(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.4) 19Jul2011

natureJuly 19, 20111min110

ကြော်ငြာအရ ရောက်လာသူ

 

ထိုညည့်၌ ဦးစံရှားသည် ဝါသနာအိုးဖြစ်သည့်အလျှောက် ဂျူဗလီဟောရုံကြီးသို့ ..တေးကြီး ဘွဲ့ကြီးများ နားထောင်ရန် ထွက်သွားလေရာ ကျနော့်မှာ သူရိယ မဂ္ဂဇင်းအတွက် ဝန်ခံထားသော ဝထ္ထုကလေး တပုဒ်ကို စီကုံးရေးသားနေရစ်လေ၏။ သို့ပါသောလည်း ကျနော့်မှာ ဝထ္ထုဇာတ်ကြောင်းကို စိတ်အာရုံစိုက်ရန် မဖြစ်နိုင်ပဲ ကိုးဇီးဗီလာ အိမ်၏ ဧည့်ခန်းထဲတွင် ပက်လက်ကြီးလန်လျှက်ရှိသော အလောင်းကြီးကိုသာလျှင် မျက်စိထဲတွင် တပေါ်တည်း ပေါ်လျှက်ရှိရကား နောက်ဆုံး၌ လက်မှ ကလောင်တံကို ချထားလိုက်ပြီလျှင် ကုလားထိုင်ပေါ်တွင် အားပါးတရ စိတ်ကူးနေလေ၏။

ထိုအလောင်းသည် နဂိုအားဖြင့် အရုပ်ဆိုးရုံမျှမက ရက်စက်ကြမ်းကြုတ်ခြင်း ဟော့ရမ်းသော့သွမ်းခြင်း ၊ ဆိုးတေရမ်းကားခြင်း စသော အခြင်းအရာတို့မှာ ယင်း၏ မျက်နှာတွင် ထင်ရှားစွာ တွေ့မြင်နိုင်ရကား ကျနော့်မှာ ထိုသူ၏ အဖြစ်ကို သနားဂရုဏာ မသက်မိသည့်အပြင် ထိုသူမျိုးတယောက် မရှိသည့်အတွက် ကမ္ဘာလောက၌ ဝန်ပေါ့သွားသေးသည် ဟူ၍ ပင် မထင်စကောင်း ထင်မှတ်မိ၏ ။ ဤသို့ဆိုရာ၌ ကျနော်သည် သနားဂရုဏာ ကင်းတတ်သော သဘောရှိသောကြောင့် မဟုတ်ချေ ။ လူကိုမဆိုထားဘိ ။ တိရိစ္ဆာန်တကောင် ဝေဒနာခံရခြင်းကိုပင် မကြည့်ရက်နိုင်သဖြင့် ကျနော်တတ်နိုင်သလောက် ကယ်မ စောင့်ရှောက်ခဲ့ဘူးပါသည်။ ထိုအလောင်းမှာ သူမသေမီက ယင်းနှင့်ဆက်ဆံသမျှသော သတ္တဝါအပေါင်းတို့အား ကောင်းကျိုးချမ်းသာ မပေးပဲ နိုင်ရာနည်းနှင့် ညှင်းပန်းနှိပ်စက်ခဲ့လိမ့်မည်ဟု ယင်းမျက်နှာက ထင်ရှားစွာပြသောကြောင့် ဖြစ်ပေသည်။

ကျနော်သည် ယင်းအမှုနှင့် ပတ်သက်၍ ဦးစံရှား၏ တွေးဆချက်များကို ပြန်လှန်စဉ်းစားရာတွင် အဆိပ်ကြောင့် သေသည်ဟူသော စကားကို ကြေနပ်ဖို့ အလွန်ခဲယဉ်းလှ၏။ ဦးစံရှားသည် အလောင်း၏ နှုတ်ခမ်းများကို နမ်းရှုပ်ကြည့် ခြင်းအားဖြင့် ..အဆိပ်..ဟူ၍ စွပ်စွဲကြောင်းကားရိပ်မိ၏ ။ သို့ရာတွင်လူတယောက်သည် တခြားလူတယောက်အား အဆိပ်ကို မည်သည့်နည်းနှင့် အတင်းတိုက်နိုင်ပါသနည်း။

အကယ်၍ အဆိပ်မဟုတ်ပဲ အခြားနည်းဖြင့် သတ်သည်ဆိုပြန်ရင်လည်း သေလောက်သောဒဏ်ရာဒဏ်ချက် တစုံတရာ မတွေ့ရှိခြင်းမှာ အသို့နည်း။ ကြမ်းပေါ်တွင် တွေ့ရသော သွေးကွက်များမှာ မည်သူ၏ သွေး ဖြစ်လေသနည်း။ သေသူက သတ်သူအား ဒဏ်ရာရအောင် ပြုသည်ဆိုပါလျှင် လက်နက်အဘယ်မှာနည်း ဟူသော မေးခွန်းများကို ကျနော့်ကို ကျနော် အကြိမ်ကြိမ် ထုတ်ခဲ့ရာ ကျေနပ်လောက်သောအဖြေမူကား တွေးတော၍ မရချေ။

သို့ရာတွင် ဦးစံရှားမူကား ထိုမေးခွန်းများကို ကိုယ့်ကိုယ်ကို မေး၍ ကျေနပ်လောက်အောင် ဖြေနိုင်ပြီး ဖြစ်သည်ဟု ကျနော်ယုံကြည်မိသည်။

ထိုညဉ့်၌ ဦးစံရှား ပြန်လာသောအခါ ကျနော့်မှာ အမှုအကြောင်းနှင့် ပတ်သက်၍ ထပ်မံ ကြားသိလိုသေးသည်ဖြစ်သောကြောင့် နေမထိ ထိုင်မထိ ဖြစ်မိ၏ ။ ဦးစံရှားသည် ကျနော့်၏ အမူအရာကို မြင်သဖြင့် ရိပ်မိဟန်ဖြင့် –

ရှား ။     ။ခင်ဗျားကြည့်ရတာ ဖင်ဂနာမညိမ်လိုက်တာဗျာ ။ ဘာကြောင့် ဒီလောက်တောင် ရိုးတိုးရွတ ဖြစ်နေတာလဲ ။

