“ငယ်ငယ်တုံးက ဝါဆိုပန်းကပ်…………………………”

“ငယ်ငယ်တုံးက ဝါဆိုပန်းကပ်…………………………”
တစ်ရက်အလုပ်လုပ်နေတုန်း ကျွန်တော့်အတွက်ဖုန်းလာနေတယ်ဆိုတာနဲ့ထနားထောင်လို်က်တော့
ကျောင်းပြီးကတည်းက တစ်ခါမှ လူချင်းပြန်မဆုံတော့တဲ့ ကျောက်မဲက ကိုစိုင်းဆိုတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်နေပါတယ်။
သူ့မန်းလေးကိုရောက်နေတယ်ဆိုတာ သိရတော့ အတော်လေးဝမ်းသာသွားပါတယ်။
မတွေ့ရတာလဲကြာမှကြာကိုး။
“ငါ့ ဖုန်းနံပါတ်ဘယ်ကရလဲ”လို့ မေးတော့ မနေ့ညနေက
ကိုမျိုးနဲ့ထမင်းဆိုင်မှာတွေ့တာနဲ့ သူ့ဆီကဖုန်းနံပါတ်ရလို့ ဆက်သွယ်တာလို့ပြောပါတယ်။
ဒါနဲ့ဘဲညနေတည်းတဲ့အိမ်ကစောင့်နေ လာခေါ်မယ်ဆိုပြီးချိန်းထားလိုက်ပါတယ်။

