ကြုံခဲ့ဖူးသော ပရလောကအကြောင်းများ(၁)
(၁)
ပုဏ္ဍကအတိုက်ခံရခြင်း
အချိန်ကာလအားဖြင့် ၁၉၉ရခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်၊ ကျွန်တော်(၇)တန်းဖြေထားသည်။
ကျွန်တော်တို့မိသာစု စုစုပေါင်း(၆)ယောက်ရှိပါသည်။ ကျွန်တော်သည် တတိယမြောက်ဖြစ်သည်။
ကျွန်တော့်အထက်တွင် အမ(၂)ယောက်ရှိပါသည်။ ကျွန်တော့်အောက်တွင် ညီမတစ်ယောက်ရှိသည်။
ကျွန်တော့်အဖေတာဝန်ကျရာ ဒေသ
မြောင်းမြမြို့တွင်ဖြစ်သည်။ ထိုစဉ်က ကျွန်တော့်အဖေသည် လက်ထောက်ညွှန်ကြားရေးမှူးဘဝ၊
စက်ရုံမှူးဘဝဖြင့် ၊ စက်မှုလယ်ယာဦးစီးဌာနလက်အောက်ရှိ အလတ်စားစက်ပြင်အလုပ်ရုံတွင်တာဝန်ကျသည်။
တာဝန်ကျကျချင်း ကျွန်တော်တို့မိသားစု ထောက်ကြန့်မှတစ်ဆင့် မြောင်းမြကိုလိုက်ပါရွှေ့ခဲ့ကြသည်။
မြောင်းမြမြို့ကို ရောက်ရောက်ချင်း ကျွန်တော်တို့မောင်နှမ(၄)ယောက် အလွန်ပျော်သည်။
နေလို့ထိုင်လို့ကောင်းသည့်မြို့လည်းဖြစ်သည်။
ထိုမြို့၏ညနေခင်း ကမ်းနားသင်္ဘောဆိပ်လမ်းတွင် ကြေးအိုး၊ ဆီချက်၊ နန်းပြားဆိုင်များရှိပြီး စားကောင်းသည်။ ကျွန်တော်တို့ မောင်နှမ(၄)ယောက်ကတော့ သဘောကျကြသည်။ ညနေခင်း ဆိုတာနှင့် ကမ်းနားဘက်ကိုသွားကြဖို့ စိုင်းပြင်းကြသည်။
ကျွန်တော်တို့နေရမည့် အစိုးရအိမ်သည် မြို့စွန်ဘက်တွင်ကျသည်။ ရန်ကုန်ဘက်မှလာသည့်လမ်းနှင့် လပွတ္တာဘက်သို့သွားသည့်လမ်း၏ ဘယ်ဘက်ခြမ်းကုန်းပေါ်တွင်ရှိသည်။ ထိုကုန်းကို ကုလားကုန်းဟုခေါ်သည်။ ထိုကုန်းသည် နာမည်နှင့်နေသည့်ကုန်းဖြစ်သည်ဟု ကျွန်တော်တို့ ရောက်ပြီးသိပ်မကြာခင် အဲဒီက ဝန်ထမ်းတွေကပြောကြသည်။
ကျွန်တော်တို့ အဖေတာဝန်ကျရာ စက်ရုံရှေ့တွင် ပရဟိတမိဘမဲ့ဂေဟာရှိပြီး စက်ရုံကိုကျော်သွားလျှင် စိုက်သိပံကျောင်းရှိသည်။ ဒီလိုနဲ့ ကျွန်တော်တို့မိသားစု စရောက်ရောက်ချင်းတော့ နွေရာသီဖြစ်သည့်အတွက် ကျွန်တော်တို့အကြီး(၃)ယောက်က တစ်ခန်းခွဲအိပ်သည်။ ညီမလေးကတော့ အဖေအမေနှင့်(၁)ခန်းအိပ်သည်။ ကျွန်တော်တို့ပြောင်း ပြောင်းချင်းဆိုတော့ အရင်ထောက်ကြန့်က လိုက်လာသည့်အဖေ့တပည့် လင်မယားနှစ်ယောက်လည်း ပါလာသည်။ သူတို့လည်း ကျွန်တော်တို့ မောင်နှမ(၃)ယောက်နှင့် တစ်ခန်းတည်း တခြားကုတင်တွင် အိပ်ကြသည်။ နွေရာသီမို့ ကျွန်တော်တို့ အခန်းကိုဖွင့်အိပ်ကြ သည်။ တံခါးခေါင်းရင်းတွင် သီဟိုဠ်ပင်ရှိသည်။ ကြားဖြတ်ပြောရဦးမည်။ မြောင်းမြမြို့တွင် သီဟိုဠ်ပင်များပေါသည်။ စက်ရုံဝန်းတွင်လည်း သီဟိုဠ်ခြံရှိသည်။ … ဆက်ပြောမည်။ အဲဒီလိုနှင့် ကျွန်တော်တို့မိသားစု ပုံမှန်ပဲနေလာရာကနေ တစ်ညတွင် ဇာတ်လမ်းစတော့သည်။
ဂရူး . . .ဂရူး
ဟာ . .. မကြီး . . ကျွန်တော့်အမအကြီးဆုံးကို ကျွန်တော်ပြောသည်။ ကျွန်တော်တို့အိပ်ယာထဲဝင်နေကြပြီဖြစ်သည်။ . . .ကြားလား .. ဟောက်သံ
အသံလာရာမှာ ကျွန်တော်တို့ဖွင့်ထားသည့် ပြတင်းပေါက်တံခါမှ လာသည့်အသံဖြစ်သည်။
လူကြီးတစ်ယောက်ဟောက်သံဖြစ်သည်။
သို့နှင့် အမလတ်ပါနိုးလာသည်။ ငါလည်း ကြားတယ်တဲ့ . . .