ကျနော်။   ။ ကျနော်ဖြင့် ခင်ဗျားသွားကတည်းက စာတမျက်နှာမှ ဖြောင့်ဖြောင့် မရေးနိုင်ဘူးဗျာ ။ တော်တော်ကြာရင်း တွေးမိရင်း ဖြစ်နေတာပဲ ။ ခက်ရချေရဲ့ဗျာ ။

ရှား ။           ။ဒါထက် ညနေပိုင်းထုတ်တဲ့ ရန်ကုန်တိုင် သတင်းစာကို ခင်ဗျား မြင်ပြီးပြီလားဗျို့။

ကျနော် ။   ။မမြင်ရသေးပေါင်ဗျာ ။

ရှား ။           ။ ဘောင်ဒရီလမ်း လူသတ်မှုအကြောင်း စုံနေတာပဲဗျ ။သို့သော် အလောင်းကို ရွေ့ရာမှ လက်စွပ်တွေ့တယ်ဆိုတဲ့ အကြောင်းတော့ ပါမလာဘူး။ မပါတာလဲ ခပ်ကောင်းကောင်းပဲဗျို့။

ရှား။            ။မပါတာ ဘာကြောင့် ကောင်းတာလဲဗျာ ။

ရှား   ။         ။ ဟောဒီကြော်ငြာကို ကြည့်စမ်း ၊ အမှုအကြောင်း ကြားကြားချင်း အင်္ဂလိပ် သတင်းစာတိုင်းကို ကျုပ် ကြော်ငြာ တခုစီ ပို့လိုက်တယ် ။

ဦးစံရှားသည် ရန်ကုန်တိုင်း သတင်းစာကို ကျနော်အားလှမ်းပေးသဖြင့် သူလက်ညိုးညွှန်ရာ ကော်လံကို ကြည့်လိုက်ရာတွင် အောက်ပါကြော်ငြာကို တွေ့မြင်ရလေ၏ ။

….. ဘောင်ဒရီလမ်းပေါ်တွင် လက်စွပ်တကွင်း ကောက်ရကြောင်း ၊ ဥစ္စာရှင်သည်  ၊ လမ်း ၄ဝ ၊ တိုက်နံပါတ် ၂၂၁ ၊ ဒုတိယထပ်နေ ကိုသိန်းမောင်ထံသို့ ညဉ့် ၉နာရီ နှင့် ၁ဝ နာရီ အတွင်း လာရောက်တောင်းယူနိုင်ကြောင်း ၊ ….

ရှား ။      ။ခင်ဗျားနာမည်ကို ထည့်ကြော်ငြာခြင်းကို သည်းခံဗျာ ကိုသိန်းမောင် ၊ ကျုပ်နာမည်နဲ့ ကြော်ငြာလိုက်ရင် တချို့လူတွေ ရိပ်မိသွားမှာ စိုးရတယ်ဗျာ့။

ကျနော် ။    ။ကိစ္စ မရှိပါဘူးလေ ။ ခင်ဗျား အကျိုးရှိမယ်ဆိုရင် ကျနော့်နာမည်တင် မကပါဘူး ၊ အလိုရှိတာ သုံးနိုင်ပါတယ်။

စင်စစ်မှာ ကျနော်သည် ဦးစံရှာနှင့် အတူနေထိုင်ရသည့် ရက်အနည်းငယ်အတွင်း ထိုသူ၏ စိတ်ချယုံကြည်လောက်သော အဖြစ်ကို ကောင်းစွာ ကျေနပ်ပြီးဖြစ်၏ ။ ထိုသူ၏ ထူးခြားသော အချင်းအရာတခုမှာ သူနှင့် ဆက်ဆံရသူမှန်သမျှသည် သူ၏ မျက်နှာကို မြင်ကာမျှနှင့်ပင် ဤသူကား မဟုတ်မတရား သောအမှုကို ဘယ်နည်းနှင့်မျှ ပြုမည့်သူ မဟုတ်ဟူ၍ ယုံကြည်စိတ်ချ ရသည်သာလျှင်ဖြစ်လေသည်။

ကျနော်။     ။နေပါဦးဗျ ၊ဒါထက် တကယ်လို့များ ၊ တယောက်ယောက်လာပြီး တောင်ခဲ့လို့ရှိရင် ၊ ကျနော့်မှာလက်စွပ် ပေးစရာမရှိလို့ အခက်မကျပေဘူးလား ။

ရှား ။     ။ စိတ်ချပါ ကိုသိန်းမောင် ။ ဒီအတွက် ကျုပ်စီမံခဲ့ပါတယ်ဗျ။ ရော့ ၊ ကြည့်စမ်း ၊ ဒီဟာ ဘယ်နှယ့်နေမလဲ။

ဦးစံရှားသည် ကျနော့်ကို လက်စွပ်တကွင်း ပေးအပ်လေရာ ယခင်က မြင်ခဲ့ရသော လက်စွပ်နှင့် အလွန်တရာ အသွင်တူကြောင်း တွေ့ရလေ၏ ။

ကျနော်။     ။ဒီဟာကို ဘယ်သူလာပြီး ယူလိမ့်မယ်လို့ ခင်ဗျားထင်သလဲ ။

ရှား ။         ။မျက်နှာနီနီ နဲ့ ကုလားငနှဲ လာမှာပေါ့ဗျ။သူကိုယ်တိုင် မလာလို့ရှိရင်လဲ သူ့ကိုယ်စားလှယ် လာရမယ်ဗျာ ။

