“ဘယ်သူနဲ့တူပါသလဲ…………………?”

“ဘယ်သူနဲ့တူပါသလဲ …………………………………………..”
ကျွန်တော်တို့ မိ်တ်ဆွေ “ကိုရဲ” က စားသောက်ဆိုင်လေးတစ်ခုဖွင့်ထားပါတယ်။
တရုတ်စာ ကုလားစာ မြန်မာစာ ဘိုစာ အစုံရတဲ့ဆိုင်လေးပါ။
သူ့ဆိုင်လေးက အရမ်းနာမယ်ကြီးတဲ့ထဲမှာ မပါပေမယ် သူ့ဖောက်သည်နဲ့သူမှန်မှန်လေး
ရောင်းနေရတဲ့ဆိုင်လေးလဲ ဖြစ်ပါတယ်။
သူက သူ့စားသောက်ဆိုင် စဖွင့်တဲ့ရက်ရောက်တိုင်း “ဆိုင်လေးရဲ့မွေးနေ့”လို့သတ်မှတ်ပြီး မိတ်ဆွေတွေကို ဖိတ်ပြီး၊စားပွဲသောက်ပွဲလေးလုပ်လေ့ရှိပါတယ်။
အဲဒီနေ့ညနေရောက်ရင် မိတ်ဆွေတွေကိုရော သူ့ဆီကို အမြဲတမ်းလာစားတဲ့ဖောက်သယ်တွေကိုတော့
ဖိတ်စာနဲ့ဖိတ်ပါတယ်။
မွေးနေ့မှန်းမသိဘဲလာပြီး စားတဲ့ သူတွေကိုလည်းအဲဒီနေ့ ညနေစာအတွက် ပိုက်ဆံမယူဘဲ ကျွေးမွေးပါတယ်။
ဒီနှစ်တော့အဲဒီဆိုင်မွေးနေ့လေးကို ကိုစိန်မောင်ရယ် ကိုအောင်မောင်းရယ် ကျွန်တော်ရယ် သန်းလွင်ရယ်အတူသွားဖြစ်ကြပါတယ်။

ထုံးစံအတိုင်း “ဘူဖေး”ပုံစံခင်းကျင်းပေးထားပါတယ်။
ဟင်းပွဲကိုက အသားရော အသီးအနှံရော သုံးဆယ်ကျော်ကျော်လောက်ရှိမယ်ထင်ပါတယ်။
အကြော်အလှော်အချက် အပြုတ်အသုတ် စုံတကာစေ့နေတာပါဘဲ။
ဟင်းတွေကို အပူပေးထားတဲ့ စတီးအိုးကြီးတွေထဲမှာထည့်ပေးထားတာပါ။
အရက်ကတော့ ကောင်တာမှာ တင်ပေးထားပါတယ်။
ဘီယာကြိုက်ကြိုက်အရက်ကြိုက်ကြိုက်ကိုယ်သောက်ချင်တာကို ကောင်တာမှအဆင်သင့်ရပ်နေတဲ့ ဝန်ထမ်းလေးကို ပြောလိုက်ရုံပါဘဲ။
အရက်မသောက်ချင်သူများအတွက်ကတော့ သစ်သီးဖျော်ရည် တွေ အသီးအနှံပွဲတွေလဲ ချပေးထားပါတယ်။
ထမင်းဟင်းကတော့ ကိုယ်ကြိုက်တာ ကိုယ်ကုန်သလောက်ခပ်စားရုံပါဘဲ။