ညနေအလုပ်ကပြန်တော့ ဖုန်းနံပါတ်ပေးလိုက်တဲ့ ကိုမျုးိ ကိုအရင်ဝင်ခေါ်ပြီးမှ
သူ့တည်းအိမ်ကိုသွား ကန်တော်ကြီးစောင်းနားက 12ပန်းနားဆိုတဲ့ ဆိုင်လေးမှာအစား နည်းနည်းစားပြီးရောက်တတ်ရာရာ ငယ်ဘဝလေးတွေကို များများပြောဖြစ်ကြပါတယ်။
သူ့ကိုဘာကိစ္စနဲ့မန်းလေးလာသလဲလို့မေးတော့ သူ့တူတစ်ယောက်မင်္ဂလာဆောင်ကို
လာတာပါလို့ဖြေတော့ မအောင့်နှိုင် မစောင့်နိုင် ဝါမဝင်ခင် လေးမှာအလျှင်အမြန်ချက်ခြင်း
ဇွတ်ကိုမင်္ဂလာဆောင်ကြတဲ့အကြောင်းကိုပြောရင်းနဲ့ကိုမျိုးက
“ငစိုင်း မင်းမြို့တော်ခန်းမက မင်္ဂလာဆောင်တွေခပ်တည်တည်တက်တက်စားတာမှတ်မိသေးလား”
လို့မေးပါတယ်။
မန်းလေးတက္ကသိုလ်တက်နေတုန်းက ကိုစိုင်းက ဝါတွင်းဆိုရင်စိတ်ညစ်ပါတယ်။
မင်္ဂလာဆောင်မရှိလို့ပါတဲ့။
ကျန်တဲ့အချိန်သူ ပိုက်ဆံပြတ်ရင်ဈေးချိုနားက မင်္ဂလာဆောင်တွေလုပ်တတ်တဲ့ မြို့တော်ခန်းမ
ကိုသွား။
စက်ဘီးကို ခပ်တည်တည်နဲ့ ဈေးချိုဘက်ကအသိဆိုင်မှာအပ်၊
မင်္ဂလာခန်းမပေါ်တက် ဧည့်ခံတဲ့ ကိတ်မုန့်နဲ့ရေခဲမုန့် ဒါမဟုတ် ကော်ဖီနဲ့ကိတ်မုန့် ခပ်တည်တည်နဲ့တွယ်
လက်မဖွဲ့ဘဲပြန်ဆင်းလာတတ်တာ သူ့အကျင့်ပါ။
အဲဒီအကြောင်းပြန်ပြောတော့ ကိုစိုင်းက ခွက်ထိုးခွက်လန်ရီပါတော့တယ်။
“ ငါက အဲဒါတွေထက် ငပေါက်နဲ့ငါ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ အိမ်တော်ရာဘုရားနားက ဘုန်းကြီးကျောင်းတွေမှာ တစ်ကျောင်းဝင်တစ်ကျောင်းထွက် မုန့်လိုက်စားကြတာ စားပိုးတွေ့နင့်ပြီး အန်ထွက်မလိုလိုနဲ့
မအီမလည်ဖြစ်ခဲ့ကြတာကို ပိုသတိရတယ်“လို့ပြောလိုက်တော့ ကျွန်တော့်စိတ်တွေက ဟိုငယ်ငယ်က
ဝါဆိုပန်းကပ်ခဲ့ရတဲ့အကြောင်းတွေဆီကို ပြန်ပြေးသွားပါတော့တယ်။
ကျွန်တော်တို့ ငယ်ငယ် 25လမ်း(80-81ကြား) ခုံတော်မင်းဝင်း အဖေ့ဘက်က အဖွားအိမ်မှာနေတုံးကပေါ့။
အဲဒီအရပ်ထဲက မိသားစုတွေက တစ်အိမ်နဲ့တစ်အိမ် စည်းလုံးကြပါတယ်။
အခါကြီးရက်ကြီး ပိတ်ရက်တွေဆိုရင် ကားစုငှား အချိုးကြခံ၊
ထမင်းဟင်းတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ချက်ပြီးချိုင့်ကြီးချိုင့်ငယ်နဲ့ထည့်၊
မန္တလေးမြို့အနီးပါတ်ဝန်းကျင်မှာရှိတဲ့ ရွှေစာရံဘုရား၊ရန်ကင်းတောင်၊
တောင်သမန်အင်း၊စစ်ကိုင်းတောင်၊ကောင်းမူ့တော်၊အင်းဝမြို့ဟောင်း၊
မန်းလေးတောင် ၊သခင်မတောင်တော် ကိုသွားလေ့ရှိကြပါတယ်။
တစ်ခါတစ်လေတော့လဲ အဲဒီတုန်းကရေလမ်းသာရှိသေးတဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက မင်းကွန်း။
နေ့ချင်းပြန်သွားကြတာပါ။
မတိုင်ခင်တစ်ရက်ကတည်းက ဈေးတွေဝယ်ကြ ချက်ကြပြုတ်ကြနဲ့အလုပ်တွေရှုပ်ကြပါတော့တယ်။
အဲလိုနေ့ရောက်တော့ မနက်ငါးနာရီလောက်ထ ပြင်ကြဆင်ကြတပျော်တပါးကြီးသွား ညနေဝင်လို့ မိုးစုတ်စုတ်ချုပ်မှ
ပြန်ရောက်တာများပါတယ်။
ကလေးဘဝမို့လား မသိ ပျော်စရာတော့ အတော်ကောင်းပါတယ်။
(အခုခေတ်မှာတော့ ဒီလိုစုပေါင်းပြီးသွားကြတာ အတော်နည်းသွားတာကို ဝမ်းနည်းစရာတစ်ခုအဖြစ်တွေ့ရပါတယ်။)