ကျနော်။   ။လာမှ လာဝံ့ပါ့မလား ဗျာ။ ဘေးရန် မကင်ဘူးလို့ သူမထင်ပေဘူလား။

ရှား။          ။ကျုပ်တွက်ကိန်း မှန်ခဲ့လို့ရှိရင် ဒီလူဟာ လက်စွပ်ကို ပြန်ရဖို့အတွက် ဘာမဆို လုပ်ဝံ့လိမ့်မယ်လို့ ကျုပ်ထငိတယ်။ ကျုပ်ထင်ချက်ကတော့ ဒီလူဟာ ဝေဿကရဲ့ အလောင်းကို ငုံ့ကြည့်နေတုန်း ဒီလက်စွပ်ကျနေရစ်ပြီး ပျောက်ဆုံးကြောင်း သိသိချင်း ကဗျာကရာ ပြန်လာရာမှာ ဘတန်းဆင်တို့လူစုနဲ့ တွေ့နေလို့ အရက်မူးချင်ယောင် ဆောင်ရတယ်လို့ ကျုပ်ထင်တယ်။ သူ့နေရာမှာ ခင်ဗျား ဝင်ကြည့်စမ်းတော့ လေ။ လူသတ်မှု ဖြစ်ပြီးတဲ့နောက် သတင်းစာတွေက ဘယ်လိုများ ရေးသားကြသလဲလို့ ခင်ဗျားရော မသိချင်ပေဘူးလား။ သိချင်တဲ့အလျှောက် ညနေသတင်းစာ ဝယ်ဖတ်မယ်။ ဖတ်ရင် ဒီကြော်ငြာကို မြင်မယ်။ ပြီးတော့လည်း ဒီလက်စွပ်နဲ့ လူသတ်မှုနဲ့ ဘာဆိုင်လဲ ဆိုပြီးတော့ ခင်ဗျား လာမယ် မဟုတ်ဘူးလားဗျ ။

ကျနော်။     ။ဟုတ်ကဲ့ ၊ ဒီလက်စွပ်ဟာ ကျနော့်မှာ တကယ်အရေးကြီးရင်တော့ လာရမှာပေါ့လေ။

ရှား ။     ။ဧကန္တ သူ့မှာ အရေးကြီးပါတယ်ဗျ ။ စိတ်သာချပါ။ အရေးမကြီးရင် ဟိုညကတည်းက သူဘာကြောင့် တခေါက်ပြန်လာလိမ့်မှာလဲဗျ။

စိတ်ချပါ ကိုသိန်းမောင် ကျုပ်တို့လူ လာမှာ ဧကန္တပါ။ ဒါထက် ခင်ဗျားမှာ ဘာလက်နက်များ ရှိသလဲ။

ကျနော်။    ။တုတ်လောက် ဘာလောက်ရှိတာပဗျာ။

ရှား ။     ။မဖြစ်ဘူး ။ ဒီလောက်နဲ့ မလုံလောက်ဘူး ။ ကျုပ်တို့လူက တကယ့်အရေးဆိုရင် ဘာမှ ရှောင်မဲ့လူမဟုတ်ဘူးဗျ။ ခင်ဗျား ခြောက်လုံးပြူးကိုင်တတ်ရဲ့လား။

ကျနော်။   ။ကိုင်တတ်ပါတယ်။

ရှား။    ။နေရာကျပြီ။ ကျုပ်ခြောက်လုံးပြူးကို ခင်ဗျားယူထား။ သို့သော် ခြောက်ယုံ ခြောက်ဖို့ဗျနော်။ ကိုယ့်အသက် ကာကွယ်ရေးကလွဲလို့ အသုံးပြုဖို့ မဟုတ်ဘူးဗျနော် ။

ကျနော်။   ။နားလည်ပါတယ်။

ရှား။     ။ကျွန်ုပ်တော့ မျက်စိလျှင်ခြင်းနဲ့ လက်မြန်ခြင်းလောက်ကို သာအားကိုးပြီး ဒီတုတ်လောက်ဆို လုံလောက်ပါပြီ။

ဦးစံရှားသည် ယမ်းတောင့် အပြည့်ထိုးထားသော သူ၏ ခြောက်လုံးပြူး သေနတ်တလက်ကို ကျွန်တော့်အား ပေးထား၍ သူကိုယ်တိုင်မှာ ရှားနှစ်တုတ် တချောင်းကို ကုလာထိုင် အနီးတွင် ထောင်ထားခြင်းအားဖြင့်သာလျှင် ကာကွယ်ထားလေသည်။

ရှား ။     ။(နာရီကို မော့်ကြည့်လျှက်) ၉နာရီတော့ ထိုးနေပြီဗျို့။ ကျုပ်ကြော်ငြာကို မြင်ရင်တော့ ကျုပ်တို့လူ လာမယ့်အချိန် နီးနေပြီ။ လက်ငြိမ်ရဲ့နော် ကိုသိန်းမောင် ။

ကျွန်တော်။     ။ငြိမ်ပါတယ်။

ရှား ။     ။ အပေါ်အကျီ ဝတ်ထားပြီး သေနတ်ကို အိတ်ထဲမှာထည့် ၊လက်နှိုက် ၊ အဲ ဒီလိုကိုင်ပြီး ချိန်ထား ။ အဲ ဟုတ်ပြီ ၊ ဟော ၊ လှေကားက ခြေသံ ကြားတယ်ဗျို့ ၊ ကျုပ်တို့လူ လာပြီထင်တယ်။

ထိုခဏ၌ ကျွန်တော်တို့သည် ကုလားထိုင်တွင် အသီးသီးထိုင်နေကြရာမှ လှေကားလျှောက်တက်လာသော ခြေသံများကို ကြားရလေရာ ကျွန်တော်မှာ ရင်ထဲတွင် တဒုန်းဒုန်း တဒိန်းဒိန်း မြည်အောင် လှုပ်ခုန်လျှက် ရှိလေ၏ ။ ဦးစံရှားမှာ ခြေသံကို နားစိုက်၍ ထောင်နေရာမှ အံ့ဩသော မျက်နှာထားမျိုးဖြင့် ဖြစ်ပေါ်လာခြင်းကို ကျွန်တော် တွေ့လိုက်ရ၏ ။ ခြေသံသည် လှေခါးတလျှောက် ခပ်ဖြည်းဖြည်းတက်လာရာ တံခါးဝသို့ရောက်သောအခါ ရပ်တန့်၍ တံခါးခေါက်သံ ကို ကြားရ၏ ။ ကျွန်တော်က…ဝင်ခဲ့လေ…ဟု ပြောသောအခါ တံခါးသည် ဖြေးညှင်းစွာ ပွင့်သွားပြီး ဦးခေါင်းတလုံး လျှိသွင်းလိုက်သည်ကို မြင်ရသဖြင့် ကျွန်တော်မှာ ဆတ်ကနဲဖြစ်အောင် လန့်သွားမိ၏ ။ အကြောင်းဆိုသော် ကျွန်တော် မျှော်လင့်နေကြသည့် ထွာကြိုင်းသန်မာလှစွာသော ရာဇဝတ်ကောင်မျိုး မဟုတ်ပဲ အရေများစွာ တွန်လိမ်လျှက် ရှိသော ကုလားအမယ်အိုကြီးတယောက်၏ ဦးခေါင်း ဖြစ်နေသောကြောင့်ပေတည်း။

