ကျွန်

ashinindakaApril 5, 20111min1321

ဘုရားရှင်က
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား – The Truth of Suffering) ကို
အသေးစိတ် ကွက်ကွက်ကွင်းကွင်း ပြောပြပါတယ်။
နားထောင်သူ (Listener) အနေနဲ့
“ဒီဆင်းရဲတွေက ဘယ်ကဖြစ်ပေါ်လာတာလဲ၊ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ”
ဆိုတဲ့အတွေး ဦးဏှောက်ထဲရောက်လာမှာ အမှန်ပဲ။
ဒါကို သိတဲ့ဘုရားရှင်က
“ဒီလိုဆင်းရဲရတာဟာ တခြားကြောင့် မဟုတ်ဘူး၊ တဏှာကြောင့်ဟေ့”
လို့ ဆက်ပြောပါတယ်။

အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊
မွေးဖွားခြင်းဆင်းရဲ စတဲ့ ဆင်းရဲခြင်းအမျိုးမျိုးတွေရဲ့ လက်သည်တရားခံက တဏှာ ပါတဲ့။
တဏှာဟာ ဆင်းရဲဒုက္ခအားလုံးရဲ့ မူလဘူတအကြောင်းတရားပါ။

အရှိတရား သဘဝတရား အမှန်တရားဖြစ်တဲ့ ဒီတဏှာကို
သစ္စာလေးပါးမှာ သမုဒယသစ္စာ (The Truth of the cause of suffering) လို့ ခေါ်ပါတယ်။

တဏှာကို အင်္ဂလိပ်လို Craving, Attachment , Greed, Desire စသဖြင့် ပြန်ဆိုလေ့ရှိတယ်။
လိုချင်မှု၊ တတ်မက်မှု၊ ဆာလောင်မှု၊ မွတ်သိပ်မှု၊ တောင့်တမှု စတဲ့ မြန်မာစကားလုံးတွေဟာ
ဒီတဏှာရဲ့ ဝေဝုစ် ပရိယာယ် စကားလှယ်တွေပဲ။

ဘုရားရှင်က ဒီတဏှာကို
ပေါနောဗ္ဘဝိကာ၊ တစ်ဘဝပြီး တစ်ဘဝဖြစ်အောင် ဖန်တီးသူ လို့ ပြောပါတယ်။
(Carving, the Buddha says, leads to repeated births.)

ဓမ္မပဒစာအုပ်ထဲမှာ
တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ၊
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္တိ သောကော ကုတော ဘယံ။
From craving springs grief, from craving springs fear;
For him who is wholly free from craving, there is no grief, much less fear.
(ဓမ္မပဒ၊ ၂၁၆)
စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေဟာ လိုချင်မှု (တဏှာ) ကြောင့်ဖြစ်ရတာ။
လိုချင်မှု (တဏှာ) မရှိရင် စိုရိမ်မှု၊ ကြောက်ရွံ့မှုဆိုတာ မရှိနိုင်ဘူး လို့ တွေ့ရတယ်။

အဖြောင့်အဓိပ္ပါယ်က
လောဘကြီးရင် သောကကြီးတယ်၊ ကြောက်တယ်။
လောဘနည်းရင် သောကနည်းမယ်၊ အကြောက်နည်းမယ်။
လောဘမရှိရင် သောကမရှိဘူး၊ ဘယ်သူ့ကိုမှ မကြောက်တော့ဘူး။
ဒီအဆို ဟုတ် မဟုတ် စဉ်းစားကြည့်။

လူတွေ သူ့နေရာနှင့်သူ ကြောက်နေကြရတယ်။
ရာထူးကြီးတဲ့သူကို ကြောက်ရတယ်။ ငွေရှိတဲ့သူကို ကြောက်ရတယ်။
မိန်းမကို ကြောက်ရတယ်၊ ယောက်ကျားကို ကြောက်ရတယ်။
အလုပ်ရှင်က အလုပ်သမားကို ကြောက်ရတယ်။
အလုပ်သမားက အလုပ်ရှင်ကို ကြောက်ရတယ်။