ကားငှားတာ တစ်ရက်ကို ပုတ်ပြတ်ဘယ်လောက်ကျတယ် အဲတော့ လူကြီးတစ်ယောက်ဘယ်လောက်ကလေးတစ်ဝက်နှုန်းနဲ့
သတ်မှတ်လို့ တောင်းတာကို ပေးရပါတယ်။
တစ်ခါတစ်လေတော့လဲ လိုက်ချင်သူလိုက်ဆိုပြီး ဒကာခံတဲ့သူများလဲရှိတတ်ပါတယ်။
တစ်နှစ် မှတ်မှတ်ရရ ကျွန်တော်ငါးတန်းနှစ်ပေါ့။
အဲဒီနှစ်က ဝါဆိုလပြည့်နေ့မှာမန္တလေးမြို့မြောက်ဘက်မှာရှိတဲ့
မယ်ဥတောင်လို့လဲခေါ်တဲ့ သခင်မတောင်ကိုသွားဘို့စီစဉ်ကြပါတယ်။
တစ်ချို့ကတော့ နတ်ကြီးတယ် ကလေးတွေနဲ့ တစ်ခုခုဖြစ်မှာစိုးတယ်ပေါ့၊
တစ်ချို့ကလဲ သခင်မကြီးအမေဥကို အမိုက်အမဲလေးတွေပါဆိုပြီးတောင်းပန်ထားရင်
ခွင့်လွှတ်မှာပါဆိုပြီး ချေပပါတယ်။
ဒါနဲ့ဘဲ သွားဖြစ်ကြတယ်ဆိုပါတော့။
သွားနေတဲ့လမ်းမှာကတည်းက ဟိုရောက်ရင် ကျားနဲ့ပါတ်သက်တာလုံးဝမပြောဘို့၊
အပင်ပေါ်က သစ်ရွက်တွေ ပန်းတွေကိုခုန်ပေါက်ပြီးမခူးဘု့ိ ၊
နောက် တူတူပုန်းတမ်းမကစားဘို့အစရှိတဲ့ကန့်သတ်တားမြစ်ချက်
“ဘို့ “ပေါင်းများစွာနဲ့ စုံနဖာစီနေအောင်ကျွန်တော်တို့ကလေးတွေကိုမှာပါတယ်။
တောင်ခြေကားရပ်ပြီဆိုကတည်းက ကျွန်တော်တို့ကလေးတွေ က တောင်ပေါ်ကို
တဟေးဟေးတဟားဟားနဲ့ပြေးတက်၊
လူကြီးတွေကိုမျက်နှာလိုမျက်နှာရလုပ်ရအောင်
လမ်းတွေ့သမျှ တောပန်းတောင်ပန်းတွေကိုရသလောက်အပြိုင်အဆိုင်ခူးကြပါတယ်။
မှတ်မိသလောက်ပန်းတွေကတော့ တောစံပယ်ပန်းလေးတွေနဲ့ ရိုးတံရှည်ရှည်မှာ
အဝါရောင်ပန်းလေးတပွင့်တည်းပွင့်တဲ့”တပင်ရွှေထီးပင်”လေးတွေပါဘဲ။
(ကျွန်တော်တို့ငယ်ငယ်ကတော့ ကစားရင်းခိုင်းမိလို့များကွဲပြဲသွားရင် အဲဒီတပင်ရွှေထီးပင်
ကအရွက်တွေကိုထောင်းသိပ်လိုက်ရင် အနာမရင်းဘဲပျောက်သွားတာတော့ ကိုယ်တွေ့ပါ။)
အဲလိုနဲ့ပန်းတွေးခူးပြီး ကလေးတွေက ဆူညံပွက်လောရိုက်နေအောင်ဆော့ ၊
လူကြီးတွေက အေးတဲ့သစ်ပင်ရိပ်အောက်မှာ ဖျာတွေခင်းစကားတွေပြောကြ
အတွဲတွေကလဲ ကိုယ်ရောင်ဖျောက်ကြနဲ့တပျော်တပါး။
နေ့လည်ရောက်တော့ ထမင်းတွေစား တရေးတမောအိပ် ညနေစောင်းလို့ပြန်မယ်ဆိုလဲရောက်ရော
ကိုစံနဲ့ မဝင်းတို့နှစ်ယောက်ပျောက်နေတာပါတော့တယ်။
အဲတော့လူခွဲလို့ရှာကြ အော်ကြခေါ်ကြပေါ့။
အတော်ကြာကြာရှာတာတောင်မတွေ့တော့ စိတ်ပူကြသပေါ့။
အဲတော့လဲတစ်ယောက်တစ်ပေါက်နဲ့ အမေဥမကြိုက်တာလုပ်မိလို့နေမှာဆိုပြီး
တောင်းပန်ကြရွတ်ကြဖတ်ကြနဲ့ပေါ့။
မှောင်ကလဲအတော်လေးမှောင်နေပါပြီ။
ဘာလုပ်လု့ ိဘာလုပ်ရမှန်းမသိဖြစ်နေတုံး ကားဆရာက တောင်ပေါ်တက်လာပြီး
ဒီထက်မိုးချုပ်ရင်မကောင်းဘူးဆိုပြီးပြန်ကြဘို့လာခေါ်ပါတယ်။
ဒီမှာလူနှစ်ယောက်ကျန်နေလို့ရှာတယ်ပြောတော့ ကားဆရာက
အောက်မှာတော့ အတွဲတစ်တွဲရောက်နေပြီဆိုပြီးလူပုံစံပြောတော့ ကိုစံတို့အတွဲဖြစ်နေပါတယ်။
အောက်ရောက်လို့ ကားပေါ်ထို်င်နေတဲ့သူတို့အတွဲလဲတွေ့ရောအားလုံးကဝိုင်းပြီးကလော်တုတ်လိုက်ကြတာ
ပွက်ပွက်ညံ။
သူတို့ကလဲ တောလမ်းကဆင်းလာရင် း အောက်ရောက်တော့ ပြန်မတက်တော့ဘူးဆိုပြီးစောင့်နေကြတော့
အပေါ်ကလူတွေက ပျောက်တယ်ထင်လို့ရှာရသပေါ့။
(အခုခေတ်လိုမျုးိဆိုဒါမျုးိဘယ်ဖြစ်မလဲနော် ဟန်းဖုန်းလေးနဲ့သတင်းပေးလိုက်ရုံပါဘဲ)

