ငါတို့ရဲ့နှစ်သစ်ကူးဆန္ဒ New Year Wishes

cell

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှု စတင်
လင်းသန့် Monday, 18 April 2011 18:28
http://www.irrawaddy.org/bur/index.php/news/6192-2011-04-18-11-32-15
မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁ရ ရက်မှ စတင်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့အချုပ်(NLD)အပါအဝင် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီရေး တက်ကြွသူများက ဦးဆောင်ကာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆိုသည့် လှုပ်ရှားမှုကို စတင်လိုက်ကြောင်း သိရသည်။

တောင်းဆိုချက်များမှာ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိလွှတ်ပေးရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးရရှိရန် ဖော်ဆောင်ပေးရေး၊ ပြည်ပရောက် မြန်မာများ ပြည်တွင်း ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေးတို့ အတွက် ကောင်းမွန်သည့် အခြေအနေတခုကို အစိုးရသစ်အနေနှင့် အမြန်ဆုံးအကောင်အထည်ဖော်ပေးရေးတို့ ဖြစ်သည်။

“တောင်းဆိုချက်စာတမ်းကတော့ ပြည်သူလူထုကနေပြီး မိမိတို့ရဲ့လိုလားချက်ကို သမ္မတဆီကို တောင်းဆိုတာပေါ့၊ တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်ဖို့ လမ်းစဖွင့်နေတာပဲ၊ အားလုံးကတော့ ဆက် လက်မှတ်ထိုးသွားကြမှာ၊ ကျနော်ထင်တယ်၊ တိုင်းနှင့် ပြည်နယ်တွေအားလုံးမှာလည်း သူတို့လူငယ်တွေလုပ်သွားကြမှာပဲ၊ ကောင်းမွန်တော်သင့်တဲ့ တောင်းဆိုချက်တွေကို သဘောတူ လက်ခံကြလို့ မျှော်လင့်ချက်ထားပြီး လက်မှတ်ထိုးကြတာ၊ ဒါဟာလုပ်သင့်လုပ်ထိုက်တာကို လူငယ်တွေက ညှိနိုင်းလုပ်နေကြတာ”ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် က ဧရာဝတီကို ပြောသည်။

အဆိုပါလက်မှတ်ထိုးလှုပ်ရှားမှုကို တနိုင်ငံလုံး အတိုင်းအတာနှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ထံ လာ မည့် ဧပြီလ ၂၂ ရက်နေ့တွင် တရားဝင်တင်ပြသွားမည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လက်မှတ်ရေးထိုးပြီး NLD ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ ဝါရင့်နိုင်ငံရေး သမားကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ လူထုပါ ပါဝင်လက်မှတ်ရေးထိုးသွားကြမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ဆီကို ကျယ်ပြန့်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို တင်ပြသွားမှာပါ”ဟု နိုင်ငံရေးလှုပ်ရှားသူ ကိုဖြိုးမင်းသိန်းက ဆိုသည်။

မြန်မာနိုုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ခိုင်မာစွာရရှိစေရန် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးသည် အ ရေး ကြီးသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၏ ကနဦးခြေလှမ်းတရပ်ဖြစ်ကြောင်း ပြည်တွင်းဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အစဉ်တစိုက် ထောက်ပြတောင်းဆိုနေကြသည်။

“မနေ့ကပဲ ဒီလက်မှတ်ထိုးလှုပ်ရှားမှုက စတင်လိုက်တာ၊ ပိုမိုကျယ်ပြန့်တဲ့ Signature Campaign အဖြစ် လက်မှတ် တွေက တော့ ရသလောက် ဆက်ကောက်ခံသွားမှာ ဖြစ်တယ်၊၊ အခု ရာချီတဲ့ လက်မှတ်တွေရနေပြီ။ အမြန် စာပို့စနစ်နဲ့ ပြည် သူလူထုရဲ့တောင်းဆိုမှုအဖြစ်ပို့မှာ၊ ကျနော်တို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ အတွက် မျှော်လင့်ချက်ထားတယ်”ဟု ကိုဖြိုးမင်းသိန်း က ဆက်လက် ပြောသည်။

သို့သော် ယခုလက်မှတ်ရေးထိုးတောင်းဆိုမှုသည် သက်ဆိုင်ရာ အစိုးရသစ် သမ္မတနှင့်အစိုးရအဖွဲ့တို့၏ ဒီမိုကရေစီ ဖော် ဆောင်ရေးလုပ်ရပ်များပေါ်တွင် အကျိုးရလဒ်သည်တည်နေကြောင်းနှင့် တောင်းဆိုချက်အားလုံးသည် လက်တွေ့ကျသော တိုင်းပြည်၏ လက်ငင်း လိုအပ်ချက်ဖြစ်သည်ဟု ဦးဝင်းတင်က ပြောကြားသည်။

မကြာသေးမီရက်ပိုင်းကလည်း NLD က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး အပါအဝင် သမ္မတသစ်အနေနှင့် ၎င်း၏ မိန့်ခွန်းပါ ကတိအတိုင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ရန် တိုက်တွန်းတောင်း ဆိုထား သည့် စာတစောင်ကို အစိုးရသစ် သမ္မတ ဦးသိန်းစိန်ထံသို့ ပို့ဆောင်ခဲ့သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ပေါင်း ၂၀၀ဝ ကျော်ရှိနေပြီး အများစုမှာ နှစ်ရှည်ထောင် ဒဏ်ကျခံနေကြလျက် ရပ်ဝေးထောင်များသို့ပြောင်းရွှေ့ခံထားရသောကြောင့် ကျန်းမာရေး၊ စားသောက်ရေး အခက်အခဲ များစွာရှိနေကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ပြောသည်။

“နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့လှုပ်ရှားတာကိုတော့ ကြိုဆိုတယ်၊ လူကိုယ်တိုင်လွတ်လာမှပဲ လွတ်လာပြီလို့ သဘော ထားရမှာပဲ”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက ဆိုသည်။

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှစပြီး မြန်မာအစိုးရသစ်အနေနှင့် အကျဉ်းသား ထောင်ချီလွှတ်ပေးမည်ဟု သတင်း များထွက်ပေါ်လာခဲ့ရာ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက မျှော်လင့်နေကြ ကြောင်းလည်း သိရသည်။

ထို့အပြင် ယမန်နေ့က NLD ရုံးချုပ်တွင် ပထမဆုံးအကြိမ် အညတရ သူရဲကောင်းဆု ပေးပွဲကိုလည်း ကျင်းပခဲ့ သည်။ အဆိုပါဆုကို နိုင်ငံရေးအကျဉ်းသား ၃ ဦးက ရရှိခဲ့ပြီး တဦးလျှင် ငွေကျပ် ၁ဝ သိန်း စီရရှိမည်ဖြစ်သည်။ ထိုဆုပေးပွဲမှ စတင်ကာ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုသည် ဂျပန်ရောက်မြန်မာများက စုပေါင်းချီးမြှင့်ခြင်းဖြစ်ပြီး ဦးဝင်းတင် ဦးဆောင်သော ဆုရွေးချယ်ရေးအဖွဲ့က လက်ရှိအကျဉ်းကျခံနေကြရသော နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် မဂ္ဂင်ကျောင်းတိုက်မှ ဆရာတော် ဦးအိန္ဒက (ဦးအောင်သန်းမြင့်)၊ ထောင်ဒဏ်အကြိမ်ကြိမ်ကျခံနေရသည့် ဦးခင်ဝင်း(ဘိုးတော်ခင်ဝင်း)၊ HIV/AIDS ဝေဒနာသည်များကို ကူညီပေးခဲ့သူ ဦးသန်းနိုင် တို့ ၃ ဦး ကို အညတရ သူရဲကောင်းများအဖြစ် ယခုနှစ်အတွက် ရွေးချယ်ခဲ့သည်။

အဆိုပါ အညတရ သူရဲကောင်း ၃ ဦး လုံးသည် အကျဉ်းထောင်အကြိမ်ကြိမ်ကျခံခဲ့ရသူများဖြစ်ပြီး ယခုလည်း အကျဉ်း ထောင်အသီးသီးတွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူများဖြစ်သည်။

mizzima သတင်းဌာနက ဒီနေ့တင်ထားတဲ့ သတင်းကို အပ်ဒိတ်လုပ်လိုက်ပါတယ်။ ဝိုင်းဝန်းထောက်ခံ မှတ်ချက်ပြု၊ ကြိုက်နှစ်သက်ကြောင်း သဘောထားပေးကြပါလို့ ထပ်မံဆော်ဩပါတယ်ဗျို့၊
နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ဒဂုန်တာရာနှင့် အော်ပီကျယ် ပန်ကြား
မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂ဝ နာရီ ၁ရ မိနစ်

ချင်းမိုင် ။ ။ မြန်မာနိုင်ငံ၏ အသက်ကြီးဆုံး စာရေးဆရာ အသက် ၉၂ နှစ်ရွယ် ဒဂုန်တာရာက ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်ကို နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး တနင်္လာနေ့က တိုက်တွန်းလိုက်သည်။

“ဒီလူတွေက အနာဂတ် မြန်မာနိုင်ငံတော်ကို ဖွဲ့စည်း တည်ထောင်ရမယ်လူတွေပဲဗျ အလကားလူတွေမဟုတ်ဘူး၊ အပြစ်မရှိတဲ့လူတွေ လွှတ်ဖို့ကောင်းပြီဗျာ၊ နှစ်တွေကလည်း ကြာလှပြီ၊ အဲဒါကိုတော့ လေးလေး နက်နက် ပြောချင်တယ်၊ အဲဒီလူတွေဟာ ထောင်ထဲမှာ ရှိဖို့ မကောင်းတဲ့ လူတွေပဲ။ အဲဒီလူတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကောင်းပြီ၊ ဒါ ကျနော် လေးလေးနက်နက် ပြောချင်တာပဲ။ အကယ်၍ ကျနော့်စကားကို နားထောင်မယ်ဆိုရင်ပေါ့ဗျာ။ အထူးသဖြင့် တောင်းပန်ချင်တာပါပဲ” ဟု ဆရာကြီးဒဂုန်တာရာက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် မတ်လတွင် ကျင်းပသည့် လွှတ်တော်တွင် လွှတ်တော်အမတ်များ အဆိုပြုတင်သွင်းမှုများ ရှိခဲ့သေးသည်။ သို့သော် ထိုအဆိုပြုမှုမှာ လွှတ်တော်တွင်း မဆွေးနွေးမီ ပြည်ပမီဒီယာများသို့ ပေါက်ကြားခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ဖျက်ခဲ့သည်။

လွှတ်တော်တွင်း ဆွေးနွေးမှုများသည် ပြည်သူလူထုဆန္ဒကို ကိုယ်စားပြုပြီး နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသင့်ကြောင်းလည်း အစိုးရသစ်ကို ဆရာဒဂုန်တာရာက တိုက်တွန်းသည်။