တစ်ဖက် ကုတင်တွင်အိပ်နေသော လင်မလားနှစ်ယောက်ကို နှိုးလိုက်သည်။
နှိုးပြီး ခဏအသံပျောက်သွားသည်။ ခဏအကြာအသံပြန်ကြားလာရပြန်သည်။
ပြီးတော့ သူတို့နှစ်ယောက်ကို မေးတော့ ဘာမှမကြားဘူးတဲ့. . . ထူးဆန်းတာ
ကျွန်တော်တို့ မောင်နှမ(၃)ယောက်သာ အဲဒီအသံကိုကြားနေရသည်။
မဟုတ်သေးဘူး ဆိုပြီး တစ်ဖက်အခန်းကိုသွားပြီး ကျွန်တော့်အဖေနဲ့အမေကိုနှိုးလိုက်သည်။
ပထမသူတို့လည်း မကြားဘူးဟုပြောသည်။
နောက်ကဲမထူးပါဘူး ဆိုပြီး ပြန်အိပ်တော့မှ ကျွန်တော့်အဖေနှင့်အမေ၊ ညီမလေးအိပ်သည့် အခန်း ခေါင်မိုးပေါ်ကို ဝရုန်း၊ ဝရုန်းဆိုပြီး အသံတွေစပေးပါတော့တယ်။ ဒီလိုနဲ့ အမေကလည်း ဘုရားစာတွေရွတ်ပေါ့။ မရဘူး။
ဒီလိုပဲ အသံတွေပေးလိုက်၊ ပျောက်သွားလိုက်နဲ့နေလာလိုက်တာ။ အိမ်သားတွေ အိမ်သာတက်ရင်လည်း နေ့လည်ဘက်တောင် အိမ်သာတံခါးကိုခေါက်တယ်။
လူစုကွဲပြီး ရေချိုးခန်းထဲဝင်ချိုးရင် ရေချိုးနေတဲ့သူကို အပြင်ကနေ အသံပေးတယ်။
ရေထွက်ပေါက်က သွပ်ကာထားတာဆိုတော့ အောက်ခြေကိုပြောတာဖြစ်သည်။ အဲဒီသွပ်ကို တစ်ခုခုနှင့် လာရိုက်သလို ဘုတ် ဘုတ်နှင့်အသံပေးသည်။
ကျွန်တော်ကြုံရသည်မှာ နေ့လည်ခင်း အခန်းထဲတွင် ဘာအဝတ်မှတန်းမှာလှန်းထားခြင်းမရှိဘဲနှင့် နံရံတွင် အင်္ကျီကိုချိတ်နှင့်လှမ်းထားသည့် အရိပ်လူပခုံးအရိပ်နှစ်ရိပ်ကိုတွေ့ရခြင်းဖြစ်သည်။ ထို့နောက်မှ သိလိုက်ရသည်။ ပုဏ္ဍက ဘီလူးနှစ်ကောင်တဲ့။
ကျွန်တော်လည်း ကလေးဆိုတော့ ကြောက်လည်း ကြောက် ရွတ်လည်းရွတ်သည်။
ဒင်းတို့က တစ်နေ့တခြားပိုပိုဆိုးလာသည်။ အိမ်သားတွေ တစ်ယောက်တည်း ခွဲပြီးထမသွားနဲ့
အဲဒီထတဲ့ရှေ့ကို မျက်နှာကြတ်ပေါ်ကနေ ကြမ်းပြင်ပေါ်ကို ခုန်ချတဲ့အသံပေးတယ်။ အဲဒီဖြစ်ရပ်ကို ဘုန်းကြီးတွေဘာတွေပင့်၊ ဆန်မန်းတွေ၊ တစ်ခြံလုံးလိုက်ပတ် လုပ်တယ်။ မရဘူး။
ပိုပိုဆိုးလာတော့ အိမ်မှာ ဝန်ထမ်းတွေကလာစောင့်အိပ်ကြသည်။
လာစောင့်အိပ်ရင်း အိပ်ရှေ့မှာပဲ လူများများနှင့်စုပြီး နေကြသည်။ ပိုကာဝိုင်းလည်းပါတာပေါ့လေ။
ဘယ်လောက်ထိဆိုးလာသလဲဆိုတော့ လူအများကြီးရှိတာတောင်၊ အိမ်ပြတင်းပေါက်ကမှန်တွေ ဆိုတော့ မှန်တွေကို သံချောင်းလေးတစ်ချောင်းနဲ့ ခေါက်တဲ့အသံဗျာ။ တောက်တောက် တောက် တောက်နဲ့ လိုက်ပတ် ခေါက်နေတာ