အမေ့ဘက်က အဖိုးအဖွားများကတော့ 22စီလမ်းတည့်တည့် ရွှေတစ်ချောင်းရဲ့အနောက်ဘက်ကိုဆင်းခြင်္သေ့ကြီးနှစ်ကောင်
ရောက်ရင် မြောက်ဘက်ကိုချိုး ရင် မန္တလေးမြီု့က စွန့်ပစ်ပစ္စည်းကို ပြန်သုံးလို့ရအောင်ဖန်တီးနေတဲ့တောင်ပုလင်းဝင်းအရပ်
မှာနေကြပါတယ်။
အဖွားတို့ကိုးကွယ်တဲ့ ဘုန်းကြီးက 86-87ကြား အမဲအိုးတန်းကနေအနောက်ဖက်ကိုဆင်း ထန်းပင်တွေအုပ်ဆိုင်းနေတဲ့
ကျောင်းဝင်းကြီးထဲမှာ ရေနံတွေဝနေတဲ့ နှစ်ထပ်ကျောင်းမှာသီတင်းသုံးပါတယ်။
အဲဒီကိုယ်တော်ရဲ့ဘွဲ့အမည်အရင်းကိုမသိပေမယ့် အားလုံးက “ဦးဇင်းကျား”လို့ခေါ်တာကိုတော့မှတ်မိနေပါသေးတယ်။
မျက်နှာထားတည်တည်နဲ့နေတတ်တဲ့အဲဒီဦးဇင်းကို ကျွန်တော်တို့ကလေးတွေက အတော်လေးကြောက်ပါတယ်။
သူကများလှမ်းကြည့်လိုက်ရင် မျက်နှာလွဲနေတတ်ပါတယ်။
ဒါပေမယ့် ဝါဆိုလပြည့်ကျော်တစ်ရက်ရောက်ရင်တော့ အဲဒီဦးဇင်းရဲ့ ရှားပါးလှတဲ့အပြုံးကိုတွေ့ရပါတယ်။
ကျွန်တော်တို့ကလေးတွေကိုလဲ အစားအသောက်တွေတမျုးိပြီးတမျုးိချပေးလို့ “စား စား “နဲ့ကျွေးတတ်ပါတယ်။
မန်းလေးမှာက ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ဆိုရင် ကျောင်းထိုင်ဆရာတော်တွေက သူ့ရဲ့ဒါယိကာ ဒါယိကာ
မတွေကို ကျောင်းမှာဝါဆိုပွဲကျင်းပရင်း အကျွေးအမွေးတွေနဲ့ဧည့်ခံလေ့ရှိပါတယ်။
အများအားဖြင့်ကတော့ ကြာဇံဟင်းနဲ့ဧည့်ခံတာများပါတယ်။
ကျွန်တော်စိတ်ထဲမှာ အခုချိန်ထိစွဲနေတာကတော့ ကြက်သွန်ဥကို အကွင်းလိုက်လှီး၊
ကြာညို့ရောင်ရဲရဲ ဆီရွှဲရွှဲနဲ့အင်မတန်မှအရသာရှိလှတဲ့ ပဲခြမ်းကြော်သုပ်ပါဘဲ။
နောက်ဂျင်းနမ်းချင်းနဲ့သုတ်ထားတဲ့ ညဂျင်းသုတ် ရော ပါပါသေးတယ်။
အဲဒီအချိန်မျုးိမှာတော့ ဒီကျောင်းနဲ့ကိုယ်သိ သိ မသိသိ ကိစ္စမရှိပါဘူး။
လက်ထဲမှာ သစ္စာပန်းနဲ့ သပြေပန်းလေးတစ်ခက်ကိုင်ထားပြီးရင် ဝါဆိုပန်းကပ်တယ်ဆိုပြီး
အစားအသောက်တွေဝင်တီးလိုက်ရုံပါဘဲ။
မန်းလေးမြို့မှာက ဘုန်းတော်ကြီးကျောင်းတွေဆိုတာ တစ်နေရာထဲမှ စုနေတာများတော့
တစ်ကျောင်းဝင်တစ်ကျောင်းထွက် ဝင်စားလိုက်ရုံပါဘဲ။