အဲဒီလိုစားကြတဲ့အချိန် “ဘူဖေး”သဘောတရားကိုနားမလည်တဲ့ စိန်မောင်က
တွေ့သမျှဟင်းတွေကို ပန်းကန်ထဲမှာ အများကြီး ထည့်ယူလာပါတယ်။
ပေါက်ကရပြောတတ်တဲ့သန်းလွင်က ဒီတခါဘာသံမှမထွက်ဘဲငြိမ်နေပါတယ်။
ကျန်တဲ့သူတွေကတော့ စစချင်း နည်းနည်းစီထည့် မြည်းကြည့် ကြိုက်တယ်ဆိုတဲ့ဟင်းတွေ့မှ နောက်တစ်ခါများများထပ်ထဲ့ပေါ့။
ကျန်တဲ့သူတွေ က နည်းနည်းချင်းစီကြိုက်တာလေးတွေကို ထပ်ခါထပ်ခါသွားယူလိုက်စားလိုက်လုပ်နေပေမယ့် စိန်မောင်ခဗျာမှာတော့ တစ်ခါထဲအများကြီးထည့်လာမိတော့ သူမကြိုက်တာတွေပါလာပေမယ့်လည်း မကုန် ကုန်အောင်ကြိတ်မှိတ်လို့ စားသာစားနေရတယ် စိတ်ထဲမှာတော့ အတော်လေးကို အကျပ်ရိုက်နေတဲ့ပုံပါဘဲ။
ကျွန်တော်ရယ် ကိုအောင်မောင်းရယ်သန်းလွင်ရယ်သုံးယောက်က စားလို့သောက်လို့ ဝတော့ သစ်သီးဖျော်ရည်တွေ အသီးအနှံတွေကို အစာပိတ်စားနေတဲ့အချိန်
စိန်မောင်တစ်ယောက်မှာတော့ ပထမဆုံးမဆန့်မပြဲထည့်ထားတာကို
တောင်ကုန်အောင်မစားနိုင်ဘဲ ပုဂံထဲမှာ ဟင်းတွေကျန်နေပါသေးတယ်။
ခဏနေတော့ စိန်မောင်က သူစားနေတာကိုဆက်မစားတော့ ဘဲ ဟင်းတွေကျန်နေသေးတဲ့ပုဂံကို အသာလေးတစ်ဖက်ဘေးကို ထိုးရွှေ့လိုက်ပါတယ်။
ဆက်မစားတော့ဘူးဆိုတဲ့သဘောပေါ့။
စိန်မောင်စားလို့မပြီးသေးတာကတော့ အမှန်ဘဲ။
ဒါပေမယ့် သူတစ်ယောက်ထဲကျန်နေတာကို ရှက်လို့လားဒါမှမဟုတ်မစားနို်င်လို့လားတော့ မသိဘူး ဆက်မစားတော့ပါဘူး။
ဒါနဲ့ဘဲ အဲဒီကအပြန်လမ်းမှာလက်ဖက်ရည်ဆိုင်ဝင်ထိုင်ကြပါတယ်။
ဆိုင်မှာလက်ဖက်ရည်သောက် ဟိုရောက်ဒီရောက်ပြောနေတုန်း စိန်မောင်က
“ဒီနေ့ ကိုရဲ ဘူးဖေးက ဘာတွေမှန်းကို မသိဘူးကောင်းလဲမကောင်းဘူး”လို့ပြောပါတယ်။
ကိုအောင်မောင်းက
“ မကောင်းဘူးပြောရအောင် မင်းက ဟင်းခွက်ဘယ်နှစ်ခွက်စားခဲ့လို့လဲ”
လို့ရီကျဲကျဲနဲ့မေးတဲ့အခါ စိန်မောင်က
“သိပ်တော့အများကြီးမစားခဲ့ရပါဘူးကွာ စစချင်းထဲ့တာတောင်ကုန်အောင်မစားနို်င်ပါဘူး”
လို့ပြန်ဖြေတော့ လူသာငယ်တယ် အမြဲတမ်းပေါက်ကရပြောဘို့ချောင်းနေတဲ့ သန်းလွင်က
“ကိုစိန်မောင်က လမ်းလျှောက်ရမှာပျင်းလို့နေမှာနောက်တစ်ခါထပ်ပြီးသွားမထည့်ရအောင် တစ်ခါထည်းအများကြီးထည့်လာတာ။
ဒါပေမယ့် သူမကြိုက်တာတွေ ပါလာတော့ ကုန်အောင်မစားနိုင်တော့ဘူးလေ….
မစားခင်တုန်းက ဘူဖေးဘယ်လိုစားတယ်ဆိုတာပြောပြမလို့ပါဘဲ၊သူမထည့်ခင်လေးမှာ
မေးသားဘဲ ကျနော်က “ဘူးဖေးစားတတ်လား”ဆိုတော့ သူကစိတ်တောင်ဆိုးနေသေးတာ၊
မန်းလေးသားတွေဘူးဖေးမစားတတ်ပါဘူးလို့ ဒါကြောင့်ပြောတာ”ဆိုပြီးစနေပါတယ်။
အဲဒါကို စိန်မောင်က အလျော့မပေးဘဲ
“ဟင်းချက်တာကို က မကောင်းတာပါကွာ ငါတော့ စားရတာ အဆင်မပြေပါဘူး”ဆိုပြီးထပ်ကွန့်တော့
အောင်မောင်းက ထုံးစံအတိုင်းဝင်တွယ်ပါတော့တယ်။
“တကယ်ခက်တာက ငါတို့ဆီမှာ စိန်မောင်လိုကောင်တွေများနေလို့ဘဲ။
ဟင်းခွက် အများကြီးကွာ ကိုယ်ကြိုက်တာကို ကိုယ်ကြိုက်သလောက်ထဲ့စားကွာ၊
ဒါထက်ကောင်းတာဘာရှိသေးလဲ ရွေးချယ်ပိုင်ခွင့်အပြည့်။
အဲဒါကို လောဘတကြီးနဲ့ မစူူးမစမ်းနွားငတ်ရေကျ လောဘတကြီးနဲ့ နင်းကန်ထဲ့၊
ပြီးတော့ မှကိုယ်မကြိုက်တဲ့အရသာနဲ့တိုးတော့ မစားနို်င်တော့ဘူး။
အဲဒါကို ကိုယ်ရွေးချယ်တာမှားတာကို အငြိမ်မနေဘူး ဟင်းခွက်အများကြီးရှိတာကိုတောင်
ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ အပြစ်တင်နေသေးတယ်။
ဟင်းညံ့တာမဟုတ်ဘူး မင်းညံ့တာစိန်မောင်ရဲ့ ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့်ရှိတာကို သေချာမရွေးဘဲနဲ့
ရမ်းသမ်းလုပ်
အဆင်မပြေတော့ မှအလကားနေရင်း ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်နဲ့ သူများကို အပြစ်တင်တာ
ငါတို့ လူမျုးိရဲ့စရိုက်ဖြစ်နေပြီ”ဆိုပြီးအရှည်ကြးီပြောပါတော့။
စိန်မောင်က မကျေနပ်ပေမယ့် ပြန်တော့ မပြောပါဘူး။
ကိုအောင်မောင်းကို သူနိုင်အောင်မပြောနိုင်တာသေချာတာရယ် အောင်မောင်းပြောတာကလဲ
ဟုတ်နေလို့ပါဘဲ။
ကျနော်တို့တတွေက ကိုယ်ကြိုက်တာ ကိုယ်ရွေးချယ်လို့ ယူနိုင်တဲ့အချိန်မှာတောင် သေသေချာချာမယူဘဲ
ဟိုဟာမပါဘူး ဒီဟာမကောင်းဘူး ဆိုပြီး ကြေးများကြ အပြစ်တင်ကြလုပ်တာအကျင့်ပါနေ
တာတော့ အမှန်ပါဘဲ။
အကောင်းဆုံးကတော့ ကိုယ်ကြိုက်ရင်ကိုယ်စား မကြိုက်ဘူးဆိုထားခဲ့ ကြိုက်တဲ့သူစားလိမ့်မယ်။
ဒီအတိုင်းပါဘဲနေရာတကာမှာ………………………………………………………