ရပ်သွားလိုက်၊ ပြန်ခေါက်လိုက်နဲ့ပေါ့။ ဒီလိုနဲ့ လာစောင့်အိပ်တဲ့ ဝန်ထမ်းထဲက နှစ်ယောက်သုံးယောက်လောက်က ခေါက်သံကြားကြားခြင်း အပြင်ကနေ လိုက်ကြည့်တော့လည်း ဘာမှမတွေ့ရဘူး။ နောက်ဆုံးပွဲကြမ်းလည်းမရဘူးဗျာ။
ဒီလိုနဲ့ တဖြည်းဖြည်း ရက်တွေကြာလာ၊ ဘာမှလည်းလုပ်မရတော့ နောက်ဆုံး အမေနေမကောင်း ဖြစ်တော့သည်။ နေမကောင်းဖြစ်တာမှ ရက်ကိုတော်တော်ကြာတာ
ဆေးခန်းကိုသွားပြတော့လည်း ဘာရောဂါမှရှာမရ၊ ဇက်ကိုထူလိုမရအောင်ဖြစ်နေတာဗျ။
နောက်မှကျွန်တော့်အမေပြောပြတာ . . သူဆေးခန်းသွားရင် သူ့နောက်ကိုလိုက်လိုက်လာတယ်တဲ့
အမဲကောင်ကြီးနှစ်ကောင်တဲ့ . . သူဆေးခန်းဂျစ်ကားနဲ့သွားရင် အဲဒီအမဲရိပ်ကြီးနှစ်ရိပ်က ပါလာတယ်တဲ့ . . ကျွန်တော်အစပြောတဲ့ ကုလားကုန်း အဆင်းအတက်ဆိုရင် ပါလာပြီတဲ့ . . .
ကျွန်တော့်အမေ သေလုမြောပါးကိုဖြစ်သွားတာ . .
ဒီလိုနဲ့ ဒါကို သိကျွမ်းတဲ့ သူတစ်ဦးကပြောတော့ ပုဏ္ဍကနိုင်ဆေးရှိသည် ပြောသည်။
ထိုစဉ်က တော့ ကျွန်တော်တို့လည်း ငယ်သေးတော့ဘာမှသိပ်မသိပါ။
ဒါ တစ်ယောက်ယောက်က မိမိတို့ကို အောက်လမ်းအတတ်နှင့် ပုဏ္ဍကလာတိုက်ထားတာပါတဲ့။
အဲဒါနဲ့ ဝန်ထမ်းတွေ ခြံထဲကိုရှာကြည့်တော့ အင်းပြားတစ်ပြားကို၊ ထမီစုတ်နဲ့ပတ်ပြီးလာမြှုပ်ထား တာကိုတွေ့ရသည်။ ဒါနဲ့ အဲဒီသူရဲ့အဆက်အသွယ်နဲ့ပဲ ပုဏ္ဍက နိုင်ဆေးလားဘာလားတော့ မသိပါဘူး။ အဲဒါနဲ့ လုပ်တာနည်းနည်းတော့ငြိမ်သွားပါသည်။ ဒါပေမယ့် ရှိတာရှိသေးသည်။ အကောင်လည်း နည်းနည်းကြီးပုံရပါသည်။ ကျွန်တော်တို့မိသားစု အဲဒီမြောင်းမြမြို့မှာ (၆)လ လောက်ပဲကြာလိုက်ပါသည်။
ကျွန်တော်တို့ဆို တက်ရမယ့်ကျောင်းတောင် အပ်ဖို့လုပ်ပြီးမှ ကျွန်တော့်အဖေက မဖြစ်တော့ဘူး ဆိုပြီး ပြောင်းစာတင်လိုက်ပြီး ကျွန်တော်တို့ မိသားစု ရန်ကုန်ကိုပြန်ပြောင်းလာခဲ့ကြပါသည်။
ပုဏ္ဍကတိုက်သည့် သူမှာ အဖေ့ထက် ဂျူနီယာ နောက်ရောက်လာမည့် စက်ရုံမှူး ကတော်မှလုပ် တာဖြစ်သည်။ ကျွန်တော်တို့လည်း ပြောင်းပြီး သိပ်မကြာလိုက်ပါ။ သတင်းကြားရပါသည်။ (၃)(၄)လလောက်ပင် ကြာမည်မထင်ပါ။ သူ့ဇာတ်သူမနိုင်တာလား၊ ဘယ်လိုပဲဖြစ်လဲတော့ သေချာ မသိရပါဘူး။ အဲဒီမိန်းမ ဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါ တယ်။ ကျွန်တော်တို့လည်း အမှုမဲ့အမှတ်မဲ့နဲ့နေလာလိုက်တာ . . .
