စပ်မိ စပ်ရာ (၂)
ကျွန်တော် ဖတ်ဖူးတဲ့စာ၊ ဖတ်မိတဲ့စာ၊ ကြားဖူးတဲ့စကားတွေကနေ တွေးမိတာ၊ ကြားဖူးတာတွေကို စပ်မိစပ်ရာခေါင်းစဉ်နဲ့ ရေးကြည့်နေတာပါ။
ကျွန်တော်တို့ ဆိုင်မှာပစ္စည်းသွားဝယ်ရင် ဆိုင်ရှင်က လက်ဟောင်းယူမှာလား။ လက်သစ်ယူမှာလား လို့မေးတတ်ကြတယ်။ ကျွန်တော်တို့ကလည်း လက်ဟောင်းပေးပါလို့ ပြောတတ်ကြတယ်။
ပုံမှန်ဆို ဘယ်လုပ်ငန်းမဆို နောက်ထုတ်တဲ့ပစ္စည်းကို ပိုကောင်းအောင် ပထမထုတ်တဲ့ပစ္စည်းမှာပါတဲ့ အပြစ်တွေကို ဖယ်ပြီးထုတ်တာဆိုတော့ လက်သစ်ကပိုကောင်းရမှာပေါ့။
အဲဒါတွေဟာ ကိုယ့်ပြည်တွင်းက ကုန်သည်တစ်ချို့နဲ့လုပ်ငန်းရှင်တစ်ချို့ကြောင့် ဖြစ်ရတာပါ။
ကုန်သည်တွေက နယ်စပ်ကပစ္စည်းသွင်းတဲ့အခါ ပထမတစ်ကြိမ်မှာ ပုံမှန်သွင်းတယ်။နောက်တစ်ခေါက်ကျတော့ ပုံမှန်ဈေးနဲ့အောက် ရအောင်ထုတ်ခိုင်းတယ်။ ဥပမာ-ပထမအကြိမ် တစ်သောင်းနဲ့ဝယ်ရရင် နောက်တစ်ကြိမ်မှာ ရှစ်ထောင်နဲ့ရအောင်ထုတ်ခိုင်းတယ်။ အဲဒီတော့ ဟိုဖက်က ထုတ်လုပ်သူလည်း ဈေးလျှော့လို့ရအောင် ကွာလတီလျှော့ပြီး ထုတ်တော့တာပေါ့။ ကျွန်တော်သိရသလောက်က နယ်စပ်ကသွင်းတဲ့ပစ္စည်းတွေအများစု ကွာလတီမကောင်းတာ ဒီကကုန်သည်တွေရဲ့ တာဝန်မကင်းဘူး။
နောက်ပြည်တွင်းက ထုတ်လုပ်သူတစ်ချို့ဆိုလည်း ပထမအကြိမ်မှာ သူ့ပစ္စည်းနာမယ်ရအောင် အကောင်းဆုံးထုတ်တယ်။ သူ့ပစ္စည်းနာမယ်လည်းရ၊လူသုံးလည်းများလာပြီဆိုရင် ပစ္စည်းကို ခိုပြီးထုတ်လာရော။ တစ်ချို့ကခိုပြီးဘဲထုတ်တယ်။ ဈေးမတက်ဘူး။ တစ်ချို့က ခိုလည်းခိုတယ်၊ဈေးလည်းတက်တယ်။
အစားအသောက် ရောင်းတဲ့သူတစ်ချို့လည်း ဒီလိုတွေ့ဘူးတယ်။ ဥပမာပေးရရင် မုန့်ဟင်းခါးဆိုင်တွေတွေ့ဘူးတယ်။ စရောင်းခါစက ငါးဖတ်တွေလည်း အများကြီးပါတယ်။ စားလို့လည်းကောင်းတယ်။ နာမယ်လည်းရ၊ရောင်းလည်းကောင်းလာရော ငါးဖတ်လည်းမတွေ့ရ၊ဈေးလည်းတက်သွားရော။
ဒါကြောင့်တစ်ခါတစ်လေ စဉ်းစားမိတယ်။ ငါတို့ဆီကလူတွေ ငွေဘဲမြင်ပြီး၊စေတနာ ပျောက်နေပြီလားလို့။ လူတိုင်းတော့ မဆိုလိုပါဘူး။ ဝယ်သူအပေါ်တစ်ကယ် စေတနာကောင်းတဲ့ သူတွေလည်းတွေ့ဘူးပါတယ်။
7 comments
bigcat
May 8, 2011 at 4:19 am
၁၉၈၈ တဝိုက်မှာ ခေတ်စားခဲ့တဲ့ တိုရှီဗာ ဗွီ87မော်ဒယ် အောက်စက်တွေဆိုရင် လူကြိုက်အလွန်များပါတယ်။ ဂျပန်စက်ရုံက အဲဒီမော်ဒယ်လ်ဆက်မထုတ်တာတောင် လူတွေက သူမှသူဖြစ်နေလို့ 88 မော်ဒယ်လ်ကို 87II ဆိုပြီးထုတ်ရောင်းရပါတယ်….