ကိုစိုင်းပြောခဲ့တဲ့နှစ်ကတော့ အမှတ်တရပါဘဲ။
တက္ကသိုလ်ကျောင်းသားဘဝမှာတော့ ကျောင်းသူကျောင်းသားတွေစု ဟိုလည်ဒီလည်
တကယ်ကိုပျော်စရာပေါ့။
ဝါဆိုလပြည့်နေ့မှာ ကျောင်းက သူငယ်ချင်းတွေနဲ့ မန်းလေးတောင်တက်ပြီး ဝါဆိုပန်းခူး
ထွက်ကြပါတယ်။
မန်းလေးတောင်ပေါ်ကို ရိုးရိုးလှေကားက မတက်ဘဲ မန်းလေးတောင်အနောက်ဘက်ခြမ်း
တောလမ်းကနေတက်ကြပါတယ်။
လမ်းမှာတွေ့သမျှ ပန်းတွေကို ဘုရားကပ်ဘို့ ခူး ၊ စကားပန်းပွင့်ဖြူဖြူလေးတွေကတော့ အများဆုံးပေါ့။
လူငယ်တွေချည်းဘဲဆိုပြန်တော့လည်းကိုယ့်အတွဲလေးနဲ့ကိုယ် အေးဆေးပေါ့။
ဒါနဲ့ညနေအပြန်တောင်အောက်အဆင်းထမင်းစားကြတော့ ကိုစိုင်းက အားလုံးကိုဒကာခံပါတယ်။
စားကြသောက်ကြ လူအယောက်နှစ်ဆယ်ဆိုတော့ ငွေတစ်ရာကျော်ကျော်လောက်ကုန်ပါတယ်။
နောက်နေ့ ညနေစောင်းမှာ ကိုစိုင်းတစ်ယောက်အိမ်ရောက်လာပါတယ်။
ခုထိ ထမင်းမစားရသေးဘူး ပါတဲ့ မနေ့က အကုန်သုံးလိုက်တော့ ပိုက်ဆံတစ်ပြားမှ မကျန်လို့ပေါ့။
အဲဒါနဲ့ကိုစိုင်းကိုခေါ် အိမ်တော်ရာဘုရားအနောက်ပေါက်ကမိုးကောင်းတိုက်၊ ခင်မကန်တိုက်၊ထီးလင်းတိုက်၊မစိုးရိမ်တို်က်
တွေထဲက ဘုန်းကြီးကျောင်းတွေ တစ်ကျောင်းဝင်တစ်ကျောင်းထွက် ဝင်စားလိုက်ကြတာ အဝအပြဲ၊
အိမ်လဲပြန်ရောက်ရော တအင်းအင်းတအဲအဲနဲ့ စားပိုးတွေတောင်နင့်လို့ တကယ့်ကို မှတ်မှတ်ရရပါဘဲ။
(ကျွန်တော်သိသလောက် ကျောင်းထိုင်ဆရာတော်များက ကိုယ့်ဒကာ ဒကာမကို အခုလိုပြန်ဧည့်ခံတာ
မန်းလေးတစ်မြို့ထဲဘဲရှိမယ်ထင်ပါတယ်)
မူလတန်းအလယ်တန်းကျောင်းသားဘဝမှာတော့ ဝါဆိုလပြည့်မရောက်ခင်တစ်ရက်(အနီးဖိတ်နေ့)ဆိုရင်
ကျောင်းနဲ့နီးတဲ့ဘုရားမှာ ဝါဆိုပန်းကပ်ဘို့ သွားရပါတယ်။
အဲဒီရက်မတိုင်ခင် ဆရာမက ကျောင်းသားတစ်ယောက်ကို တမတ်ငါးမူး သတ်မှတ်လို့ကောက်။
အဲဒီနေ့ နေ့လည် နှစ်နာရီလောက်ဆိုရင် လက်ထဲမှာဆရာမတွေခွဲပေးတဲ့ သစ္စာပန်းတွေကိုကိုင်
ညီညီညာညာတန်းစီလို့ ကျောင်းနဲ့နီးတဲ့ ရွှေကျီးမြင်ဘုရားကို သွားလို့ဝါဆိုပန်းကပ်ရပါတယ်။