အမယ်အိုကြီးက ဟိန္နူစတန်နီ ဘာသာဖြင့် …သိန်းမောင် ဆပ်၊ ဟိုင်း။ ဟု မေး၍ ကျွန်တော်က …ဟိုင်း  ၊ ဟိုင်း..ဟု ပြန်ပြောရာတွင် ၊ အမယ်အိုသည် မျက်လုံးများကို လက်တဘက်နှင့် ကာကွယ်လျှက် ကျန်လက်တဘက်ဖြင့် အကျီအိတ်ကို နှိုက်လေ၏ ။ ထို့နောက် သတင်းစာမှ ကြော်ငြာကော်လန် ဖြတ်ပိုင်းကလေးကို ထုတ်ပြရင်း ဟိန္နူစတန်နီဘာသာဖြင့် …မြေးကလေး အမီနာရဲ့ လက်စွပ်ပါ မောင်ရယ်။ သူ့ယောက်ကျား သဘောင်္မှာ အလုပ်လုပ်ပါတယ်။ သူ့ယောက်ကျား မန္တလေး သဘောင်္နဲ့ ပြန်ပါလာလို့ လက်စွပ် မရှိရင် ရိုက်ပါလိမ်မယ်။ မနှစ်က လက်ထပ်တုန်းက သူဝယ်ပေးထားတဲ့ လက်စွပ်ပါမောင်ရယ်။ဂျိုးဇက်က အရက်ကမူးကမူး။

ကျွန်တော် ။   ။ (လက်စွပ်ကိုပြလျှက်) ဒီလက်စွပ် ဟုတ်ကဲ့လား။

အမယ်ကြီး။  ။အများကြီး ဆလံပေးပါတယ် မောင်ရယ် ၊ ဟုတ်ပါတယ်။ ဒီလက်စွပ်ပါပဲ။

ကျွန်တော်။   ။(ခဲတံကို ကောက်ကိုင်လျှက် ) ခင်ဗျား နေတော့ ဘယ်မှာ နေသလဲ။

အမယ်ကြီး။   ။ထောင်ကြီးဘေးက လမ်းကလေးမှာ နေပါတယ်။

ရှား။     ။ထောင်ကြီးနံဘေး နေတဲ့လူက ဘောင်ဒရီလမ်းကို ဘယ်နှယ် ရောက်သွားသလဲ။

အမယ်ကြီး။   ။ (ဖြတ်ခနဲ လှည့်ကြည့်၍) အမေကြီး နေတာ ထောင်ကြီးဘေးမှာ အမီနာက မြေနီကုန်းမှာ နေပါတယ်။ အမေကြီးဆီက အပြန် လမ်းမှာ လက်စွပ် ကျွတ်ကျတယ်ထင်ပါတယ်။

ရှား။    ။အမေကြီး နာမည် ဘယ်လို ခေါ်ပါသလဲ။

အမယ်ကြီး။   ။မစ္စစ်ဆင်နရယ် ခေါ်ပါတယ်။ မြေးကလေးက မစ္စစ်အမီနာဂျိုးဇက် ခေါ်ပါတယ်။ ဂျိုးဇက်က မန္တလေး သဘောင်္မှာ ဘဏာစိုး လုပ်ပါတယ်။ လူကောင်း တယောက်ပါမောင်ရယ်။ အလုပ်ကို ကြိုးစားလုပ်ပါတယ်၊ နို့ပေမဲ့ ….

ကျွန်တော်။   ။( ဦးစံရှားက မျက်ရိပ်ပြလိုက်သဖြင့်) ကိုင်း အမေကြီး အဝေးကြီး ပြန်ရဦးမယ်။ ပြန်ပါတော့။ဥစ္စာရှင် အစစ်အမှန်ကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ကိုင်း  ကိုင်း ပြန်ပေတော့။

အမယ်ကြီးသည် ခါးတွင် လက်စွပ်ကိုလိမ်၍ထည့်ရင်း ကျေးဇူးတင်စကားများ ထပ်လောင်း ပြောကြားပြီးနောက် အိမ်ပေါ်မှဆင်းသွားလေ၏။ ဦးစံရှားသည် ထိုင်ရာမှရုတ်တရက် ထ၍ မိုးကာအကျီနှင့် ဦးထုတ်ကို ဝတ်ဆင်ပြီလျှင် …ကိုင်း ကိုသိန်မောင် ခင်ဗျားစောင့်ရစ်အုံးဗျာ။ ကျုပ်တော့ အမယ်အိုကြီးနောက် လိုက်ကြည့်စမ်မယ်။ ဧကန္တ ကျုပ်တို့ တွေ့ချင်တဲ့သူဆီကို အမယ်အိုကြီး သွားလိမ့်မယ်ထင်တယ်။မအိပ်နဲ့အုံး။ စောင့်အုံး။ ကြားလားဗျို့။

ကျွန်တော်သည် အိမ်ရှေ့ပြတင်းပေါက်မှ လမ်းပေါ်သို့ မျှော်ကြည့်လိုက်သောအခါ ကုပ်ကုပ် ကုပ်ကုပ်နှင့်သွားနေသော အမယ်အိုကြီးနှင့် မနီးမဝေး နောက်နားဆီမှ ဦးစံရှားက လိုက်ပါသွားသည်ကို တွေ့မြင်ရလေသည်။..ဒီလူ အတွေးမှားရင်လည်း မှားရမယ် ၊မမှားလို့ရှိရင်လဲ ဟိုငနဲကို ခြေရာခံမိတော့မယ် ၊ ဧကန္တပဲ… လို့ ကျွန်တော်၏ စိတ်၌ အောက်မေ့မိသေး၏ ။ ကျွန်တော်မှာ ထိုအမှုတွင် စိတ်ပါဝင်စားလျှက် ရှိရကား ဦးစံရှားက အိပ်နှင့်ပါဟု ပြောစေကာမူလည်း မအိပ်နိုင်သဖြင့် စောင့်နေမည်သာ လျှင်ဖြစ်ချေ၏ ။

