လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်။

ko noMay 11, 20111min25610

၁၉၈၂ အရင် ဆရာဝန်ဖြစ်ကြသူတွေက လေနာဆိုတာ ရောဂါပိုးနဲ့ မဆိုင်ဘူးလို့ သင်ခဲ့ကြရတယ်။ စားချိန်-သောက်ချိန် မမှန်သူ၊ စိတ်ဖိစီးမှု များသူတွေမှာ ဖြစ်ကြရတယ်လို့ ဆိုခဲ့တယ်။ အလုပ်များတဲ့ ဆရာဝန်၊ ဆယ်တန်းဖြေမဲ့ ကျောင်းသား အဖြစ်များလို့လည်း Stress ulcer ခေါ်ခဲ့ကြပါတယ်။ အလုပ်မများတဲ့ ဆရာဝန်၊ (စထွက်စ်) မများတဲ့ ကျောင်းသား ကံကောင်းသလား မမေးနဲ့။ တကယ်တော့ ထင်သလောက် ကံမကောင်းပါ။ ၁၉၈၂ ရောက်တော့ ဩစတေးလျ ဆရာဝန် နှစ်ယောက်ကနေ လေနာနဲ့ Helicobacter pylori (H. pylori) ပိုး ဆက်စပ်တာကို သိလာရလို့ပါ။

အနာမျိုး ၉၆ ပါးမှာ လေနာ ၃၂ ပါး၊ ပါတယ်လို့ မြန်မာဆေးကျမ်းက ဆိုပါတယ်။ ကုန်းဘောင်ခေတ်မှာ ဝန်ကြီးတပါး အလုပ်များလား မသိပါ၊ လေနာ စွဲနေလို့ “ပခန်းမှာ-လေ၊ လောင်းရှည်မှာ-ဓား၊ ခန်းပတ်မှာ-နား၊ ရေနံ တတိုင်ချင်းနှင့် လင်းပါ့မလား။” လို့ ဗန်းမော်ဆရာတော်က သရော်ခဲ့ဘူးတယ်။ ပြင်သစ်ဘုရင် ချားလ်စ် နံပါတ် ၉ မှာလည်း ရှိသတဲ့။ ဒါလဲ သရော်တာ မဟုတ်ပေမဲ့ St. Bartholomew’s Day Massacre လူသတ်ပွဲကြီးဟာ ကိုယ်တော်မြတ်မှာ လေနာထလို့ ဖြစ်ရသလိုလို ဆိုပါတယ်။

Peptic Ulcer (PU) လေနာမှာ Gastric ulcer (GU) အစာအိမ်နာ နဲ့ Duodenal (DU) (ဒူယိုဒီနယ်)နာ ဆိုပြီး၊ ၂ မျိုး ရှိတယ်။ (ဒူယိုဒီနမ်) ဆိုတာ အူသိမ်အစပိုင်း “င” ပုံနေရာလေးကို ခေါ်တာပါ။ DU ဟာ အသက် ၃ဝ က ၅ဝ နှစ် အတွင်း အဖြစ်များတယ်။ အမျိုးသမီးတွေ လေ(စကား) များချင် များမယ်၊ ကံ ပိုကောင်းကြတယ်။ ယောက်ျားတွေလောက် လေနာ မဖြစ်ဘူး။ GU ကြတော့ အသက် ၆ဝ ကျော်တွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဖြစ်ရင်လည်း ၄% က အစာအိမ်-ကင်ဆာ ဖြစ်တတ်တယ်။ ကံမကောင်းပြန်ဘူး။

DU ၉ဝ% လောက် နဲ့ GU ၈ဝ% တို့ဟာ (H. pylori) ခေါ်တဲ့ ဗက်တီးရီးယားကြောင့်နဲ့၊ ကျန်တာက (NSAIDs) ခေါ်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေကြောင့် ဖြစ်တာပါ။ ဆေးလိပ်စွဲ၊ အရက်စွဲ၊ ကော်ဖီ-လက်ဘက်ရည် စွဲသူတွေမှာ ပိုဖြစ်တယ်။ မျိုးနဲ့ရိုးနဲ့ ဆိုသလို အမေ-အဖေ ဖြစ်ရင် သား-သမီးမှာလည်း ဖြစ်တာတွေ ရှိတယ်။ အရင်က လက်ညှိုးထိုးခဲ့ကြတဲ့ အပူအစပ်နဲ့ စိတ်ရှုတ်တာတွေကတော့ လေနာရှိနေရင် ပိုဆိုးစေတယ်လို့သာ လက်ခံကြတော့တယ်။