အဲဒီနေ့ညနေမှာဘဲအိမ်ရှေ့မှာထွက်ထိုင်နေတုံးဟိုဘက်အခန်းက မနွယ်နီနဲ့ သူ့သမီးလေး” ပိစိ”တို့ သားအမိ
အပြန်အလှန်ပြောနေကြတာကို ကြားနေရပါတယ်။
“မေမေ ကိုကိုကြီး လေ ………. ကြောင်အိမ်ထဲက ကိတ်မုန့်ကို တစ်ခါထဲ ၄ချပ်တောင်ယူစားတာ”
“အဲတော့ ပိစိလေး စားဘို့မကျန်တော့ဘူးလား ? မေမေ ကိတ်မုန့် နှစ်လုံးတောင် လှီးထည့်ထားတာလေ”
“ကျန်တော့ ကျန်တာပေါ့ မေမေရဲ့ ပိစိက ကိုကိုကြီး အများကြီးယူသွားတာကိုလာပြောတာလေ”
“သမီးလဲကြို်က်သလောက်စား လို့ရသလို ကိုကိုလဲ ကြိုက်သလောက်စားလို့ရတယ်လေ ပိစိရဲ့”
“မဟုတ်ဘူး မေမေရဲ့ ကိုကိုကြီး က အများကြီးယူတာ”
“အဲဒါ ပိစိမှားတာပေါ့ ကိုယ်ကြိုက်သလောက်ယူစားပါလို့ခွင့်ပေးထားရဲ့သားနဲ့ သူများယူတာကို
အလကားနေရင်းလိုက်ကြည့်ပြီး မပြောရဘူး သမီး”

ဟိုတစ်ရက်က ကိုအောင်မောင်းနဲ့ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်ကြတော့ ရောက်တတ်ရာရာ စကားတွေပြောဖြစ်ကြပါတယ်။
နောက်ပြောရင်းပြောရင်း အလုပ်ကိစ္စရောက်သွားပါလေရော။
အောင်မောင်းက သူတို့လုပ်ငန်းက ဝန်ထမ်းတွေဆီကနေ သူ့ဆီရောက်ရောက်လာတဲ့ ပြဿနာလေး
တွေကိုပြောပြပါတယ်။
သူတို့လုပ်ငန်းက လူသုံးကုန်ပစ္စည်းတွေစားသောက်ကုန်တွေကိုလက်ကားဖြန့်ချိရောင်းချတဲ့လုပ်ငန်းပေါ့။
ဒီတော့လဲ လုပ်ငန်းမှာဌာနခွဲတွေအများကြီး ဝန်ထမ်းတွေကလဲအများကြီးပေါ့။
သူတို့ကအရောင်းအဝယ်လုပ်ငန်းဆိုတော့ အခြားရုံးအလုပ်တွေကို အလုပ်သိမ်းချိန်ကို အတိအကျကြီးသတ်မှတ်လို့
မရနိုင်ပြန်ပါဘူး။
ဘာလို့လဲဆိုတော့ ကုန်သည်တွေမှာတဲ့ကုန်ပစ္စည်းတွေကို ကားဂိတ်၊ရထားဘူတာ၊သင်္ဘောဆိပ်တွေ၊ဆိုင်တွေကို
ပို့လို့ မပြီးသေးရင် ကုန်လက်ကျန်ကိုင်တဲ့သူတွေ ကုန်ပို့လက်မှတ်တွေကို သိမ်းဆည်းရတဲ့သူတွေက ပစ္စည်းသွားပို့တဲ့
လူတွေပြန်အလာကိုစောင့်ရသလို ကုန်သည်တွေက လွှဲပေးတဲ့ ငွေတွေကိုသွားပြီး ထုတ်နေတဲ့လူပြန်မလာသေးရင်လဲ
ငွေကိုင်တဲ့သူတို့ ဘောက်ချာကိုင်တဲ့သူတွေကလဲ ပြန်မလာမချင်းစောင့်ရပြန်ပါသတဲ့။
အဲတော့ ကိုအောင်မောင်းတို့လုပ်ငန်းကြီးမှာက ဝန်ထမ်းတစ်ယောက်နဲ့တစ်ယောက် တစ်ဌာနနဲ့တစ်ဌာန အလုပ်ပြန်ချိန်က
မတူတော့ပါဘူး။
သူတို့အလုပ်က မနက် ဆိုရင် ၈နာရီကနေ 9နာရီ အတွင်းအရောက်လာ၊
ညနေကတော့ ပုံမှန်အလုပ်သိမ်းချိန်က ညနေ၅နာရီခွဲလို့ သတ်မှတ်ပေးထားတယ်ဆိုတော့
အများအားဖြင့်ကတော့ သတ်မှတ်ချိန်ရောက်တာနဲ့ပြန်ကြတာပါဘဲ။
(တော်တော်များများကတော့ ငါးနာရီလောက်ဆိုရင်ကို အိမ်ပြန်ဘို့ အတွက်တလှူပ်လှူပ်တရွရွနဲ့ပြင်ကြဆင်ကြ
အလုပ်ပေါ်ရင်တောင် နောက်နေ့မှလုပ်မယ်ဆိုပြီး အချိန်တွေရွှေ့၊၅နာရီခွဲတာနဲ့ပြန်နိုင်အောင်အဆင်သင့်ပြင်ထားပါတယ်။)
ကိုယ်ယူထားတဲ့တာဝန်အလိုက် စောပြန်ရသူရှိသလို တာဝန်မပြီးသေးလို့
အလုပ်နောက်ကျမှပြန်ရ တဲ့သူလဲရှိနေပြန်ပါတယ်။
အလုပ်နောက်ကျပြန်သူတွေကိုတော့ အလုပ်ကပိုက်ဆံနဲ့ အကြော်တို့ ထပ်တစ်ရာတို့လိုမုန့်မျိုးတွေကို
ညနေအဆာပြေသဘောမျုးိကြွေးတဲ့အပြင် အချိန်ပိုကြေးလဲပေးပါတယ်။
အချိန်ပိုကြေးကတော့ သူရတဲ့လခအပေါ်မှာ မူတည်လို့ တစ်နာရီဘယ်လောက်ဆိုတာကို သူ့အချိုးကျနဲ့သူတွက်ပေးပါတယ်။
အများအားဖြင့်ည ရနာရီ သိပ်အလုပ်များရင်တာ့ ညကိုးနာရီလောက်ထိတော့ရောက်သွားတတ်ပါတယ်။

