နာဂစ် (၃)နှစ် ပြည့်ပြီ၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုတိုးလာပြီး သတိပြုရသည့် သဘာဝဘေးများ၌ မုန်တိုင်းက ထိပ်ဆုံးတွင်ရှိနေ
လွန်ခဲ့သော ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ မွန်းတည့်အချိန်ခန့်က ဟိုင်းကြီးကျွန်းမြို့နယ်ခွဲကို စတင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း အား ပျော့ပျက်ပြယ် ဝင်ရောက်သွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တိုက်ခတ်ခဲ့သည်မှာ ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့တွင် သုံးနှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
နာဂစ်မုန်တိုင်း၏ အားပြင်းမှု၊ လူအသေအပျောက် သိန်းချီရှိမှု၊ အိမ်ထောင်စု အများအပြား အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှု၊ ကျွဲနွားတိရစ္ဆာန်များနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှုနှင့် အခြားသော ပျက်စီးဆုံးရှုံးမှု ပမာဏများပြားခဲ့မှုတို့ကြောင့် မြန်မာ့ သမိုင်းတွင် အဆိုးရွားဆုံး မုန်တိုင်းဟု ပင် မှတ်တမ်းဝင်ခဲ့ရသည်။ မုန်တိုင်းပြီးလျှင် လေပြေဝင်တတ်သည်ဟု ဆိုသော်လည်း ယခု သုံးနှစ်ပြည့် မြောက်တော့မည့် ကာလအထိ လေပြေလေညင်းများက ပြည့်ပြည့်ဝဝ မတိုက်ခတ်နိုင်သေး။
ရေငန်တစ်ဖွေးဖွေးနှင့် လယ်ကွင်းပြင်၊ အလဲလဲ အပြိုပြို စပါးကျီ၊ မျှော်လင့်ချက် လုံးဝမဲ့သွားသည့် စိုက်ပျိုးတောင်သူ၊ အဖတ်ဆယ်မရတော့သည့် ဆားတောင်သူ၊ လက်ဗလာချည်း ကျန်ရစ်သော ငါးဖမ်းသူ စသည်ဖြင့် များစွာသော အပျက်အစီး၊ အပြိုအလဲများဖြင့် ဟိုင်းကြီးကျွန်းမှ ဒေးဒရဲအထိ တာရှည်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး ၏ မုန်တိုင်းသင့် ဒေသများသည် ပြန်လည်ထူထောင် နေရဆဲဖြစ်ပါသည်။
သွင်းအားစု၊ အရင်းအနှီး လိုအပ်ချက်များနှင့် ရေငန်ဝင်ရောက်ဆဲ လယ်ယာမြေများ
နာဂစ်မုန်တိုင်းဒီရေကြောင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေဧက တစ်သန်းကျော် ရေငန်ဝင်ရောက်ခဲ့ပါသည်။ မုန်တိုင်းကြောင့်ပျက်စီးခဲ့ရသော ရေငန်တားတာ အချို့မှာ ပြန်လည်မပြုပြင်ရ သေးသောကြောင့် ရေငန်များဆက်လက် ဝင်ရောက်မှုနှင့်အတူ စိုက်ပျိုးထားသော လယ်ယာမြေများ၏ ဆန် စပါးအထွက်နှုန်းကို လျော့ကျစေ လျက်ရှိပါသည်။
“အရင်စပါးစိုက်ရာသီက တစ်ဧကတင်း ၃၅၊ ၄ဝ ဝန်းကျင်ရခဲ့ပါ တယ်။ နာဂစ်ဖြစ်ခါစ နှစ်ထက်စာရင်တော့ ပိုရလာပါတယ်။ ဒါပေမယ့် နာဂစ်မဖြစ်ခင်က တစ်ဧကအထွက် နှုန်းတင်း ၅ဝ ကျော် ၆ဝ ဝန်းကျင် ထိရခဲ့တော့ အထွက်နှုန်းက ကျနေ တုန်းပါပဲ။ ဒီကြားထဲရေငန်ကလည်း ဝင်တုန်းပဲ။ နာဂစ်တုန်းက ပျက်ခဲ့ တဲ့တာတွေ အခုအချိန်ထိ မပြင်ရ သေးဘူး။ ရွေးမြစ်တစ်ဖက်ကမ်းက လယ်တွေဆို အခုအချိန်ထိပြန်မစိုက် နိုင်သေးဘူး။ ပြီးတော့ ကောက်လှိုင်းသိမ်းချိန်မှာလည်း မိုးမိခဲ့သေးတယ်။ စပါးတွေကြွေတော့ ထွက်သမျှအပြည့် မရဘူး။ ဒီဘက်တစ်ကြောက တောင်သူတွေအတွက် အဓိကအခက်အခဲကတော့ လယ်ယာစိုက်ပျိုးရေး ကိရိယာတွေ နည်းပါးတာ၊ အရင်းအနှီး ရှားပါးတာ၊ သွင်းအားစုတွေမထည့် နိုင်တာ၊ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ လယ်တွေ ကျန်နေတာ၊ ရေငန်တားဖို့တာတွေ ကျိုးပေါက်နေတာတို့ ဖြစ်ပါတယ်။ အခုဒီဘက်ဒေသမှာ ဖြစ်နေတာက ရာသီကိုမှီပြီး လုပ်ရတဲ့ လုပ်ငန်းတွေ မှန်သမျှ မကောင်းတော့ဘူး”ဟု လပွတ္တာခရိုင် ပျဉ်ထောင်တွင်းကျေး ရွာမှ တောင်သူဦးလှဌေးက ပြော ကြားပါသည်။