စားနေကျ အချိန်ကျရင် အစာအိမ်က အစာခြေအရည် ထွက်လာတာက အကျင့်ဖြစ်လာတယ်။ ထမင်း မကျက်သေးလို့ ဖြစ်ဖြစ်၊ မအားလို့ဖြစ်ဖြစ်၊ ပိုက်ဆံမရှိလို့ဖြစ်ဖြစ် အချိန်ရောက်ရင် အက်စစ်ဓါတ်က အလိုက်မသိ ထွက်လာပြီး၊ ဝမ်းထဲမှာ တဂျုတ်ဂျုတ် မြည်လာတယ်။ ဘုန်းကြီးကျောင်းက ဆွမ်းစားတုံးခေါက်သံ ကြားတာနဲ့ ခွေးတွေ၊ ကျီးကန်းတွေ အူကြ၊ အာကြတယ်။ ဒီအကောင်တွေ ဗိုက်ထဲမှာလည်း အစာခြေရည်တွေ ထွက်လာတာကိုး။

PU ရဲ့လက္ခဏာတွေကတော့ သိတဲ့အတိုင်း ဗိုက်နာမယ်၊ လေတက်မယ်၊ အစာမကျေဖြစ်မယ်၊ ပျို့-အန်မယ်။ ကြာရင် အစားပျက်တော့ အလေးချိန်လျှော့၊ အားပြော့တာတွေ ဆက်လိုက်လာမယ်။ နာပုံနာနည်းက ပူပြီးနာတာ၊ အောင့်တာ၊ စူးနာတာ အမျိုးမျိုး ဖြစ်တယ်။ နှလုံးနဲ့ ဘာမှမဆိုင်ဘဲ၊ Heartburn လို့ခေါ်တာက အစာမြိုပြွန်ထဲကို အက်စစ်ရည်တွေ ဆန်တက်လို့ နာတာကို ခေါ်တယ်။ Gastro-esophageal Reflux Disease (GERD) ဆိုပြီး ရောဂါနာမည်သစ် ထွင်လိုက်ကြတယ်။ GU က အစာစားရင် နာတတ်ပြီး၊ DU က စားလိုက်ရင် သက်သာလို့ “ဆာနာ” လို့ ခေါ်တယ်။

ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်။ ကြာတော့ အနာက ကျယ်လာပြီး၊ သူ့အနီးအနားတွေကိုပါ နယ်ချဲ့နိုင်သေးတယ်။ နောက်ဆက်တွဲ ရောဂါတွေက အတော်ဆိုးတာတွေပါ။ အစာလမ်းကြောင်းကနေ သွေးယိုတာ၊ အနာဖြစ်နေတဲ့ အစာအိမ်-(ဒူယိုဒီနမ်) ပေါက်တာ၊ အောက်ဆင်းလမ်း ကျဉ်းသွားလို့ စားပြီး အန်နေတော့တာ။ “တာ” သုံးတာဟာ အရေးပေါ်တွေပါ။ အစာအိမ်ပေါက်လို့ နာတာက စူးရှပြီး နာတာမျိုး။ ဗိုက် မနေနိုင်-မထိုင်နိုင် တအားနာပြီး၊ ဆေးရုံကို အပြေးအလွှား လာရတယ်။ အချိန်မတော်က များတယ်။ ရိုးရိုး ဓါတ်မှန် ရိုက်တာနဲ့ အစာအိမ်ပေါက်တာကို အသေအခြာ သိနိုင်တယ်။ “အသဲ” ပေါ်မှာ “လခြမ်းကွေးကွေးလေး” ကို မြင်ရတယ်။ စိတ်ကူးယဉ်စရာ မကောင်းပါလား။ မကောင်းပါ၊ ခွဲတာစိတ်တာ ခံရရှာပါတော့မည်။

