“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-၄) (ကျုံးရေသီတာပါတ်ကာဝိုင်း တန်ခူးလရောက်လေတိုင်း……….သင်္ကြန်ကားလေးနဲ့………………………..)

“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-၄)

(ကျုံးရေသီတာပါတ်ကာဝိုင်း တန်ခူးလရောက်လေတိုင်း……….သင်္ကြန်ကားလေးနဲ့………………………..)

လူလတ်ပိုင်းအရွယ်ရောက်လာတော့ သင်္ကြန်မရောက်ခင်ပြင်ဆင်ရတာက သင်္ကြန်မှာလည်ဘို့ အစီအစဉ်တွေဆွဲရတာပါ။
အရင်တုံးကတော့ စက်ဘီးနဲ့မြို့အနှံလည်ပါတယ်။
စီးပွားရှာတဲ့အရွယ်ရောက်လာတော့ မိတ်ဆွေတွေသူငယ်ချင်းတွေကြာမှာမော်တော်ကားဆိုတာကလဲ ရှိလာကြတော့ကားနဲ့လည်ဘို့ ပြင်ပါတယ်။
ကားနဲ့မှခရီးပိုတွင်တာကိုးဗျ။
ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ကိုယ်ပိုင်ကားရှိသူတွေလဲပါတော့ ကားငှားဘို့ကတော့ သိပ်ခေါင်းမစားရပါဘူး။
သင်္ကြန်ရက်အတွင်းမှာလည်ကြပါတ်ကြတဲ့အခါ တစ်ယောက်ကိုဘယ်လောက်ထည့်ရမယ်ဆိုတာကို
ခွဲတမ်းချလို့ရရင် သင်္ကြန်လည်ဘို့ အထမြောက်သွားပါပြီ။
တစ်ခုတော့ရှိပါတယ် ကျွန်တော်တို့ကသူများတွေလိုတော့ ကားခေါင်းကို တုတ်နဲ့ရိုက်လို့မရပါဘူး။
ကားအလယ်ကောင်မှာ သံစည်ပိုင်းတင် ရေခဲတုံးကြီးဝယ်ထဲ့ ပြီးရင်အဲဒီထဲကို ဘီယာပုလင်းတွေ
အရက်တွေစိမ် ချမ်းရင်မော့လိုက် အော်ချင်ရာအော်လိုက် ကားချင်းဆုံလို့ ကိုယ်ကရေခဲရေနဲ့ပက်လို့
ဟိုက ပဲတွေများပြီးအသံတွေထွက်လာရင် စိတ်ထဲမှာ ကျေနုပ်လိုက် နဲ့ပေါ့။
သင်္ကြန်မှာလည်ဘို့ ကားမရှိသူများကတော့ ကားငှားဘို့ အဆက်အသွယ်နဲ့ရှာရပါတယ်။
ကားရပြီဆိုတာနဲ့ဈေးညှိရသလို လိုက်ပြီးလည်မယ့်သူကိုလဲစုရပါတယ်။
ဒီအချိန်များမှာ အဖွဲ့ခေါင်းဆောင်လုပ်တတ်သူတော့ လိုပါတယ်။
သူကဘဲအပင်ပန်းခံ ကားရှာ လိုက်မယ်လူတွေများများရအောင်စု တစ်ယောက်ကိုဘယ်လောက်ဆိုပြီးငွေကောက်လို့ အစီအစဉ်တွေဆွဲရပါတယ်။
(လူများလေထည့်ရတဲ့ ခွဲတမ်းနည်းလေ သက်သာလေပါဘဲ)
အရင်တုံးကတော့ မန်းလေးမှာသင်္ကြန်ဆိုရင် တစ်မြို့လုံးဂျစ်ကားနဲ့လည်ကြတာပါ။
အငှားလိုက်မယ့်ကားကလဲ ရှေ့ဘောနက်အကောင်းကိုဖြုတ်။
သင်္ကြန်အတွက်သေချာစီစဉ်ထားတဲ့သံပြားကိုတပ်ပေးထားတော့
ပျော်ချင်လို့ဘဲထုထု အသံထွက်ချင်လို့ဘဲထုထု အားမနာရပါဘူး။
ရေပက်ခံထွက်တဲ့သင်္ကြန်ကားလာတာနဲ့ ဘောနက်ကို တဒုန်းဒုန်းထုတဲ့အသံအရင်ကြားရတာပါဘဲ။
ကိုယ်ပိုင်ကားများကတော့ ဘယ်အထုခံမလဲနော်။