“မနှစ်က စပါးရာသီမှာ တစ်ဧကတင်း ၂ဝ နှုန်းပဲ ရခဲ့တယ်။ အမှန်က ၅ဝ ကျော် ထွက်တဲ့လယ် တွေပါ။ နာဂစ်ကြောင့် ရေငန်တွေဝင်ခဲ့တယ်။ ရေငန်ကြောင့်လယ်မြေ တွေပျက်စီးတယ်။ တာတွေအကုန်လုံး ရေကျော်ကုန်တယ်။ နိမ့်နိမ့်လေး ဖြစ်သွားတယ်။ တချို့နေရာတွေမှာဆို တာဆိုတဲ့အရာတွေလောက်ပဲ ကျန်တော့တယ်။ နာဂစ်ပြီးကတည်းက ပျက်တာတွေကို မပြင်ရသေးတာပါ။ ဒီတာတွေရဲ့ သက်တမ်းက ၁၅ နှစ် နှစ် ၂ဝ ကျော်လောက်ရှိပြီ။ လယ်သမားတွေအနေနဲ့ ကိုယ်ထူကိုယ်ထလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ လပွတ္တာ ကျွန်းဆွယ်တစ်ခုလုံးကို ပတ်ရမှာပါ။ တာကောင်းရင် လယ်ယာလုပ်ငန်းခွင်အတွက် အဆင်ပြေတယ်။ နာဂစ်လို ဖြစ်ရင်လည်း တာရှိရင်ခံသာပါ”ဟု သရက်ကုန်းကျေးရွာမှ တောင်သူတစ်ဦးက ရှင်းပြခဲ့သည်။
လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ ဖြိုးရေးအတွက် နာဂစ်မုန်တိုင်းသင့် ဒေသအချို့နှင့် ဆန်စပါးအဓိက ထွက်ရာ အခြားဒေသများတွင် ဆန်စပါးအထူးပြု ကုမ္ပဏီများဖွဲ့စည်း၍ တောင်သူများကို ပံ့ပိုးပေးနိုင်ရန် ဦးတည်ချက်ထားရှိ ဆောင်ရွက်လျက်ရှိ ပါသည်။ အခြားတစ်ဖက်တွင်လည်း အထူးပြုကုမ္ပဏီများ ကျင့်သုံးသော ချေးငွေမူဝါဒ၊ အတိုးနှုန်း၊ ဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးများ ပံ့ပိုးပေးမှု စသည်တို့မှာ လယ်သမားများကို အမှန် တကယ် အဆင်ပြေစေသည့် ထောက်ပံ့မှုများဖြစ်စေရန် တောင်သူများက လိုလားလျက်ရှိကြောင်း သိရသည်။
“စီးပွားရေး အဖွဲ့အစည်းတစ်ခု က လယ်တစ်ဧကကို သုံးသောင်း တစ်ခါ၊ နှစ်သောင်း တစ်ခါချေးငွေ ထုတ်ချေးပေးပါတယ်။ ပြီးခဲ့တဲ့စပါး ရာသီအစဇွန်လလောက်က စပြီးထုတ်ချေးပေးပြီး မတ်လမှာအတိုးရော အရင်းပါပြန်တောင်းပါတယ်။ စပါးနဲ့ ပြန်ဆပ်ခိုင်းပါတယ်။ အဲဒီတုန်းက စပါးဈေးကို တင်းတစ်ရာ ကျပ် ၃၆၀၀၀ဝ ဈေးနဲ့ဆပ်ခိုင်းတာပါ။ တောင်သူ တော်တော်များများ မဆပ်နိုင်ခဲ့ဘူး။ ဆပ်နိုင်တဲ့သူကလည်း စပါးနဲ့မဆပ် ချင်ဘူး။ စပါးနဲ့ဆပ်တာတောင် တောင်သူက နဝလီခပေးရတယ်။ ဖုန်၊ သဲ၊ ခဲဖြတ်တယ်။ အစိုဓာတ်ဖြတ်တယ်။ အလျော့တွက်ဖြတ်တယ်။ အတိုးနှုန်းကတစ်လကို နှစ်ရာခိုင်နှုန်းပါ။ ကိုးလမှ ပြန်ဆပ်ရင် ၁၈ ရာခိုင်နှုန်း ဖြစ်နေပြီ။ ဇွန်လမှပြန်ဆပ်ရင် တစ်နှစ်ပြည့်ပြီ၊ ၂၄ ရာခိုင်နှုန်း အတိုးပေးရမှာပါ။ စပါးနဲ့ပြန်ဆပ်တုန်းက စပါးကို အပြည့်မစိုက်တဲ့ တချို့တောင်သူတွေဆိုရင် စပါးတင်းတစ်ရာ ကျပ် ၄၀၀၀၀ဝနှုန်းနဲ့ ဝယ်ပြီးသွင်းရတယ်၊ အဲဒီမှာတင် ကျပ် ၄၀၀၀ဝ ရှုံးနေပါပြီ။ အခု အဲဒီအဖွဲ့အစည်းက တောင်သူတွေ မသွင်းနိုင်လို့ဆိုပြီး စပါးနဲ့မသွင်းခိုင်းတော့ပဲ ငွေနဲ့ပဲ သွင်းခိုင်းတော့တယ်။ ဒါပေမယ့် အခု စပါးဈေးကျနေတော့ တောင်သူတွေ အခက်အခဲဖြစ်ပါတယ်။ အကြွေးသုံးပုံတစ်ပုံ ကျေတဲ့သူ၊ တစ်ဝက်ကျေတဲ့ သူများပါတယ်။ အကြွေးမကျေလို့ ဆိုပြီး အခုလာမယ့်ရာသီမှာ ငွေထုတ်မချေးပေးဘူးဆိုပြီး ပြောသံ တွေလည်း ကြားနေရပါတယ်” ဂန့်အိတ်ကျေးရွာအုပ်စုမှ တောင်သူတစ် ဦးက ပြောပြပါသည်။
GRET NGO အဖွဲ့အစည်း (ဘိုကလေး)မှ ကိုသူရအောင်က “လက်ရှိတော့ ရွာ ၈၃ ရွာကို ဓာတ်မြေ ဩဇာ၊ မျိုးစပါးတွေ ထောက်ပံ့တယ်။ နည်းပညာတွေ ထောက်ပံ့နေတယ်။ နဂိုအခြေအနေကို ပြန်ရဖို့လုံးဝ လိုက်မမီသေးပါဘူး။ မိသားစုတစ်ခုကို နှစ် ၁၅ နှစ်ကနေ ၂ဝ နှစ်လောက်အတွင်း ပြုစုပြိုးထောင်လာရတဲ့ အနေအထား တစ်ခုကို သုံးနှစ်အတွင်းမှာ ဘယ်လိုမှ ပြန်ပြီး မပြည့်စုံနိုင်သေးပါဘူး”ဟု သုံးသပ်ပြောကြားခဲ့သည်။
ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ နာဂစ်မုန်တိုင်းသင့် ဒေသအများ စုမှာ ရေလုပ်ငန်း၊ ဆားလုပ်ငန်း၊ လယ်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသော ဒေသများဖြစ်ပြီး အဆိုပါ လုပ်ငန်းသုံးခုစလုံးတွင်ပင် နာဂစ်မတိုင်မီ ကာလက အခြေအနေကို ပြန်မရောက်နိုင်သေးဟု သိရသည်။ ရေလုပ်ငန်းတွင် အထိအမိနည်းပါး ခြင်း၊ ကုန်တက်နည်းပါးခြင်းများ ကြုံတွေ့နေရသကဲ့သို့ ဆားလုပ်ငန်းတွင်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပုံမှန်ရာသီများနှင့် နှိုင်းယှဉ်ပါက ဆားအထွက်မှာ သုံးပုံတစ်ပုံခန့်သာ ရရှိတော့ကြောင်းနှင့် လယ်ယာလုပ်ငန်းများတွင်လည်း ရေငန်ဝင်ရောက်ခြင်း၊ ကျွဲ၊ နွားအစရှိသည်များ လျော့နည်းလာပြီး စက်ကိရိယာ လုံလောက်မှုမရှိခြင်း၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး တို့ကဲ့သို့ သွင်းအားစုများ လိုအပ် နေခြင်း၊ ငွေကြေးအရင်းအနှီး မတတ်နိုင်ခြင်းတို့ရှိနေရပြီး အထွက်နှုန်းမှာလည်း နာဂစ်မဖြစ်မီ ပုံမှန်ကာလ များကကဲ့သို့ မရရှိသေးခြင်းများလည်း ကြုံတွေ့နေရဆဲဖြစ်သည်။