ကျွန်တော်သည် ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဝထ္ထုစာအုပ်ကို ဖတ်လျှက်ရှိရာ နာရီကို မကြာခဏ မော့်၍ ကြည့်မိ၏ ။ ၁ဝနာရီ ထိုးသော်လည်း ဦစံရှား မပေါ်လာ။ ၁၂ နာရီ ထိုးကာမှ တက်လာသော ဦးစံရှား၏ ခြေသံကို ကြားရ၏  ။ ပထမ၌ ဦးစံရှား၏ မျက်နှာတွင် စိတ်ပျက်ခြင်း ၊ အခံခက်ခြင်း ၊ နှင့် ရယ်ချင်ခြင်းတို့သည် ရောထွေးလျှက်ရှိရာမှ နောက်ဆုံး၌ သူသည် ပက်လက်ကုလားထိုင်ပေါ်သို့ ပစ်လှဲချလျှက် ဟက်ဟက်ပက်ပက် ရယ်မောလေ၏ ။

ရှား။     ။ဒီအကြောင်းတွေ ကိုအုန်ဖေတို့လူစု ကြားသွားရင် လှောင်လို့ ပြောင်လို့ ဆုံးမှာ မဟုတ်တော့ဘူး။ ကျုပ်က လှောင်ခဲ့ပြောင်ခဲ့သမျှတွေကို ဘယ်လောက်များ အတိုးနဲ့ ပြန်လှောင်လိုက်ကြမလဲလို့ ။ နေနှင့်ဦးပေါ့ကွယ်၊ တနေ့တော့ ငါ့လက်ထဲက မင်းဘယ်မှ လွတ်အောင် ရှောင်ပြေးနိုင်မဲ့လူ မဟုတ်ပါဘူး။

ကျွန်တော်။   ။ဘယ်လိုဖြစ်ခဲ့တာလဲလို့ ပြောပါအုံးတော့ဗျာ။

ရှား။    ။ခင်ဗျားတယောက်တော့ ကျုပ်ရှုံးခဲ့တဲ့အကြောင်း ပြောပြဖို့ ဝန်မလေးလှပါဘူး။ ဒီလိုဗျ။ ခုနင်ကသတ္တဝါက အိမ်ပေါ်က ဆင်းလို့နဲနဲပါးပါး သွာမိးရင်ပဲ ခြေထောက်နာသလိုလို ဖြစ်လာပါရောဗျာ။ လမ်းဒေါင့်ရောက်တော့ မြင်းရထားတစီး အခန့်သင့်တွေ့တာနဲ့ ရထားပေါ်တက်ပြီး …ထောင်ကြီးဘေးမောင်းစမ်းတဲ့ အမိန့်ပေးပါရောဗျာ။ ကျုပ်က ဒီပြင်ရထားတစီးနဲ့လိုက်ဖို့ ကြည့်တော့ မြင်းရထား အခန့်သင့်မတွေ့တာနဲ့ ကျုပ် ဘယ်နှယ်လုပ်တယ်ထင်သလဲ။

ကျွန်တော်။   ။လန်ချားနဲ့ လိုက်ရောလား။

ရှား။     ။ဘာဟုတ်လိမ့်မလဲ။ မြင်းရထား နောက်မြီး ခိုပြီးလိုက်ရတာပေါ့။ ဟီး ဟီး၊ ငယ်ငယ်တုန်းက အဖြစ်ကို သွားသတိရမိသေးတယ် ။ ကုလားက ကြာပွတ်နဲ့ ရိုက်ချလို့ လမ်းဘေးက ကျောက်ခဲနဲ့ ကောက်ပေါက်ပြေးခဲ့ရတာမျိုးတွေ ခင်ဗျားတို့ မလုပဖူးဘူးလား မဆိုနိုင်ဘူး။

ကျွန်တော်။   ။ မြို့ပေါ်က ကလေးတွေဆိုရင် ဒါမျိုး ဘယ်ကင်းပါ့မလဲဗျ။ဒါထက် ဆိုစမ်းပါဦး။

ရှား ။      ။မြင်းရထားကလဲ မော်တင်ဘက်ကို ဆိုက်ဆိုက မြိုက်မြိုက်မောင်းသွားတာပေါ့ဗျာ။ ကော်မရှင်နာလမ်းနဲ့ မော်တင်လမ်းဒေါင့် ရောက်တော့ မြင်းရထားးက ဖြုတ်ဆိုအရပ်လိုက်မှာ ကျုပ်ကဖြုတ်ဆို ရထားနောက်မြီးက ခုန်ဆင်းပြီး လမ်းဘေးကနေ ခပ်အေးအေးကြည့်နေတာကိုးဗျ။ ရထားကုလားက လက်ဦးတော့သူနေရာကငုံ့ပြီး ဘယ်မောင်းရမလဲလို့ မေးတယ်ဗျ။ အထဲက ဘာမှပြန်မပြောဘူး။ ဒါနဲ့ ရထားကုလားက ရထားပေါ်က ဆင်းသွားပြီး ရထားတံခါး ဖွင့်ကြည့်ပါရောဗျာ။ ကြည့်တော့အမယ်အိုကြီးနဲ့တူလို့ ငခူ ငပိ တောင် မရှိဘူး။ ဟာ ၊စူဝက်ရော စူခွေးရော ဆဲလိုက်တာ ဘာပြောကောင်းမလဲဆိုတာ ခင်ဗျားနှယ်။

ကျွန်တော်။   ။အလို ၊ အမယ်ကြီးက ခင်ဗျား မသိအောင် ရထားပေါ်က ခုန်ဆင်းချသွားတယ်ပေါ့လေ။