အရင်က ကျွန်တော်တို့နေတုန်းက ရင်းနှီးခဲ့တဲ့ ဝန်ထမ်းလင်မယားနှစ်ယောက်ပြောကြားချက်အရ
အရမ်းထူးဆန်းသည်မှာ ထိုမိန်းမ အလောင်းကိုရင်ခွဲတော့ ကျောက်ကပ်အလုပ်နည်းနည်းလုပ်နေခြင်းပင်ဖြစ်သည်။
သူတို့ပြောကြားချက်အရ တော့ ထိုမိန်းမသည် သူ့ဇာတ်သူမနိုင်ဘဲ သမရိုးကျသေဆုံးသွားခြင်း မဟုတ်ကြောင်း ပါဟုသာ . . . . .. (ဆက်လက်ကျွန်တော် ကြုံခဲ့ရတဲ့ ပရလောက အကြောင်း ဆက်လက်တင်ပြပါမည်)
8 comments
pan pan
July 4, 2011 at 9:05 am
ဒါမျိုးလည်း ရှိသေးတာကိုး
အောက်လမ်းပေ့ါ
နွယ်ပင်
July 4, 2011 at 9:35 am
ဒီကိစ္စတွေကို သိပ်အယုံအကြည်မရှိပင်မယ့် မရှိဘူးလို့လဲ ပြောလို့မရဘူးနော်
pooch
July 4, 2011 at 10:16 am
အဘွားတို့ ရှိစဉ်အခါတုန်းကတော့ ပြောတာကြားဖူးတယ် ။ အနော်တို့ခေတ်တော့ မကြုံဖူးသေးဖူး။
ဒီလို ပြောပြတဲ့သူ ရှိတော့လည်း သိရတာပေါ့ ။
ဆူး
July 4, 2011 at 12:05 pm
အားပေးသွားတယ်နော်.. ဇတ်လမ်းလေးလည်း ကောင်းတယ်။ နောက်ထပ် ဆက်ရေးမှာ စောင့်ဖတ်နေမယ်။
shwe ni
July 4, 2011 at 3:39 pm
MG မှာ ဗဟုသုတစုံရှိတယ် နော ။
parlayar46
July 4, 2011 at 4:42 pm
ဖတ်လို့လဲကောင်းပါတယ်။ တကယ်ဖြစ်တာဆိုရင်လဲ လက်ခံပါတယ် …။
တခုတွေးမိတာက ….. အဲသလိုပုဏ္ဏကတိုက်တယ်ဆိုရင် ရန်ကုန်ပြန်ပြောင်းမယ့်အစား မြောင်းမြမြို့ထဲမှာ အိမ်ငှားပြီးပြောင်းနေသင့် တယ်ထင်တယ်။
waigyee
July 4, 2011 at 6:54 pm
ဆူးနှင့် ဘော်ဒါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကြုံခဲ့ရတာနဲ့ ကျွန်တော့်ဝန်းကျင်က ကြုံခဲ့သမျှ ဖြစ်ရပ်တွေရှိပါသေးတယ်။
bigcat
July 4, 2011 at 7:25 pm
ဖတ်လို့ကောင်းတယ်ဗျို့၊ ကျုပ်တို့ရွာထဲမှာလည်း ဘီလူးကြီးတကောင် (အဲယောင်လို့ ကန်တော့ ကန်တော့) တယောက်ရှိတယ်။ တလောက ထကြွသောင်းကျန်းနေလို့ ကြောင်စာကျွေးမယ်လို့ ခြိမ်းချောက်လိုက်မှ ငြိမ်သွားတာ။ နောင်မှတ်ထား ဘီလူးနဲ့တွေ့ရင် ကြောင်ကုတ်ခံရမယ်လို့သာ ပြောလိုက်။