အဲလိုရက်ဆိုတကယ်ပျော်ပါတယ်။
စာမသင်ရလို့ရယ် ကျောင်းသားတွေတစ်စုတစ်ဝေးကြီး သွားရတော့ပျော်စရာကောင်းလို့ရယ်ပေါ့။
နောက်လူပျိုပေါက်အရွယ်ရောက်လာတော့ အဲလိုရက်ဆို ကျောင်းလစ်ပါတယ်။
ရွှေကျီးမြင်ဘုရားကို ဝါဆိုပန်းကပ်လာကြမယ့် အမှတ်(4)တို့အမှတ် (8)တို့
အမှတ်(11) ကကျောင်းသူတွေကိုစောင့်ကြည့်ဘို့အတွက် နေ့လည်ထမင်းစားဆင်းကတည်း
ဘုရားအပေါက်မှာ ရစ်သီရစ်သီပေါ့။
ကိုယ်အီနေတဲ့ကောင်မလေးတွေ့ရင် ဇာတ်လမ်းတွေရှာ လို့ အထာတွေပေး။
ဟိုကလဲ အများနဲ့ဆိုတော့ မထီတထီနဲ့ ပဲတွေပေးလို့ ရင်တွေခုန်၊
အခုပြန်တွေးကြည့်ရင်တော့ ရီစရာ အဲဒီတုန်းကတော့ အတည်ပါဘဲ။
လုပ်ငန်းခွင်ထဲရောက်သွားကြတဲ့အချိန်တွေမှာတော့ အရင်ကလို ဝါဆိုပန်းကပ်
တယ်ဆိုတာ တခုတ်တရ မလုပ်ဖြစ်တော့တာလဲ အမှန်။
ဝါဆိုနီးပြီဆိုတာနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဝါဆိုသင်္ကန်းကပ်ဘို့ စီစဉ်ရ။
အလျှင်အမြန်ချက်ချင်း ဝါမဝင်ခင်နွဲကြတဲ့ မင်္ဂလာပွဲတွေကို သွားရနဲ့မအားလပ်နိုင်အောင်ပါဘဲ။
နောက် ဟိုအရင်မိဘများလက်ထက်ကလို ကိုယ်သတ်သတ်မှတ်မှတ်ကိုးကွယ်တဲ့ကျောင်းကလဲ
မရှိပြန်တော့ သွားစရာ ကျောင်းကလဲ မရှိ။
အဲတော့ ရှေးက ရှိခဲ့တဲ့ယဉ်ကျေးမူ့လေးတွေကိုယ့်လက်ထက်မှာပျောက်သွားသလိုပါဘဲ။
အခုနှစ်ပိုင်းတွေမှာတော့ ဝါဆိုလပြည့်ဆိုရင် မန်းလေးတစ်မြို့လုံး ပြင်ဦးလွင်ကိုတက်ကြပါတယ်။
အဲဒီအထဲကိုယ်လဲပါ ပါပါတယ်။
မန်းလေးမှာလူမရှိသလောက်ဖြစ်။
ပြင်ဦးလွင်က ပိတ်ချင်းမြောင်၊ပြည်တော်ချစ်ဘုရား၊ဘီအီးရေတံခွန်၊ကန်တော်ကြီးကဥယျာဉ်၊တိုင်းရင်းသားကျေးရွာ
နေရာမလပ် ကျပ်ညှပ်အုံခဲလို့ပျော်စရာတွေအတိနဲ့ပါဘဲ။
“ ငပေါက် ဘာတွေများဒီလောက်စဥ်းစားနေသလဲ”လို့ ကိုစိုင်းကလှမ်းမေးလိုက်မှ
အတိတ်ကိုရောက်နေတဲ့ စိတ်တွေကို ပြန်ခေါ်လိုက်ရပါတယ်။
အော် မမေ့နိုင်တဲ့ ငယ်ငယ်တုံးကဝါဆိုပန်းကပ်………………….တစ်ခန်းရပ်အလွမ်းဇာတ်လေးပေါ့။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(16-6-2011)