ရှား    ။    ။ ဘယ်က အမယ်ကြီးဟုတ်လိမ့်မှာလဲ ကိုသိန်းမောင် ၊ ခင်ဗျားတို့ ကျုပ်တို့ထက်မနဲ ဖျတ်လတ်တဲ့ အရွယ်ကောင်း ယောကျင်္ား တယောက်ပေါ့ဗျာ။ ဖျတ်လတ်တာ ဟန်ဆောင်ကောင်းတာ ကျုပ်ချီးမွမ်းလှတယ်ဗျာ။ ကျုပ်လဲ ရုပ်ပြောင်းရုပ်လွဲ တော်တော်ကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ချီမွမ်းလာခဲ့တာ ဒီလူကျတော့ ဆလံပေးရမလိုဖြစ်နေပြီကောဗျာ။ ပြောပုံဆိုပုံရော မျက်နှာထားရော ၊ ကိုယ်ဟန်အမူအရာရော ဘယ်လောက်နေရာကျတဲ့လူတယောက်လဲဗျာ။

ဟင်းးးး ကိုသိန်းမောင် ၊ ကျုပ်တို့ ၂ယောက်ကိုတော့ ကောင်းကောင်းလှိမ့်သွားတော့တာပဲ။

ကျွန်တော်။    ။နေပါဦးဗျ။ ခင်ဗျား နောက်ကလိုက်လာတာကိုရိပ်မိလို့လား ။

ရှား  ။     ။ရိပ်မိလို့ ရှောင်ထွက်သွားတာပေါ့ ကိုသိန်းမောင်ရဲ့။ ကြိုက်တယ်ဗျာ။ ကျုပ်သိပ်ကြိုက်တယ်။ ဒီလိုမျိုးလူနဲ့ စခန်းသွားရမှ ကျုပ်မှာလည်း ဉာဏ်တိုးတိုးတာမျိုးဗျို့။ ကိုင်း ကိုသိန်းမောင် ခင်ဗျားကြည့်ရတာ အိပ်ချင်ပုံပေါ်ပြီ။ အိပ်ချေပေတော့ဗျာ။

ကျနော်သည် စင်စစ် အိပ်ချင်လှပြီဖြစ်သောကြောင့် အိပ်လေရာ တရေးနိုးသဖြင့် လှမ်းကြည့်လိုက်သောအခါ ဦးစံရှားမှာ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ တယော တကျွီကျွီ ထိုးရင်း စဉ်းစားစိတ်ကူးလျှက်ပင် ရှိသောကြောင်းတွေ့မြင်ရပေသတည်း။

 

 

ကိုသန်းတင်၏ ဉာဏ်စွမ်း

 

နောက်တနေ့ နံနက်တွင် အင်္ဂလိပ် သတင်းစာများနှင့် မြန်မာသတင်စာများသည် ဘောင်ဒရီလမ်းလူသတ်မှုနှင့် အကြောင်းနှင့် ပတ်သက်၍ အထူတလည် ချဲ့ထွင်ရေးသားလျှက် ရှိကြသည်။ အဖြစ်အပျက် ဖော်ပြပုံမှာ တခုနှင့်တခု ခြားနားခြင်း မရှိလှသော်လည်း ခေါင်းစဉ်တပ်ပုံ များမှာမူ ဖတ်ရှုသူ၏ စိတ်ကိုထိခိုက် တုန်လှုပ်စေခြင်းငှာ အယ်ဒီတာများက ဉာဏ်အမျိုးမျိုးကွန့်လျှက် အကြီးဆုံးစာလုံးကြီးများနှင့် ထင်ရှားအောင်ဖော်ပြကြ၏။

….မြန်မာပြည်အတွင်း ဖြစ်ပွါးခဲ့သော ရာဇဝတ်မှုများ၏ ရာဇဝင်တွင် ဤအမှုကဲ့သို့ ထူးဆန်းသော အမှုဟူ၍ တခါမှပင်မကြုံဖူးခဲ့ကြောင်း ၊ သတ်သောသူသည် မိမိ၏ နာမည်ကို အင်္ဂလိပ်လို အတိုကောက် ရေးသားထားခြင်း ၊ မည်သည့်ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်သည်ဟု မထင်ရှားခြင်း တို့ကိုထောက်သော် တိုင်းရေးပြည်ရေးနှင့် ပတ်သက်သောလူသတ်မှုတခုဟူ၍ တွေးထင်ဖွယ်ရှိကြောင်း ၊ အိန္ဒိယ တိုင်းရင်းသားများသည် ရုရှားလူမျိုးတို့၏ နဟီလစ်ဝါဒ(Nihilist) ကို အတုခိုး နည်းယူတတ်ကြောင်း ကြားရဖူးသဖြင့် အထက်ပါတွေးထင်ချက်မှာ သာ၍ပင်ယုတ္တိရှိကြောင်း ၊ ……

စသည်ဖြင့် အင်္ဂလိပ်သတင်စာ တစောင်က အယ်ဒီတာ၏ စိတ်ကူး စိတ်သန်းများကိုပါ ထုတ်ဖော်ရေးသားလိုက်သေး၏။

အခြားသတင်းစာ တစောင်မူကား-

….ကွယ်လွန်သော မစ္စတာ ဝေဿကမှာ မိတ်ဆွေ မစ္စတာဟိန္နကနှင့် အိန္ဒိယပြည် ရာဇပုတ္တနယ်မှ ရန်ကုန်သို့ အလည်အပတ်လာ၍ ဘရွတ်ကင်းလမ်း ၊တိုက်နံပါတ် ၄၈ ၊ မုဆိုးမကြီး မစ္စစ် ဒေးဗစ်၏ အိမ်တွင် နေထိုင် တည်းခိုခဲ့ကြောင်း ၊ ထိုသူ ၂ယောက်မှာ လွန်ခဲ့သော အင်္ဂါနေ့က ဟိုတယ်မှ ထွက်ခွါလာကြ၍ ရန်ကုန်ဘူတာကြီးသို့ သွားကြသည်ဆိုရာ စင်္ကြန်ပေါ်တွင် သူတို့ ၂ ယောက်တွဲ၍ စကားပြောနေခြင်းကို မြင်လိုက်ရသူများရှိကြောင်း ၊ ထိုအချိန်မှစ၍ သူတို့ ၂ ယော်၏ သတင်းကို မကြားရတော့ပဲ ဘောင်ဒရီလမ်း  ကိုးဇီးဗီလာ   အိမ်၌ မစ္စတာ ဝေဿက၏ အလောင်းကို တွေ့ရတော့သည် ဆိုကြောင်း ၊မစ္စတာ ဝေဿက သည် ထိုအိမ်သို့ ဘယ်နည်းဘယ်ပုံ ရောက်၍ ဘယ်နည်းဘယ်ပုံ အသတ်ခံရသည်ဟူ၍ မည်သူမျှ မပြောနိုင်ကြောင်း ၊မစ္စတာ ဟိန္နကမှာ မူ ယခု သတင်း ရေးသားသောအချိန်တိုင်အောင် ခြေရာခံ၍ မရသေးကြောင်း…..