နောက်ထွက်တဲ့ အသုတ်မှာ ခိုတာ၊ လျော့လိုက်တဲ့ဈေးနဲ့ကိုက်အောင် ကွာလတီကိုချတာတွေက စားသုံးသူတွေနဲ့လည်း အများကြီးဆိုင်မယ် ထင်ပါတယ်။ ဝယ်သူမလိုက်နိုင်ရင် ကွာလတီဘယ်လောက်ကောင်းကောင်း၊ ဝယ်သူလက်မခံရင် ဘယ်လောက်ဈေးပေါပေါ ရမယ်မထင်ပါဘူး။ ငွေဖောင်းပွမှုနှုန်းကြီးမားတဲ့ မြန်မာနိုင်ငံလိုမျိုးမှာ လက်ရှိရောင်းအားကို ထိန်းထားဖို့ ဈေးနှုန်းတက်ရင်တက်တဲ့ ဗျူဟာထက် အရည်အသွေးလျော့ချခြင်း နည်းဗျူဟာကို တွင်ကျယ်စွာသုံးနေတယ်လို့ ယူဆပါကြောင်း…
မိုက်ကယ်ဂျော်နီအောင်ပု
May 8, 2011 at 4:33 am
( နယ်စပ်ကသွင်းတဲ့ပစ္စည်းတွေအများစု ကွာလတီမကောင်းတာ ဒီကကုန်သည်တွေရဲ့ တာဝန်မကင်းဘူး )
ဒီစကားစုလေးကိုတော့
ကျွန်တော်လည်းလက်ခံပါတယ်
အရက်သမားဆိုတော့ အရက်အကြောင်းဘဲပြောတော့မယ်
ယနေ့မြန်မာပြည်တွင်းမှာသောက်နေကြတဲ့
ထိုင်းထုပ်ဘီယာဘူးတွေဟာ
နယ်စပ်ကနေဖြတ်လာတဲ့ဘူးတွေဆိုရင်
ထိုင်းနိုင်ငံထဲကဈေးနဲ့ လည်ပယ်လောက်ဘဲသွားတယ်
ဝှိုးဆဲလ်ကြောင့်မဟုတ်ဘူးနော်
အရည်အသွေးလျှော့ပြီး ဈေးနှုန်းညှိထားတာ
ကျွန်တော်တို့လို
စည်းမခြားသွားလိုက်လာလိုက်သောက်ဘူးတဲ့သူမှသိတာ
မူးတာတော့တူတယ် 🙂
ဆူး
May 8, 2011 at 8:03 am
လက်ဟောင်း လက်သစ် ပိုစ် နဲ့ ပတ်သတ်ပြီး ဆွေးနွေးကြည့်တာပေါ့။
ဈေးကွက်လိုအပ်ချက်အရ ပစ္စည်းတခုကို စမ်းသွင်းကြည့်တယ်။
ဥပမာ ပစ္စည်းတန်ဖိုး ၁၀ဝ ဆိုပါတော့.. ဝယ်သူက ၈ဝ ရမလား စစ်စစ်သွားတယ်။
ကုန်သည်က ဒီပစ္စည်း ၈ဝ နဲ့ ပေးနိုင်ရင်ကောင်းမယ်။ သွင်းတဲ့လူက ထုတ်တဲ့လူကို စစ်တယ် ရမလား။ လျော့မယ် ရမယ်။ ဒီလိုနဲ့ ၈ဝ ဖြစ်သွားတယ်။ လူတွေ လက်ထဲမှာ ၈ဝ တန် ပစ္စည်းရပေမဲ့ ငွေကြေးတန်ဖိုး ဈေးကစားမှုတွေ ရှိတဲ့ အခါ ၈ဝ တန် ပစ္စည်း ၁၀ဝ ရောင်းမှ ကိုက်မယ်။ ၁၀ဝ နဲ့ ဆက်ရောင်းတယ်။ လူတွေ လက်ထဲမှာ ၁၀ဝ တန် မဟုတ်တဲ့ ၁၀ဝ တန် ဖြစ်နေပြီ။