ဘိုကလေးမြို့နယ်အတွင်းတွင် နာဂစ်ဒဏ်ကြောင့် ရွာအများစုမှာ ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ပြီး လူအသေအပျောက်လည်း အများဆုံးရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မြို့နယ်အတွင်းရှိ ကြိမ်ချောင်းကြီး ကျေးရွာတစ်ရွာတည်း၌ပင် လူဦးရေ ၁၅၀ဝ နီးပါး သေဆုံးခဲ့ပြီး ယခုလက်ရှိအချိန်ထိပင် လယ်လုပ်ငန်းများ၊ ရေ လုပ်ငန်းများမှာ ယခင်ပုံစံအတိုင်းတာ တစ်ခုသို့ မရောက်ရှိနေသေးကြောင်း သိရှိရသည်။
ဖျက်မိုးကြောင့် အထွက်နှုန်း လျော့နည်းခဲ့သော ဆားတောင်သူများ
နာဂစ်မုန်တိုင်းသင့် ဒေသများ၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သော ဆားလုပ်ငန်းမှာ ယခုနှစ် တွင် ဖျက်မိုးများ ရွာသွန်းခဲ့သောကြောင့် အထွက်နှုန်း သိသိသာသာ လျော့နည်းခဲ့သည်။ ဧရာဝတီတိုင်း ဒေသကြီးတစ်ခုလုံးတွင် ဆားတိုက်နယ် ၁၁ ခုရှိသည့်အနက် တိုက်နယ် အားလုံးတွင် ဖျက်မိုးများရွာသွန်းခဲ့ ခြင်းဖြစ်ပါသည်။
ပုံမှန် ဆားရာသီအစမှာ ရာသီဥတုပေါ် မူတည်၍ အောက်တိုဘာ၊ နိုဝင်ဘာလတွင် စတင်လေ့ရှိပြီး မိုးဦးကျချိန် မေလတွင် လုပ်ငန်းပိတ် သိမ်းလေ့ရှိပါသည်။ ဇန်နဝါရီလတွင် ဆားစတင်ထွက်ရှိလေ့ရှိပြီး ယေဘုယျ ဆားအထွက်နှုန်းမှာ ဇန်နဝါရီလတွင် ဆားရာသီတစ်ခုလုံး၏ ၅ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလတွင် ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်း၊ မတ် လတွင် ၂၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင် နှုန်း၊ ဧပြီလတွင် ၄၅ ရာခိုင်နှုန်းဝန်း ကျင်နှင့် မေလတွင် ၁ဝ ရာခိုင်နှုန်း ဝန်းကျင်ထွက်ရှိကြောင်း သိရပါသည်။
အဆိုပါ ဆားရာသီကာလအတွင်း ကုန်ထုတ်လုပ်မှု များပြားသော မတ်လနှင့်ဧပြီလတို့တွင် ဖျက်မိုးများ ရွာသွန်းခဲ့သောကြောင့် ဆားအထွက် နှုန်းမှာ ပုံမှန်ထက် လျော့ကျခဲ့ရပါ သည်။ မတ်လ ၂၃ ရက်ဝန်းကျင်နှင့် ဧပြီလ ၂၆ ရက်နေ့ဝန်းကျင်တွင် ရွာသွန်းခဲ့သော မိုးကြောင့် ဆားပုံမှန် ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံဝန်းကျင် သာရရှိခဲ့သည့်အပြင် ဆားကွင်းအချို့လည်း ပျက်စီးခဲ့ရသည်။
“ဆားအထွက်ကမနှစ်ကရဲ့သုံး ပုံတစ်ပုံကိုတောင်မမီဘူး။ မနှစ်က ပိဿာချိန်သုံးသိန်းရတဲ့ကွင်းက ဒီ နှစ်တစ်သိန်းတောင်မရဘူး။ ဧပြီ ၂၅ ရက်နေ့က ဆားဈေးကတစ်ပိဿာ ကို ၄၅ ကျပ်ပြန်ကျသွားတယ်။ ထုတ် လုပ်မှုကျပေမယ့် ဆားဈေးကတက် မလာဘူး။ ငွေပြန်ဖော်ဖို့ လိုတဲ့လူက ကျဈေးနဲ့လည်း ထုတ်ရောင်းနေရတာ ပဲ။ အဖွဲ့အစည်းတွေကလည်း မဝယ်သေးဘူး။ ဆားအထွက်ကောင်းတဲ့အချိန် မတ်လတုန်းကလည်း မိုးရွာတော့ ဆားသိပ်မရခဲ့ဘူး။ မိုးရွာပြီးမှ ပြန်စလုပ်ရတယ်။ အခုလည်း မိုးရွာသွားပြန်ပြီ။ ပြန်စလုပ်ဖို့အတွက် မိုးဦးကလည်း ကျခါနီးဆိုတော့ သိပ်မလွယ်တော့ဘူး” ဟု ကမ်းပြိုရွာ ဦးဟန်စိန်ဆားကွင်းမှ တာဝန်ခံ ဦးတင်စိုးက ပြောကြားပါသည်။
“ မတ်လမှာ ဖျက်မိုးရွာသွားတော့ ဆားအထွက်နှုန်း တော်တော်ထိသွားတယ်။ ဧပြီ ၂၅ ရက်မှာ မိုးတွေညို့လာပြီး အရှေ့မြောက်လေတိုက်လာတော့ မိုးရွာတော့မယ်ထင်ပြီး ညလုံး ပေါက်နီးပါး ရသမျှဆားတွေ ကျုံးလိုက်တာမှန်သွားတယ်။ ၂၆ ရက်နေ့ မှာ မိုးရွာလာတယ်။ မိုးရွာထဲလည်း ရသလောက် ဆက်ကျုံးရတာပါပဲ။ ဒီနှစ်တော့ ဒီမိုးနဲ့တင်ဆားရာသီ သိမ်းလိုက်ရပါပြီ။ မနှစ်ကနှုန်းရဲ့ သုံးပုံတစ်ပုံရတဲ့သူက ကံကောင်းတယ်လို့ ပြောလို့ရပါတယ်” ဟု သက္ကယ်သောင် ဆားတိုက်နယ်မှ ဆားလုပ်ငန်းရှင် ကိုငယ်လေးက ရှင်းပြပါသည်။
