ကြုံခဲ့ဖူးသော ပရလောကအကြောင်းများ(၂)
စိတ်နယ်လွန်ဖြစ်ရပ်လေးပါ။
ကျွန်တော်(၉)တန်းနှစ်(၁၉၉၉)ခုနှစ်တုန်းက အဖြစ်အပျက်တစ်ခုဖြစ်သည်။ ကျွန်တော့် အမေရဲ့ညီမ
ကျွန်တော့်အဒေါ်ရဲ့အကြောင်းလေးပါ။ အဲဒီအချိန်က သူ့အသက်ဟာ(၃၀)ကျော်ကျော်သာ ရှိသေးပြီး ချစ်သူရဲ့သစ္စာမဲ့မှုကိုခံလိုက်ရခြင်းကြောင့် စိတ်ညစ်ပြီး Tablet တွေသောက်ရာက တစ်ဆင့် ဆေးဒဏ်ကိုမခံနိုင်ဘဲ ကုတင်ပေါ်မှအောက်ကြမ်းပြင်ကို လူးလှိမ့်ရင်း ပြုတ်ကျရာမှ ဦးခေါင်းကိုထိသွားခြင်းဖြစ်ပါသည်။
ထိုနေ့က မှတ်မှတ်ရရ Valentine Day! ကျွန်တော့်ဘဝမှာ အမှတ်ရစရာတစ်ခုပါ။
အဲဒီနေ့က ကျွန်တော်တို့မောင်နှမတွေကျောင်းပိတ်ရက်ဆိုတော့ အိမ်မှာအေးအေးဆေးဆေးပဲ ချက်တဲ့သူက ချက်ပြုတ်တဲ့သူကပြုတ်နဲ့ပေါ့ အမေကိုကူလုပ်တဲ့သူက ကူလုပ်ပေါ့။ အဲဒီနေ့က သူ(ကျွန်တော့်အဒေါ်) အစောကြီးအိမ်ကနေထွက်သွားတယ်။ ထွက်သွားကာနီး မှတ်မှတ်ရရ သူကြက်ဥချဉ်ဟင်းနဲ့ ထမင်းကိုအရမ်းစားကောင်းတယ်ပြောသံကြားတယ်။ အရင် မနက်စာကို ထမင်းမပြောနဲ့ မုန့်တောင်စားချင်မှစားတဲ့သူ၊ ကော်ဖီတစ်ခွက်လောက်ပဲသောက်တဲ့သူ၊
အဲဒါနဲ့သူစားပြီး မြို့ထဲဆိုပြီးသူထွက်သွားတယ်။ နောက် ၂နာရီ၊ ၃နာရီလောက်ပဲကြာမယ်ထင်တယ်။ သူပြန်ရောက်လာတယ်။ မျက်နှာမကောင်းဘူး။ ကျွန်တော်ရိပ်မိလိုက်တယ်။ ကျွန်တော့်အမေတွေ၊ အမတွေကတော့ သတိမထားမိဘူးပေါ့။
ကျွန်တော့်အမေက နောက်ဖေးကနေလှမ်းမေးတော့ သူနေမကောင်းလို့ပြန်လာတာပါလို့ပြောပြီး သူ့အခန်းမှာသူပြန်အောင်းနေတယ်။ နောက် ဘယ်အချိန်က ဘယ်လို ဘာတွေသောက်လိုက်သလဲ မသိဘူး။ တစ်နာရီစွန်းစွန်းလောက်ကြာမယ်ထင်တာပဲ ။ အခန်းထဲက ကုတင်ပေါ်မှာလူးလှိမ့်သံကြားပြီး “ဂုတ်”ဆိုပြီးအသံလည်း ကြားရော ကျွန်တော်ပြေးကြည့်လိုက်မိတယ်။ သူပြုတ်ကျတာ ပါးစပ်မှာလည်း အမြှုပ်တွေနဲ့ ပက်လက်ပြုတ်ကျတာပါ။ အဲဒါနဲ့ အိမ်သားတွေကလည်း ဝရုန်းသုန်းကားဖြစ်ကုန်ရော။