သွေးအန်တာကို (Hematemesis) ခေါ်တယ်။ TB ဖြစ်လို့ ချောင်းဆိုးသွေးပါ (Hemoptysis) နဲ့ မတူဘူး။ ကော်ဖီနှစ်လို ညိုမဲမဲ အရည်တွေ အန်တာ။ အန်မထွက်ဘဲ အောက်ဆင်းရင် သွေးကဝမ်းထဲပါမယ်။ အချိန်ကြာတာမို့ ဝမ်းက မဲနက်နေမယ်။ (Melaena) လို့ ခေါ်တယ်။ ကတ္တရာစေးလိုနေတာ။ အစာအိမ်က သွေးယိုတာ မဟုတ်တာလည်း အဲလိုဘဲ ဖြစ်နိုင်တယ်။ အသဲခြောက်ရောဂါရှိသူ၊ အစာမြိုပြွန် အောက်အဖျားက သွေးပြန်ကြောအထုံးတွေ ပေါက်လို့ဖြစ်နိုင်တယ်။ မျက်စိနဲ့ မမြင်သာပေမဲ့ ဝမ်းထဲမှာ သွေးနည်းနည်းချင်း ပါနေတာကို အနုကြည့် မှန်ဘီလူးနဲ့စစ်မှ သိရမယ်။

လေနာရှိနေတာကို Barium meal ဆေးမြိုပြီး၊ ဓါတ်မှန်ရိုက်တာနဲ့ Endoscopy ကရိယာထည့်ကြည့်တာနဲ့ သေခြာအောင် စစ်ရတယ်။ မီးတောင်ကို အပေါ်က ကြည့်ရသလို၊ အလည်မှာ အနာနေရာက ခွက်နေ၊ အနားဇောက်က အောက်ကို တည့်တည့်ကျနေပြီး၊ ဘေးမှာ ချော်ရည် ဆင်းတဲ့လမ်းတွေလို ဖြာထွက်နေတယ်။

လေနာကို ကုဘို့ ဘာ့ကြောင့်ဖြစ်သလဲဆိုတာ သိရမယ်။ ရှောင်ရမယ်။ အဖြစ်များလို့ ဆရာလည်း များတယ်။ ဆေးပေးကုတဲ့ Medications လည်း မနည်းဘူး။ ပိုးကိုနိုင်တဲ့ဆေးနဲ့ အစာခြေရည်ကို သက်ရောက်တဲ့ဆေး၊ နှစ်မျိုးက မပါမဖြစ် ပေးပါတယ်။ ပိုးအတွက် Antibiotics ပဋိဇီဝဆေး၊ Amoxacillin, Tetracycline, Claithromycin, Metronidazole တွေကို သုံးတယ်။

Antacids အက်စစ်ဓါတ်ပျယ်ဆေးတွေ အများကြီးရှိတယ်။ ဗမာပြည်မှာ (ဂျဲလ်မက်)၊ ကုလားပြည်မှာ (ဒိုင်ဂျင်း) လူအတော် များများ ဝါးစာနေကြ။ အခုထုတ်သေးလားတော့ မသိဘူး။ (ဆိုဒါမင့်) ဆိုတဲ့ဆေးပြား အလည်မှာ ချိုင့်ခွက်လေးနဲ့မို့၊ “ချက်ပုံပါတဲ့ဆေး” လို့ အရပ်ထဲမှာ ခေါ်ကြတယ်။ စာအုပ်ကြီးတော့ ဆန်နေမှာဘဲ။ ဆေးသောက်ပုံ-သောက်နည်းကိုပါ ထည့်ရေးပါရစေ။

Aluminium Hydroxide and Oxide, Magnesium Trisilicate 250-1500 mg တနေ့ ၃ ကြိမ်၊ Magnesium Carbonate, Magnesium Oxides, Magnesium hydroxide 200-400 mg တနေ့ ၃ ကြိမ်၊ Calcium Carbonate 1250-1500 mg တနေ့ ၃ ကြိမ်။

အက်စစ် အထွက်နည်းဆေး Atropine Sulphate 0.5-1.0 mg IM ထိုးဆေး၊ Proton pump inhibitors (Omeprazole, Rabeprazole) 20-40 mg တနေ့ ၁ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ Histamine H 2-receptor Antagonists (Ranitidine) 150 mg တနေ့ ၂-၃-၄ ကြိမ်။