အထိအမိကျဆင်း၊ ကုန်တက်ပုံမှန်၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများလာသော ရေလုပ်ငန်း
နာဂစ်မုန်တိုင်းသင့်ဒေသ၊ မြန်မာနိုင်ငံ၏ ထမင်းအိုးသာမက ဟင်းအိုးဟူ၍ပါ တင်စားခေါ်ဝေါ်ကြသော ဧရာဝတီတိုင်းတွင် နာဂစ်ဒဏ်ကို အဓိကခံစားခဲ့ရသော ကမ်းရိုးတန်းမြို့နယ်များသည် ပင်လယ်ပြင် နှင့် ပင်လယ်ဒီရေ ဝင်ရောက်မှုများပြားသည့် မြစ်ပြင်ချောင်းကျယ်များ တွင် ငါး၊ ပုစွန်၊ ကဏန်းတို့ကို သဘာဝအလျောက် ဖမ်းဆီးမှုများသော ဒေသများဖြစ်ပါသည်။
စီးပွားဖြစ် ဖမ်းဆီးသူများအပြင် တစ်ဝမ်းတစ်ခါး၊ တစ်အိုးတစ်အိမ် စားသောက်ရန် ကလေးကအစ လူကြီးအဆုံး ပိုက်တစ်ဖုံဖြင့် ရှာဖွေသူ များလှသည်။ ကိုယ့်အိုးကိုယ့်အိမ် အတွက် ပိုလျှံလျှင် ရောင်းချသည်။ လယ်လုပ်သူ၊ ဆားကျုံးသူများပင် ရာသီသိမ်းလျှင် ရေလုပ်ငန်းကို တစ်နိုင်တစ်ပိုင် ဝင်ရောက်လုပ်ကိုင်သော ဒေသများဖြစ်သည်။ ၂၀၀၈ ခုနှစ် မတိုင်မီ ထိုဒေသတို့တွင် ငါး၊ ပုစွန် ကဏန်းများ ဖမ်းဆီးရရှိမှု လျော့နည်း လာသည်ဟု အသံများ ထွက်ပေါ်ခဲ့ သည်။ ရေလုပ်ငန်းကုန်တက်မှာ ၂၀၀ဝ ပြည့်နှစ်အထိ အထိအမိ ကောင်းမွန်ခဲ့ပြီး ၂၀၀၅ ခုနှစ်ဝန်းကျင် တွင် သိသိသာသာ စတင်ကျဆင်း လာသည်ဟု ရေလုပ်သားများနှင့် ရေလုပ်ငန်း အသိုင်းအဝိုင်းက ဆိုပါသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့်နောက်ပိုင်း ရေလုပ်ငန်းရှင်များ၏ ကမ်းနီးကမ်းဝေး ငါးဖမ်းစက် လှေများ၊ ငါးဖမ်းလှေများအပြင် တစ်နိုင်တစ်ပိုင် ဖမ်းဆီးသောဒေသခံ များ၏ ငါးဖမ်းလှေများ၊ငါးဖမ်းပိုက် များ ပျက်ဆီးဆုံးရှုံးခဲ့ရပါသည်။ ထို့ ပြင် မုန်တိုင်းနှင့်မုန်တိုင်း ဒီရေကြောင့် ဒေသခံများ၏ အသက်အိုးအိမ်များ ထိခိုက်ခဲ့ရပြီး ရေလုပ်ငန်းပြန်လည် လုပ်ကိုင်ရန် အချိန်ယူခဲ့ရသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ အကူအညီများကြောင့် အခြားအဓိကလုပ်ငန်းများ ဖြစ်သော လယ်ယာလုပ်ငန်းနှင့် ဆားလုပ်ငန်းတို့နှင့် နှိုင်းယှဉ်ပါက အစောဆုံးပြန်လည် လုပ်ကိုင်နိုင်ခဲ့သော ကဏ္ဍတစ်ခုဖြစ်ခဲ့ပါသည်။
ရေလုပ်ငန်း၏ အဓိကလုပ်ငန်းများဖြစ်သော ငါး၊ ပုစွန်၊ ကဏန်း ဖမ်းဆီးရရှိမှုမှာ နာဂစ်ဖြစ်ပြီး ဖမ်းဆီးမှု နည်းပါးသွားသော ၂၀၀၉ ခုနှစ် တွင်သာ ကဏန်း ကုန်တက်အနည်းငယ် မြင့်တက်ခဲ့ပြီး ၂၀၁၀၊ ၂၀၁၁ ခုနှစ်တို့တွင် ငါး၊ ပုစွန်၊ ကဏန်း ရရှိမှုမှာ ယခင်ကျဆင်းနေသော ကုန်တက်ပမာဏထက် လျော့နည်းခဲ့ပါသည်။ လက်ရှိအချိန်တွင် ကမ်းနီး၊ ကမ်းဝေးနှင့်တစ်နိုင်တစ်ပိုင ်ဖမ်းဆီးသူများအားလုံး ပုံမှန်အတိုင်းနီးပါး လည်ပတ်နိုင်ပြီဟု ဆို၍ရသော်လည်း သယံဇာတရှားပါးမှု တဖြည်းဖြည်း သိသာလာပါပြီ။
ဟိုင်းကြီးကျွန်းမြို့နယ်ခွဲမှ ပင်လယ်ကမ်းဝေး ငါးပုစွန်လုပ်ငန်းရှင် တစ်ဦးက”ကမ်းဝေးကတော့ တစ်နှစ် ပတ်လုံးလုပ်နေတာပဲ။ ရာသီဥတု မကောင်းတော့မှ ကမ်းဘက်ကို နည်းနည်းပြန်ကပ်တယ်။ ဟိုင်းကြီး၊ လပွတ္တာဘက်က ငါးဖမ်းလှေတွေနဲ့ ဖမ်းတယ်၊ ဖျာပုံဘက်က ကျားဖောင်တွေနဲ့ပါ ဖမ်းတယ်။ အခု ငါး သလောက် ဖမ်းတာများပါတယ်။ အကောင်ကြီးရတာတော့ ရှားတယ်။ အထိအမိလည်း နည်းတယ်၊ အရွယ် အစားလည်း အရင်ကထက် သေးလာတယ်။ ဝယ်လိုအားကတော့ ကောင်းတယ်”ဟု ပြောကြားပါသည်။
