အက်ဒီဆင် နှင့် အကောင်းမြင်စိတ်ထား

လင်းဝေMarch 31, 20111min3166

ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ရှိတယ်။ အထက်တန်းအတူတူတက်ခဲ့ပြီး အတူတူ ကစားခဲ့ ဆော့ခဲ့ ကျောင်းအားရက်တွေမှာ ကာတွန်းအတူဖတ်ပြီး စက်ဘီးအတူစီးလို့ လျှောက်လည်နေကြသူငယ်ချင်း။ သူနဲ့အတူတူ တစ်ခုခု လုပ်လို့ မှားသွားရင် သူပြောနေကျ စကားတစ်ခွန်းရှိတယ်။ အက်ဒီဆင် က ပြောတာကို ပြန်ပြောတာပါတဲ့။ အက်ဒီဆင်က တီထွင်မှုတွေလုပ်ရင်း လျှပ်စစ်မီးသီး တီထွင်မှုမအောင်မြင်ခင်မှာ မှားသွားတိုင်း မအောင်မြင်တဲ့ စမ်းသပ်မှု တစ်ခုပြီးတိုင်း ပြောတာကတော့ “ အမှားနည်းတစ်ခုကိုသိသွားပြီဆိုတော့ အောင်မြင်ဖို့ ပိုနီးစပ်လာပြီတဲ့” ။ သူပြောတဲ့စကားကို အဲဒီအထက်တန်းကျောင်းသားဘဝကတည်းက မှတ်မိနေခဲ့ပါတယ်။ သူ့ခမျာမှာတော့ တစ်ကြိမ်သာ မှားခွင့်ရှိတဲ့ “ဆေး” ကို သွားချလိုက်တာ။ (အမြဲချနေသူမဟုတ်ပါ)။ အဲဒီ “ဆေး”ပေါတဲ့ အရပ်ကို လူတစ်ယောက်ကို အဖော်အဖြစ်လိုက်ပေးရင်း “ဆေး”လွန်လို့ ဆုံးသွားရှာပါတယ်။ ကြာပါပြီ ၁၃နှစ်တောင်ရှိနေပါပြီ။ တစ်လောက အက်ဒီဆင် ရဲ့ ခွင့်လွှတ်ခြင်းဆိုတဲ့ စာလေးတစ်ပုဒ်ဖတ်မိတော့ သဘောကျရင်း သူ့ကိုလည်း သတိရမိတယ်။ ခွင့်လွှတ်ခြင်းဆိုတာ အက်ဒီဆင်က
“ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘူး။ နောက်တစ်ကြိမ်
ထပ်လုပ်ဖို့ အခွင့်အရေးပေးရတာ..။”
ဆိုပါသတဲ့။
ဇာတ်လမ်းအပြည့်အစုံ ကို အောက်မှာဖတ်ကြည့်ပါ။
စောစောကပြောသလိုပဲ အက်ဒီဆင်အတွက်တော့ လျှပ်စစ်မီးသီးကို တီထွင်ရတာမလွယ်လှပါဘူး။
ဒီလိုမျိုုးအကြိမ်ပေါင်းများစွာ စမ်းသပ်ရာက ပထမဆုံး သူရဲ့ မီးလုံးလေးဟာလင်းလာခဲ့တယ်။
ဒီတော့ သူတင်မကဘူး သူနဲ့ အတူတူသုတေသန လုပ်နေတဲ့သူ့ရဲ့လက်ထောက်လည်း အောင်မြင်ပျော်ရွှင်မှုကိုရင်ခုန်စွာနဲ့ ခံစားရတာပေါ့။
အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းထဲ သူ့ရဲ့ တပည့်လက်ထောက်ကို ဂရုတစိုက်သယ်လာခိုင်းလိုက်တယ်။ အဲဒီစမ်းသပ်ခန်းကို အသွားမှာ လှေခါးလေးတစ်ခုကို တတ်ရတယ်။ တပည့်က သေချာဂရုစိုက်စွာ တစ်လှမ်းချင်း လှေခါးပေါ်တက်တယ် ။ လက်ထဲက မီးသီးလေးကိုရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ်ရောက်ခါနီးမှာ လှေခါးကနေ ခြေချော်ပြီး မီးသီးကျကွဲသွားတယ်…။
အချိန်ပေါင်းများစွာ အကုန်ခံပြီး ပင်ပန်းစွာ တီထင်ခဲ့တဲ့ မီးလုံးလေးကျကွဲသွားပေမဲ့ အက်ဒီဆင် က သူ့လက်ထောက်ကို အပစ်မတင်ခဲ့ဘူး။
“ဒီထက်ကောင်းတဲ့ မီးလုံး ထပ်လုပ်ဖို့ အခွင့်အရေးရတာပေါ့ကွာ..။ ” လို့ပဲ
ပြောခဲ့တယ်.။ သူ့လက်ထောက်ကတော့ ဒီမီးလုံးလေး ကျကွဲသွားတာကို ခံစားနေရပြီး
မအိပ်နိုင် ၊ မစားနိုင် ဖြစ်နေခဲ့တယ်။ ။ သူ့ဆရာ အက်ဒီဆင် ဆူပု
အပြစ်တင်ပြီး စိတ်ကွက်မှာ ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ..အက်ဒီဆင်က
အပြစ်မတင်ခဲ့..။
နောက်ရက်အနည်းငယ်အကြာမှာ နောက်ထပ် မီးလုံးလေးတစ်လုံးကို ထပ်တီထွင်ပြီး ရလာတဲ့ မီးသီးကို သူ့ရဲ့တပည့်ကိုပဲ ပြန်ယူခိုင်းတယ်။
ဒီတစ်ခါတော့ တပည့်ကချောမောစွာသယ်ဆောင်နိုင်ခဲ့တယ်။ ဒါကိုကြည့်နေတဲ့ အက်ဒီဆင်ရဲ့ဘေးက မိတ်ဆွေတစ်ယောက်က အက်ဒီဆင်ကို ….