DU ဆိုရင် Cimetidine 800 mg အိပ်ရာဝင်၊ 300-400 mg အစာစားပြီးတိုင်း တနေ့ ၂-၃-၄ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ သက်သာလာရင် ည 400 mg သောက်ပါ။ လတ်တလော အစာအိမ်နာဆိုရင် 800 mg အိပ်ရာဝင်၊ ဒါမှမဟုတ် 300 mg အစာစားပြီးတိုင်း၊ ၂ လသောက်ပါ။ အစာခြေရည်တွေ အထက်ဆန်တာဖြစ်ရင် 400-800 mg တနေ့ ၂-၃ ကြိ်မ်၊ ၁ လခွဲ သောက်ပါ။ Heartburn နဲ့ အစာမကျေဖြစ်ရင် 200 mg တနေ့ ၁-၂ ကြိမ်၊ အစာမစားခင် နာရီဝက်ကြို သောက်ပါ။

Mucosal protective agents ဆိုတာကတော့ အစာလမ်း အတွင်းလွှာကို ကာကွယ်ဘို့ဆေးပါ။ အန်တဲ့သူတွေအတွက် Metoclopramide 10-15 mg စားဆေး တနေ့ ၃-၄ ကြိမ်ပေးရတယ်။

ဗိုက် တအားနာရင် Buscopan, Hyoscine 10-20 mg IV/IM ထိုးဆေး။ စားဆေး တနေ့ ၃-၄ ကြိမ်။ Diclofenac 25-75 mg စားဆေး တနေ့ ၂ ကြိမ်၊ Spasmocip, Spasmonil, Spasmo-Proxyvon စားဆေး တနေ့ ၂-၃-၄ ကြိမ်။ လိုအပ်ရင် ခွဲစိတ်ကုသတာ လုပ်ရတတ်တယ်။ Laparoscopic surgery, Vagotomy, Antrectomy, Pyloroplasty နောက်ပြီး G-J ခေါ်တဲ့ အစာအိမ်နဲ့ အူကို ဆက်ပေးတဲ့နည်းက စိတ်ဝင်စားဘို့ ကောင်းတယ်။

Lifestyle ဆိုတဲ့ လူနေမှုပုံစံပါ ပြောင်းဘို့ လိုနိုင်တယ်။ အပူအစပ် ရှောင်၊ ကော်ဖီ လျော့၊ ဆေးလိပ်-အရက် ဖြတ်ပါ။ စိတ်ဖိအားများတဲ့ အလုပ်ကနေ ပြောင်းလို့ရရင် ပြောင်းပါ။ တနေ့ နာရီဝက် လေ့ကျင့်ခန်း လုပ်ပါ။ (မယ်ဒီတေးရှင်း) လုပ်တာ ကောင်းတယ်။ “လေနာ ရောဂါရှိရင် စတုမဓူ၊ သကြား၊ ထန်းလျက်၊ ဆေး၊ စားတာဟာ ဥပုသ်စောင့်ပေမဲ့ သီလမပျက်ဘူး။” လို့ သတ်မှတ်ပါတယ်။

(ကာဗွန်ဒိုင်အောက်ဆိုက်) ကို ဖိအားနဲ့ထည့်ထားတဲ့ Carbonated beverage ခေါ်တဲ့ ဘီယာ၊ ဆိုဒါ၊ (စပရင်း-ဝါးတား)၊ ကိုကာကိုလာ၊ စပရိုက်၊ (အင်နာဂျီ-ဒရင့်ခ်) တွေက လေနာအတွက် မကောင်းပါ။ Sodium bicarbonate (Baking powder) ဆော်ဒါမှုံ့ သောက်ရင် ချက်ချင်းလို သက်သာပေမဲ့ ကြာရင် အစာအိမ် ပေါက်စေနိုင်တယ်။