“လွှတ်တော်ကတော့ တရားတယ် မတရားတယ် ကျနော် မပြောလိုဘူး၊ အခု လွှတ်တော် ရှိလာပြီဆိုတော့ လွှတ်တော်က ပြည်သူတွေရဲ့ အသံကို ဖမ်းလို့ရမယ်၊ ကလေးတွေကို လွှတ်ပေးပါ၊ သူတို့ဟာ အနာဂတ်ကို ပိုင်တဲ့လူတွေဗျ။ ကျနော် တောင်းပန်ချင်ပါတယ်” ဟုသူကဆိုသည်။

ဆရာဒဂုန်တာရာသည် ၁၉၅၂ က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ ဆရာဒဂုန်တာရာသည် “စာပေသည် ပြည်သူ့အတွက်”ဟူသည့် ကြွေးကြော်သံဖြင့် ထင်ရှားသည့် ဒုတိယကမ္ဘာစစ်ပြီးစ စာပေသစ်လှုပ်ရှားမှုခေါင်းဆောင်၊ တာရာမဂ္ဂဇင်းပိုင်ရှင် အယ်ဒီတာအဖြစ် အထူးထင်ရှားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေး အကျဉ်းသား ၆၅ဝ ကို လစဉ် ကျပ် ၅,ဝဝဝ နှုန်း ထောက်ပံ့ပေးနေသည်။

နိုင်ငံရေး အကျဉ်းသားများကို ကူညီမှုများပေးနေသည့် NLD လူမှုအထောက်အကူပြုအဖွဲ့မှ ဦးနိုင်းနိုင်းကလည်း နိုင်ငံရေး အကျဉ်းသားများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းရင်း အကျဉ်းကျခံရသူများဖြစ်၍ နိုင်ငံရေး အကျဉ်းသားများ မရှိသင့်ကြောင်း ဆိုသည်။ ထို့ပြင် ယခု ပြောင်းလဲလိုက်သည့် အစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ ဟန်ပြ လိုက်လျောမှုမျိုးပင် မရှိသေးကြောင်း ဝေဖန်လိုက်သည်။

“အခု သူတို့ အာဏာကို လွှဲပါတယ် ဆိုပြီးတော့ လူမြင်သူမြင်အောင်လုပ်တဲ့ အချိန်မှာဆိုရင်လဲ ဟန်ပြလောက် လုပ်ပြမယ် ထင်တာပေါ့လေ။ ဒါပေမဲ့ ဟန်ပြလေးတောင် မလုပ်ဘူး၊ စိတ်မကောင်းစရာပဲ” ဟုသူကဆိုသည်။

မြန်မာနိုင်ငံ၏ ထင်ရှားသည့် ကာတွန်းဆရာတဦးဖြစ်သူ ဆရာအော်ပီကျယ်ကလည်း နိုင်ငံရေး အကျဉ်းသားများ ယင်းတို့ အယူအဆ ခံယူချက်များကို ဖော်ထုတ်ပြသခြင်းကြောင့် အဖမ်းခံရနေပြီး ထိုအဖြစ်မျိုး မဖြစ်သင့်ဟု သုံးသပ်သည်။

“ဒီဟာတွေက ဖမ်းရမယ့်ကိစ္စ ထောင်ထဲနေရမယ့် ကိစ္စမှ မဟုတ်တာဗျာ သူတို့ တွေက ဖျက်လိုဖျက်ဆီး လုပ်တဲ့သူတွေလည်း မဟုတ်ပါဘူး၊ ကိုယ့်အယူအဆနဲ့ကိုယ် နေတဲ့သူတွေပဲဗျာ၊ လွှတ်ကိုလွှတ်ပေးသင့်တာပေါ့ဗျာ” ဟုဆိုသည်။

နိုင်ငံသမ္မတ ဦးသိန်းစိန်၏ မတ်လ ၃ဝ ရက်နေ့ ကျမ်းကျိန်အပြီး မိန့်ခွန်းတွင် ငြိမ်းရေးခြင်း၊ တရားမျှတခြင်းစသည့် လောကပါလတရားများ ဖော်ဆောင်သွားမည်ဟု ပါရှိသည်။ ထိုလောကပါလ တရားများကို သမ္မတက ဖော်ဆောင်သွားရန်လိုအပ်ပြီး တိုင်းပြည်ကို တိုးတက်ချင်ပါက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ နိုင်ငံရေးဦးဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ဆိုသည်။

“နိုင်ငံရေး အကျဉ်းသားတွေမှာ ကောင်းမွန်တဲ့ စိတ်ကူး စိတ်သန်းတွေရှိတယ်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေချင်လို့ ထောင်ထဲရောက်နေကြတာကိုး။ သူတို့သာ လွတ်လာပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်းထဲမှာ ပါလာမယ်ဆိုရင် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာနိုင်မယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် ဒီလူတွေကို ပစ်ပယ်ပြီး ထောင်ထဲမှာ သိမ်းမထားသင့်ပါဘူး” ဟုဆိုသည်။

နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး မြန်မာနိုင်ငံ AAPP(B) ၏ ယခုလထုတ် စာရင်းများအရ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝ၇၃ ယောက် ရှိနေသည်။ http://www.mizzimaburmese.com/news/inside-burma/7398-2011-04-18-13-49-53.html
VOA BURMESE
ဒီနေ့ ဗွီအိုအေမြန်မာပိုင်းမှာ တင်ထားတဲ့ သတင်းလေးကို ကော်ပီပွားတင်လိုက်တာပါ။ ကျုပ်တို့ရွာသားများလည်း နှစ်သစ်မှာ ယုံကြည်ချက်ကြောင့် အကြောင်းအမျိုးမျိုးနဲ့ အကျဉ်းချခံနေရသူများအတွက် စုပေါင်းဆန္ဒပြုကြရင်ကောင်းမယ်ထင်လို့ပါ။ ဖြစ်နိုင်ရင် တတပ်တအား ကိုယ်စီကိုယ်ငှ မှတ်ချက်လေးများနဲ့ ပါဝင်လက်မှတ်ရေးထိုးပေးကြပါလား။ ပြည်တွင်းမှာနေရလို့ လုံခြုံရေးအတွက် စိုးရိမ်သူများကလည်း နာမည်မဖော်ပြလိုရင် လော့ဂ်အင်မလုပ်ဘဲ အီးမေးလိပ်စာပေးပြီး တခြားနာမည်နဲ့ လက်မှတ်ထိုး မှတ်ချက်ပေးလို့ရပါတယ်။ ကွန်နက်ရှင် မကောင်းလို့ မှတ်ချက်ရေးဖို့ အခက်အခဲရှိသူမျာအတွက်လည်း ပထမဆုံးကွန်းမန့်မှာကြိုက်နှစ်သက်ကြောင်း thumb up လေးကို နှိပ်ပေးသွားကြပါလား။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ၊ နှစ်သစ်မှာ အိမ်နဲ့ဝေးကွာနေရသူအပေါင်း ၎င်းတို့မိသားစုဝင်များနဲ့ ပြန်လည်ဆုံစည်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ဒီပို့စ်ကို သုံးလေးရက်လောက်တော့ အပ်ဒိတ်လုပ်တင်ခွင့်ပြုပါ သဂျီးမင်း…. ဖြစ်နိုင်ရင် သဂျီးအနေနဲ့လည်း ပါဝင်တိုက်တွန်းနှိုးဆော်ပေးပါအုံး။ ဒီပို့စ်အတွက် ဖြစ်နိုင်ရင် ပွိုင့်နှုတ်ထားစေလိုပါသည်။
အကျဉ်းသား လွတ်မြောက်ရေး စုပေါင်းလက်မှတ်ရေးထိုး

By မသိင်္ဂီထိုက် တနင်္ဂနွေ, 17 ဧပြီ 2011
ထပ်ဆင့် ဖြန့်ဝေရန်
http://www.voanews.com/burmese/news/Burma-political-prisoners-04-17-11-120001344.html

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ပေးဖို့အရေး မြန်မာအစိုးရသစ်ကို တောင်းဆိုတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတရပ်ကို ဆောင်ရွက်နေကြပါတယ်။ ဒီလက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသာတွေကို လွှတ်ပေးဖို့၊ ပြည်တွင်းစစ်တွေ ရပ်စဲဖို့နဲ့ ပြည်ပရောက် မြန်မာတွေ ပြည်တွင်း ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး အတွက် ကောင်းမွန်တဲ့ အနေအထား တခုကို ဖန်တီးပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဝါရင့် နိုင်ငံရေး သမားကြီးတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆို လှုပ်ရှားမှုတခုကို မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒီလို လက်မှတ်ရေးထိုး တောင်းဆိုမှုကို လူထုတောင်းဆိုမှု တခုအသွင် ဆောင်လာအောင်အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးကို ပို့ဆောင်ပြီး လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ပထမဦးဆုံးအချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ရယ်၊ ဒုတိယ အချက်က မြန်မာ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက်ပေါ့။ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်ေးရး တည်ဆောက်ဖို့ တိုက်တွန်းထားတာ။ နိုင်ငံတကာမှာ ရောက်နေတဲ့သူတွေရော၊ ပြည်ပနိုင်ငံ အသီးသီးမှာ ဒုက္ခသည်အဖြစ် ရောက်နေကြတဲ့သူတွေရော၊ မြန်မာနိုုင်ငံအတွင်းကို လုံခြုံစိတ်ချစွာ ပြန်လည် လာနိုင်ရေးအတွက်ပေါ့ နောက် အခြေအနေ ကောင်းတွေကို ဖန်တီးပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အခုစပြီး လက်မှတ်ရေးထိုးနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့၊ ဦးတင်ဦး တို့ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ ၈၈ ကနေ အခုထိ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေး မိသားစုတွေ အတော်များများ ပါဝင် လက်မှတ်ရေးထိုး ကြမှာပါ။ လူထုရဲ့ အသံတခု အနေနဲ့ အစိုးရအဖွဲ့ကို တင်ပြနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာပါ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အပါအဝင် အစိုးရသစ် သမ္မတ အနေနဲ့ ပြောထားတဲ့ ကတိအတိုင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ပါလို့ တိုက်တွန်း တောင်းဆိုထားတဲ့ စာတစောင်ကို အစိုးရသစ် သမ္မတ ဦးသိန်းစိန်ထံကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပေးပို့ခဲ့ပါသေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်း ပြန်လည် နေထိုင်နိုင်ရေး အတွက် အမတ်တချို့က လွှတ်တော်သစ်ထဲမှာ တင်ပြဖူးပေမဲ့ ဒီကိစ္စဟာ လွှတ်တော်မှာ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူးဆိုပြီး ပယ်ချခဲ့တာပါ။