ကျွန်တော့်အမေဆို သူကတအားလန့်တတ်တာ . .ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲဆိုပြီး မေ့လဲသွားတယ်။ အဲဒါနဲ့ ကျွန်တော်နဲ့ အိမ်ရှေ့က ယောက်ျား(၂)ယောက် (၃)ယောက်ကိုပါလှမ်းခေါ်ပြီး အပြင်ထုတ်လာတယ်။ ထုတ်ပြီး ကန်ဇွန်းရွက်တွေထောင်းပြီး အရင်တိုက်တယ်။ နည်းနည်း အဲဒီထိသူသက်သာလာသလိုရှိတယ်။ နောက် ကျွန်တော်တို့လမ်းထဲက ဆရာဝန်ကို အမြန်ဆုံးသွားပင့်တယ်။ ဆရာဝန်လည်းရောက်ရော သူ့ကို ပြန်အန်အောင်လုပ်၊ ရှေးဦးပြုစုနည်းတွေနဲ့ပြုစုပြီး ဆေးရုံပို့မယ်ဆိုပြီး အိမ်ဘေးက တက်စီပေါ်ကို တင်တဲ့အထိသူအသက်မထွက်သေးဘူး။ ကျွန်တော်လည်း ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရင်း ကားပေါ်ကိုသူ့ကို တင်ပြီး ကျွန်တော့်ပခုံးအပေါ်မှာ သူမှီနေတဲ့အထိ . . အော် ဆေးရုံရောက်ရင်တော့ ကောင်းသွားမှာပါလို့ပဲတွေးရင်း ဆေးရုံကို အသွား ဆေးရုံမရောက်ခင် လမ်းမှာပဲကျွန်တော် ရယ်၊ ကျွန်တော့်အမရယ် သတိထားလိုက်မိတယ်။ သူဟင်းကနဲ အသံကြားလိုက်လို့ . . . ကျွန်တော်ကော၊ ကျွန်တော့အမပါ အန်တီအားတင်း၊ အားတင်းထားဆိုပြီး ငိုသံပါကြီးနဲ့ပြောတာပဲ။ မရတော့ဘူး။ ဆေးရုံအဝလောက် လည်းရောက်ရော၊ သူမလှုပ်တော့ဘူး။ ဒါနဲ့အမြန်ဆုံးပဲလုပ်ကြပါဦးဆိုပြီး လှည်းကိုအမြန်ခေါ် ပြီး ရှော့အမြန်ဆုံးရိုက်တာ ဘယ်လိုမှမမီတော့ပါဘူး။ ဆရာဝန်လည်း ခေါင်းခါရော၊ ကျွန်တော့်အမ အသားကုန်အော်ငိုတော့တာပါပဲ။ ကျွန်တော်လည်း အားတင်းထားရင်းကြားကနေ ဒူးတွေတုန်လာတယ်။ မျက်ရည်တွေစီးကျလာတယ်။ တစ်ခဏလေးအတွင်းမှာ . . ဒီလောက်မြန်မယ်လို့မထင်ထားမိဘူးလေ။
နောက်အိမ်ကိုဖုန်းဆက်လိုက်ရော၊ အဖွားလည်း သတိလစ်၊ အမေလည်း ရှော့ထပ်ဖြစ်တာပါပဲ။ အဲဒီနေ့ Valentine Day ကတော့ ကျွန်တော်တို့ တစ်အိမ်သားလုံးရဲ့ ကြေကွဲစရာနေ့တစ်နေ့ပါပဲ။
ဪ . . .သင်္ခါရပဲလို့ဖြေလိုက်မိတယ်။
အဲဒါနဲ့ သူဆုံးသွားတာ မှတ်မှတ်ရရ နံနက်(၁ဝး၃၀)လောက်ကဖြစ်မည်။ သူ့ရုံး (Pansea Hotel) ကိုဖုန်းဆက်အကြောင်းကြားတော့မှ သိရတာတစ်ခုက . . . ဘယ်သူမှမယုံကြပါဘူး။ လတ်တလော သူဆုံးပြီလို့ပြောလိုက်တော့ ဘယ်နှစ်နာရီက ဆုံးတာလဲလို့ မေးတော့ နံနက်(၁ဝး၃၀)လောက်က လို့ပြောတော့ . .. သူတို့ကြောင်အမ်းသွားပါသည်။ ဘာဖြစ်လို့လဲဆိုတော့ . . (၁၁း၃၀)လောက်က သူတို့ဆီကို ဖုန်းဆက်ပါသည်တဲ့။ ဘယ်ဗီဒို၊ ဘယ်အကန့်မှာ ဘယ်ဖိုင်ညာဖိုင်ဆိုပြီး သူထားတဲ့ သူ့စားပွဲသော့တွေထားတဲ့နေရာတွေကိုပါ အတိအကျဖုန်းဆက်ပြီးလှမ်းပြော ပြောပြီးပြီးချင်းပဲ ဖုန်းကိုချသွားတာတဲ့။ သူတို့တောင် ဘာဖြစ်လို့ဖုန်းဆက်ပြီးပြောပါလိမ့်ပေါ့။