ဘာကြောင့်လဲ။
အရင်းအထိ လိုက်ကြည့်။
လောဘကြောင့်၊ တဏှာကြောင့်ပါ။

လိုချင်တတ်မက်မှု တဏှာ ဆိုတာနဲ့စပ်လို့
ပါဠိစာပေမှာ တဏှာဒါသော ဆိုတဲ့စကားလုံးလေးကို သတိရမိတယ်။
အဓိပ္ပါယ်က တဏှာ့ကျွန်တဲ့။

လောကလူသားတွေဟာ တဏှာရဲ့ ကျေးကျွန်တွေ။
စဉ်းစားလေ၊ ဒီစကားရဲ့ အဓိပ္ပါယ် တာသွားလေပဲ။
မနက်အိပ်ယာထ၊ အလုပ်သွား၊ ဘာကြောင့်သွား၊
တဏှာက ခိုင်းလို့သွား၊
အိမ်ထောင် ဘာလို့ြ့ပု၊ တဏှာက ခိုင်းလို့ပြု၊
ဘာလုပ်လုပ်၊ ဘာစားစား၊ ဘယ်သွားသွား။
တဏှာက ခိုင်းလို့ပါ။ တဏှာက ခိုင်းနေတာ။
လူ့ယန္တယားကြီးလည်ပတ်နေတာ တဏှာကြောင့်၊
လူ့လောကကြီးလည်ပတ်နေတာ တဏှာကြောင့်။

ဘုရားရှင် အတိအလင်း တိုက်ရိုက်ပြောကြားထားတဲ့စကားရှိတယ်။
တဏှာယ နီယတိ လောကော၊ တဏှာယ ပရိကဿတိ
တဏှာယ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ
တဏှာက လောကကို ဆောင်ယူ ဆွဲငင်ပြီး တဏှာအလိုသို့ လိုက်နေကြရတယ်တဲ့။
The world is led around by craving;
By craving it’s dragged here and there.
Craving is the one thing that has all under its control.
သံယုတ်၊ ၁၊ ၃၈
တဏှာက ခိုင်းလို့ လူတွေ လုပ်နေကြတာ။

ဒါ့ကြောင့် တဏှာဒါသော – ကိုယ်တို့တတွေဟာ တဏှာကျွန်တွေ။
We are the slaves of craving!!
ဟုတ်ပါဘူး လို့ ဘယ်သူငြင်းနိုင်သလဲ၊ ငြင်းဝံ့သလဲ၊
မငြင်းနိုင်၊ မငြင်းဝံ့၊ အရှိတရား၊ သဘာဝတရား၊

ဘုရားဟောလို့ရှိတာမဟုတ်၊ ရှိတာကို ဘုရားက ဟောတာ။

သူသူကိုယ်ကိုယ်မှာ ရှိနေတဲ့တဏှာ။
ဒီတဏှာကြီးရှိနေသ၍ လုပ်နေရအုံးမှာ။
လုပ်နေသ၍ ဒုက္ခတွေ့နေရအုံးမှာ။

ဒါ့ကြောင့် ဘုရားရှင်က
ဒီတဏှာဟာ ဒုက္ခရဲ့တရားခံ (The Cause of Suffering) လို့ ပြောတာ။
သမုဒယသစ္စာ (The Truth of The Cause of Suffering) လို့ မိန့်တာ။

One comment

  • maungmoenyo

    April 6, 2011 at 1:27 am

    အရှင်ဘုရားရေးပြတဲ့ ဒို့ဗုဒ္ဓက ဟောလို့ဖြစ်တာရှိတာမဟုတ်၊ ရှိတာဟုတ်တာကို သူကဟောပြတာ၊ အဓိပ္ပါယ်ဖွင့်ပြတာဆိုတဲ့ အရေးလေးကိုကြိုက်မိပါတယ်ဘုရား။ အဲ့ဒီလိုဒက်ထိ အသုံးလေးတွေများများသုံးမှ တပည့်တော်တို့လို အသိမှားအမှတ်မှားတဲ့လူတွေ အမှန်ကိုလင်းကနဲသိနိုင်မယ်မဟုတ်လားဘုရား။

Leave a Reply