တခါတရံ ကုန်စည်ဈေးက ငွေကြေး အတက်အကျနဲ့ ကြုံလို့.. ၁၀ဝ တန် ပစ္စည်း ၁၃ဝ လောက် ဖြစ်သွားမယ်။ လက်ထဲ ရှိတဲ့ လူက ၁၀ဝ နဲ့ ဆက်ရောင်းတဲ့ပြီး ၁၃ဝ တန် ပစ္စည်း ပြန်ဝယ်ရောင်းမယ် လက်ထဲမှာ ငွေကြေးကိုင်ထားရင်း အရင်းမလိုက်နိုင် ဖြစ်ပြန်ကော..
ပြသနာသည် လူတွေ လက်ထဲမှာ ရှိတဲ့ ပိုက်ဆံ ပေါပေါ မသုံးနိုင်တဲ့ ပြသနာလို့ ထင်ပါသည်။ သူသူ ကိုယ်ကိုယ် ပစ္စည်းဝယ်ရင် ဈေးတန်တယ် ထင်မှ ဝယ်ကြပါသည်။ ပိုက်ဆံ ပေါပေါ သုံးပြီး ကောင်းကောင်းကို တန်ရာ တန်ကြေးပေးဝယ်တဲ့ သူများလာရင် ပစ္စည်းကောင်းတွေ ရလာပါလိမ့်မည်။
အခုနောက်ပိုင်း ကုန်သည်တွေ အကောင်း မသွင်းဘူး အကောင်းသွင်းရင် မကိုက်လို့ ဆိုပြီး ငြီးကြတယ်။ တကယ်တမ်း ဈေးကွက်ထဲမှာ ဆိုလည်း အကောင်းကိုမှ တန်ရာတန်ကြေး ပေးပြီး ဝယ်ချင်သူ အလွန်ရှားပါသည်။ ပေါချောင်ကောင်း သုံးချင်သူတွေ များနေလျှင်တော့ ဘယ်တော့မှ ပစ္စည်းကောင်းဆိုတာ ရလာမည် မဟုတ်ပါ။
တခါတရံ လုပ်ငန်းကြီးတွေ လုပ်တဲ့ သူဌေးတွေ အပြိုင် ဖိုက်ရင်တော့ မဆိုးပါဘူး။
သူထက်ငါ ပရိုမိုးရှင်းလိုက်နေကြတော့ စားသုံးသူတွေ သက်သက်သာသာရတယ် ပစ္စည်းကောင်းကောင်းရတယ်။
naywoonni
May 8, 2011 at 11:23 am
ပသနာသည် လူတွေ လက်ထဲမှာ ရှိတဲ့ ပိုက်ဆံ ပေါပေါ မသုံးနိုင်တဲ့ ပြသနာလို့ ထင်ပါသည်။ သူသူ ကိုယ်ကိုယ် ပစ္စည်းဝယ်ရင် ဈေးတန်တယ် ထင်မှ ဝယ်ကြပါသည်။ ပိုက်ဆံ ပေါပေါ သုံးပြီး ကောင်းကောင်းကို တန်ရာ တန်ကြေးပေးဝယ်တဲ့ သူများလာရင် ပစ္စည်းကောင်းတွေ ရလာပါလိမ့်မည်။)…. မမဆူးပြောသလို မဟုတ်ဘူးဗျ …။ လူတွေဈေးဆစ်တာ အဆစ်တောင်းတာက မြန်မာလူမျိုးတွေရဲ့ အကျင့်ဆိုးတဟ်ခုပါ..။ ပိုက်ဆံပေါပေါသုံးနိုင်တဲ့လူလေ ဈေးဆစ်လေပဲ….။ မုန့်ဟင်းခါးစားရင် အဆစ်တောင်းတာက ကျုပ်တို့ ဘကြီးလက်ထက်ကတည်းက..