ကိုအောင်မောင်းတို့အလုပ်မှာ ဟိုအရင်တုံးကတော့ ့ ဒီလို အချိန်ပိုကြေးပေးတယ်ဆိုတာ မရှိပါဘူး။
အဲတော့လဲ ဒီလိုနောက်ကျပြီးပြန်ရတဲ့ဌာနမှာဘယ်သူမှမနေချင်ကြပါဘူး။
တာဝန်ပေးမယ်လို့ စကားစလို်က်ရင် ညနေဆို ဘာလုပ်ရမှာညာလုပ်ရမှာဆိုပြီးအကြောင်းပြ
ပြီး မနေနုိုင်ဘူးလို့ ငြင်းတဲ့သူက ခပ်များများ။
အလှည့်ကျတာဝန်ပေးရအောင်ကလည်း ဒီကုန်လက်ကျန် တို့ငွေကိုင်သူတိုု့ဆိုတာက
တစ်ဆက်တည်းလုပ်မှကောင်းတဲ့အလုပ် ဟိုလူပြောင်းဒီလူပြောင်းခဏခဏပြောင်းလို့ကလဲအဆင်မပြေ။
နောက်ဆုံးမတော့ ကိုအောင်မောင်းကဘဲ တကယ်နေနိုင်တဲ့သူ တကယ်လဲကြိုးကြိုးစားစားလုပ်ချင်တဲ့သူတွေကို
ရွေးလို့ တာဝန်ပေးခဲ့ရပါသတဲ့။
နောက်တော့ အလုပ်တွေကလဲများသထက်များ လာသလို ဝန်ထမ်းတွေလဲ တိုးသတက်တိုးလာပါတယ်။
တစ်ရက်တော့ ပိုင်ရှင်က လုပ်ငန်းခွင်ထဲရောက်လာရင်းနဲ့ မှ ဝန်ထမ်းအများကြီးထဲမှာ မိုးချုပ်တဲ့အထိတစ်ကယ်အလုပ်လုပ်ရတဲ့သူကနည်းနည်းလေးဘဲရှိနေတာကို သိသွားပါတော့တယ်။
အဲတော့မှ အလုပ်ပိုင်ရှင်က ည 6နာရီထက်နောက်ကျပြန်တဲ့သူတွေကို အိုဗာတိုင်ကြေး(အချိန်ပိုကြေး)
ပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါသတဲ့။
(ကြုံတုန်းပြောရမယ်ဆိုရင် လုပ်ငန်းပိုင်ရှင်တော်တော်များများက လုပ်ငန်းခွင်ထဲကို အောက်ခြေထိ
ဆင်းမကြည့်တာများပါတယ်။
သူတို့တာဝန်ပေးထားတဲ့မန်နေဂျာ၊သူတို့ရဲ့လူယုံကို လုပ်ငန်းကိစ္စအဝဝကို လွှဲပေးထားတတ်ကြပါတယ်။
မေးစရာရှိရင်သူတို့မေး သူတို့တင်ပြတာပြောတာလောက်ကိုသာ လက်ခံ မှန်မမှန်လဲပြန်စစ်ဆေးတာမရှိ
သူတို့ပြောပြတာနဲ့ကျေနပ်နေတတ်ကြပါတယ်။
ပြဿနာကြီးကြီးမားမားမပေါ်ရင်ပြီးရောဆိုတဲ့သဘောလဲပါ ပါတယ်။
သူတို့ လွှဲထားတဲ့သူက ကောင်းရင် ရိုးသားရင်တော့ အောက်ကဝန်ထမ်းတွေမှာအဆင်ပြေပါတယ်။
အဲဒီလူမျိုးကသာ မခင်မျုးိချစ်တို့၊ကို မျိုးကြည့် တို့ မယောက်ချိုတို့ ကိုပြားကြည်တို့ ငွေငန်းမောင်တို့မငွေခင်တို့များဖြစ်နေရင်
အောက်ကလူမှာငုံ့ခံရုံကလွဲပြီး ဘာမှမတတ်နိုင်တာလဲအမှန်ပါဘဲ။
အဲတော့လဲ မမြင်ဘူး မတွေ့ဘူးတဲ့ပိုင်ရှင်ထက် သူ့လူယုံကျေနပ်အောင်အရင်လုပ်ပြနေရ မျက်နှာချိုသွေးနေရပါတယ်။
လုပ်ငန်းတော်တော်များများမှာ ဒီပုံစံမျုးိခေါက်ရိုးကျိုးနေတော့ တရားမျှတမှု့နဲ့ဝေးသထက်ဝေးသွားပါလေရော)
အဲလို အချိန်ပိုကြေးလဲပေးရော အရင်ကဒီနေရာမှာ မနေချင်ဘူးဆိုသူတွေက စိတ်တွေပြောင်းလို့နေရာတွေလဲ
ပြောင်းချင်လာကြပါသတဲ့။
ကိုအောင်မောင်းကလဲ အဲလိုလူတွေကို လုံးဝလက်မခံပါဘူးတဲ့။
အဲတော့ “အလုပ်ကမိုးချုပ်ထိနေစရာမလိုဘဲနဲ့အလုပ်ကို အချိန်ဆွဲပြီးနာရီပိုကြေးရအောင်လုပ်တယ်”တို့
ငါတို့လဲ အချိန်ပိုကြေးရအောင် အချိန်ဆွဲလုပ်မှာပေါ့”တို့ဆိုတဲ့အသံတွေထွက်လာပါသတဲ့။
နေရာဌာနတော်တော်များများမှာ ဒါမျိုးတွေဘဲများပါတယ်။
စစချင်းကိုယ်ဘက်ကနစ်နာမယ် ရင်းပေးရမယ်ဆိုရင် “ဟင့်အင်း”ပေါ့။
အဲအခြေအနေလေးကောင်းလို့ အခွင့်ရေးမယ်ဆိုတာနဲ့ “တို့လဲ ပါတယ်နော်”ဖြစ်ကုန်ကြပြန်ရော။