“ဒီနှစ် ပုစွန်ကုန်တက် ကောင်းလာတယ်၊ မနှစ်ကမကောင်းဘူး။ ရာသီဖောက်ပြန်လို့ ငါးကတော့ သိပ်မရဘူး။ ပုစွန်တောင် ပင်လယ်ပြင် ဖမ်းဆီးမှုက ရတာမဟုတ်ဘူး။ ကန်သမားတွေဆီက ရတာပါ။ ပုစွန် က ကုန်တက်ကောင်းတယ် ဆိုပေမယ့် ရှားသေးတယ်။ လာမယ့် ရ လပိုင်း၊ ၈ လပိုင်းလောက်မှ ပေါမယ် လို့ ထင်ပါတယ်။ ပုစွန်ထဲမှာမှ ပုစွန် ကျား၊ ပုစွန်ကျော့၊ မီးနီပုစွန်တွေပဲ အဝင်များပါတယ်။ ကုန်တက်က နာဂစ်မတိုင်မီနီးပါး ပြန်ရောက်လာပြီလို့ ပြောလို့ရပေမယ့် အထွက်တိုးလာတာတော့ မဟုတ်ဘူး၊ ဖမ်း တဲ့သူ များလို့ တက်လာတဲ့သဘောပါ”ဟု လပွတ္တာမြို့နယ် ကိုဝင်းတင့် ငါးပုစွန်ရောင်းဝယ်ရေး လုပ်ငန်းမှ ကိုအောင်ကျော်စိုးက ပြောပြပါသည်။
မြန်မာအတွက် အန္တရာယ် အပေးနိုင်ဆုံး သဘာဝဘေးက မုန်တိုင်း
၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အ တွင်း မြန်မာနိုင်ငံတွင် သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုများ မြင့်တက် လာသည်။ ၂၀၀၆ ခုနှစ်သည် မြန်မာ နိုင်ငံ၌ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားမှုများကို စ တင်သိသာစေခဲ့ပြီး ယင်းနှစ်မှစကာ မြန်မာနိုင်ငံသို့ မုန်တိုင်း ငါးနှစ် ဆက်တိုက် သက်ရောက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀ရ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂျ်လီမုန်တိုင်း၊ ၂၀၁ဝ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ အသီးသီး သက်ရောက်ခဲ့ကာ နာဂစ် မှာ သမိုင်းတစ်လျှောက် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့၍ မုန်တိုင်းသည် မြန်မာနိုင်ငံတွင် သတိအပြုဆုံး သဘာဝဘေးလည်း ဖြစ်လာခဲ့သည်။
“ရာသီဥတုပြောင်းလဲမှုမှာ အသိသာဆုံးကတော့ မုတ်သုံဝင်ချိန် နောက်ကျပြီး ထွက်ချိန်စောလာတာ ပါပဲ။ မုတ်သုံဝင်ချိန် နောက်ကျတော့ မိုးကြိုကာလရှည်မယ်၊ မုတ်သုံအထွက်စောတော့ မိုးလွန်ကာလရှည်မယ်။ ဒီလိုအပြောင်းအလဲဟာ မြန်မာနိုင်ငံအဖို့ တော်တော်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ မိုးကြို မိုးလွန်ကာလဟာ မြန်မာနိုင်ငံမှာ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းတွေကို သတိပြုရတဲ့ကာလ ဖြစ်လို့ပါ။ ပြောရရင်တော့ မုန်တိုင်းကို သတိပြုရတဲ့ ကာလရှည်လာတာပါပဲ”ဟု Myanmar Climate Change Watch မှ ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် မုန်တိုင်းကို သတိပြုရသော ကာလများမှာ မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန် ကာလဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ဖြစ်ကြသည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁ဝ ပြည့်နှစ် အတွင်း မုန် တိုင်း ငါးနှစ်ဆက်တိုက် သက်ရောက်သည့်အနက် ၂၀၁ဝ ပြည့်နှစ်က ဝင်ရောက်သည့် ဂီရိမုန်တိုင်းမှလွဲ၍ မုန်တိုင်းအားလုံးမှာ မိုးကြိုကာလတွင် သက်ရောက်ခဲ့ခြင်းဖြစ်သည်။
“နာဂစ်မတိုင်မီကတော့ ဒီမုန်တိုင်းဖြစ်တော့မယ် ဆိုတဲ့ ထူးခြားမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၆ က တည်းက စပြီးရာသီဥတု ပြောင်းလဲမှုကတော့ ဖြစ်ခဲ့ပါပြီ။ နာဂစ်မုန်တိုင်းက ဧပြီလ ၂၄ ရက်နေ့မှာ လေဖိအား နည်းရပ်ဝန်းအဖြစ် စတင်ခဲ့ပါတယ်။ ၂၈ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ဝင်ရောက်မယ်လို့ ခန့်မှန်းသိရှိပြီး သတိ ပေးခဲ့ပါတယ်”ဟု ၎င်းက ဆိုပါ သည်။
မြန်မာနိုင်ငံသည် မုန်တိုင်း၊ ငလျင်၊ ရေကြီးမှု၊ မြေပြိုမှု၊ တောမီးလောင်ခြင်း စသည်တို့ကို အခါအားလျော်စွာ ကြုံတွေ့ရသော နိုင်ငံဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အမြင့်မားဆုံး သဘာဝဘေးမှာ မုန်တိုင်း ဖြစ်သည်။ နိုင်ငံတကာမှ သဘာဝဘေးများ၏ ပျက်စီးမှု၊ ထိခိုက်သေကြေမှု ပမာဏများကို ထုတ်ပြန်ပေး ထားသည့် The International Disaster Database ၏ ဖော်ပြမှုတွင် ၁၉၀ဝ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဆုံးရှုံးမှုအများပြားဆုံး သဘာဝဘေးအန္တရာယ် ၁ဝ ခုစာရင်းတွင် မုန်တိုင်းမှာ ကိုးကြိမ်ပါ ဝင်နေပြီး ကျန်တစ်ကြိမ်မှာ ငလျင်ဖြစ်ကာ နံပါတ်(၁)နေရာတွင်ရှိနေသည် မှာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဖြစ်သည်။
နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀ဝ ဝန်းကျင် သေကြေပျက်စီးပျောက်ဆုံးမှု၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးမှု၊ စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိက အဆောက်အအုံ၊ လူနေအိမ်များ စသည့် အဆောက်အအုံများ ပျက်စီးမှု၊ ကျွဲနွားတိရစ္ဆာန်များ သေကြေပျက် စီးမှုစသည်တို့ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁ဝ ပြည့်နှစ် အောက်တိုဘာတွင်လည်း ဂီရိမုန်တိုင်းကြောင့် လူပေါင်း ၁၀၄၀၀ဝ ဝန်းကျင် အိမ်ခြေရာခြေမဲ့မှုများကို ရင်ဆိုင်ခဲ့ရကာ လက်ရှိတွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မုန်တိုင်းသင့်ဒေသများ တွင် လိုအပ်နေဆဲဖြစ်သည်ဟု သိရှိ ရသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁ဝ ပြည့် နှစ်အတွင်း မုန်တိုင်းနှစ်စဉ် သက်ရောက်ခြင်း၊ ရေကြီးရေလျှံမှုများကြုံ တွေ့ခြင်း၊ မြေပြိုမှုများဖြစ်ပေါ်ခြင်း၊ ငလျင်ဖြစ်ပွားခြင်း စသည်တို့တွေ့ ကြုံခဲ့ရပြီး ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်း၌ လည်းနှစ်ပေါင်း ၆ဝ ဝန်းကျင်အတွင်း အင်အားရစ်ချ်တာစကေး ရ အဆင့် ဖြင့် ပထမဆုံး လှုပ်ခတ်သည့် အင်အားပြင်း ငလျင်ဖြစ်ပေါ်ကာ ပျက်စီးဆုံးရှုံးမှုလည်း များပြားခဲ့ပါသည်။
ရာသီဥတု အပြောင်းအလဲ မြန်ဆန်သော အာရှဒေသအတွင်း တည်ရှိသည့် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားမှု ပိုမိုလာသော နိုင်ငံတစ်နိုင်ငံဖြစ်နေပြီး မုန်တိုင်းမှာလည်း နှစ်စဉ်သတိပြုရသည့် သဘာဝဘေးများတွင် ထိပ်ဆုံးနေရာတွင် ရှိလာခဲ့သည်ဟု သိရှိရ သည်။
နာဂစ် သုံးနှစ်ပြည့်ပြီးချိန်
နာဂစ်၊ ပန်းတစ်ပွင့်ဟု အဓိပ္ပါယ်ရသော အင်အားပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ သုံးနှစ်ပြည့်ခဲ့ပါပြီ။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသ၊ ပင်လယ်နှင့် ထိစပ်နေသော ဒေသ၊ မြစ်ချောင်းပေါများစွာ သွယ်စီးနေသော ဒေသ။ ထိုဒေသသည် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရသော ဒေသများဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင် ရာ၊ စိတ်ပိုင်းဆိုင်ရာများထိခိုက် ဆုံးရှုံးခဲ့ပြီးဒဏ်ရာများ ထင်ကျန်ခဲ့ရသည်။
လူမှုစီးပွားကဏ္ဍအတွက် အဓိကအကျဆုံးသော ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ များလည်း ဆုံးရှုံးခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် အချိန်ယူခဲ့ရသည်။ နာဂစ်တိုက်ခတ် ပြီးချိန်တွင် ကျောင်းများဖွင့်လှစ်ရန် နီးကပ်နေချိန်ဖြစ်ပြီး ကျောင်းများပျက်စီးခဲ့ခြင်းကြောင့် ယာယီ တာလပတ်အမိုးအကာ ကျောင်းများဖြင့် ကျောင်းသားကျောင်းသူ များစာသင်ကြားခဲ့ ရသည်။ ကျောင်းများပြန်လည်ပြုပြင်ရန်နှင့် အမိုးအကာလုံခြုံသော ကျောင်းဆောင်သစ်များ ထပ်မံတည်ဆောက်ရန် အချိန်ယူခဲ့ရပြီး ပြည်တွင်းနှင့် နိုင်ငံတကာပံ့ပိုးမှုဖြင့် ဖြည့်ဆည်းခဲ့ပါသည်။ ၂၀၀၉ ခုနှစ် ကျောင်းများဖွင့်လှစ်ချိန်မှ စတင်ကာ ကျောင်းအဆောက်အဦ အများစု တည်ဆောက်ပြီးစီးခဲ့ပြီး အလှူရှင်များ၏ ပံ့ပိုးမှုကြောင့် ကျောင်းဆောင်သစ်များ ထပ်မံပေါ်ထွန်းခဲ့သည်။ ၂၀၁ဝပြည့်နှစ် မိုးရာသီ အမီ တည်ဆောက်ခဲ့သော မုန်တိုင်း ဒဏ်ခံ အဆောက်အအုံ အများစုတွင်လည်း ကျောင်းများ ဖွင့်လှစ်ထားပါသည်။ အခြားတစ်ဖက်တွင်လည်း ရုန်းကန်နေရဆဲ မိသားစုအခြေအနေ နှင့် ဘဝအနေအထား များကြောင့် မူလတန်းတွင်သာ ကျောင်းတက်ရောက်သူ အများဆုံး ဖြစ်ပါသည်။