အဲဒီနေ့ညပဲ ကျွန်တော့်ညီမလေးက အဲဒီအချိန်က ရှူရှူးပေါက်ချင်တယ်ဆိုပြီး ပြောတော့ အမေကနောက်ဖေးလိုက်ပို့မယ်ဆိုပြီး ပြောတဲ့အချိန် ဘောင်းဘီကိုဆွဲချွတ်တော့တာပါပဲ။
သားရေကြိုးချောင်နေသလို လျှောကနဲကို ကျွတ်ကျသွားတာပါ။ ကျွန်တော့်မျက်မြင်ပါပဲ။
သူကအရင်ကလည်း ကျွန်တော်တို့ တူတွေတူမတွေကို နောက်နေကျလေ။
အဲဒီလိုနဲ့ အချိန်မှန်ပဲ။ သူ့ဒေါက်ဖိနပ်သံပေးတယ်။ အိမ်ရှင်မှာဆို. . .
နည်းနည်းကြမ်းတာက ရက်လည်တဲ့နေ့ . . .သူ့ကို အဖွားက သစ်ခက်လေးနဲ့ ဝိညာဉ်သွားခေါ်လာ တော့ ဘုန်းဘုန်းတွေလည်း ရောက်နေပြီ။ တရားနာမယ့်သူတွေလည်း ရောက်နေပြီ။ အဲဒီအချိန် ကျွန်တော်နဲ့ ကျွန်တော့်အမတွေ၊ နောက် အမဝမ်းကွဲတွေက အိမ်နောက်ဖေးမှာ ကူလုပ်ပေးနေတာ . .
ကျွန်တော်က ထိုင်ကြည့်နေရာကနေ . . . နားထဲမှာ အသံကြားလိုက်တာ . . .သဲ့သဲ့လေး
ပြောရရင် အဝေးကနေ ငိုပြီးပြေးဝင်လာတဲ့အသံဗျာ။ အိမ်ထဲကို မကြီးကြားလားဆိုတော့ အင်း သူတို့လည်း နားစွန်နားဖြားကြားလိုက်တယ်တဲ့။ သဲ့သဲ့လေး . ..
နောက်မကြာဘူး။ ကျွန်တော်တို့ ထိုင်နေတဲ့ ဘေးက ကျောက်စည်ကိုဖုန်းထားတဲ့ (၅)ထပ်သားပြားကြီးကို လှန်ချတော့တာပါပဲ။ ကျွန်တော်တို့လည်း လန့်ပြီးထပြေးကြတာပေါ့ . .
ပထမတော့ မယုံချင်ဘူး။ ဘာဖြစ်သွားတာလဲပေါ့။ ဝိညာဉ်ပဲရှိသေးတာ . . သူဒါကိုကိုင်နိုင်တယ် ဆိုတာကို ကျွန်တော်တော်တော်လေး အံ့အားသင့်မိခဲ့တာပါ။ ရက်လည်ပြီး တစ်နှစ်လောက်ထိကြာ မယ်ထင်တယ်။ တစ်ခါတလေ သူ့ရေမွှေးနံ့တွေရတယ်။ သူ့စီးကရက်အနံ့တွေရတယ်။ (သူက အိမ်မှာနေရင် စီးကရက်သောက်တယ်လေ) နောက် အိမ်ကသူရှိနေသေးတယ်ဆိုတာကို သိလို့ သူ့အတွက်အလှူအတမ်းတွေလုပ်ပေး၊ ဘာပေးနဲ့ နောက်ဘာသံမှတော့မကြားရတော့ပါဘူး။ တစ်ခါတစ်ခါ အိပ်မက်တော့ ပေးပါတယ်။ ကျွန်တော့်ကို . . .. …
(နောက်မှသိရသည်မှာ စုံစမ်းလို့ရသလောက် တော့ သူ့ရည်းစားက တခြားမိန်းကလေးနဲ့အိမ်ကစေ့စပ်လိုက်တယ်ဆိုတာပါပဲ) အဲဒီသူကိုတော့ . . ..