ဘာဆေးမှ မရှိတုံး နာလာရင် ရေ တခွက်-နှစ်ခွက် သောက်လိုက်ပါ။ နွားနို့ သောက်ပါ။ သွားလေရာ ဆေးယူသွားပါ။ ဆာရင်စားဘို့ စားစရာတခုခု ယူသွားပါ။ ကျော်တဲ့အစားတွေ ရှောင်ပါ။ အစေ့အဆံတွေ၊ တိုဖူး၊ ပဲပုတ်၊ ပဲအမျိုးမျိုး၊ ပင်လယ်ထွက် အသီးအနှံတွေ၊ ဟင်းနုနွယ်ရွက်တွေ တည့်ပါတယ်။ အသားမှာ red meats ကိုလျော့ပြီး၊ lean meats, cold-water fish ပိုစားပါ။ ပြုပြင်ထားတဲ့ဆီ trans-fat လေနာနဲ့ မတည့်ပါ။

အစာကို နည်းနည်းချင်း ခဏခဏစားပါ။ စားနေကျ အစားအစာတွေသာ စားတာ ကောင်းတယ်။ အစာလမ်းက သူချက်လုပ်ပေးနေကြဟာကို ပိုကြွမ်းကျင်ပါတယ်။ အီတာလျန်-ပီဇာ၊ ဘာဂါ-ယန်းကီး၊ ဆူရှီး-ဂျပန်၊ ကုလားမှန်-ရိုတီး၊ ထမင်းချည်းစားတာ ဗမာ၊ တရုပ်ဟာ ခေါက်ဆွဲ။ ဘာဘဲဖြစ်ဖြစ် စားနေကြဘဲ ကောင်းတယ်။

အရပ်သုံး ဆေးနည်းမှာ Basil leaves ပင်စိမ်းရွက်ကို စားခိုင်းတယ်။ ဂျင်း (ချင်း)စိမ်းသည် လေနာ၊ ဝမ်းဗိုက်-ရင်ခေါင်းနာ တို့ကိုနိုင်၏လို့ ဆိုတယ်။ တိုင်းရင်းဆေး တခုက Vitamin C ဟာ လေနာနဲ့ မတည့်ဘူးရေးတာ ဖတ်ရတယ်။ မဟုတ်ပါ။ ဗီတာမင်စီ 500 mg တနေ့ ၂ ကြိမ် သောက်ရင်၊ သွေးယိုတာအတွက်ပါ အကျိုးရှိတယ်။ ချယ်ရီသီး၊ ဘလူးဘယ်ရီသီးလိုဘဲ ခရမ်းချဉ်သီးကလည်း အဆိပ်အတောက် ပြေစေပါတယ်။ ဒါပေမဲ့ ရှေးဗမာဆေးနည်းက တမျိုးဆိုတယ်။

စကားအရာမှာ နာမည်တလုံးနဲ့ ရှိခဲ့တဲ့ “စကားတောင်စား အမတ်” ဟာ ဘုရင်က ခရမ်းချဉ်သီး စားကောင်းတယ် ဆိုတော့ အလိုက်သင့် လျှောက်လိုက်တယ်။ မကြာခင် ဘုရင်မှာ ခရမ်းချဉ်သီးကြောင့် လေနာထတော့ “မှန်လှပါ အရှင်မင်းမြတ်ရဲ့ “ကျွန်” မို့ အရှင့် အလိုကို လိုက်ပြီး၊ တင်ရကြောင်းပါဘုရား။” လို့ လျှောက်ပြန်တယ်။

ရောဂါဘယများသည် တချို့လူတွေထက် သတ္တိကောင်းကြသည်။ အုပ်ချုပ်သူတွေအလို မလိုက်ပါ။ “ကျွန်” မဟုတ်သော လူများသည် သတ္တိ-ဗျတ္တိ ကောင်းကြသည်။

10 comments

  • naywoonni

    May 11, 2011 at 10:16 am

    စကားတောငစားပြောလိုက်တဲ့ အသီးက ခရမ်းသီလို့ ထင်ပါတယ်…။ ကျွန်တော်ပဲ အမှတ်လွဲနေတာလားမသိဘူးနော်……။

  • ဆူး

    May 11, 2011 at 1:06 pm

    ကိုယ်တွေ့အနေနှင့်ဆိုလျှင် ခရမ်းသီးလည်း လေပွသလို သခွါးသီးလည်း လေပွတတ်ပါသည်။

    စာလေးအတွက် ကျေးဇူးတင်ပါသည်။ နောက်များလည်း ကျန်းမာရေး ဆောင်းပါး တွေ ဆက်တိုက် မြင်ရဖို့ မျှော်လင့်မိပါသည်။