စသည်ဖြင့် ရေးသားဖော်ပြလိုက်၏ ။

ကျွန်တော်နှင့် ဦးစံရှားတို့သည် အထက်ပါသတင်းများကို နံနက် ကော်ဖီသောက်ရင်း ဖတ်ရှုကြရလေရာ ဦးစံရှားမှာ ပြုံးပြုံးကြီး လုပ်နေသဖြင့်-

ကျွန်တော်။     ။ခင်ဗျားက ဘာပြုံးတာလဲဗျ။

ရှား ။     ။သတင်းစာ ဆရာတွေဉာဏ်ကွန့်မြူးပုံကို တွေးမိလို့ပါ။အထူးသဖြင့် အင်္ဂလိပ်သတင်စာတွေက အိန္ဒိယနဲ့ ပတ်သက်လာပြီ ဆိုမှဖြင့် တိုင်းရေးပြည်ရေးချည်း သူတို့တွေးတော့တာပဲ။ရု့ရှားပြည်က နည်းရပြန်သတဲ့  ၊ ဟား ဟား ဟား ။

ထိုခဏ၌ လှေခါးမှ ခြေသံ အမြောက်အများ ကြားရသဖြင့် –

ကျွန်တော်။    ။ဘယ့်နှာတွေလဲ။ မျောက်တွေများ လာကြပြန်သလား။

ရှား။    ။မျောက်ဟုတ်ရိုးလားဗျ။ လမ်း ၄ဝ စုံထောက်အဖွဲ့ဆိုတာသူတို့လူစုပေါ့။

နောက် တခဏ၌ တံခါးပွင့်လာ၍ ညစ်ပတ်ပေရေလှစွာသော ကော်ရင်ဂျီ ကုလားလေးခြောက်ယောက ခန့်တို့သည် အခန်းအတွင်းသို့ တိုးဝှေ့၍ ဝင်လာကြလေ၏။

…တန်းစီလိုက်စမ်း။…ဟု ဦးစံရှားက ခပ်ဆပ်ဆပ်အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ကုလားလေးများသည် စစ်သားများသဘွယ်

ဣန္ဒြေ ကြီးစွာဖြင့် စီတန်းရပ်နေကြလေရာ ကျွန်တော်မှာ မပြုံးမရယ်ပဲ မနေနိုင်အောင်ဖြစ်မိလေ၏။

ရှား ။     ။နောက်တခါ ကိစ္စရှိရင် အာချီယား တယောက်တည်း လာခဲ့၊မင်းတို့က လမ်းပေါ်ကစောင့် နေရစ်၊ ကြားလား။

အားလုံး။     ။ကောင်းပါပြီ ဆပ်။

ရှား။     ။တွေ့ခဲ့ပြီးလားဟေ့ အာချီးယား။

ရှေ့ဆုံးကကော်ရင်ဂျီ။   ။မတွေ့သေးဘူးဆပ်။

ရှား ။     ။ငါလည်းတွေ့ဦးမယ် မထင်သေးပါဘူး။မတွေ့မချင်းမင်းတို့ လိုက်ရှာရမယ် ကြားလား။ ကိုင်း ကိုင်း မင်းတို့အတွက်နေ့တွက် ၊ ကဲ သွားကြပေတော့ ၊ နောက်တခါ နေရာကျအောင်ကြိုးစားခဲ့ကြနော်။

ဦးစံရှားသည် ခလေးများကို ပိုက်ဆံ ၈ ပဲဆီပေး၍ လွှတ်လိုက်လေရာ ၊ သူတို့လည်း ခုန်ပေါက်ပြေးလွှားကာ ဆင်းသွာကြသဖြင့် တလမ်းလုံး ကျွတ်ကျွတ်ညံမျှ ဆူညံသွားလေ၏ ။

ရှား။     ။ဒီကောင်လေးတွေက ကြည့်တော့သာ ဘာမှမဟုတ်တယ် ၊ သူတို့ ၁ယောက် ၁ယောက်ဟာ ခင်ဗျားပုလိပ် ၁ဝ ယောက်မကဘူး အလုပ်တွင်တယ်ဗျ။ ဘယ်လူမျိုးမဆို ပုလိပ်မြင်လိုက်ရင် နှုတ်ပိတ်သလို ဖြစ်သွားတယ်။ သူတီု့တတွေကတော့ ကြိုကြား ကြိုကြား အနှံအပြားရောက်နေပြီး သူတို့မမြင်ခဲ့တဲ့အရာ ၊ မကြားခဲ့တဲ့အရာရယ်လို့ ဘာမှမရှိပါဘူး။ ပါးလိုက်တာလဲ လှစ်နေတဲ့ ကောင်လေးတွေပဲ ။ သူတို့ကိုနေရာတကျ စီမံပေးဖို့လောက်တာလိုတာပဲ ကိုသိန်းမောင်ရဲ့။

ကျွန်တော်။    ။ထွင်လဲ တော်တော် ထွင်တဲ့လူတယောက်ပေပဲဗျာ။ ပိုက်ဆံကုန် နဲနဲနဲ့ နေရာတကာနှံ့စပ်ဖို့ဆိုတာ သူတို့ကို ဘယ်သူမီနိုင်မလဲ။ ဒါထက် ဒီကောင်ကလေးတွေဟာ ဘောင်ဒရီလမ်း လူသတ်မှုအတွက် ခင်ဗျား ခိုင်ထားတာမဟုတ်လား။