နောက်အလုပ်ချိန်မှာလဲပြဿနာတစ်ခုတက်ပါသေးသတဲ့။
အစက မနက်အလုပ်တက်ချိန်ကို မနက်၈နာရီကနေ9နာရီအတွင်းရောက်အောင်လာဘို့သတ်မှတ်ပေးထားပါသတဲ့။
အလုပ်ရောက်တာနဲ့ အလုပ်တက်ပျက်စာရင်းစာအုပ်မှာရောက်တဲ့အချိန်နဲ့ပြန်ချိန်ကိုနေ့စဉ်လက်မှတ်ထိုးပေါ့။
အလုပ်ကို ၈နာရီပါတ်ဝန်းကျင်မှာပုံမှန်ရောက်သူရှိသလို ၉နာရီထိုးခါနီး ငါးမိနစ်လောက်မှ အပြေးအလွှားလာကြသူလဲရှိပါတယ်။
လုပ်ငန်းတည်နေရာနဲ့ နေတဲ့အိမ်အနီးအဝေး မတူကြတော့ ရောက်ချိန်ကတော့ မတူနိုင်ကြတာလဲအမှန်ပါဘဲ။
တစ်ရက်တော့ သူတို့ပိုင်ရှင်က ရုံး ရှေ့မှာဖုန်းထွက်ပြောနေတဲ့အချိန်အလုပ်က ကောင်လေးတစ်ယောက်ကို ဆိုင်ရှေ့ကဖြတ်ပြီး
ဆိုင်ကယ်စီးသွားပါသတဲ့။
အချိန်ကတော့ ကိုးနာရီမတ်တင်းလောက်ပေါ့။
ကိုးနာရီထိုးခါနီး လေးငါးမိနစ်လောက် အလို ကျတော့ မှ အဲဒီကောင်လေးကအလုပ်ထဲကိုရောက်လာပါသတဲ့။
အဲဒီလိုလဲတွေ့ရော ပိုင်ရှင်က အလုပ်တက်ပျက်စာအုပ်ကု ိယူကြည့်ပါသတဲ့။
ပြီးတော့ စာရင်းကိုင်တစ်ယောက်ကိုခေါ်ပြီး တစ်ယောက်ချင်းစီရဲ့နေ့စဉ်အလုပ်ပြန်ချိန်သွားချိန်ကို စာရင်းလုပ်ခိုုင်းပါသတဲ့။
အဲဒီစာရင်းလဲထွက်လာရော ပိုင်ရှင်က အဲဒီစာရွက်ပြပြီးကိုအောင်မောင်းကို
“ ကိုအောင်မောင်းရေ……..ဒီစာရင်းကိုကျနော်ယူကြည့်လိုက်တဲ့အခါ အလုပ်အပေါ်မှာ စေတနာထားတဲ့သူနဲ့
မထားတဲ့သူ နှစ်ပိုင်းကွဲသွားသလိုဘဲ။
မှန်ပါတယ် ကျနော်က အားလုံးအဆင်ပြေအောင် ၈နာရီနဲ့ကိုးနာရီအတွင်းလို့ သတ်မှတ်ပေးလိုက်တယ်။
အဆင်ပြေလို့ဖြစ်ဖြစ် အိမ်မနေချင်လို့ဖြစ်ဖြစ် အလုပ်ကိုစောစောရောက်ချင်လို့ ဖြစ်ဖြစ် စောလာသူလဲရှိတယ်။
ကိုယ်အတိုင်းအတာနဲ့ကို ဒီသတ်မှတ်ထားတဲ့အချိန်အတွင်းလေးထဲမှာ ရောက်အောင်ကြိုးစားလာသူလဲရှိတယ်။
အဲ တစ်ချို့ကတော့ ကိုးနာရီ ထိုးခါနီးမှလာမယ်စောမလာဘူး ဆိုတဲ့စိတ်မျုးိနဲ့သတ်မှတ်ပြီးတမင်လာနေသူလဲရှိတယ်။
မအားလို့ စောမလာနိုင်တဲ့ သူ ရောက်တဲ့အချိန်က အမှန်မရှိဘူး။
သူကိစ္စပြီးတဲ့အချိန်မှာအလုပ်ရောက်တာဘဲ ဒါပေမယ့် အရမ်းနောက်မကျဘူး။
ကိုးနာရီမထိုးသေးရင်မလာဘူးဆိုတဲ့လူကတော့လေးငါးမိနစ်အလိုမှကပ်လာတာ တစ်ချို့ဆိုတိကျလိုက်ကြတာ
၈နာရီ၅၉မိနစ်ဆိုသူတောင်ပါသေးသဗျာ။
အဲတော့ ကိုအောင်မောင်းရေ အဲလို တမင်တွက်ကပ်ပြီးလာတဲ့သူစာရင်းကို မင်နီနဲ့ဝိုင်းထားတယ်။
အဲဒီလူတွေကို ချန်ထားလိုက်။
ကျန်တဲ့လူတွေကို တစ်ယောက်တစ်သောင်းခွဲစီမုန့်ဘိုးပေးလိုက်ဗျာ။
သုံးလပြည့်ရင် တစ်ခါတွက်ပြီးပေးမယ်။”
လကုန်လို့ အဲလိုအချိန်မှန်ရောက်တဲ့သူက ပိုက်ပိုက်လဲရရော ထုံးစံအတိုင်း ဗျောက်တွေဖောက်လိုက်ကြတာ
နားကိုအူနေတာပါဘဲတဲ့။
အစက မပြောရကောင်းလားပေ့ါ ပြောထားရင် တို့လဲစောစောလာမှာပေါ့ ……………………….တို့ ဘာတို့ပေါ့နော်။