။ အဲဒိတော့ ကျုပ်တို့ ဘကြီးကလာပြောသလဲသိလား မုန့်ဟင်းခါးစားရင် ဟင်းရည် အဆစ်တောင်းရတယ်တဲ့ ..။ တောင်းနေကြ မတောင်းရင်နူတတ်တယ်တဲ့လေ……။။ မှတ်ကရောပဲ..။ တစ်ခါ ကျုပ်ကလည်း ငယ်ငယ်လေးထဲစကားကတတ်တယ်..။ ဘကြီးနဲ့ ဂျိန်းစ်ဘွန်းကားကြည့်ပြီးပြန်လာတော့ ဘကြီးကိုမေးတယ်..။ မြန်မာပြည်မှာကော ဂျိန်းစ်ဘွန်ကိုင်တဲ့ ပစ္စည်းတွေ ဘယ်တော့ ကိုင်ရမှာလဲလို့..။ အဲဒိတော့ ဘာပြန်ပြောသလဲသိလား ဘကြီးက …..။ စည်းကမ်းရှိတဲ့တစ်နေ့ ကိုင်ရမှာပေါ့တဲ့..။ နေဝန်းနီ ထင်ခဲ့တာက လူကြီးတွေက နေဝန်းနီတို့လူမျိုးကစည်းကမ်းမရှိဘူး..။ ကိုင်ပြီးပစ္စည်းတွေထားချင်တဲ့နေရာထားခဲ့တာ..။ ပျောက်မှာပျက်စီးမှာစိုးလို့ အဲဒိလိုပစ္စည်းတွေပေးမကိုင်တာပေါ့..။ လေ……..
ဘယ်ကလူကြီးတွေလဲတော့မသိဘူး..။ ကလေးအတွေးကိုး…………..
nature
May 8, 2011 at 1:31 pm
market ရဲ့ သဘောတရားကတော့ supply & denamd ပါဘဲ။ ကုန်သည်နဲ့ လုပ်ငန်းရှင်တွေကိုအပြစ်တင်လို့မရပါဘူး၊ ဈေးကွက်က ဈေးပေါပေါ demand ရှိလား ပစ္စည်း ကောင်းကောင်း demand ရှိလား မှန်မှန်ကန်ကန် သုံးသပ်ပြီး ဈေးကွက်ရဲ့လိုအပ်ချက်ကို သူ့ဈေးကွက်နဲ့သူ မှန်မှန်ကန်ကန် supply လုပ်ဖို့လိုပါတယ်၊
(ဥပမာပေးရရင် မုန့်ဟင်းခါးဆိုင်တွေတွေ့ဘူးတယ်။ စရောင်းခါစက ငါးဖတ်တွေလည်း အများကြီးပါတယ်။)…
စရောင်းခါစ sale promotion လုပ်တာပါ၊ရောင်းကောင်းတော့မလုပ်တော့ပါဘူး။
MaMa
May 8, 2011 at 2:55 pm
ဝယ်သူရဲ့အကြိုက် ဈေးကွက်လိုအပ်ချက်ကို လိုက်ပြီး ကုန်ပစ္စည်း ထုတ်လုပ်သူ၊ ရောင်းချသူတွေက လုပ်ကြတာပါ။ ပြောရရင်တော့ ချမ်းသာတဲ့ နိုင်ငံတွေမှာဆို အာမခံချက်မရှိတဲ့ ညံ့ဖျင်းတဲ့ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ပေးလည်း