သင်္ကြန်ရေပက်ခံထွက်တယ်ဆိုတာအရင်ကတော့ သင်္ကြန်အကြိုနေ့ နေ့လည်ခင်းကနေစတာပါဘဲ။
အကြိုနေဆိုရင် အလှပြကားတွေက မဟာမြတ်မုနိဘုရားကြီး တို့ မန်းလေးတောင်တော်တို့ကို သွား
ဦးတို်က်ပြီးရင် ဖွင့်ပွဲကျင်းပမယ့် ဗဟိုမဏ္ဍပ်ဆီကို သွားကြရပါတယ်။
ကျွန်တော်တို့လိုလည်တဲ့ကားတွေကတော့ တစ်မြို့လုံးအနှံ့လျှောက်သွားပါတော့တယ်။
အဲဒီတုန်းအချိန်တွေက အကြိုနေ့ရေပက်တယ်ဆိုတာမရှိသလောက်ပါ။
(အခုခေတ်မှာတော့ ဒီလိုစည်းကမ်းတွေလဲပျက်ကုန်ပါပြီ)

အရင်တုန်းကတော့ သင်္ကြန်ဆိုရင်
ရေပက်ခံမဏ္ဍပ်ကသတ်သတ်၊အကအလှတွေနဲ့ဧည့်ခံတဲ့မဏ္ဍပ်ကသတ်သတ်။
လည်တဲ့ကားဆိုရင်လဲ အလှပြကားက သတ်သတ် ၊ရေပက်ခံထွက်တဲ့ကားကသတ်သတ်ပါ။
သင်္ကြန်အကြိုနေ့မြို့ထဲလည်၊သင်္ကြအကျနေ့မှာလည်းမြို့ထည်းလည၊် သင်္ကြန်အကျတ်နေ့ဆိုရင်
အနီးအနားက တောင်မြို့စစ်ကိုင်းဘက်သွား၊အတက်နေ့မြို့ထဲမှာပြန်လည်၊
နှစ်ဆန်းတစ်ရက်နေ့ဆိုရင်တော့ ပြင်ဦးလွင်ကိုတက် တာထုံးစံလိုဖြစ်နေပါတယ်။
အရင်သင်္ကြန်တွေတုံးကတော့ မန်းလေးမြို့တစ်မြို့လုံးက လမ်းတိုင်းရပ်ကွက်တိုင်းမှာ
သင်္ကြန်မဏ္ဍပ်တွေရှိပါတယ်။
ဌာနဆိုင်ရာ မဏ္ဍပ်၊မြို့နယ်မဏ္ဍပ်၊ရပ်ကွက်မဏ္ဍပ်၊ကိုယ်ပိုင်မဏ္ဍပ်တွေအားလုံးက အခုလို
ကျုံးပါတ်ပါတ်လည်မှာစုနေတာမဟုတ်ပါဘူး။
ကိုယ့်ရပ်ကွက်နား ကိုယ့်လမ်းနားမှာဘဲ မဏ္ဍပ်ဆောက်ကြတာများပါတယ်။
ဌာနဆိုင်ရာ မဏ္ဍပ်များသာ လမ်း80ပေါ်က အနောက်ကျုံးလမ်းမှာသာအစီအရီရှိနေတာပါ။
26ဘီလမ်းတောင်ဘက်ကျုံးနဲ့ 66လမ်းအရှေ့ဘက်ကျုံးတို့12လမ်းမြောက်ဘက်ကျုံးတို့မှာမဏ္ဍပ်ကျုးိတို့ကျဲတဲ့ဘဲ
ရှိပါတယ်။တကယ်စည်ကားတာကတော့ အနောက်ကျုံးလမ်းပါဘဲ။
မဏ္ဍပ်ကနေရာအနှံ့အပြားမှာရှိတော့တစ်နေရာထဲမှာအချိန်အကြာကြီးပိတ်မိနေတယ်ဆိုတာမရှိပါဘူး။
တစ်ခါတစ်လေမှာတော့ ရန်ကုန်ကနေလာတဲ့နာမယ်ကြီးတွေရှိခဲ့ရင်တော့ပိတ်တတ်ပါတယ်။
တစ်ခုတော့ရှိပါတယ်အရင်က တစ်နေရာထဲမှာပိတ်မိမနေဘူးဆိုတာက မဏ္ဍပ်ကိုဝင်တဲ့လမ်းက
တစ်ဖက်ထည်းမှာရှိမနေတာရယ် ဟိုအရင်က အခုလောက်ကားအရေအတွက်မများတာကြောင့်လဲ
ဖြစ်နိုင်ပါတယ်။
သင်္ကြန်လည်ရင်စိတ်ညစ်ရတာကတော့ ကားပျက်တာပါ။
ကိုယ်ကပိုက်ဆံလဲပေးထားပြီးပြီလည်ကလဲအရမ်းကိုလည်ချင်နေပြီ
ကားပျက်တာကလဲပြင်မရ ဘယ်မှလဲမသွားနိုင်လဒမှိုင် မှိုင်လို့စိတ်ပျက်လက်ပျက်နဲ့
ထိုင်နေတုန်းများ ဒီပြင့်ကားပေါ်ကလူတွေက
“ ဓါတ်ဆီပါတယ် မီးခြစ်ပါတယ် မီးရှို့လိုက် မီးရှိုု့လိုက်”လို့များအော်စသွားရင်ခဲနဲ့ပြေးထုချင်စိတ်တောင်ပေါက်လာပါတယ်။
အရင်က သင်္ကြန်လည်ကြတယ်ဆိုရင် မနက်ရှစ်နာရီလောက်ဆိုအိမ်ကထွက် မဏ္ဍပ်တကာလည်၊
နေ့လည်ဆိုအိ်မ်မပြန်ဘဲ အောင်ပင်လယ်ကန်ဘောင်ရိုးတို့ တောင်သမန်းအင်းတို့မန်းလေးတောင်ခြေက
အရိပ်ကောင်းတဲ့ဘုရားတွေတို့ သုဓမ္မာဇရပ်တွေမှာ သွားပြီးနားကြပါတယ်။
ညနေ လေးနာရီလောက်တစ်ခေါက်ပြန်ထွက်ရေပက်ခံခြောက်နာရီ ကျော်ကျော်လောက်ဆိုအိ်မ်ပြန်။
အဝတ်အစားလဲ ညရှစ်နာရီလောက်တစ်ခါပြန်ထွက်။
အဲဒါညသန်းခေါင်မှအိမ်ပြန်ရောက်ပါတော့တယ်။
နောက်နေ့မနက်ပြန်ထွက်အဲဒါသင်္ကြန်သုံးရက်စလုံးပုံမှန်ပါဘဲ။
သင်္ကြန်ရက်လဲပြီးရော မျက်နှာတစ်ခုလုံးနေလောင်ဒဏ်ရာတွေနဲ့ပါတ်ကြားအက်လို့ပါဘဲ။