ဒီလို ပယ်ချထားပေးမဲ့လည်း အခု လက်မှတ်ရေးထိုး လှုပ်ရှားသူတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရသစ်အနေနဲ့ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်တယ်လို့လည်း တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ဗျာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မျှော်လင့်ထားပါတယ်။ အခုချိန်မှာ နိုင်ငံတော်သမ္မတလည်း ပေါ်လာပြီ။ တိုင်းပြည်မှာ လွှတ်တော်တရပ်လည်း ပေါ်လာပြီဖြစ်တဲ့ အတွက် ဒီအခြေအနေ အပေါ်ကနေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို အခုပေါ်လာတဲ့ အစိုးရသစ်ကနေ ဆောင်ရွက်ပေးဖို့ လိုလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီနှစ်သစ်အခါသမယမှာပေါ့နော် တိုင်းပြည်မှာရှိနေတဲ့ ပြဿနာ အရပ်ရပ်တွေကို ပြေလည်သင့်မြတ်ဖို့နဲ့ လာမယ့် မင်္ဂလာရှိတဲ့နှစ်သစ် ဖြစ်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ကြမယ်၊ ဒုက္ခသုက္ခရောက်နေသူတွေ၊ စစ်ဘေးဒဏ် သင့်နေတဲ့သူတွေရဲ့ ဒုက္ခတွေကိုလည်း ငြိမ်းချမ်းဖို့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ပြီး အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံရေး ပြဿနာရပ်တွေကို တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခု နှစ်သစ် အခါသမယမှာ ဒီလို ကောင်းမြတ်တဲ့ ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။”

ဒီကနေ့စတင်တဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကရလာတဲ့ လက်မှတ်တွေနဲ့ တောင်းဆိုမှုတွေကိုတော့ လာမယ့် ရုံးဖွင့်ရက်မှာပဲ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ပေးပို့မယ်လို့ ဆိုပါတယ်။

23 comments

  • bigcat

    April 17, 2011 at 8:23 pm

    သဘောတူကြောင်း မှတ်ချက်ဖြစ်ဖြစ်၊ ကြိုက်နှစ်သက်ကြောင်း like ဖြစ်ဖြစ် ပါဝင်ကူညီပေးကြပါခင်ဗျား။

    • kai

      April 18, 2011 at 8:38 am

      မန္တလေးဂေဇက်အနေနဲ့ကတော့ … သမ္မတသစ်ဆီ.. တောင်းဆိုတာဆိုတာထက်.. အသနားခံစာတင်လိုပါတယ်..။

      အကျဉ်းသားတွေ..အထူးသဖြင့်.. ယုံကြည်ချက်ကြောင့် အကြောင်းအမျိုးမျိုးနဲ့စွတ်စွဲခံရပြီး အကျဉ်းကျခံရတဲ့.. အကျဉ်းသားတွေကို .. မိသားစုတွေနဲ့ကွဲကွာ အခြေအနေမဲ့.ဘဝပျက်ဖြစ်ရတာကို ထောက်ထားပြီး.. နိုင်ငံတော်သမ္မတကြီးအနေနဲ့.. လွတ်ငြမ်းချမ်းသာခွင့်ပေးဖို့.. အသနားခံပါတယ်..။

      • kai

        April 18, 2011 at 8:41 am

        ဒီစာကတော့ … မြန်မာ-အမေရိကန်တွေအတွက်ပေါ့လေ…။
        အကျဉ်းသားတွေ အားလုံးလွတ်မယ်ဆိုရင်.. အမေရိကန်ပြည်ထောင်စုက ချထားတဲ့ မြန်မာပြည်အပေါ်စီးပွားရေးပိတ်ဆို့ထားတာကို.. ဖယ်ဖျောက်ဖို့.. လုပ်ပေးရမယ်ဆို… ဘယ်လိုသဘောထားသလည်း သိချင်တာပါ..။
        အပေးအယူ သဘောပေါ့..
        အောက်က Like -Dislike နဲပဲ..ဗုတ်ကြည့်ပါဦး..။

        • bigcat

          April 18, 2011 at 11:59 pm

          နိုင်ငံရေးအကျဉ်းသမားတွေဖမ်းပြီး ဓါးစာခံနိုင်ငံရေးလုပ်တဲ့ ဖက်ဆစ်အစိုးရကိုများ ယုံလို့ဗျာ။ စီးပွားရေးပိတ်ဆို့မှုတခုဖြစ်ဖို့ လူထောင်ပေါင်းများစွာ သေပေးရတယ်။ မတရားအကျဉ်းချခံရတယ်၊ သန်းနဲ့ချီတဲ့ ဘဝတွေပျက်ရတယ်၊ အိုးပစ်အိမ်ပစ်ထွက်ပြေးရတယ်၊ သားတကွဲ မယားတကွဲ မိတကွဲဖတကွဲ ဖြစ်ရတယ်။ နှစ်ပေါင်းများစွာတောင်းဆိုရတယ်။ နိူင်ငံရေးအကျဉ်းသမားကြတော့ ဒီနေ့လွှတ်ပြီး မနက်ဖြန် ပြန်ဖမ်းလို့ရတယ်။ ဖမ်းလည်းဖမ်းခဲ့တယ်။ မေးစရာမေးခွန်းမဟုတ်၊ ရန်သူအားပေး၊ ကပ်မြှောင်မေးခွန်းတခုဖြစ်လို့ ကန့်ကွက်ပါတယ်။ ထောင်ကျသူနိုင်ငံရေး အကျဉ်းသမားအများစုကလည်း ကန့်ကွက်ပါတယ်။ လွတ်ချင်ရင် ဝန်ခံချက်လက်မှတ်ထိုးလည်း အပြစ်သိပ်မပြောကြတော့ပါဘူး။ သူတို့ရဲ့ အနစ်နာခံမှု လုပ်ဆောင်ချက်တွေကို နားလည်ပေးကြမှာပါ….