ဝယ်မယ့်သူ ရှိမှာ မဟုတ်ဘူး။ ကိ်ုယ်သုံးနိုင်တဲ့ အတိုင်းအတာနဲ့ ချင့်ချိန်ရတာဆိုတော့ကာ ဆီဝယ်စားမယ်ဆိုရင် ပဲဆီတစ်ဆယ်သားနဲ့ စားအုန်းဆီ တစ်ဆယ်သား ဈေးချင်းက ကွာတယ်လေ။ ကိုယ်ရတဲ့ ဝင်ငွေနဲ့ ချင့်ချိန်ပြီး တတ်နိုင်တဲ့လူက စားအုန်းဆီ ဝယ်မစားသလို၊ (စားရင်လည်း ခုချက်ခြင်း သေနိုင်တာ မဟုတ်တော့) မတတ်နိုင်တဲ့လူကလည်း ပဲဆီ ဝယ်မစားပါဘူး။ ပစ္စည်းမှန်၊ ဈေးမှန်ရဖို့ကတော့ ရောင်းတဲ့ပစ္စည်းချင်တူတူ၊ လူများများဝယ်တဲ့ဆိုင်မှာ ဝယ်ပါ။ လူများများဝယ်တယ်ဆိုတာ အဲဒီဆိုင်ရဲ့ အားသာမှု တစ်ခုခု ရှိလို့ပါပဲ။ ပစ္စည်းပဲဖြစ်ဖြစ်၊ ရောင်းတဲ့ဆိုင်ပဲဖြစ်ဖြစ် နာမည်ကောင်းတစ်ခုကို စားသုံးသူက ပေးတာပါ။ အလွယ်တကူ မရပါဘူး။ ရေရှည်ထိန်းသိမ်းရပါတယ်။
nagargyi
May 9, 2011 at 2:02 am
မဆူးပြောသလို ဝယ်သူဈေးဆစ်လို့ ဖြစ်တာဆိုတာ တစ်ချို့ကိစ္စတွေမှာ မှန်ပေမယ့် အများစုက ကုန်သည်အချင်းချင်း ပြိုင်ကြတာကြောင့်ဖြစ်တာပါ။ ပထမကုန်သည်က (၁၀၀)နဲ့ဈေးကွက်မှာဖြန့်ရင် နောက်လူက (၈၀)နဲ့ဖြန့်နိုင်အောင် ထုတ်ခိုင်းတယ်။ (၁၀၀)တန်နဲ့(၈၀)တန်က အပြင်ပန်းကြည့်ရင် အတူတူဘဲ။ သုံးကြည့်တော့လည်း အတူတူဘဲ။ တစ်ခါတစ်လေ နောက်ပစ္စည်းက အားသာတဲ့အချက် တစ်ချက်နှစ်ချက်တောင် ပါသေးတယ်။ အလွယ်ကြည့်လျှင် အိမ်တိုင်းသုံးနေတဲ့ ဒီဗီတီ၊အီးဗီဒီ ကိစ္စတွေမှာ တွေ့နိူင်တယ်လို့ ထင်ပါတယ်။
အများပြောသလို ဈေးကွက်အနေအထားကြောင့်၊နိူင်ငံအနေအထားကြောင့် ဆိုတာကို လက်ခံပါတယ်။ ဖွံ့ဖြိုးတဲ့နိူင်ငံတွေမှာတော့ ပစ္စည်းတစ်ခု တင်သွင်းချင်လျှင် အရင်စစ်ဆေးပြီး အဆင့်မှီမှ တင်သွင်းရတယ်လို့ သိရတယ်။ ဒါမျိုးတစ်နေ့ဖြစ်လာရင်တော့ အခုကျွန်တော်တို့ဖြစ်နေတဲ့ ပြဿနာ ပြေလည်သွားမယ်လို့ထင်ပါတယ်။ ဝန်ထမ်းတွေကလည်းမှန်မှန်ကန်ကန် လုပ်ရင်ပေါ့။