အဲဒီနေ့ ညရောက်တဲ့အခါ သိပ်မကြာတဲ့ရက်ပိုင်းလေးအတွင်းမှာကြုံခဲ့ကြားခဲ့တာလေးတွေကိုပြန်တွေးနေမိပါတယ်။
ကိုယ်ကြိုက်တာ ကိုယ်ရွေးချယ်ခွင့်ရှိတယ် ဒါပေမယ့် သေချာမရွေးဘူး………………………….
ပြီးမှ သူများကိုအပြစ်တွေတင်နေတယ်………………………
ကိုယ်ကြိုက်သလောက် စားခွင့်ရှိတယ် ဒါပေမယ့် သူများဘယ်လောက်စားသလဲဆိုတာလိုက်ကြည့်နေတယ်………………….
ကိုယ့်မှာလုပ်ငန်းအတွက် ကြိုးစားခွင့်ရှိနေ စွမ်းဆောင်ခွင့်ရှိနေတယ်ဒါပေမယ့် ကိုယ့်အသိစိတ်ဓါတ်နဲ့မလုပ်ဘူး……………………
အဲကိုယ့်အသိစိတ်နဲ့ကိုယ်လုပ်တဲ့သူက အခွင့်အရေးတွေရပြီဆိုတော့မှ………………………………………..
တဆက်တည်းတွေးမိတာကတော့ ကိုယ့်ကိုကိုယ်မေးခွန်းတွေပြန်မေးကြည့်တာပါ။
ကိုယ်ရော ဘယ်လိုအစားထဲပါသလဲ ?
ကိုယ်ရော ဘယ်သူနဲ့များတူသလဲ ?
လို့ပြန်စဉ်းစားနေရင်း အတွေးတွေက……………………………………………

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(25-4-2011)

11 comments

  • nozomi

    April 25, 2011 at 12:10 pm

    မနေ့ကမှ အဲဒီလိုကိစ္စမျိုး အကိုတစ်ယောက်နဲ့ပြောဖြစ်သေးတယ် မြန်မာကုမဏီတွေမှာ (အများစုက ) သူဌေး(သို့) သူဌေးရဲ့လူယုံပေါ်မှာမူတည်တယ် တိကျတဲ့မူဝါဒမရှိဘူး တာဝန်ခွဲဝေမှုမရှိဘူး စည်းမျဉ်းစည်းကမ်းမရှိဘူး လက်တမ်းပဲ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်တွေကို မြှင့်တင်ပေးနိုင်တဲ့အနေအထားမရှိဘူး နိုင်ငံခြားကုမဏီတွေမှာတော့ သူတို့ကုမဏီရဲ့ SOP ရှိမယ် ဘယ်သူလာလာ အဲဒီအတိုင်းလုပ်သွားရုံပဲ အဲဒါမျိုးတွေကြောင့်လဲ မြန်မာ ကုမဏီတွေ လူဝင်လူထွက်များကြတာ