နောက်အရင်ကသင်္ကြန်ရေပက်ခံထွက်ကြတဲ့ကားတော်တော်များများကတွေက ကားနောက်မြီးမှာတိုင်နှစ်ချောင်းထောင် ပြီးရင် အဲဒီပေါ်မှာသစ်သားပြားကပ်ပြီး(တစ်ချို့ကတော့ လဲ စကောဝိုင်းကြီးတွေကို တပ်ထားပါတယ်)
ရီစရာဖြစ်အောင် စာတွေရေးထားတတ်ကြပါတယ်။
အဲဒီလိုရီစရာတွေဟာသတွေရေးထားတာကို ဖတ်မိတဲ့သူတွေကရီကြလှမ်းစကြနဲ့ပျော်စရာပါ။
ကားပေါ်ပါလာတဲ့သူကလဲ တစ်ချို့ကမိတ်ကပ်တွေလိမ်းလို့ မိန်းမလိုဝတ်။
တွေ့သမျှလူကို “ယောက်ျားရေ” လို့လိုက်အော်တတ်ပြန်ပါတယ်။
တစ်ချို့ကတော့ ပလပ်စတစ်ကလေးရုပ်ကလေးကို ကိုင်ပြီးကောင်မလေးတွေတာနဲ့
“မိန်းမရေ တားတားက နို့ဆာနေပြီကွယ်”ဆိုပြီးကလေးရုပ်ကိုဇွတ်ထိုးပေးပါတယ်။
တစ်ချို့ကတော့လဲ ကျိုက်ထီးရိုးကလာတဲ့ ဝါးသေနတ်အကြီးကြီးတို့ ၊ဓါးအကြီးကြီးတို့ကို
ကိုင်ပြီးခပ်တည်တည်နဲ့ကားဘောနက်ပေါ်မှာလိုက်လာတတ်ပါတယ်။
(ကို့ရိုးကားယားတွေဝတ်လမ်းလျှောက်လာရင်းက တွေ့သမျှလူကို ပေါက်ကရဟာဟာသတွေလုပ်တတ်တဲ့
တကိုယ်တော်လူပျော်ကြီးများကလဲရှိပါသေးတယ်)
ဒီကားတွေပေါ်မှာစာတွေရေးထားတာတွေက တစ်ချို့ကလဲရီစရာ၊တစ်ချု့ိကတော့လဲ အဓိပ္ပါယ်နှစ်ခွထွက်တဲ့စာသားတွေကိုရေးထားတတ်ကြပါတယ်။
သိပ်ညစ်ညမ်းတဲ့စာတွေရေးထားရင်တော့ လမ်းမှာချထားတဲ့လုံခြုံရေးအစောင့်တွေက
အဲဒီလို ဆိုင်းဘုတ်မျိုးကို ဖြုတ်ချခိုင်းတတ်ပါတယ်။