  • Mee2

    May 11, 2011 at 4:42 pm

    ဟိ ဟိ ဆေးစာတွေတော့သိဘူး။သခွားသီးရော ပဲကြီးလှော်စားရေများများသောက်ပိုကောင်း ပိုလေနာကျတာပေါ့နော်. ဟိ

  • nature

    May 11, 2011 at 11:20 pm

    မြန်မာ့တိုင်းရင်းဆေးမှာ လေကြောင့်ဖြစ်သောရောဂါ ၃၂ ပါး၊ သည်းခြေ ကြောင့်ဖြစ်သောရောဂါ ၃၂ ပါး၊ သလိပ်ကြောင့်ဖြစ်သောရောဂါ ၃၂ ပါး ဆိုပြီး ၉၆ပါးရောဂါရှိပဲရှိပါတယ်။ မြန်မာတိုင်းရင်းဆေးအရ ကင်ဆာ၊ Aids ဆိုတာမရှိပါဘူး၊ ဒါတွေက၉၆ပါးထဲမှာအကြုံးဝင်ပါတယ်၊

  • ဆူး

    May 12, 2011 at 1:41 pm

    တိုင်းရင်ဆေး အလို အရ.. ကင်ဆာ ဆိုတာ.. အပူများလို့ ဖြစ်တာလို့ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့ သိဘူး။ ကင်ဆာ သမား သေခါနီးရင်တော့ အရမ်းပူတာတော့ သိတယ်။

  • nature

    May 12, 2011 at 4:15 pm

    တိုင်းရင်းဆေးကကုမရတာကတော့ ကင်ဆာ Aids မဟုတ်ပါ၊ ဝဋ်နာကံနာကတော့ ကုမရပါ။

  • ဆူး

    May 12, 2011 at 4:23 pm

    တိုင်းရင်းဆေး နဲ့ ပတ်သတ်လို့ ရှေးရှေးတုန်းက ဆေးဆရာကြီးတွေက လူနာ လာပင့်ရင် အချိန်ကို ကြည့်ပြီး ချက်ချင်း စိတ်နဲ့ ဗေဒင်တွက်တယ်ဆိုလား အတိတ်နမိတ် ကောက်တယ် ဆိုလား ကုလို့ ပျောက်နိင်မလား မပျောက်နိုင်လား စမ်းစစ်ပြီး သေချာမှ အိမ်ကြွတယ် လို့ ပြောတာ ကြားဖူးတယ်။ ဥပမာ ဝဋ်နာ ကံနာ ဖြစ်တဲ့ လူဆိုရင် သွားကြည့်လည်း မထူးဘူး ဆိုတော့ ကြည့်မပေးတဲ့ ပုံမျိုး.. နောက်ပြီး တိုင်းရင်းဆေး မှာ နက္ခဗေဒတွေ သင်ရတယ် လို့လည်း ပြောတယ်။

  • MaMa

    May 13, 2011 at 12:14 am

    လူမမာဆိုတာ ဆေးဆရာရဲ့ နှစ်သိမ့်အားပေးတာလေး ကြားရတာနဲ့တင် ရောဂါတစ်ဝက်ပျောက်တယ် ဆိုတာတွေတောင်ရှိတာ။ ကုလို့ ပျောက်နိင်မလား မပျောက်နိုင်လား စမ်းစစ်ပြီး မပျောက်နိုင်တဲ့လူနာကို သွားမကြည့်ဘူးဆိုတာတော့ ဆေးဆရာမပီသဘူးလို့ ပြောချင်တယ်။

  • ဆူး

    May 13, 2011 at 1:16 pm

    အိမ်မကြွ တာ ကို ပြောတာပါ။ လာကုတဲ့ လူရှိရင် ကုပေးပါတယ်။

  • zaw min

    May 13, 2011 at 7:19 pm

    ကျွန် မဟုတ်သော သူများသည် သတိ္တ ဗျတိ္တ ကောင်းကြသည်။ မှန်ပါသည် မင်း အလိုလိုက် မင်းအကြိုက်ဆောင် နေသ၍ နောင် အနှစ်(၄၀)ကျော်သွားသည့်တိုင် သည်အတိုင်းပဲရှိနေအုံးမှာပါပဲ။

Leave a Reply