နာဂစ်မုန်တိုင်းအပြီး သန့်ရှင်းသော သောက်ရေသုံးရေနှင့် အစားအ စာရရှိရန်၊ အဟာရပြည့်ဝသော အစား အစာရရှိရန် စသည့်လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံများ၏ ကျန်းမာရေး အတွက်စိန်ခေါ်မှုများ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာတွင် အဖွဲ့တိုင်းလိုလိုပင် ဆရာဝန်ကဲ့သို့ တတ်ကျွမ်းပညာရှင်များပါဝင်ခဲ့ကြသည်။ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်အပြီး ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှော၊ အာဟာရချို့ယွင်းမှု၊ ထိခိုက်ဒဏ်ရာအမျိုးမျိုး၊ ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားတတ်သော ရောဂါ များစသည့်ရောဂါများကို ကုသပေးခဲ့ကြသည်။ ယခင်က မုန်တိုင်းဒဏ် သင့်ဒေသတွင် ဆရာဝန်နည်းပါးပြီး ကျန်းမားရေးမှူး၊ သူနာပြုနှင့် သား ဖွားဆရာမများဖြင့်သာ ကျန်းမာရေး ဒေါက်တိုင်ကို စိုက်ထူထားခြင်းဖြစ် သည်။ ယခုအချိန်တွင် ပျက်စီးသွားသော ကျန်းမာရေးဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနများ၊ ဆေးပေးခန်းများကို ပြန်လည်တည် ဆောက်ပြီးဖြစ်သော်လည်း ရောဂါ ကြီးကြီးမားမားဖြစ်၍၊ ရောဂါရင့်၍ ဆရာဝန်ဖြင့် ကုသရမည်ဆိုပါက နီးစပ်ရာမြို့နှင့် တိုက်နယ်ဆေးရုံများသို့ သွားလာနေရဆဲဖြစ်ပါသည်။
ဖျာပုံမြို့နယ်အတွင်း နာဂစ်ဒဏ်ခံခဲ့ရသည့် မိသားစုများအနက်ယခင် က လုပ်ငန်းများရှိခဲ့သည့် မိသားစု အများစုမှာ ယခုသုံးနှစ်ကာလ၌ ယခင်ရှိခဲ့သည့် လုပ်ငန်းလည်ပတ်မှု အနေအထားတစ်ရပ်ကို ပြန်လည်မရရှိ သေးဘဲ အခြေခံလူတန်းစားများမှ မိသားစုအချို့သာ ပုံမှန်အခြေအနေ တစ်ခုကို ရောက်ရှိနေသည်။
ထို့ပြင် အခြေခံလူတန်းစားများ၏ မိသားစုအများစုမှာ ယမန်နှစ် ပညာသင်နှစ်တွင် စီးပွားရေးအဆင် မပြေလည်မှုများကြောင့် ကျောင်းနေ ရွယ်သားသမီးများကို ကျောင်းထား မပေးခဲ့ရကြောင်း သိရှိရပါသည်။
မြစ်ချောင်အင်းအိုင်များ ပတ်လည်ဝိုင်းနေပြီး ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်စွာတည်ရှိနေသော နာဂစ်မုန်တိုင်း ဒဏ်သင့်ဒေသသည် ရေချိုရှားပါးပါသည်။ နာဂစ်ဖြစ်ပြီး နောက်ပိုင်း ပြည်တွင်းပြည်ပအလှူရှင် များက ရေကန်များ ပြန်လည်တည်ဆောက်ခြင်း၊ တူးဖော်ခြင်း၊ ရပ်ရွာမှ ကိုယ်ထူကိုယ်ထ တူးဖော်မှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၁ဝ ပြည့်နှစ်တွင် နွေအပူချိန် မြင့်မားခဲ့ခြင်းကြောင့် မိုးဦးမကျမီ ဧပြီ၊ မေလတွင် ရေချို ရှားပါးမှုဖြစ်ခဲ့ပါသည်။ ယခုနှစ် မတ်လနှင့် ဧပြီလများတွင် ရွာသွန်းခဲ့သော မိုးကြောင့် ရေကန်များရှိ လက်ကျန်ရေမှာ မိုးဦးကျသည်အထိ လုံလောက်နိုင်ပါသည်။
နာဂစ်မုန်တိုင်းသင့်ဒေသ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ ဟိုင်း ကြီး၊ ဒေးဒရဲအစရှိသည့်မြို့နယ်များ နှင့် ကျေးရွာအုပ်စုများ၊ ကျေးရွာများ မှာ နာဂစ်မတိုင်ခင် အခြေအနေကို ရောက်ရှိနိုင်ရန် ကြိုးပမ်းနေရဆဲပင် ဖြစ်သည်။ နာဂစ်တိုက်ခတ်ပြီးချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနည်းဆုံးသုံးနှစ်အထိ လုပ်ကိုင်ရမည်ဟု မျှော်မှန်းခဲ့ကြသော်လည်း တစ်နှစ်ကျော် နှစ်နှစ်ကာလ အတွင်း၌သာ ပြည်တွင်းပြည်ပ အင်န်ဂျီအိုများ၊ လူမှုရေးအဖွဲ့အစည်း များက အင်တိုက်အားတိုက်ဖြင့် ကူညီ ထောက်ပံ့ရေး၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြသည်။ နှစ်နှစ်လွန်မြောက်၍ သုံးနှစ်အတွင်း ဝင်ရောက်ချိန်တွင်မူ အဆိုပါလူမှုအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများမှာ နည်းပါးလာခဲ့သည်။
မုန်တိုင်းသင့် ဒေသအချို့တွင် မုန်တိုင်းဒဏ်ခံ အဆောက်အဦနှင့် သက်ကယ်ကုန်းမြင့်များ၊ လမ်းတံတား အဆောက်အဦများ၊ စာသင် ကျောင်းများ၊ ဆက်သွယ်ရေးစနစ်များ ပေါ်ထွန်းလာသည်ဟု ပြော၍ရသော်လည်း ဒေသခံအခြေခံ လူတန်းစားများ၏ လူမှုရေး၊စီးပွားရေးအခြေအနေများမှာ နာဂစ်မတိုင်ခင် အခြေအနေ ကို ပြန်လည်ရောက်ရှိရန် အချိန်အတော်များများ ယူရဦးမည်ဖြစ်သည်ဟု မုန်တိုင်းသင့်ဒေသတွင် နေထိုင်သူ များကဆိုသည်။