      • bigcat

        April 18, 2011 at 11:50 pm

        ခံဗျို့ခံခံ…… ကျုပ်တို့ကတော့ချမှာ….. တော်တော်ဆိုးတဲ့လူကြီး။ သဂျီးဖြစ်နေလို့ တခြားသူသာဆိုရင် ပက်ပက်စက်စက်ပြောထည့်လိုက်ပြီ။ သဂျီးလိုအတွေးအခေါ်ရှိတဲ့လူတွေရှိလို့၊ ဒေါ်စုကို ဗိုလ်သန်းရွှေက လူဝန်ကယ်ဆယ်ရေးဌာန ညွှန်ချုပ်ပေးမယ်၊ နောက်တော့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးရာထူးပေးမယ်လို့ လေသံပစ်တာနေမှာ။ မှတ်ထားသဂျီးရေး ခြင်္သေ့မှန်ရင် မြက်မစားဘူး။ (ဒေါ်စုကိုပြောတာနော်၊ ကျနော်ကတော့စားတယ်၊ ခြသေ့င်္မဟုတ်လို့)

  • zoe

    April 18, 2011 at 2:09 am

    ကိုကြောင် နှစ်သစ်မှာ ရွှင်လန်းချမ်းမြည့် ပါ စေ ။ ကိုကြောင်ရဲ့ နှစ်သစ်ဆုတောင်း လည်းပြည့်ဝ ပါစေ ။

  • winkyawaung

    April 18, 2011 at 5:19 am

    ဦးကြောင်ကြီးစားသလို တကြွပ်ကြွပ်ဝါးစားပြီး တောင်းတဲ့ဆုနဲ့ပြည့်ပါစေဗျား..။

  • naywoonni

    April 18, 2011 at 7:27 am

    ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေသော်…..
    ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော်………။

  • nigimi77

    April 18, 2011 at 8:48 am

    အဲ့ ကိုကြောင်ကြီးက လူလည်ကျတယ်။

    “…သဘောတူကြောင်း မှတ်ချက်ဖြစ်ဖြစ်၊ ကြိုက်နှစ်သက်ကြောင်း like ဖြစ်ဖြစ် ပါဝင်ကူညီပေးကြပါခင်ဗျား။”

    အငြင်းဝါကျ တခုမှ မပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် Like လိုက်ပါတယ်…။ 🙂

    ဆြာခိုင်…. နှစ်ခုလုံးက ကျုပ် Like ထားတာ။

  • KoNyeinChan

    April 18, 2011 at 12:05 pm

    ကိုကြီးကြောင်ရဲ ့ဆန္ဒကောင်းကို လေးစားပါတယ်။
    ကျွန်တော်အပါအဝင်လူအများစုရဲ ့စိတ်ထဲမှာလည်း အကျဉ်းသားတွေအတွက် လွတ်မြောက်ရေး၊ တိုင်းပြည်ဖွံ ့ဖြိုးတိုးတက်လာရေးကို မျှော်လင့်နေကြပါတယ်။
    ဒါပေမယ့် ကိုကြီးကြောင်.. ကျွန်တော်တို ့တွေ ဒီလိုလက်မှတ်တွေထိုး ဟိုပို ့ဒီပို ့လုပ်နေတာတွေဟာ နှစ်ပေါင်းဘယ်လောက်ကြာနေပြီ၊ အကြိမ်ပေါင်းမြောက်များစွာ ရှိနေပြီဆိုတာလည်း လူတိုင်းအသိပါ။ ဟိုလူတက်လာလိုက် မျှော်လင့်တကြီးနဲ ့လက်မှတ်တွေထိုးတင်ပြလိုက်၊ ဒီအဖွဲ ့အစည်းကြီးနာမည်ကြီးလာလည်း လက်မှတ်တွေထိုး တင်ပြလိုက်နဲ ့ သက္ကရာဇ်တွေသာတစ်နှစ်ပြီးတစ်နှစ် ပြောင်းလာတယ် ကျွန်တော်တို ့ရဲ ့အပြုအမူတွေ မပြောင်းလို ့ကတော့ ထူးမခြားနား ပါဘဲ။
    “””ဖြစ်သင့်တာကိုပြောရရင် ကျွန်တော်တို ့တတွေ ဗျူဟာပြောင်းသင့်ပါပြီလို ့”””

    • kai

      April 18, 2011 at 5:45 pm

      ဒုက္ခပဲ.. ကိုရင်ငြိမ်းချမ်းရယ်…။
      ဗျူဟာနဲ့ လုပ်နေကြတယ်လို့… တကယ်ကိုထင်နေတာလားဟင်င်…။ 🙂

      တနေ့နေ့တော့ .. “လွှင့်၊လွင့်ထွက်လာသူများ၏အတွင်းရေး” ဆိုပြီး စာတအုပ်လောက်ရေးမှနဲ့ တူတယ်..။ 🙂