19 comments
ဆူး
July 4, 2011 at 2:23 pm
အစွဲအလန်းကြီးတဲ့ အန်တီပဲပေါ့..
သူစိတ်က စွဲလန်းတဲ့ စိတ်.. (လောဘ) နဲ့ သေသွားတာ ဆိုတော့.. အဲဒီ ၂ယောက်ကိုလည်း သွားကလိ ချင် ကလိမှာ ပြောလို့ မရဘူး။ ကံသိပ်မြင့်နေကြရင်တော့ အနားတော့ ကပ်နိုင်မယ် မထင်ဘူး။
fatty
July 4, 2011 at 3:14 pm
အတော်ဆန်းကျယ်တာဘဲ …။ အဖြစ်အပျက်ကိုပြောတာမဟုတ်ပါဘူး အဲလို အဖြစ်အပျက်လေးတွေက
ကြားဖူးလို့ပါ ..။ ဒါပေမဲ့ ကိုယ်တိုင်ကြုံတဲ့သူမို့ ဆန်းတယ်လို့ပြောရတာပါ။ ကျနော်လေ့လာနေတာ
၁ဝ နှစ်နီးပါးရှိပြီ မကြုံရဘူး ..။ လေ့လာရတဲ့အကြောင်းကလဲ ဗုဒ္ဒဘာသာစစ် စစ်ဖြစ်ချင်လို့ပါ။
တခါက ခပ်ငယ်ငယ်ပေါ့ အခု လက်ရှိ နတ်မောက်ကျောင်းက လုံခြုံရေးဌာနမှုး ဗိုလ်ကြီးရဲညွန့်ရယ်
ကျနော်ရယ် နောက် သူငယ်ချင်းတယောက်ရယ် ည သန်းခေါင်ကျော်ချိန်ကစပြီး သချိုင်းထဲမှာ
သွားနေကြတယ် ..။ ဘာဆို ဘာမှ မတွေ့ခဲ့ရဘူး ။ သချိုင်းပြောင်းတာတွေတော့ မကြုံလို့ မလေ့လာဘူးခဲ့ဘူး။ သေသွားတဲ့အချိန် နာရီရပ်သွားတာတို့ တခုခုပြုတ်ကျတာတို့တော့ ကြုံဘူးပါရဲ့
ဒါပေမဲ့ ဒါထက်ခိုင်လုံတာ ကိုတွေ့ဘူးချင်သေးတယ်။
shwe ni
July 4, 2011 at 3:20 pm
အော်ဖြစ်မှဖြစ်ရလေ
unclegyi1974
July 4, 2011 at 4:38 pm
သချိုင်းပြောင်းတာကိုပြောရရင် မန်းလေးဆင်ဖြူကန်ကိုချန်ထားလို့
မရဖူးနော်ကိုဖက်
လုုံးဝအထင်အရှားကြီးပဲ
ကိုယ့်ရီးစားသူများနောက်ပါသွားတာများဒီခေတ်ကြီးထဲ
အဆန်းလုပ်လို့မတန်လိုက်လေ
waigyee ရယ် နှမျောလို်က်တာ
parlayar46
July 4, 2011 at 4:50 pm
သရဲ (ပြိတ္တာ) က ဖုန်းဆက်တယ်ဆိုတာကတော့ အခုမှ ကြားဖူးတာပဲ။
etone
July 6, 2011 at 2:43 pm
etone တော့ အဲ့ဒီလု ိမထင်ဘူး … မသေခင်ဖုန်းဆက်ပြီးမှ မိနစ်ပိုင်းအတွင်း သေကြောင်းကြံတာလို့ပဲ ထင်တယ် .. ။
bigcat
July 4, 2011 at 7:33 pm
တယောက်ယောက်ကို ဝင်ပူးပြီးဖုံးဆက်တယ် ထင်တယ်။ ရွာထဲမှာလည် ကြောင်ကြီးသေရင် ဘယ်သူ့မှ အသိမပေးဘူး၊ စာဆက်ရေးမယ်။ အဲဒီအခါကြမှ ပရလောကကို မယုံတဲ့သဂျီးကို ကောင်းကောင်းဆုံးမမယ်။
ဆူး
July 5, 2011 at 6:23 am
ဒီပိုစ်မှာ သရဲပူးနေတယ် ကြည့်ပါလား မန်းထားသမျှ အကုန် အနီတွေကြီးပဲ..