  • bigbird

    April 25, 2011 at 2:59 pm

    ဟုတ်တယ်ကိုပေါက်ရေ….အဲ့ဒီလိုလူမျိုးတွေအများကြီးတွေ့ဖူးတယ်။
    သူတို့တွေနဲ့တွေ့တာများတော့ တစ်ခါတစ်လေ သူတို့တွေလို စိတ်ဓါတ်ကပျက်စီးချင်လာတယ် ။ ဟုတ်သေးပါဘူးလေ..ဆိုပြီး ကိုယ့်ကိုယ်ကိုပြန်ထိန်း၊ ရတယ်။

  • hmee

    April 25, 2011 at 6:55 pm

    ဖတ်လို့ တကယ်ကောင်းပါတယ်။ အလုပ်သမားတိုင်း တကယ်ကို မကောင်းပါဘူး။ ငါ့အလုပ်မှ မဟုတ်တာ အမြတ်ရတာ ငါ့ဟာမဟုတ်ဘူး။ လစာပဲ ရတာ ပိုလုပ်တော့ကော ငါ့အတွက်မှ မဟုတ်တာ ဆိုတဲ့ စိတ်မျိုုးရှိတဲ့ သူတွေ ကြုံခဲ့ဖူးတော့ အံ့လည်းအံ့ဩတယ် ဘယ်လိုလူစားတွေပါလိမ့်လို.လေ။ ပင်ကိုယ် စိတ်ရင်းကကို မကောင်းတာနော်။

  • တညင်သား

    April 26, 2011 at 3:16 am

    နောက်တခါ အဲဒီလို စားသောက်ပွဲလေးရှိရင် ကျွန်တော်ကိုလဲခေါ်အုံးနော် ကိုပေါက်ရေ…………….
    အလုပ်ရှင်နဲ့ အလုပ်သမား ကို အရင်တုန်းက နားလည်မူ့ ဆိုတဲ့ စကားနဲ့ လုပ်ကိုင်ကြနေတာ ပြဿနာ မရှိပေမဲ့ ခုခေတ် အချိန်အခါဆို nozomi ပြောတာကိုလက်ခံရတော့မှာပဲ…..

  • bigcat

    April 26, 2011 at 4:35 am

    တာဝန်ရှိတာ၊ မရှိတာနဲ့လည်းဆိုင်ပါတယ်။ ဘယ်လိုပြောမလဲ မပေးလုပ် မလုပ်၊ မလုပ်တော့ မပေး။ ဘယ်ဒင်းဘယ်ဟာဆိုတာ ပုံသေပြောလို့မရပါဘူး။ အလုပ်သမား အလုပ်ခိုချင်တာ၊ အလုပ်ရှင်ပေသီးခေါက်တာ သဘာဝမို့ အလုပ်စည်းကမ်းဥပဒေဆိုတာတွေကို တရားဝင်ပြဌာန်းပေးထားတာပါ။ ယေဘူယျအားဖြင့် အောင်မြင်တိုးတက်ဖို့ လင်နဲ့မယားမှာ လင်ယောက်ျား၊ အစိုးရနဲ့အတိုက်အခံမှာ အာဏာလက်ရှိအစိုးရ၊ အလုပ်ရှင်နဲ့အလုပ်သမားမှာ ငွေရှင်ကြေးရှင်အလုပ်ရှင် တို့မှာ ပိုတာဝန်ရှိပါတယ်။ သူစမှကိုယ်စမယ်ဆိုတာထက် တဖက်သားကို ဥပဒေ၊ လူ့ကျင့်ဝတ်တို့နဲ့အညီ ဘယ်လိုစည်းရုံးသိမ်းသွင်းမလည်းဆိုတာ အလုပ်ရှင်၊ အားကြီးသူ၊ နေရာလက်ရှိတို့ရဲ့ အလုပ်ဖြစ်ပါကြောင်း။

  • etone

    April 26, 2011 at 5:16 am

    အရင်က ဆို ဘူဖေးစားလျှင် ခဏခဏထပ်ထည့်ရမှာ ပျင်းလို့ နင်းကန်ယူထားတာ အသစ်ထပ်ချလာတဲ့ ဟင်းပွဲတွေကြတော့ ယောင်လို့တောင် သွားမကြည့်နိုင်တော့ဘူးလေ… ။ ခံရပါများတော့ နပ်လာပြီး နောက်ပိုင်း ဘူဖေးစားလျှင် နည်းနည်းနဲ့ ငါးခါလောက် ထပ်ထည့် တယ် 😀 ရန်ကုန်မှာ ဘူဖေး တန်တဲ့ ဆိုင်လေးရှိတယ် ဝါးတန်းလမ်းက Doreen မှာပါ … တယောက်ကို ကိုးထောင်ပဲ ပေးရပြီး ဟင်းတွေလည်း စုံတယ်၊ အရသာလည်း ကောင်းတယ် … ။ ဖျော်ရည်တွေလည်း အစုံပဲ… သစ်သီးတွေလည်း အစုံပဲ… ။ ညနေခြောက်နာရီကနေ တနဲ့နဲ့ စကားပြောလိုက် စားလိုက်နဲ့ ဆိုင်ပိတ်ချိန် ဆယ်နာရီထိုးတဲ့ အထိ စားမှ တန်တာ 😛 😛 ဘူဖေးဆိုလျှင် ကရဝိတ်နန်းတော်ထဲကဟာ အမုန်းဆုံးပဲ… နတ်ကနားပွဲကြီး ကျနေတာပဲ … ဆိုင်းတွေ ဗုံတွေကလည်း နားကို အူလို့ … အချင်းချင်းတောင် စကားပြောရင် နားနားကပ်အော်နေရတယ် … ။ အရသာကလည်း ဒီလောက်မစွံတာရယ် … ဟင်းအမယ် နည်းတာရယ်ကြောင့် ဒိုရင်းလောက် မကြိုက်ဘူး … ။ တခြား ဆိုင်တွေကတော့ so so လယ်ဗယ်မို့ မပြောတော့ဘူး ။