      ထားပါတော့… အပေါ်ကရေးထားတဲ့ မြန်မာ-အမေရိကန်တွေအတွက်ဆိုတာက.. ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရတဲ့ သူတွေ လွတ်မြောက်မှုကို .. စီးပွားရေးပိတ်ဆို့မှုဆိုတာနဲ့ အပေးအယူ အလဲအလှယ်လုပ်ရမယ်ဆို… လုပ်ရဲသလား စိတ်ထားသိချင်လို့ပါပဲ..။
      ဒါက လူတွေစိတ်ထားအမှန် နှိုက်ထုတ်ပြရမဲ့… မီဒီယာရဲ့တာဝန်အရဆိုပါတော့…။
      အဲဒီမေးခွန်းကို သေသေချာချာပြန်လေ့လာပြီး .. အမေရိကားတဝှမ်း တင်ပေးလိုက်ချင်မိသား..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 18, 2011 at 12:59 pm

    ကလိန်ကကျစ်ကျတဲ့ရွေးကောက်ပွဲကို
    ဝင်ပြိုင်တော့လဲခင်ဗျားတို ့ဘဲ
    အစိုးရပါလို ့ဖြစ်လာတော့
    ပတ်သက်ရာနိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရမှာသူတို ့အလုပ်ဘဲ
    မလွှတ်ပေးခြင်လို ့မလွှတ်ပေးတာကို
    လက်မှတ်ထိုးကြတယ်ဆိုတော့
    ကဲ
    ရပါပြီတဲ့
    သန်းပေါင်းရှစ်ဆယ် ထောက်ခံမဲ
    ခင်ဗျားတို ့ကိုယ်တိုင် ထောင်ထဲမှာသွားနေ
    ကျုပ်လုပ်ပြမယ်
    ထောက်ခံမဲ သန်းရှစ်ထောင်
    ကုလသမ္မဂ္ဂပါ အပိုပါစေရမယ်

  • nature

    April 18, 2011 at 1:13 pm

    ဒီလိုတောင်းဆိုတာကောင်းပါတယ်၊ အဲဒါထက် အစိုးရနဲ့ပြည်သူကြားမှာ အတိတ်ကိုပြည်ဖုံးကားချပြီး၊ မှန်ကန်တဲ့ ယုံကြည်မှုချစ်ကြည်ရင်းနှီးမှု ခိုင်မြဲအောင်အရင်ဆုံးတည်ဆောက်ဖို့လိုပါမယ်၊ ကိုယ်နဲ့မတည့်တဲ့သူဆီက တောင်းလို့ဘာရနိုင်မှာလဲ၊ ကိုယ့်ဆီကရော မတည့်တဲ့သူကလာတောင်းရင် ပေးမှာလား၊ ဒါတွေဟဟာမဖြစ်နိုင်လောက်အောင်ခက်ခဲပါတယ်၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိပါဘူး၊ လုပ်တာနည်းလမ်းမှန်ကန်မယ် ကြိုးစားမယ် စေတနာမှန်မယ်ဆိုတချိန်မှာဖြစ်လာမှာပါ။

  • bigbird

    April 18, 2011 at 2:30 pm

    အပြည့်အဝ ထောက်ခံပါတယ်..ရဲရဲကြီးလက်မှတ်ထိုးရဲပါတယ်..
    ကြောက်စရာလိုမယ်လို့လဲမထင်ပါဘူး..အားလုံးစုပေါင်းပါဝင်ပေးကြပါလို့တိုက်တွန်းနိူးဆော်အပ်ပါသည်ခင်ဗျား။

  • parlayar46

    April 18, 2011 at 5:55 pm

    မရ ရင်လဲနေ။ တောင်းဆိုတာကတော့တောင်းဆိုရမှာပဲ။ ဒါပဲလုပ်လို့ရသေးသရွေ့ ဒါပဲလုပ်ကြရမှာပေါ့။ ဒါ့ထက်လုပ်လို့ရတဲ့ အချိန်ရောက်လာရင်လဲ ညီညီညွတ်ညွတ် တက်တက်ကြွကြွ ရှိကြပါစေလို့ ဆန္ဒပြုပါတယ်ဗျာ။

  • ကျွန်တော့်အမြင်ကတော့ အများနဲ့ ကွဲလွဲနေမလားမသိ..

    အဲဒီလက်မှတ်တွေ သေကောင်ပေါင်းလဲထိုး၊ အားကြိုးမာန်တက် သွားတင်ပါပြီတဲ့.. ဘယ်သူ့ ဘယ်သူက အရေးလုပ်ကြမယ်ထင်ပါလဲ? မိမိဆိုသော မိမိသည် မိမိနေထိုင်ရာ၊ လုပ်ကိုင်ရာ အလုပ်တွင်သာ လက်မှတ်တစ်ချက်သာ အရေးပါမည်ဖြစ်သော်လည်း လက်ရှိ အစိုးရအတွက်မူ ရယ်စရာ ပျက်လုံးတစ်ပုဒ်ကို ဖတ်ရှူနေရသည့်အလား အမှိုက်ပုံးထဲ ရောက်သွားမည့် စာရွက်သာ ဖြစ်ကြောင်းထင်မြင်မိပါသည်။

    ထို့ကြောင့် လက်မှတ် မထိုးလိုပါ။

    ကိုငြိမ်းချမ်းပြောတဲ့ ဗျူဟာပြောင်းဖို့လိုတယ်ဆိုတဲ့ စကားကိုထောက်ခံပါတယ်။ အဲဒီလက်မှတ်တွေ၊ ဆန်ဒပြမှုတွေ၊ Policy တွေချပြနေတာ မြန်မာ့နိုင်ငံရေး လက်ရှိအခင်းအကျင်းနဲ့ ကိုက်ညီမှုရှိပါရဲ့လားလို့ မေးချင်ပါတယ်။ တစ်ဖက်က အစီအစဉ်တကျ စနစ်တကျ ချီတက်နေစဉ်မှာ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေဖက်က ဘာတွေများ လုပ်နေကြပါလဲ? ဒီလိုပဲ ကြေငြာချက်တွေထုတ်၊ လက်မှတ်တွေထိုး၊ ဝေဖန်သံတွေ ပြုနေကြတော့မှာလား? တိုးတက်ပြီးနိုင်ငံက လူတွေဆီက Fund တွေ တောင်းဆိုလို့ကောင်းပေမယ့် မြန်မာပြည်သူတွေအတွက် လိုင်းကားတစ်ခေါက်စီးစာတောင် ရပါရဲ့လား?

