ပရလောက(၆)တတိယပိုင်း

waigyeeAugust 1, 20111min1111

သို့နှင့် ကျွန်တော်လည်း ဝင်ထိုင်လိုက်ပြီး

“ကိုသက်၊ အအေးတစ်လုံးလောက်ဗျာ”ဟု မှာလိုက်သည်။

ဆက်ပြီး “ကိုသက်၊ အေးဆေးပဲလားဗျ။”

“အေး၊ ညီ အေးဆေးပါပဲ”

ကိုသက်က ဆက်ရှင်ပလေယာအဖြစ်လိုက်တီးတဲ့သူပါ။  ဂီတာသမား..

နယ်ဘက်မှာပဲတီးတာသူက..

ကိုသက်က … ငါ့ကောင်ကြီး မင်းဒီမှာကြာဦးမှာလား..

“အင်း ကိုသက် တစ်လလောက်နေဦးမှာ“ ပြောပြီး

ဦးနိုင်ဘက်လှည့်ကာ …. ဟေ့လူ …. ဒါနဲ့ညနေက သရဲအကြောင်းလေးဘာလေး ဆက်ပါဦး။

ခင်ဗျားသိထားတာလေးတွေ။

ကိုသက်က ဝင်ပြီး… “ဘာလဲ။ သရဲသုတေသနလုပ်မလို့လား။”

“ဟီး… ဟုတ်ဘူး၊ စိတ်ဝင်စားလို့”

ကိုသက်ကပဲ… “အေး၊ ငါ့သမီးတောင် ဟိုတလောက ဝင်းသောင်ရွာထဲမှာ ညဘက်ဆိုင်ကယ်မှောက်သေးတယ်။  ဒူးကွဲသွားတယ်။ အဲဒါ လူပြတ်တဲ့နေရာလည်းရောက်ရော၊ ကွေ့ကိုကွေ့ချလိုက်တာ။ ရုတ်တရက် ရှေ့က ကလေးတစ်ယောက်ဖြတ်ပြေးသလိုမျိုး ဖြတ်ကနဲမြင်လိုက်လို့ တစ်ဖက်ကိုဆွဲချတာ။ ဆိုင်ကယ်တော့ ဘာမှမဖြစ်ဘူး။ ဆိုင်ကယ်က မီးလည်းဖွင့်ထားတယ်။ ဖြစ်ဖြစ်ချင်း ပြန်ထကြည့်တော့ ဘာကလေးမှမရှိဘူး။ အဲဒါပဲ နောက်….ငါ့သမီးကို မိုးချုပ်ရင် ရွာထဲကိုမလွှတ်တော့တာ။ နာနာဘာဝတွေက အခန့်သင့်ကြုံကြိုက်ရင်တွေ့ရတာပဲ။ နောက်ပြီး ဒီနယ်မြေကလည်း ရှင်းရှင်းပြောရင် မြေရိုင်းတွေ။ ဒီလမ်းပေါ်မှာလည်း တော်ကြာနေတိုက်ပြန်ပြီ။ မှောက်ပြန်ပြီ။ သေပြန်ပြီ။ အဲဒီလို…”

ဦးနိုင်က “ဟိုဘက်အခြမ်းက မိန်းကလေးအဆောင်၊ ယောက်ျားလေးဝန်ထမ်းအဆောင်တွေဘက်မှာလည်းရှိတယ်”

“တော်တော်များများ  အဆောင်တွေမှာ ဘာလို့အဲဒီလိုမျိုးတွေရှိနေတာလဲ မသိဘူးနော်။ ကျွန်တော် မိတီ္တလာသင်တန်းကျောင်းမှာလည်း ကြုံဖူးတယ်ဗျ။ သူတို့က ဘာကိုစိတ်စွဲပြီးမကျွတ်တာလဲ။ ဒါမှမဟုတ်၊ ဝဋ်ကြွေးပဲလား။ တချို့ကျတော့လည်း အတိတ်က အကုသိုလ်ကံကြောင့် ဘယ်လိုမှ မကျွတ်မလွတ်နိုင်ပဲရှိနေတာတွေလည်းရှိတယ်လို့ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အဖွားက ပြောပြလို့ကြားဖူးတယ်။ အဲဒီလိုမျိုးဟာတွေကျတော့ လူတွေက အမျှသာဝေကြတာ။ သူတို့က သာဓုခေါ်လို့မရဘူးဆိုပဲ။ အင်း…… ဝဋ်ကြွေးပဲထင်တယ်”