  • ဆူး

    April 26, 2011 at 6:02 am

    ဘူဖေး စားပြီး ဗိုက်ကားသွားပြီ.. အကုန်လိုက်မြည်းချင်တဲ့ လောဘ က မသေးဘူးဆိုတော့.. အကုန် စားသွားတယ်။

  • unclegyi1974

    April 26, 2011 at 6:29 am

    အလုပ်သမားပေမဲ့
    သခင်စိတ်ရှိသူနဲ့ကျွန်စိတ်ရှိသူကွာတာပါ
    သခင်စိတ်ရှိသူကအခိုင်အပြောမခံပါဖူး
    ကျွန်စိတ်ရှိသူကခိုင်းမှလုပ်ပြောမှသိသူပါ
    ရေရှည်မှာသူတို့ ၂ မျိုးကတဖြည်းဖြည်းကွာ
    သွားပါမယ်
    ကျွန်စိတ်ရှိသူကကိုယ်ပိုင်အလုပ်ဘယ်တော့မှ
    လုပ်လို့မရတော့ပါဖူးအကျင့်ပါသွားပြီလေ

  • juttue.gyi

    April 26, 2011 at 12:07 pm

    ဟုတ်တယ်ဗျာ တခါတလေတော့လည်း ကျတော်လည်းတွက်ကပ်ချင်တယ် သုံးသောင်းရတာချင်းအတူတူ သူကျတော့ တစ်ရက်နားခွင့်ရှိတယ် ဘာညာပေါ့ဗျာ

  • MaMa

    April 26, 2011 at 3:06 pm

    unclegyi ကို ထောက်ခံပါတယ်။ nozomi ရဲ့ (တိကျတဲ့မူဝါဒမရှိဘူး တာဝန်ခွဲဝေမှုမရှိဘူး စည်းမျဉ်းစည်းကမ်းမရှိဘူး လက်တမ်းပဲ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်တွေကို မြှင့်တင်ပေးနိုင်တဲ့အနေအထားမရှိဘူး နိုင်ငံခြားကုမဏီတွေမှာတော့ သူတို့ကုမဏီရဲ့ SOP ရှိမယ် ဘယ်သူလာလာ အဲဒီအတိုင်းလုပ်သွားရုံပဲ) ကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက မိဘမျိုးရိုးစဉ်ဆက် လုပ်ငန်းကိုလုပ်ကိုင်ကြတာတွေပဲ များတယ်ဆိုတော့ မိသားစုလုပ်ငန်းဆန်တယ်။ ကြီးမားတဲ့ ဖွဲ့စည်းပုံတို့၊ စည်းမျဉ်းစည်းကမ်းတို့ ဆိုတာကို နားလည်မှုနည်းပါးတယ်။ စီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာတွေ မတတ်ကြတာကြောင့်လို့ ထင်ပါတယ်။ SOP ဆိုတာကိုလည်း နားလည်ချင်ပါတယ်။

  • padonmar

    April 26, 2011 at 4:15 pm

    မှန်လိုက်တာ ကိုပေါက်ရေ၊ဖတ်ဖူးတဲ့ ဟာသလေးတစ်ခုသတိရတယ်၊ရုရှားမှာ အလုပ်သမားတွေက အလုပ်လုပ်ချင်ယောင်ဆောင်တယ်၊အလုပ်ရှင်က လုပ်အားခကိုပေးချင်ယောင်ဆောင်တယ်တဲ့၊ကျွန်မတို့ဆီမှာလည်း……………….
    ရေရှည်မှာတော့ unclegyi ပြောသလိုပဲ ကျွန်စိတ်ရှိတဲ့သူတွေ နောက်မှာကျန်ခဲ့မှာပါပဲ၊
    သခင်စိတ်ရှိသူကို အလုပ်ရှင်က အသိအမှတ်မပြုပဲ မနေပါဘူး၊တကယ့်အလုပ်ရှင် သူဌေးဆိုတာ အလုပ်လုပ်သူကိုပဲ ချစ်ပါတယ်၊ သူဌေးသား သူဌေးမြေးဆိုရင်တော့ ဖားတာဟန်ဆောင်တာကြိုက်ချင်ကြိုက်မှာပေါ့။ဒါကြောင့် တကယ်အလုပ်လုပ်သူတွေ စိတ်ဓာတ်မပျက်ကြပါနဲ့၊အချိန်တစ်ခုစောင့်ရင် ကိုယ်ကြိုးစားထားတဲ့ အလုပ်ရဲ့ အသီးအပွင့်ကို ခံစားရမှာပါ၊

Leave a Reply