုတ်?