ရှင်တဲ့ လူတွေက သေတဲ့ လူတွေကို သူတို့ အတင်းတုတ်လို့ မကျေနပ်လို့ အထင်အရှား ပြနေတယ်။
moethidasoe
July 5, 2011 at 6:32 am
ဒီအဖြစ်က ဘာသာရေးအရ comment ပေးရရင် .. အပယ်လေးဘုံထဲက ပြိတ္တာဘုံကို ရောက်သွားတာပါ .. တကယ်က အမျှအတန်းဝေဖို့ လိုမယ်ပေါ့ .. သရဲ မဟုတ်ပါ .. သူ့ စိတ်စွဲလန်းတဲ့ အရပ်မှာပဲ ကျင်လည်နေတာ ..
ogre
July 5, 2011 at 7:52 am
ကိုတိုင်မကြုံ ရတာနဲ့ မယုံဘူးလို့ပြောလို့မရတဲ့ အရာတွေပါ
အဲလိုမျိုးတော့ မတွေ့ချင်းဘူး မျက်ဝါးထင်ထင်မြင်ချင်နေတာ
တစ်ခါမှမတွေ့ဘူလို့။
နွယ်ပင်
July 5, 2011 at 8:00 am
စိတ်က အစွဲလန်းကြီးလို့ထင်တယ်
ဒါပေမဲ့ ကိုယ့်ချစ်သူက နောက်ထပ် မိန်းကလေး နဲ့ပတ်သက်တာနဲ့
ကိုယ့် ဘဝကို ပေးဆပ်လိုက်တာ နှမြောစရာပဲ
char too lan
July 5, 2011 at 8:37 am
အဲ့လိုဖုန်းဆက်တာကြားဖူးတယ် ခိုင်သဇင်ဆိုတဲ့ ဆရာမလေးနဲ့ ကျောင်သား/သူတွေ မြိတ်ဘက်ကို ခရီးထွက်ကြတယ် မြိတ်မှာလဲ သူ ့မိဘတွေအိမ်ရှိတယ်။ လမ်းမှာ နေ့လည်ပိုင်းဓားပြတိုက်ခံရတာ
ကျောင်သားတွေဒဏ်ရာရပီး ဆရာမလေးက ကျည်ဆံမှန်နေရာမှာတင်သေသွားတယ် ဆေးရုံသွားအတည်ပြုတာ ဘာညာနဲ့ ညမှောင်လောက်မှ အိမ်ကိုလှမ်းပီးအကြောင်းတော့ အဖေဖြစ်သူကမယုံဘူး “ခုနတင် သမီးနဲ့ ကျောင်သားတွေလာမယ် ညစာအဖေတို့ဆီမှာထမင်းစားမလို့ စီစဉ်ပေးပါလို့ ဖုန်းဆက်သွားတာတဲ့”……… အဲ့လိုစွဲနေတယ်လို့ထင်တဲ့ သမီးအတွက် အဖေက ကျောင်းဆောက်လှူပေးထာတယ်
ခြောက်ထပ်ကြီးဘုရားဝန်းထဲက အခုရာထူးကြီးကြီး (ဘာရာထူးလဲတော့သိဝူး) ရသွားတဲ့ဘုန်းဘုန်းရဲ ့ကျောင်းပဲ နာမည်ကခိုင်သဇင်ကျောင်းတဲ့ ရှိတယ် မယုံရင်သွားကြည့် ဆရာမလေးရဲ့ ဓာတ်ပုံလဲရှိတယ်
ဆူး
July 5, 2011 at 2:31 pm
ကျောင်းလှူလို့ ကောင်းကောင်းမွန်မွန် မဖြစ်ပဲ ကျောင်းစောင့်ကြီး ဖြစ်နေအုန်းမယ်။
fatty
July 5, 2011 at 2:50 pm
အန်ကယ်ကြီးခင်ဗျား… အတွေအကြုံလေးများရှိရင် ဝေငှပါအုံး ..။ အဲဒီ ဆင်ဖြူကန်သတင်းလဲကြားယုံဘဲကြားဖူးလိုက်တာပါ ..။ အသေးစိတ်လေးပိုပြီးသိချင်ပါတယ်။