ကိုသက်က “အေး….၊ လူတွေလိုဆိုရင်တော့၊ သူတို့လည်း သရဲ၊ သဘက်၊ ပြိတ္တာဘဝသက်တမ်း မစေ့သေးတာလည်းဖြစ်နိုင်တာပဲ။ လူတွေတောင် တဖြည်းဖြည်းနဲ့ သက်တမ်းက တိုတိုလာပြီ။ ဟီး…. ဘာဖြစ်လို့လဲဆိုတော့ ။ ဦးနိုင်တို့လိုပဲပေါ့…. အရွယ်လေးကကောင်းတုန်းရှိသေး… သောက်လိုက်တဲ့အရက်၊ မိုးလင်းမိုးချုပ်ပဲ။ ဒါတောင် …. ဝါးတီးလေးခံနေလို့…. လူက ဝဖီးနေတာ။ အသည်းလေးဘာလေးစစ်ကြည့်ဦး။ ဆန်ကာပေါက်ဖြစ်နေပြီလားလို့“ ဆိုပြီး ဝင်ဖောက်သည်။

“ဟာ၊ ကိုသက်ကလည်း ဗျာ၊… အခုမှ အလတ်ကြီးရှိသေးတာကို…ဟဲဟဲ..။

တရုတ်ကားတွေမှာဆို စော်ကြည်တယ်ဗျ။ သောက်အားကောင်းတယ်။ လက်ရုံးရည်ကောင်းတယ်။ တွေ့လား…..”ဆိုပြီး သူ့လက်မောင်းကိုညှစ်ပြလိုက်သေး။

ကျွန်တော့်ကိုလည်း ကိုသက်က “ငဖြိုး ..မင်းလည်း သိပ်မချနဲ့ဦး။ ဖြစ်နိုင်ရင် နေ့လည်ဘက်တွေ မသောက်စေချင်ဘူး။ နောက်ပြီး မင်းက သူများလိုမဟုတ်ဘူး။ အမြည်းလည်း သိပ်မစားဘူး။  သောက်ပြီးရင် ဝါးတီးလည်းမမှန်ဘူး။ ကြည့်လုပ်ဦး။ မင်းဘော်ဒါ ….. ကောလင်း တော့ဂန့်သွားပြီ။ ဒီကောင် ဒီကသင်တန်းပြီးတော့ သူ့ဇာတိပြန်သွားပြီး (၂)လ(၃)လလောက်အကြာမှာ သတင်းကြားရတာပဲ”

(ကောလင်းဆိုတဲ့ကောင်က ကျွန်တော်နဲ့ဒီရောက်မှခင်ကြတာ… ဒီကောင်က ဌာနဆိုင်ရာ စက်ရုံသင်တန်းလာတက်ရင်းနဲ့ ဆုံတာပါ။ ဒီကောင်က “ကောလင်းမြို့”ကနေ လာလို့ နာမည်ရင်း မခေါ်ဘဲ ဓလေ့အရ မြို့နာမည်ပဲခေါ်ကြတာ)

“ကိုသက်ကလည်းဗျာ၊ ကျွန်တော်က မောနင်း(၂)ပတ် စီးပွားတက်၊ နေ့ခင်းတစ်ပိုင်းချစ်သူဝိုင်းဗျ။ ဟီး….”

ဦးနိုင်ကဝင်ပြီး ဘယ်ကတည်းက ဖဲ့ချင်နေလည်းမသိ “ အေးလေ၊ ညခင်း တစ်လုံး သချိုင်းကုန်းပဲ၊ ဟား ဟား…..ဟီးဟီးဟီး”

“ငါ xxx လူ၊ သောက်ရှုပ်၊ အေးပါ…ခင်ဗျား ကျုပ်ကို ဝင်ဖဲ့တယ်ပေါ့လေ၊ ရတယ်။ ဟဲ..ဟဲ၊ အလှည့်ကျရင်တော့ မနွဲ့ကြေးပေါ့” ဆိုပြီး ပွဲကျနေတာ…။

ကိုသက်က ရယ်ရင်းနဲ့ပဲ “ကဲ၊ ထားပါတော့၊ ငါပြောပြမယ်။ ငါကြုံဖူးတာတွေပေါ့။ ငါနဲ့ငါ့ဘော်ဒါတွေ စဉ့်ကိုင်ဘက်မှာကြုံရတာပါ….။ စဉ့်ကိုင်မြိုကို ကျောက်ဆည်ဘက်ကအဝင်ဆို ဘယ်ဘက်ခြမ်းမှာ ငါတို့ စက်မှုလယ်ယာ အမှတ်(၇၄)ထွန်စက်စခန်းရှိတယ်လေ။ အေး… အဲဒီမှာငါနေခဲ့ဖူးတယ်။ လူပျိုဘဝတုန်းက …. လိုင်းခန်းမှာပဲပေါ့။ အဲဒီစခန်းထဲမှာ ရုံးနဲ့ဝန်ထမ်းလိုင်းနဲ့ဆို ခြံစည်းရိုးတွေခတ် ထားတာ။ ဦးစီးမှူးအိမ် ကဆို သီးသန့်ပိုကျတယ်။ ဦးစီးမှူးအိမ်ရှေ့မှာ လက်ပံပင်(၃)ပင်ရှိတယ်။  အိမ်ရှေ့ဆိုပေမယ့် လမ်းနဲ့ရေစက်ရုံခြားတယ်။ ပြောရရင် ခြံစည်းရိုးအပြင်ဘက်မှာ လှည်းလမ်းဘေးမှာပေါ့ကွာ။ အကြီးကြီးတွေပဲ။ လူကြီး(၃)ယောက်ဖက်စာလောက်ရှိတယ်။ ညဘက်ဆို အဲဒီလက်ပံပင်ကြီးတွေကို အမှောင်ထဲမှာကြည့်ရင်းနဲ့ကို ကြက်သီးထတယ်။ ဘာဖြစ်လို့လဲဆိုတော့ .. ညဘက်ဆို .. လက်ပံပင်ဆိုတာ မင်းတို့သိတဲ့အတိုင်းပဲလေ. ဖြူဖြူဖွေးဇွေးကြီးနဲ့…။