“ ခွင့်လွတ်ရင်ရပြီလေ..။ ဘာဖြစ်လို့ နောက်တစ်ခါထပ်သယ်ခိုင်းတာလဲ။
ထပ်ပြီး ကျကွဲသွားရင် ဘယ်လိုလုပ်မလဲ ..။ ”

လို့ မေးတယ်။ ဒီတော့ အက်ဒီဆင်က သူ့ သူငယ်ချင်းကို စေ့စေ့ကြည့်ရင်း
ပြုံးပြီးပြောတယ်.။

“ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘူး။ နောက်တစ်ကြိမ်
ထပ်လုပ်ဖို့ အခွင့်အရေးပေးရတာ..။”

6 comments

  • babymay

    March 31, 2011 at 9:47 am

    မှန်ပါတယ်။ အမြဲတမ်းလဲ အဲဒီအတိုင်း လက်ခံကျင့်သုံးဖို့ကြိုးစားပါတယ်။

  • juttue.gyi

    March 31, 2011 at 10:11 am

    ဟုတ်တယ်နော် ခွင့်လွှတ်တယ်ဆိုတာက နောက်တစ်ခါသူထပ်မှားသွားရင်လည်း ခွင့်လွှတ်ပေးရအုန်းမှာနော်

  • MaMa

    March 31, 2011 at 2:33 pm

    အဲဒါပဲလေ ယောနိသောမနသိကာရ ဆိုတာ။ မှန်ကန်စွာနှလုံးသွင်းခြင်းပေ့ါ။ အဲဒါကြောင့် တရားသိပြီး တရားမရှိတဲ့ လူတွေထက် တရားမသိပဲ တရားရှိတဲ့လူက ပိုအကျိုးများတယ်။

  • shweminthar

    March 31, 2011 at 3:06 pm

    ကြိုးစားသင်ယူသင့်တဲ့အလေ့အထ လေးပါ။
    အားလုံးအတွက် အကျိုးရှိမှာပါ။
    ပါတ်ဝန်းကျင်မှာကြားနေရသော စကားတစ်ခွန်း
    မင်း ဒီတခါတော့ ခွင့်လွှတ်လိုက်မယ်၊ နောက်တခါ ဆို မလွယ်ဘူးမှတ်။

  • nature

    March 31, 2011 at 4:00 pm

    ခွင့်လွှတ်နေရုံနဲ့မပြီးဘူးလို့ယူဆပါတယ်၊ အလုပ်ကိုပေါ့ပေါ့ဆဆ မလုပ်ဘို့ ဂရုစိုက်ဘို့ ပါတွဲသွင်သင်သင့်တယ်လို့ ယူဆပါတယ်။

  • bigcat

    April 1, 2011 at 2:38 am

    ခွင့်လွှတ်တယ်ဆိုတာ အယ်ဒီဆင်လို လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘဲ နေတာကို ခေါ်ပါတယ်။ များသောအားဖြင့်က တကယ်မကြုံလို ပါးစပ်က ခွင့်လွှတ်တာ များပါတယ်။
    ကျနော် အပြောမဟုတ် လက်တွေ့လိုက်နာပါတယ်။ အယူမှားတဲ့ သဂျီးကိုလည်း ခွင့်လွှတ်ပြီး ရွာထဲမှာ စာရေးနေတာ ဘယ်သူမှငြင်းမရတဲ့ သာဓကပါ။

Leave a Reply