fatty
July 5, 2011 at 2:57 pm
အဲ ကျန်သွားလို့ပါ …. ကျိုက်ထီးရိုးဘုရားတည်ပြီး စွဲလန်းလို့ ဥစ္စာစောင့်မလေးဖြစ်နေသူနဲ့
ကျော်အောင်စံထားဆရာတော်တို့ စကားပြောခန်းတော့ ကျနော့ဆီမှာရှိပါတယ်။ ဆရာတော်ကြီးကလည်းအခု သက်ရှိဆိုတော့ ကျနော်မေးမြန်းလျှောက်ထားချင်တာလေးတွေ မေးဖို့
မန်းလေးဘက်ရောက်တုန်း ဝင်ခဲ့ပါသေးတယ်။ ဆရာတော် တခြားကြွနေတာနဲ့ မဖူးလိုက်ရ မမေး
မလျှောက်လိုက်ရပါဘူး။ ရန်ကုန်မှာတော့ မကြာခဏဖူးဖြစ်ပါတယ်။ လူတွေအများကြား ဖြစ်နေတော့ မလျှောက်ဖြစ်ပါဘူး။
etone
July 6, 2011 at 1:23 pm
သစ္စာမဲ့သူတယောက်အတွက် တုံ ့ပြန်ချက်ဘာမှ မလုပ်နိုင်ခဲ့ပဲ သေသွားရတာ နာလိုက်တာကွာ ။
စေ့စပ်ပွဲနေ ့မှာ ကြိုသိနေတယ်ဆို ပွဲသွားကြမ်းရမှာ .. ။ ကိုယ်က သေဖို့တောင် တွေးထားမိတာပဲ … ရက်စက်ပြီးကိုယ့်ကို မငဲ့ညှာသူအတွက် ဘာသံယောဇဉ်မှ မထားပဲ တန်ကြေးပြန်ပေးလိုက်သင့်တယ် ။
kai
July 6, 2011 at 2:15 pm
ထင်တာကတော့…
ကုတင်ပေါ်ကပြုတ်ကျပြီး… ခေါင်းနဲ့ဆောင့်မိတဲ့ဒဏ်ထက်..အလွန်အကျွံ သောက်လိုက်တဲ့ ဆေးတွေကြောင့် အသက်ဆုံးရတယ်မှတ်ပါတယ်..။
နောက်ထင်တာတခုက.. ဆရာဝန်ကို မခေါ်ခင်..ကန်စွန်းရွက်တွေထောင်းပြီးတိုက်မဲ့အစား..ပိုလွယ်တဲ့.. အမြန်ဆုံးဖြစ်မဲ့… ရှေးဦးသူနာပြုနည်းနဲ့ လုပ်သင့်တယ်ထင်မိပါတယ်..။
ဥပမာ.. ဆားရေဖျော်တိုက်ပြီး ဗိုက်ထဲကအဆိပ်တွေအန်ထွက်အောင်လုပ်တာမျိုးပေါ့..။ ဆရာဝန်တွေ ပိုသိမှာပါ..။ အဲဒါ..ရွာထဲက ဆရာဝန်တွေ.. ဒီမှာပဲ..အဲဒါမျိုးဖြစ်ရင်… အရေးပေါ်လုပ်နည်းလေး ရေးပေးစေချင်တာပါပဲ..။
zawthulay
August 3, 2011 at 1:43 pm
အင်း.. အဲဒါက ဆေးသောက်သေတယ်ဆိုတော့ .. အဖန်ငါးရာငါးကမ္ဘာခံရမှာမသိဘူးလားနော်.. ကြောက်တော့ကြောက်စရာကြီး..
Snowy
August 3, 2011 at 4:01 pm
ဘယ်လောက်သောက်လိုက်တာ လဲ …. ဘာဆေးသောက်တာလဲ
အိပ်ဆေးဆိုရင်တော့ အလုံး 30 နဲ့အထက်သောက်မှသာ မိနစ်ပိုင်းအတွင်း သေနိုင်တာပါ …. အဲဒါ ဆရာဝန်ကိုယ်တိုင်ပြောပြဘူးလို့ မှတ်မိနေတာ ..