တစ်ခါမှာတော့ ရှက်တတ်တဲ့အပျိုကြီးနှစ်ယောက်ရယ်
ကျွန်တော်ရယ် ကျုံးဘေးမှာရပ်ပြီး ရေပက်ခံကားတွေကို ငေးကြည့်နေကြပါတယ်။
အဲဒီအချိန်ဂျစ်ကားတကားရဲ့ဘောနပ်ပေါ်မှာ မိန်းမလိုဝတ်ထားတဲ့ယောက်ျားတစ်ယောက်ကမူနွဲ့နွဲ့နဲ့ထိုင်လိုက်လာပါတယ်။
သူဝတ်ထားတက ရေကူးဝတ်စုံလိုမလုံတလုံ ရင်ရောတင်ရောအကြီးကြီးဖြစ်အောင် အတုတွေခံထားပါတယ်။
အယ်စတုံကြီးပေါ့လေ။ ကားနောက်ပိုင်းမှာချိတ်ထားတဲ့စကောဝိိုင်းကြီးပေါ်မှာတော့ “ဂူသရဖန် နူသရဖို့”ဆိုပြီး ရေးထားပါတယ်။
အဲဒီကားကိုမြင်တဲ့ သူတွေက စာဖတ်ပြီးရီကြ “တကယ်လားဟေ့စမ်းကြည့်မယ်”ဆိုပြီးအော်လို့စကြနဲ့ပေါ့။
ကျွန်တော်ကတော့ ကလေးဆိုတော့ ဘာမှသိပ်နားမလည်ဘဲပါလာတဲ့အပျိုကြီးကို ဘာလို့လူတွေရီတာလဲလို့မေးလဲမေးရော
မျက်နှာကြီးနီရဲပြီး “ဒါ မေးစရာလား”ဆိုပြီး ခေါင်းကို ဒေါင်ကနဲနေအောင်အခေါက်ခံလိုက်ရပါတယ်။
ဒါလေးကလဲ သင်္ကြန်ထဲမှာအမှတ်တရပါဘဲ။

(ဆက်လက်ဖော်ပြပါမည်။)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

One comment

  • mihninlay

    March 29, 2011 at 9:48 am

    ဦးပေါက်စာရေးတာမန်းလေးသင်္ကြန်ကိုတော်တော်ကိုလွမ်းမိတယ်..
    ကျွန်တော်တို ့ငယ်တုန်းကအိမ်ရှေ ့ကကျောင်းမှာမဏ္ဍပ်ဆောက်တော့
    ကျောင်းဝင်းထဲထိဝင်ပြီးရေကန်လုပ်ထားတဲ့ထဲဝင်ဆော့တာအမေကဆော်ပါလေရော
    ညကျတော့လဲကတာကိုကြည့်ရတာအရမ်းပျော်တာပဲ
    ခုတော့လဲသင်္ကြန်ဆိုတာဘယ်လိုပျော်ရမှန်းကိုမသိတော့ပါဘူးဦးပေါက်ရာ

Leave a Reply