    ပြောရမယ်ဆိုရင်တော့ ပြောစရာတွေအများကြီးရှိပါသေးတယ်..
    Post တစ်ခုစာလောက်ရှိသွားမှာမို့ ဒီနေရာမှာပဲ ရပ်လိုက်ပါတယ်။

    လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါတယ်…။ ။

  • nigimi77

    April 19, 2011 at 4:19 am

    အပေါ်က စာကို ဖတ်ပြီး တခု စဉ်းစားမိလို ့။

    သူတို ့က မန်းလေး ဂေဇတ်ကို ဖတ်ကြလား ???

    သူတို ့ ဆိုတာ သူတို ့လေ။

    • bigcat

      April 19, 2011 at 4:36 am

      အဲဒါတော့ ကျုပ်လည်းမသိဘူး ဒါပေမဲ့ သူတို့ဖတ်မဖတ် သိနိုင်တဲ့နည်းရှိတယ်။ မြန်မာပြည်ဒီမိုကရေစီရဖို့ စစ်အစိုးရဆန့်ကျင်ရေး နိုးဆော်စာကို တပ်မ၇ရစစ်သားရဲ့ ဓာတ်ပုံ၊ နေရပ်လိပ်စာ၊ အသက်၊ ကိုယ်ရေးအချက်အလက်တွေနဲ့ တင်ကြည့်ပါလား။ ညဖက်တံခါးလာမခေါက်ရင် သူတို့မဖတ်လို့၊ လာခေါက်ရင် ဖတ်လို့ပေါ့။ သူတို့လေသူတို့။ 😛
      လုပ်ဖြစ်ရင်လည်းပြောအုံးနော်။ ခင်ဗျားကိုမတွေ့တာ တပတ်လောက်ကြာသွားရင် ရွာမှာခင်ဗျားအတွက် ကမ်ပိန်းတခုလုပ်ပေးမလို့..

  • Ko Ko Aung

    April 19, 2011 at 5:38 pm

    ကျွန်တော်သတိထားကြည့်တယ်။ reading count 100 ကျော်မှာ vote ဝင်လုပ်တာ 40 မကျော်ဘူး။ ဒီတော့ ဖြစ်နိုင်တာ နှစ်မျိုးရှိမယ်။ ပထမဖြစ်နိုင်တာက ဒီpost ကိုဝင်ကြည့်သူတချို့ဟာ အပြန်ပြန်အလှန်လှန် ဝင်ကြည့်နေတာဖြစ်မယ်။ အဲဒါမှမဟုတ်ရင်တော့ ဒုတိယဖြစ်နိုင်တာက ဒါလေးတောင်လူခေါ်မရရင် ဒီနိုင်ငံပြောင်းလဲဘို့ က အစိုးရကိုချည်းအပြစ်ပြောလို့မရဘူး … ဆိုတဲ့သဘော။

    • bigcat

      April 20, 2011 at 2:24 am

      အဲလိုတော့ ဟုတ်ဖူးနဲ့တူဒယ်။ အိုင်ပီလိပ်စာတူရင် ကြိုက်မကြိုက်ပေးလို့မရတော့ မြန်မာပြည်ကဝင်ကြည့်သူတွေ မန်းရဲရင်မန်း မမန်းရဲရင် ဖတ်တာကလွဲလို့ တခြားဟာလုပ်ပေးလို့ မရဘူးလေ။ သဂျီးအသိဆုံးဖြစ်မှာပဲ။ သူပဲ ရွာထဲက သတင်းတွေအားလုံးကို ကကကွန်ကိုပို့နေတာ။ သူ့ဆိုက်အခုချိန်အထိ အပိတ်မခံရတာ ကြည့်ပါလား။ ကြောက်ဖူးသဂျီးရေ ဖမ်းရဲရင်လာဖမ်း…. 😀

  • kai

    April 19, 2011 at 9:11 pm

    ဒါလေးလည်း ဖတ်ကြပါဦး.. လောလောလတ်လတ်တက်လာတာမို ့ပါ..။
    စာရေးသူရဲ့ အာဘော်သာ ဖြစ်ပါတယ်နော..။ မိမိတို့နှင့် မသက်ဆိုင်ကြောင်း..။ 🙂
    http://myanmargazette.net/46905/politics-news-issues

  • char too lan

    April 20, 2011 at 1:05 pm

    #$%&*
    ^$#&
    % / ချာတူးလန်
    (လက်မှတ်)

    လက်မှတ်ဝင်ထိုးရင်း Like တွေလုပ်ရင်းနဲ့ ၁၃၇၃ ခုနှစ်အတွက် ပထမဆုံး ၁ဝကျပ်ကို ယူသွားပါတယ်။ 🙂

Leave a Reply