5 comments

  • MaMa

    June 15, 2011 at 12:54 pm

    ဝါဆိုပန်းခူးတော့ မထွက်ဖူးဘူး။ ငယ်ငယ်က ဆွေမျိုးတွေစုပြီး ဘုရားဖူးထွက်ကြတာကို သွားသတိရတယ်။ တကယ်ပျော်ဖို့ ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကူညီယိုင်းပင်းမှု၊ စည်းလုံးညီညွတ်မှုတွေကိုလည်း ရစေလို့ ကောင်းတဲ့အလေ့အထလို့ မြင်ပါတယ်။

  • mihninlay

    June 16, 2011 at 3:23 am

    တခြားဘုန်းကြီးကျောင်းတွေကိုတော့လိုက်မစားဖူးဘူး…အဘွားတို ့ကိုးကွယ်တဲ့ဘုန်းကြီးကျောင်းမှာပဲသွားသွားစားတာ…စားလို ့တကယ်ကောင်းတယ်နော်…ညဂျင်းသုပ်ကတော့အကောင်းဆုံးပဲ

  • windtalker

    June 16, 2011 at 5:22 am

    သတိ ဝါဝင်တော့မည် ။ ဝါမဝင် ခင် လက်ထပ်ကြမည့် ရွာသူ ရွာသား များ ကို အန်ကယ်ပေါက် က အထူးဘိသိက် မြှောက်ပေးမည် ဖြစ်ပါကြောင်း သည်ဆောင်းပါးလေး ဖြင့် သတိပေးနှိုးဆော် လိုက်ရပါသည် ။ ဟီဟိ

  • windtalker

    June 16, 2011 at 6:27 pm

    ပျော်စေ သက်သက်နဲ ့စထားတာပါနော် အန်ကယ်ပေါက် ။ စိတ်မဆိုးပါနဲ ့နော် တောင်းပန်ပါတယ်… မလိမ်မာမိုးလေး မို ့နားလည်ခွင့်လွတ်ပေးပါနော် အန်ကယ်ပေါက်

Leave a Reply