တစ်ဘက်တွင်လည်း မုန်တိုင်းဒဏ်သင့်ဒေသရှိ လူများ၏ လုပ်ချင်ကိုင်ချင်စိတ်ရှိမှု၊ ကူညီထောက်ပံ့မှုများ ကိုမျှော်ကိုးမနေဘဲ ကိုယ့်အားကိုယ်ကိုး အားထုတ်ကြိုးပမ်းမှုများမှာလည်း ယင်းဒေသ၏ ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သော အကြောင်းအချက်များ ဖြစ်သည်ဟု ဆို ကြသည်။
နာဂစ်မုန်တိုင်းဆိုင်ရာ အချက်အလက်အချို့
၂၄-၄-၂၀၀၈ – လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်
၂၆-၄-၂၀၀၈ – လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာ
၂၇-၄-၂၀၀၈ – မုန်တိုင်းငယ်ဖြစ်ပေါ်
၂၈-၄-၂၀၀၈ – ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်အဖြစ် ဟိုင်းကြီးကျွန်းမြို့၏ အနောက်မြောက်ဘက် မိုင် ၅၄ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု
၂၉-၄-၂၀၀၈ – အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိ
၃၀-၄-၂၀၀၈ – ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု
၁-၅-၂၀၀၈ – မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နေ
၂-၅-၂၀၀၈ – နံနက်ပိုင်းတွင် ဟိုင်းကြီးကျွန်းကို စတင်ဖြတ်ကျော်၊ နံနက် ၁ဝ နာရီတွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅ဝ မှ ၆၀၊ မွန်းလွဲ ၁၂ နာရီခွဲတွင် မိုင် ၇၀၊ မွန်းလွဲ ၂ နာရီခွဲတွင် မိုင် ၁၂ဝ ခန့်၊ ယင်းနေ့တွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ကို မုန်တိုင်းဖြတ်ကျော်ဝင်ရောက်
၃-၅-၂၀၀၈ – ကုန်းတွင်းမုန်တိုင်းအဖြစ် မြောက် အရှေ့မြောက်ဘက်ရွေ့လျား
၄-၅-၂၀၀၈ – အားပျော့ပျက်ပြယ်
မြန်မာနိုင်ငံ၏ ထင်ရှားသော မုန်တိုင်းနှစ်များ
ခုနှစ် | မုန်တိုင်း အဓိကဒဏ်သင့်ရာဒေသ |
၁၉၆၇ | ကျောက်ဖြူ |
၁၉၆၈ | စစ်တွေ |
၁၉၇၅ | ပုသိမ် |
၁၉၈၂ | ဂွ |
၁၉၉၄ | မောင်တော |
၂၀၀၆ | ဂွ |
၂၀၀၈ | မြစ်ဝကျွန်းပေါ် |
မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခဲ့သည့် အကြိမ်ရေ (၁၈၇ရ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ)
လအမည် | အကြိမ်ရေ |
ဇန်နဝါရီ | ၂ |
ဖေဖော်ဝါရီ | ၁ |
ဧပြီ | ၁၅ |
မေ | ၂၇ |
ဇွန် | ၁ |
အောက်တိုဘာ | ၁၅ |
နိုဝင်ဘာ | ၁၄ |
ဒီဇင်ဘာ | ၉ |
မုန်တိုင်းမကျရောက်မီ ပြင်ဆင်နိုင်မှုအချို့
– ဓာတ်ခဲသုံးရေဒီယိုနှင့် အပိုဓာတ်ခဲဆောင်ထားခြင်း၊ မိုးလေဝသသတင်းနား ထောင်ခြင်း။
– မုန်တိုင်းခိုလှုံရေးစခန်းနှင့် သွားရာလမ်းကြောင်းကို သိထားခြင်း၊ အိမ်တွင် လုံခြုံရာနေရာရွေးထားခြင်း။
– ရေနှင့် အသင့်စားသုံးနိုင်သော တာရှည်ခံအစားအစာများ ထုပ်ပိုးထားခြင်း။
– အဖိုးတန်၊ အရေးကြီး စာရွက်စာတမ်းတို့ကို ရေလုံအိတ်ဖြင့်ထည့်၍ လုံခြုံ စွာသိမ်းထားခြင်း။
– နေအိမ်ကို ပိုမိုခိုင်ခံ့အောင်ပြုလုပ်ခြင်း။
မုန်တိုင်းကျရောက်စဉ် တုန့်ပြန်နိုင်မှုအချို့
-လျှပ်စစ် အသုံးအဆောင်များ၏ ခလုပ်နှင့် ပလပ်များကို ပိတ်ထားခြင်း။
-ပြင်ပတွင် ရောက်နေပါက လုံခြုံရာကို ရှာဖွေခြင်း။
-မော်တော်ယာဉ်တွင် ဖြစ်ပါက မှန်နှင့်တံခါးများကို လုံခြုံစွာပိတ်ထားခြင်း။
-တာဝန်ရှိသူများက ပြောင်းရွှေ့ရန် မလိုကြောင်းပြောပါက အိမ်တွင် လုံခြုံစွာနေခြင်း။
-မိမိဒေသသို့ မုန်တိုင်းမဖြတ်ပါကလည်း မိုးသည်းထန်ခြင်းကြောင့် ရေဘေး နှင့် မြေပြိုဘေး ဖြစ်နိုင်သည်ကို ဂရုပြုခြင်း။
Eleven Media Group မှ ကူးယူဖော်ပြသည်။
One comment
မမလေး
May 4, 2011 at 10:48 am
လာမယ့်ဆယ်ရက်အတွင်း မုန်တိုင်းရှိတယ်လို့ ဘေးအိမ်အန်တီနဲ့ တွေ့လို့ သူကပြောလိုက်တယ် …