ငါတို့လည်း အဲဒီအချိန်တုန်းကဆို စခန်းမိသားစုရဲ့ကာလသားတွေပေါ့ကွာ….။ အရက်လေးက လည်း  စသောက်တတ်ကာစ… ကိုယ်လိုပဲ ရွယ်တူတွေကလည်း များတာကတစ်ပိုင်းပေါ့။  ညဘက်ဆို တော်တော်နဲ့ကို မအိပ်ကြတာ…။ စုဖွဲ့ပြီး ဝိုင်းတာပေါ့ကွာ။ ဝိုင်းရင်လည်း ညဘက်ဆို ရေစက်ရုံက လူစောင့်ထားထားတာဆိုတော့ အဲဒီရေစက်ရုံမှာပဲ။ အဲဒီလိုပဲ … တစ်ရက်ကျ စကားစပ်မိရင်း အဲဒီရေစက်ရုံမှာစောင့်တဲ့ အဘိုးကြီးက ပြောပြတာ။ အဲဒီလက်ပံမှာ သရဲရှိတယ်ဆိုပဲ။ အဲဒါ..ငါတို့လည်း ဟုတ်လို့လား ..ဘကြီးရာဆိုတော့ ။ ဟုတ်တယ်တဲ့။ ငါဆို နှစ်ခေါက်၊ (၃)ခေါက်ရှိပြီ။ ညဘက် ငါအပြင်အပေါ့အပါး အိပ်ချင်မူးတူးနဲ့ အပေါ့ထွက်သွားတုန်း.. နောက်ပြီး မီးကလည်းပျက်၊ လက်နှိပ်ဓါတ်မီးနဲ့တဲ့။ မျက်လုံးလေး အသာမှိတ်ပြီး အပေါ့သွားတုန်း။ “ဖျတ်ဖျတ်ဖျတ်”ဆိုတဲ့အသံကြားတော့ ဓါတ်မီးနဲ့လိုက်ထိုးကြည့်တော့…. လစ်ကနဲ၊ လစ်ကနဲ၊ အရိပ်က အဲဒီ အပင်(၃)ပင်ကို အပြန်အလှန်ကူးနေတာ။ ကူးနေတာကလည်း အပင်တစ်ပင်ကို ဓါတ်မီးနဲ့ထိုးလိုက်ရင် တစ်ပင်ဆီရောက်သွားပြန်ရောတဲ့။ နောက်ပြီး အဲဒီဘကြီးဆိုတာ အရင်က ဘာအယုံအကြည်မှမရှိတဲ့သူ။ အကြောက်အလန့်လည်းမရှိဘူး။ သူတောင်…ယုံသွားတယ်။”

“အင်း…. ဒါဆို…. ကိုသက်ကော နောက်ပိုင်းအဲဒီလက်ပံပင်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံဖူးလား”

“ဟေ့အေး၊ ငါတော့ မကြုံဖူးဘူး။ ငါ့တို့အဖွဲ့ထဲကကောင် ကြုံဖူးတယ်။ နောက်ပြီးငါပြောပြမယ်။ ငါကြုံတာကျတော့  ရေကြက်လိုက်ပစ်တုန်းက… ညနေစောင်းကြီးကို အခြောက်ခံရတာ… အဲဒါ စဉ့်ကိုင်မြို့အဝင်က ကျောက်မြောင်းက အရင်က ရိုးရိုးမြေမြောင်းကြီးပဲရှိသေးတာ။ အဲဒီမြောင်းဘေးကနေ ဟိုးဘက်တောင်ခြေဘက်ပေါ့… လယ်ကွင်းတွေကြားထဲကနေ သွားရတာ.. အဲဒီမှာသွားပစ်တာ… သပြေသီးမှည့်ပင်တွေလည်းရှိတယ်။ ရေကြက်ဆိုတာ ..မင်းတို့သိတဲ့အတိုင်း အရမ်းလျင်တဲ့ကောင်…

ဆက်ပါဦးမည်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

One comment

  • shwe ni

    August 1, 2011 at 11:01 pm

    အခန်း ဆက်တောင်ရေးနေပြီလား စာအုပ်ထုက်ရင်တော့ MG ကလူတွေတယောက်တအုပ် နော/

Leave a Reply