ရှား။     ။ဒါပေါ့ဗျာ။ ကျုပ်သိချင်တဲ့ အချက်ကလေး တခုရှိလို့ စုံစမ်းခိုင်းတာပဲ။ အမြန်နဲ့ အနှေးပါပဲ ကိုသိန်းမောင်။တနေ့တော့ ဧကန္တ သူ့ကို တွေ့ရမှာပဲဗျ။ဟော လှေကားက ဘယ်သူမဆိုနိုင်ဘူဗျို့ တယောက်ယောက်တော့ တက်လာလေရဲ့။

နောက်တခဏ၌ အခန်းတံခါး ပွင့်သွား၍  ကိုသန်းတင်သည် အူယားဖားယား အမူအရာဖြင့် အခန်းထဲ ဝင်လာလေ၏။

တင်။     ။ကိုင်း ဆရာရေ။ ကျနော့်ကို ချီးကြူးဖို့သာ ပြင်ထားပေတော့။ ကျွန်တော် ရှင်းလင်းလာခဲ့ပြီ ဆရာ။

ရှား ။     ။(အနည်းငယ် မျက်မှောင်ကြုံ့လျှက်) ခင်ဗျားက သဲလွန်စ ရလာခဲ့ပြီ ဆိုပါတော့။

တင်။     ။သဲလွန်စ မကဘူး ဆရာရဲ့ ၊ လူကြီးကိုယ်တိုင် ကျွန်တော်ဖမ်းထားခဲ့ပြီ။

ရှား ။     ။နာမည် ဘယ်နှယ့် ခေါ်သလဲ။

တင်။     ။(ရင်ကို ကော့လျှက်) စာတိုက်ကြီးမှာ အလုပ်လုပ်တဲ့ ဂျွန်နီဒေးဗစ် တဲ့ ဆရာ။

ရှား။    ။( သက်သာရာ ရသွားဟန် ရှိသော မျက်နှာထားဖြင့်) တော်ပါပေ့ဗျာ။ ကိုင်း ကိုသန်းတင် ၊ ခင်ဗျားဖမ်းခဲ့ပုံကလေး တဆိတ် လင်းစမ်းပါဦးဗျ။

တင်။     ။ (ကုလားထိုင်၌် ထိုင်ကာ စတိုင်ပါပါဖြင့် ဆေးလိပ်ကို မီးညှိ၍) ထွီ ၊ ကိုအုန်းဖေလုပ်ပုံ ကျွန်တော် သဘောကျလှတယ်။ ကြည့်ပါဦး ဆရာ သူက ဝေဿကရဲ့ သူငယ်ချင်း ဟိန္နက နောက်ကို တန်းတန်းကြီးစွဲပြီး တကောက်ကောက် လိုက်နေတော့တာပဲ။ ခုလောက်ရှိ ဟိုလူကိုဖမ်းထားပြီလားတောင် မဆိုနိုင်ဘူးဆရာ။

ကိုသန်းတင်သည် ကိုအုန်ဖေ၏ အမူအရာများကို လှောင်ပြောင်ဟန်ဖြင့် အားပါးတရ ရယ်မောလျှက်ရှိ၏။

ရှား။  ။ ကိုအုန်းဖေ အသာထားပြီး ခင်ဗျား ခြေရာခံပုံ တဆိတ်လောက် ကြားပါရစေဦးလားဗျ။

တင်။    ။ဆရာနဲ့ ကျွန်တော်ရယ်ဆိုတာကတော့ ဆရာတပည့် မဟုတ်စေကာမူ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုတာလို အပြန်အလှန် မှီခိုရလို့ အချင်းချင်း သဘောနဲ့ ဖွင့်ပြောရမှာပ ဆရာရယ်။ အမှုတခု ဖြစ်ပြီဆိုရင် ဒီလူရဲ့ အဖြစ်သနစ်ကို စုံစုံလင်လင် သိဖို့ သိပ်အရေးကြီးတာကိုး ဆရာရဲ့။ ဒီပြင်လူဆိုရင် နေရင်းဌာနကို ကြေးနန်ရိုက်မေးပြီး ကြေးနန်း မပြန်မချင်းခပ်အေးအေး နေမှာပေါ့ ဆရာရယ်။ ကျွန်တော်ကတော့ ဒီလိုဘာရမလဲ တတ်နိုင်သမျှ ကြိုတင်ပြီး သိနှင့်ရအောင် နည်းကုန်လမ်းကုန် စုံစမ်းတာလား ဆရာရဲ့။

ရှား။   ။(ကျွန်တော့်အား လှမ်းကြည့်လျှက်) တော်ပါပေ့ဗျာ ၊ ဆိုပါဦး။

တင် ။    ။ဒါထက် အလောင်းနံဘေးမှာတွေ့တဲ့ဦးထုတ်အသစ်ကို ဆရာသတိထားမိရဲ့လား။

ရှား။     ။ ထားမိတယ် ဒါလဟိုဇီလမ်း တိုက်နံပါတ် ၃၃၉ အိုရီရန်တယ် ဦးထုတ် ကုမ်ပဏီက ။

ကိုသန်းတင်မှာ ထင်သလောက်အသားမယူနိုင်သဖြင့် ဂွကျသွားလေ၏။

တင်။     ။ဪ ဆရာလည်း  သတိပြုမိတာကိုး။ နို့ အဲဒီဆိုင်ကော ဆရာရောက်သေးလားဆရာ။

ရှား။     ။မရောက်ပေါင်ဗျာ။

တင်။    ။ဒီတချက်တော့ ဆရာရှန်းသွားတာကိုး ၊ သဲလွန်စဆိုတာ ကြီးသောငယ်သော ရွေးမနေပဲ တွေ့သမျှ ကောက်လိုက်ရတာမျိုးကလား ဆရာရဲ့။ ဒါထက် အိုရီရန်တယ် ကုမ္ပဏီ သွားပြီးစုံစမ်းတော့ ဘရွတ်ကင်းလမ်း တိုက်နံပါတ် ၄၈ မှာ နေတဲ့ မစ္စတာ ဝေဿက ဆိုတဲ့ လ ူကမှာသွားလို့ .. အော်ဒါမိတ်.. ချုပ်လုပ်ပြီး ပို့လိုက်ရကြောင်း ကြားခဲ့ရတာကိုးဆရာရဲ့။